← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

📗 Chapter 120

လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

သို့သော် လုဟန်ချွမ်ကမူ ဘူးလေးများကို တည်တည်ငြိမ်ငြိမ်ပင် ဖွင့်လိုက်ပါသည်။ အထဲတွင် လက်စွပ်တစ်ကွင်းစီ ရှိနေသည်။

အမျိုးသားဝတ်လက်စွပ်မှာ ပလက်တီနမ်ဖြင့် ပြုလုပ်ထားပုံရပြီး မည်သည့် ပန်းပြောက်ပုံစံကွက်မှ မပါဝင်ဘဲ အလွန်ပင် ရိုးရှင်းလှပါသည်။

အမျိုးသမီးဝတ်လက်စွပ်မှာ ဒီဇိုင်းချင်း တူညီသော်လည်း အပေါ်ဘက်တွင် စိန်ဝါအကြီးကြီးတစ်ပွင့်ကို စီခြယ်ထားလေသည်။

ယဲ့ရှောင်ရှောင်: ‘ဘုရားဘုရား… ဒီလောက်ကြီးတဲ့ စိန်ဝါအမျိုးအစားက တော်တော်တန်ဖိုးကြီးမှာပဲ၊ သူ ဘာတွေလုပ်နေတာလဲ၊ ငါ့ကို စည်းစိမ်နောက် ကောက်ကောက်ပါအောင် လိုက်တတ်တဲ့ မိန်းမလို့ ထင်နေတာလား’

သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ထိုလက်စွပ်လေးမှာ ယဲ့ရှောင်ရှောင်၏ ဘယ်ဘက်လက်သူကြွယ်ပေါ်သို့ အခန့်သား ရောက်ရှိလာခဲ့ပါသည်။

‘လက်စွပ်က အကြီးကြီးပဲ၊ ပြီးတော့ တောက်ပနေတာပဲ!’

လုဟန်ချွမ်က သူမ လက်ကို ကိုင်မြှောက်ကာ ခေတ္တမျှ ငေးမောကြည့်ရှုလိုက်သည်။

“ကွက်တိပဲနော်”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်ရှောင် ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် အမြန်ထပ်ပြောလိုက်ပါသည်။

“မင်းမှာ ချစ်သူရည်စားရှိတယ်ဆိုတာကို လူတွေသိအောင် ပြထားရုံ သက်သက်ပဲမို့ ဘာမှ စိတ်မဖိစီးပါနဲ့၊ လက်ထပ်တဲ့အခါကျရင်လည်း လက်စွပ်ကို ထပ်ပြောင်းဦးမှာ”

ယဲ့ရှောင်ရှောင်က ဆိုသည်။

“ကျွန်မနဲ့ ဒီစိန်လက်စွပ် မလိုက်ဖက်ဘူးထင်တယ်”

လုဟန်ချွမ်က ချေပသည်။

“ကိုယ်ကတော့ အရမ်းလိုက်ဖက်တယ်လို့ ထင်တယ်”

‘ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်မ ဘယ်လိုမြင်လဲ အရေးမကြီးဘူး၊ ရှင်ဘယ်လိုမြင်လဲဆိုတာပဲ အရေးကြီးတယ် ဟုတ်တယ်မလား’

သို့သော် တက္ကသိုလ်ကျောင်းသူတစ်ဦးအနေဖြင့် ဤကဲ့သို့ တန်ဖိုးကြီး လက်ဝတ်ရတနာများကို ယဲ့ရှောင်ရှောင် ဝတ်ဆင်ဖို့လိုအပ်သည့် အခမ်းအနားဟူ၍ အမှန်တကယ် များများစားစား မရှိပေ။

အကယ်၍ ဤစိန်ဝါကသာ အစစ်ဆိုလျှင် သူမသည် အိမ်ခြံမြေအတော်များများကို လက်တွင် ဝတ်ဆင်ထားသည့်သဘော သက်ရောက်နေပေလိမ့်မည်။

သို့ရာတွင် လက်တွေ့ကျကျ စဉ်းစားကြည့်လျှင် ဤမျှကြီး မားသည့် စိန်တစ်ပွင့်ကို မြင်တွေ့ရသူတိုင်း အစစ်ဟုထင် မှတ်ကြမည် မဟုတ်ချေ။

“ရှောင်ရှောင်၊ ကိုယ့်ကိုလည်း လက်စွပ်ဝတ်ပေးဦးလေ”

လုဟန်ချွမ် နက်ရှိုင်းပြီး တည်ကြည်သောအကြည့်တို့ဖြင့် သူမကို ကြည့်ကာ တောင်းဆိုလိုက်သည်။

ယဲ့ရှောင်ရှောင်လည်း အမျိုးသားဝတ်လက်စွပ်ကို ယူလိုက်ပါသည်။

သေချာယူကြည့်လိုက်သောအခါမှ လက်စွပ်၏အတွင်းဘက်တွင် သူတို့နှစ်ဦး၏ အမည်အစ စာလုံးများဖြစ်ကြသော ယဲ့နှင့် လုတို့ကို ရေးထွင်းထားမှန်း ယဲ့ရှောင်ရှောင် သတိပြုမိသွားသည်။

လုဟန်ချွမ်ကို ယဲ့ရှောင်ရှောင် မော့ကြည့်လိုက်ပါသည်။ မတွေ့ရသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်၍ လုဟန်ချွမ် ပိုမို ခန့်ညားလာသည်ဟုပင် ယဲ့ရှောင်ရှောင် ထင်မိသည်။

သူ့လက်တွင် လက်စွပ်ကို သေသေချာချာ ဝတ်ပေးလိုက်ပြီးနောက် တာဝန်ကြီးတစ်ခုကို ပြီးမြောက်သွားသကဲ့သို့ အနည်းငယ် နောက်ဆုတ်ကာ သက်ပြင်းချမိတော့သည်။

လုဟန်ချွမ်လည်း ကျေနပ်သွားပါသည်။

“သွားကြစို့”

နှစ်ယောက်သား လက်ချင်းတွဲလိုက်သောအခါ သူတို့၏ လက်ချောင်းကလေးများမှာ ဖြည်းဖြည်းချင်း ယှက်နွယ်သွားခဲ့တော့သည်။

--- --- ---

သူတို့နှစ်ဦးသည် အနီးနားရှိမုန့်ဈေးတန်းလေးဆီသို့ လျှောက် လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးတွင် ဒေသထွက် မုန့်အမျိုးမျိုးရောင်းချနေသော ဆိုင်တန်းများဖြင့် ပြည့်နှက်နေပါသည်။

လုဟန်ချွမ် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိ၊ မရှိ ယဲ့ရှောင်ရှောင်အား မေးမြန်းခဲ့သည်။

ယဲ့ရှောင်ရှောင်လည်း ကျားကော်ချန်း၏အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်ပါသည်။

လုဟန်ချွမ်: “အဲ့ဒီကောင် အဖမ်းခံလိုက်ရပြီပေါ့”

ယဲ့ရှောင်ရှောင်: “ဟုတ်တယ်၊ ကြားရသလောက်တော့ သူက ပြစ်မှုဟောင်းတွေ အများကြီးရှိတဲ့လူတဲ့”

လုဟန်ချွမ် အတွေးနက်ရှိုင်းသွားသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် အသေးစိတ်အချက်အလက်များကို အများကြီး မပြောပြခဲ့သော်လည်း ကလဲ့စားချေရန် ကြံစည်ခဲ့သော ထိုကျောင်းသူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ စိုးရိမ်စရာကောင်းလှသည်။

ယခင်က အဆောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်ပါ ပေါင်းစပ်ကြည့်လိုက်လျှင် ထိုမိန်းကလေးသည် အငြှိုးအတေး အလွန်ကြီးမားသူတစ်ယောက်ဖြစ်မှန်း ထင်ရှားပါသည်။

သူမအနေဖြင့် ထောင်ဒဏ် ၁ နှစ်ကျခံပြီး ထောင်ထဲတွင် ပြုပြင်ပြောင်းလဲခြင်းခံရမည်ဖြစ်သော်လည်း လုဟန်ချွမ်ကမူ ကျားမိသားစုတစ်စုလုံးကို ပေကျင်းမြို့မှ မောင်းထုတ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ထင်မိပါ သည်။ ထိုအခါမှသာ နစ်နာသူများအားလုံး စိတ်အေးလက်အေး နေနိုင်လိမ့်မည်။

ယဲ့ရှောင်ရှောင်သည် သကြားရည်လူး သစ်အယ်သီးများကို ကိုင်ထားရင်း ပြောလိုက်သည်။

“ဪ ဟုတ်သား ပြောဖို့မေ့နေတယ်၊ ကျွန်မ ပြီးခဲ့တဲ့ ရက်ပိုင်းက ငွေနည်းနည်း ရှာနိုင်ခဲ့လို့ အိမ်တစ်လုံးဝယ်ဖို့တောင် အသင့်ဖြစ်နေပြီ”

လုဟန်ချွမ် သူမကို စူးစူးရှရှ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာကို ကြည့်ရုံနှင့် စိတ်ထဲက အတွေးကို ခန့်မှန်းနိုင်လောက်သည်။

‘ငါ ဝယ်ပေးထားတဲ့အိမ်က မလုံလောက်သေးလို့လား!’

ယဲ့ရှောင်ရှောင်က ပြန်ချေပသည်။

“ရှင် နားမလည်ပါဘူး၊ အိမ်ခြံမြေများများပိုင်ဆိုင်ထားလေလေ အနာဂတ်မှာ စိတ်ပိုချရလေလေပဲ”

လုဟန်ချွမ် အမှန်တကယ်လည်း နားမလည်ပါ။ ထို့ပြင် အိမ်ရာကျပ်တည်းမှုနှင့် ရင်ဆိုင်ရမည့်လူက သူ မဟုတ်သည်မှာ သေချာသည်။

သူနှင့် ဟန်ရှင်းတို့ အတူတူတည်ထောင်ထားသော ကုမ္ပဏီမှာ စီမံကိန်းများချမှတ်ဖို့အတွက် မြေကွက်များ ဝယ်ယူခြင်းကို အထူးပြုသော ကုမ္ပဏီတစ်ခုပင်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် အိမ်ခြေမြေလုပ်ငန်းကို အထူးပြုသော ကုမ္ပဏီဖြစ်သည်။

သို့သော်လည်း ရှောင်ရှောင်က အိမ်ဝယ်ဖို့ စိတ်ဝင်စားသည်ဆိုလျှင် သူတားဆီးမည်တော့ မဟုတ်ပေ။

ယဲ့ရှောင်ရှောင် တက်ကြွစွာပြောလိုက်သည်။

“ကျွန်မ ငွေရှာနိုင်ပြီဆိုတော့ ရှင့်ကို ထောက်ပံ့ပေးလို့ရပြီ”

လုဟန်ချွမ်လည်း ပြုံးလိုက်သည်။

“ဟုတ်ပါပြီ၊ ကိုယ်စောင့်နေမယ်”

--- --- ---

ယဲ့ရှောင်ရှောင်နှင့် မခွဲခင် လုဟန်ချွမ်သည် ဟန်ရှင်းကို ဖုန်းဆက်လိုက်ပြီး သူငယ်ချင်းတစ်ဦး၏ စာချုပ်ကိစ္စအတွက် ကုမ္ပဏီရှေ့နေကို စီစဉ်ပေးရန် တောင်းဆိုလိုက်ပါသည်။

ဟန်ရှင်းလည်း ဖုန်းထဲမှာပင် သဘောတူလိုက်သည်။

ထိုအခါမှ ယဲ့ရှောင်ရှောင် သတိပြုမိသွားပါသည်။

“ကျွန်မတို့ တွဲနေကြတာကို ဟန်ရှင်း မသိသေးဘူးလား”

လုဟန်ချွမ်မှာ သူငယ်ချင်းဖြစ်သူကို အမှန်တကယ်ပင်မပြော ပြရသေးပေ။

သူ့တွင် ကြွားဝါချင်စိတ် မရှိခြင်းကြောင့် မဟုတ်ဘဲ ယဲ့ရှောင်ရှောင်က ရှက်တတ်သူဖြစ်ကာ ဟန်ရှင်းမှာ ပါးစပ်ဖွာလွန်းသူဖြစ်နေခြင်းကြောင့်ပင်။

လူသိရှင်ကြားကြေညာဖို့ အဆင်သင့်မဖြစ်သေးခင် ဤကိစ္စ နေရာအနှံ့ ပျံ့နှံ့သွားခဲ့လျှင် သူ့အစီအစဉ်များ ပျက်စီးရပါလိမ့်မည်။

“ကိုယ် သူ့ကို မပြောရသေးဘူး၊ စိတ်ဆိုးလို့လား”

“မဆိုးပါဘူး”

ယခင်က ဤကိစ္စကို ယဲ့ရှောင်ရှောင် ဖုံးကွယ်ထားချင်ခဲ့ခြင်းမှာ သူတို့နှစ်ဦးသည် ဟန်ဆောင်ပတ်သက်နေကြခြင်းဖြစ်သဖြင့် လိပ်ပြာမလုံစိတ်ဝင်ကာ လူသိရှင်ကြား မဖြစ်စေချင်သောကြောင့်ပင်။

သို့သော် ယခုတွင်မူ သူတို့နှစ်ဦးသည် တရားဝင်ချစ်သူရည်းစားများ ဖြစ်နေကြပါပြီ။ ထို့ကြောင့် ထုတ်မပြောနိုင်သည့် ကိစ္စဟူ၍မရှိသင့်ပါ။

လုဟန်ချွမ် ချက်ချင်းပင် ဖုန်းပြန်ထုတ်လိုက်သည်။

“အဲ့တာဆို ဟန်ရှင်းကို အခုပဲ ဖုန်းဆက်ပြီးပြောလိုက်တော့မယ်”

ယဲ့ရှောင်ရှောင် သူ့ကို အမြန်ဆွဲတားလိုက်သည်။

“နေပါစေတော့၊ အခွင့်အရေးရမှ သူ့ကိုပြောပြကြတာပေါ့”

လုဟန်ချွမ် နောင်တရသွားသည့် အမူအရာဖြင့် ဆိုလိုက်သည်။

“ကိုယ် သူ့ကို အကြောင်းကြားထားပြီးသွားပြီ၊ ရှေ့နေခေါ်မယ့်နေ့ကျရင် သူ့ဖုန်းနံပါတ်ကို ဆက်ပြီး သတ်မှတ်ထားတဲ့ အချိန်ကို ပြောပြလိုက်”

“ကျေးဇူးတင်ပါတယ်”

လုဟန်ချွမ် မျက်လုံးများ အရောင်လက်သွားသည်။

“စကားနဲ့ ကျေးဇူးတင်တာက အနမ်းနဲ့ကျေးဇူးတင်တာလောက် မကောင်းဘူးနော်”

ယဲ့ရှောင်ရှောင် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသော်လည်း လုဟန်ချွမ်က သူမကို ပြန်ဆွဲခေါ်သွားပါသည်။

သူတို့နှစ်ဦး အမှန်တကယ် မနမ်းဖြစ်ခဲ့ကြပါ။ လူကြားသူကြားထဲတွင် နမ်းရှိုက်ရလောက်သည့်အထိ နှစ်ဦးစလုံး သတ္တိ မရှိကြသေးပေ။

--- --- ---

ကျန့်လင် စာချုပ်ချုပ်ရမည့်နေ့တွင် ယဲ့ရှောင်ရှောင်သည် ရှေ့နေကို ကြိုတင်ဆက်သွယ်ခဲ့ပါသည်။

သို့သော် ဖုန်းလာကိုင်သည့်လူက ဟန်ရှင်းဖြစ်နေသဖြင့် နောက်ဆုံးတွင် သူလည်း ရှေ့နေနှင့်အတူ လိုက်လာခဲ့တော့သည်။

ဟန်ရှင်းတစ်ယောက် အလွန်စိတ်ဝင်စားနေပါသည်။ အစ်ကိုလုက သူငယ်ချင်းတစ်ယောက်အတွက် အကူအညီ တောင်းခံပေးခြင်းဟူသည်မှာ အလွန်ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်သည့်အပြင် ဖုန်းဆက်လာသူကလည်း မိန်းကလေးတစ်ဦး ဖြစ်နေလေသည်။

‘အစ်ကိုလုရဲ့ ကောင်မလေးများလား!’

သူကိုယ်တိုင်လိုက်သွားပြီး အတည်ပြုဖိုလိုအပ်ပါသည်။

ဟန်ရှင်းသည် ရှေ့နေဟယ်ကို ခေါ်ဆောင်ပြီး ချိန်းဆိုထားသည့် အဆောက်အဦးသို့ သွားခဲ့ရာ ယဲ့ရှောင်ရှောင်၊ ကျန့်လင်တို့နှင့် ဆုံခဲ့သည်။

“ရဲဘော်ယဲ့ပါလား! ငါ့အစ်ကိုလုတစ်ယောက် နောက်ဆုံးတော့ ကောင်မလေးရသွားပြီလို့ ထင်နေတာ၊ ဖြစ်ချင်တော့ ရင်းနှီးနေပြီးသား မျက်နှာဖြစ်နေတာပဲ”

ဟန်ရှင်း စိတ်ပျက်လက်ပျက် အမူအရာဖြင့် ဆိုလိုက်ပါသည်။

ယဲ့ရှောင်ရှောင်လည်း သူ့ မူလခန့်မှန်းချက်က မှန်ကန်သည်ဟု ပြောပြချင်ခဲ့ပါသည်။ သို့သော် စိတ်ရှုပ်စရာကောင်းသည့် သူ့အပြောင်အပျက် အမူအရာကိုကြည့်ပြီး ပြောဖို့ပြင်ထားသည့် စကားလုံးများကိုပြန်မျိုချလိုက်မိသည်။

“ဟုတ်တယ်၊ အလုပ်ရှုပ်သွားစေရင် တောင်းပန်ပါတယ်”

ဟန်ရှင်း: “ဘာအလုပ်မှမရှုပ်ပါဘူး၊ ငါတို့အားလုံးက စစ်တပ်ဝင်းတစ်ခုတည်းမှာ ကြီးပြင်းလာကြတဲ့ မိတ်ဆွေတွေပဲဥစ္စာ၊ ဘာလို့ အားနာနေမှာလဲ”

ယဲ့ရှောင်ရှောင်: “ဒါဆို အလုပ်ကိစ္စကို အရင်ဆွေးနွေးထားရအောင်လေ”

သူတို့ ယနေ့လာရောက်ခဲ့သည့် နေရာမှာ ပေကျင်းမြို့ အီလက်ထရွန်းနစ်စက်ရုံ၏ ရုံးအဆောက်အအုံပင်။

ဤစက်ရုံမှာ မူလက တီဗွီနှင့် ရေဒီယိုကဲ့သို့ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ထုတ်လုပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကွန်ပျူတာများ ပြောင်းလဲထုတ်လုပ်ဖို့ ကြိုးပမ်းခဲ့သော်လည်း အတိုင်း အတာမှာ သေးငယ်နေဆဲဖြစ်ကာ ဖြေရှင်း၍မရသည့် နည်းပညာအခက်အခဲများစွာနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

အတော်လေး အင်အားတောင့်တင်းသော လုပ်ငန်းတစ်ခုဖြစ်ကာ ကျန့်လင်၏နည်းပညာမူပိုင်ခွင့်ကို ဝယ်ယူဖို့ လာရောက် ကမ်းလှမ်းခဲ့ကြသူများလည်း ဖြစ်ပါသည်။

လမ်းတစ်လျှောက်လုံးတွင် ဟန်ရှင်းက အခြေအနေအတိ အကျကို ရှေ့နေဟယ်အား ရှင်းပြခဲ့ပြီး သူ့ကိုယ်ပိုင် အတွေးအမြင်များကိုလည်း မျှဝေခဲ့သည်။

ပြဿနာမရှိနိုင်ကြောင်းနှင့် စာချုပ်ချုပ်ဆိုစဉ်အတွင်း အကောင်းဆုံးအကျိုးခံစားခွင့်များကို ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကျန့်လင်ကို အာမခံပေးခဲ့ပါသည်။

ထို့ကြောင့် ကျန့်လင်လည်း အလွန်စိတ်သက်သာရာ ရသွားခဲ့ရသည်။

မူပိုင်ခွင့်ဝယ်ယူမည့် ကုမ္ပဏီကလည်း ကျန့်လင်၏ နည်းပညာကို အလွန်မျှော်လင့်ထားပုံရသည်။

ရှေ့နေဟယ်နှင့်အတူ ဟယ်ရှင်းကဲ့သို့ လူငယ်စီအီးအိုတစ်ယောက်ကိုပါ မြင်လိုက်ရသဖြင့် ကျန့်လင်သည် အလွယ်တ ကူလှည့်စား၍ရနိုင်သည့် ရိုးရိုးရှင်းရှင်း တက္ကသိုလ်ကျောင်း သားတစ်ဦး မဟုတ်မှန်း ကိုယ်စားလှယ်က နားလည်သွားခဲ့ပါသည်။

ထို့ကြောင့် ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်တစ်ခုလုံးမှာ အလွန်ချောမွေ့ခဲ့သည်။

နောက်ဆုံးတွင် ရှေ့နေဟယ်သည် အခြေခံဈေးနှုန်း ယွမ် ၆၀,၀၀၀ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် ကျန့်လင်သည် နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီ အကျိုးအမြတ်၏ ၅ ရာခိုင်နှုန်းကို ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။

၅ ရာခိုင်နှုန်းဟူသော်လည်း အထင်သေး၍မရပေ။ အချိန်အကန့်အသတ်လည်း မရှိသဖြင့် သူ့နည်းပညာကို ကုမ္ပဏီက အသုံးပြုနေသေးသရွေ့ ကျန့်လင်အား နှစ်စဉ်နှစ်တိုင်း အမြတ်ဝေစုများ ခွဲဝေပေးနေရပါဦးမည်။

ကျန့်လင်ကမူ သူရရှိမည့် အမြတ်ငွေ ၅ ရာခိုင်နှုန်းကို တစ် ဝက်ခွဲပြီး ယဲ့ရှောင်ရှောင်ကို ပေးချင်နေသည်။ ထို့အပြင် အခြေခံဈေးနှုန်း ယွမ် ၆၀,၀၀၀ ကိုပါ တစ်ဝက်ခွဲပြီး ပေးဖို့ စီစဉ်နေပါသည်။

ယဲ့ရှောင်ရှောင်သည် ကျန့်လင်၏ ဆန္ဒအတိုင်း ဖြစ်ခွင့်မပေးခဲ့ပေ။

သူ့အတွက် ယဲ့ရှောင်ရှောင်သည် အသက်သခင်ကျေးဇူးရှင်ဖြစ်ကာ ကျေးဇူးတရားကြီးမားခဲ့သည်ဟု ဆိုသော်ငြား ယခုကဲ့သို့ အချိန်မျိုးတွင် သူမဘက်မှ မတရားအမြတ်ထုတ်ဖို့ အစီအစဉ် မရှိပါ။

“ငါတို့ အရင်က သဘောတူထားတဲ့အတိုင်းပဲလေ၊ နင်ငါ့ကို နှစ်စဉ်အမြတ်ဝေစုရဲ့ ၂ ရာခိုင်နှုန်းကိုပဲ ခွဲပေးရမှာ၊ ကျန်တာ ငါ တစ်ပြားမှ မလိုချင်ဘူး”

All Chapters