အခန်း ၆၁
Vol. 7 Ch. 61
🍏 Chapter 61
ကားအတွင်းမှ အပူပေးစက်သည် ဝမ်သိုက်၏ အေးခဲနေသော လက်ချောင်းများကို နွေးထွေးစေသည်။ သူမသည် လက်ဆစ်များကို လှုပ်ရှားရင်း ပြတင်းပေါက်မှတစ်ဆင့် တရားရုံးရှေ့တွင် ကားစောင့် နေသော ကျန်းအိုက်ကို လှမ်းကြည့်လိုက်သည်။
ကျန်းအိုက်၏ဘေးတွင် ကျန်းလင်က မျက်မှောင်ကြုတ်လျက် စိတ်ပျက်နေသည့်ဟန်ဖြင့် တစ်ခုခုကို တတွတ်တွတ် ရေရွတ်နေပြီး ယောက္ခမဖြစ်သူကလည်း လက်ဟန်ခြေဟန်ဖြင့် တစ်ခုခုကို ပြောဆို နေပေသည်။
ဝမ်သိုက်သည် မျက်တောင်များကို အသာချလိုက်သည်။ စောစောက ကျန်းအိုက်နှင့် စကားပြောခဲ့စဉ်က သူမ၏ ညှိုးငယ်နေသော မျက်နှာကို ပြန်လည်မြင်ယောင်လာမိသည်။
ထိုစဉ်က ညှိုးငယ်နေသော ထိုမျက်နှာနှင့် မျက်လုံးများကို ကြည့်ရင်း ဝမ်သိုက်က
"အသက်အရွယ်က ဘာကိုမှ ကိုယ်စားမပြုပါဘူး၊ အခုခေတ် အခြေအနေမှာ အသက်ကြီးတဲ့ သူတွေအတွက် ကန့်သတ်ချက်တွေရှိပြီး အခွင့်အရေး ခေါင်းပုံဖြတ် ခံရတာတွေ ရှိနေတာ မှန်ပေမဲ့ အစ်မရဲ့ အသက်သုံးဆယ်က မကြီးသေးပါဘူး”
“အစ်မ အသက်ခြောက်ဆယ်အထိ နေရမယ်လို့ပဲ ထားဦးတော့ အခုမှ လမ်းတစ်ဝက်ပဲ ရှိပါသေးတယ်၊ တကယ်တော့ အခုခေတ် ပျမ်းမျှသက်တမ်းက ခြောက်ဆယ်ထက် အများကြီး ပိုပါတယ်၊ အစ်မမှာ အသစ်က ပြန်စဖို့ အရင်းအနှီးတွေ ရှိပါသေးတယ်" ဟု လေးလေးနက်နက် ပြောခဲ့သည်။
"ကမ္ဘာကြီးက အမြဲပြောင်းလဲနေတာ မှန်ပေမဲ့ ခေတ်နောက်ကျတယ် ဆိုတာ မရှိပါဘူး၊ လူသားတွေမှာ ရှေးဟောင်းအနုပညာရဲ့ အနှစ်သာရတွေ ရှိသလို အရာဝတ္ထုတွေမှာလည်း ရှေးဟောင်းလက်ရာဆိုပြီး တန်ဖိုးထားကြတာပဲ၊ ဘယ်လောက်ပဲ ဆိုးရွားတဲ့ စကားလုံးတွေနဲ့ ဝေဖန်ပါစေ တစ်စုံတစ်ရာရဲ့ တည်ရှိမှုဟာ အတိတ်က အမှတ်တရတစ်ခုကို ကိုယ်စားပြုနေတာကို ငြင်းလို့မရပါဘူး”
“အစ်မအနေနဲ့ ဒီကမ္ဘာရဲ့ အသစ်အဆန်း တွေကို လိုက်ပြီး သင်ယူနိုင်ပါတယ်၊ ရှေးဟောင်း ယဉ်ကျေးမှုတွေတောင် တီထွင်ဆန်းသစ်ပြီး ပြန်လည်ခေတ်စားလာသေးတာပဲ၊ လူသားတွေလည်း အဲဒီလိုပဲ ဖြစ်နိုင်ပါတယ်၊ မလုပ်ဖူးသေးတဲ့အရာတွေကို မဖြစ်နိုင်ဘူးလို့ ကြိုပြီး မသတ်မှတ်ပါနဲ့၊ အဓိကကတော့ အစ်မ ရှေ့ဆက်လျှောက်ဖို့ပါပဲ"
သူမ၏ စကားများကို ကျန်းအိုက် နားထဲဝင်မဝင် ဝမ်သိုက် မသိသော်လည်း သူမ တတ်နိုင်သလောက်တော့ ပြောပြခဲ့ပြီးပြီ ဖြစ်သည်။
မောင်းသူနေရာမှ ချန်စစ်ကျယ်၏ ပျင်းရိပျင်းတွဲ အသံ ထွက်ပေါ်လာသည်။
"ထမင်းသွားစားမလား"
ဝမ်သိုက်သည် အတွေးထဲမှ ရုန်းထွက်ကာ သူ့ဘက်သို့ လှည့်လိုက်ရင်း
"အင်း... ရှင်ပဲ တစ်နေရာ ရွေးလိုက်ပါ၊ အခု ထမင်းစားချိန်တောင် ကျော်တော့မယ်၊ ရှင်တို့ ယောက်ျားတွေထဲမှာ လူကောင်းဆိုလို့ ဘယ်နှစ်ယောက် ရှိလဲဟင်"
ရုတ်တရက် လေသံပြောင်းသွားသဖြင့် ကားမောင်းနေသောသူက သူမကို တစ်ချက်လှည့်ကြည့် လိုက်သည်။ သို့သော် ဝမ်သိုက်က ဂရုမစိုက်ဘဲ လက်ချောင်းလေးများကို တစ်ချောင်းချင်း ချိုးကာ ရေတွက်နေတော့သည်။
"ကျွန်မ အဖေက လူကောင်းပါ၊ ဦးလေးချန်ကလည်း လူကောင်းပဲ... တခြားတော့ မရှိတော့ဘူး ထင်တယ်"
သူမသည် လက်သန်းနှင့် လက်သူကြွယ်လေးကိုသာ ထောင်ထားပြီး ရပ်လိုက်သည်။
ထိုကလေးဆန်သော စကားဝိုင်းကို မဆက်ချင်သော်လည်း ချန်စစ်ကျယ်က မအောင့်နိုင်ဘဲ ကားကွေ့နေစဉ်အတွင်း သူမကို တစ်ချက်ကြည့်ကာ
"ငါက လူကောင်းမဟုတ်ဘူးလား" ဟု မေးလိုက်သည်။
"ရှင်က လူယုတ်မာ လား"
ဝမ်သိုက် ကျိန်ဆိုရဲပါသည်။ ထိုစကားလုံး ငါးလုံး သူမပါးစပ်မှ ထွက်မလာခင်အထိ သူမ ဘာမှ သိပ်မစဉ်းစားခဲ့မိဘဲ ဗီဇအရသာ ပြောလိုက်မိခြင်း ဖြစ်သည်။
ချန်စစ်ကျယ်ထံမှ အေးစက်သော အကြည့်တစ်ချက်ကို ရရှိပြီးနောက်တွင်မှ သူမ၏ ဦးနှောက်က သတိပြန်ဝင်လာပြီး ယခုလေးတင် သူမကို လျှော့စျေး ပေးကာ အမှုလိုက်ပေးခဲ့သော ကပ်စေးနှဲရှေ့နေကြီးဖြစ်ကြောင်း သတိပေးလိုက်သည်။ ပြီးတော့... သူမ ရှေ့နေခလည်း မပေးရသေးပေ။
ဝမ်သိုက်သည် ချက်ချင်းမျက်နှာချိုသွေးကာ ကိုယ်ကို မတ်မတ်ထိုင်လိုက်ရင်း
"ဟဲဟဲ၊ ရှင်က ဘယ်လိုလုပ် မကောင်းတဲ့သူ ဖြစ်မှာလဲ၊ အာ...... ကျွန်မ ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး၊ ရှင်က လူကောင်းယောက်ျားစာရင်းထဲမှာ ပါတာ မဟုတ်ဘူး၊ ရှင်သာ မိန်းမဖြစ်ရင်တောင် မိန်းမကောင်းတစ်ယောက် ဖြစ်မှာပါ"
မျက်နှာသေနှင့် လူက နောက်ထပ် အေးစက်သော အကြည့်တစ်ချက် ထပ်ရောက်လာပြန်သည်။
"နင် ဘာတွေ ဆက်ပြီး လျှောက်ပြောဦးမလဲဆိုတာ ငါ ကြည့်နေမယ်" ဟု ပြောနေသကဲ့သို့ပင်။
ဝမ်သိုက်သည် သူမ၏ ဆန့်ကျင်ဘက်ဖြစ်နေသော ပါးစပ်ကို အတင်းထိန်းချုပ်ရင်း
"အဲ... ကျွန်မ ဆိုလိုတာက ရှင်က လူသားအားလုံးထဲမှာမှ အဆင့်အတန်း အမြင့်ဆုံး အုပ်စုထဲမှာ ပါတဲ့ လူကောင်းကြီးပါလို့ ပြောတာပါ" ဟု ကမူးရှူးထိုး ပြင်ပြောလိုက်ရသည်။
ရလဒ်အနေဖြင့် သူမ ရရှိလိုက်သည်မှာ ချန်စစ်ကျယ်၏ လှောင်ပြုံးတစ်ချက်သာ ဖြစ်သည်။
မကြာမီ ကားသည် စားသောက်ဆိုင်တစ်ခု၏ မြေအောက်ကားပါကင်တွင် ရပ်တန့်သွားသည်။ ဝမ်သိုက်သည် ကားပေါ်မှ ဆင်းကာ ချန်စစ်ကျယ်နောက်သို့ အပြေးလိုက်ရင်း
"ဒီဆိုင်က ကြိုတင်မှာထားမှ ရတာ မဟုတ်လား၊ ရှင် မှာထားလို့လား"
"အင်း"
သူသည် သူမကို နောက်ချန်ထားခဲ့ကာ လျင်မြန်စွာ လျှောက်သွားပြီး ဓာတ်လှေကားရှေ့တွင် ရပ်လိုက်သည်။ အပေါ်တက်မည့် ခလုတ်ကို နှိပ်ရင်း အမောတကော လိုက်လာသော သူမကို ကြည့်ကာ
"လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက မှာထားတာ၊ မင်းကိုသာ အားကိုးရင်တော့ နှစ်ယောက်လုံး ဗိုက်ဆာလို့ သေရုံပဲ ရှိမယ်" ဟု သရော်လိုက်သည်။
ဝမ်သိုက်သည် အမှန်တကယ်ပင် ထိုကိစ္စကို သတိမထားမိသဖြင့် ပြန်မချေပတော့ပေ။ ဓာတ်လှေကားထဲသို့ လိုက်ဝင်ရင်း
"အရင်တုန်းက ဆိုင်တွေကိုပဲ ကြိုက်တယ်၊ အခုခေတ်က နံပါတ်စောင့်ရတာနဲ့၊ ကြိုတင်မှာရတာနဲ့၊ ဝင်သွားတော့လည်း ဟင်းစောင့်ရတာနဲ့၊ တကယ် စိတ်ကုန်ဖို့ကောင်းတယ်" ဟု စကားစလိုက်သည်။
"မင်း တစ်ယောက်ပဲ စောင့်ရမှာပါ"
သူသည် လက်ညှိုးဖြင့် နားထင်ကို တို့ပြကာ
"ဒါရှိတဲ့သူတိုင်းက ကြိုတင်မှာရမယ်ဆိုတာ သိကြပါတယ်၊ အချိန်တွေ အရမ်းပိုနေတာ ဒါမှမဟုတ် ရုတ်တရက် ဖြစ်သွားတာမျိုး မဟုတ်ရင်ပေါ့"
ချန်စစ်ကျယ်သည် သူမကို ကူညီခဲ့သည်ကို ဝမ်သိုက် ဂရုမစိုက်နိုင်တော့ဘဲ "ဟဲ့" ဟု အသံပြုကာ ဓာတ်လှေကားတံခါး ပွင့်သွားချိန်တွင် သူ၏လက်မောင်းကို တစ်ချက် ရိုက်လိုက်သည်။
"ရှင့်ပါးစပ်ကို ပိတ်ထားရင် မကောင်းဘူးလား၊ ကျွန်မက စိတ်ရင်းကောင်းလို့ ရှင် အထိုးမခံရတာ၊ တခြားလူသာဆို ရှင် ဝိုင်းပြီး အရိုက်ခံနေရလောက်ပြီ"
"အား" ဟု အသံထွက်ကာ သူ့ လက်မောင်းကို ရှောင်လိုက်ရင်း ချန်စစ်ကျယ်က "အခု မင်း ရိုက်လိုက်တာ မဟုတ်ဘူးလား၊ ငါ့လက်မောင်းကို ရိုက်တာ ဘာလဲ" ဟု မကျေမနပ် မေးလေသည်။
"တစ်ချက်လေး ရိုက်တာကိုများ၊ ဒါကို အရိုက်ခံရတယ် ခေါ်မလား၊ ချန်စစ်ကျယ်၊ ရှင်က ဘာလို့ ဒီလောက် နုနယ်နေတာလဲ ဟမ်"
စကားများနေရင်းဖြင့် ဝမ်သိုက်သည် ဆိုင်ရှေ့မှ ထွက်လာသော လူတစ်ယောက်နှင့် ဝင်တိုက်မိကာ ဘေးသို့ လဲကျလုနီးပါး ဖြစ်သွားသည်။ ထိုစဉ် ချန်စစ်ကျယ် သူမကို အလိုအလျောက် လှမ်းထိန်းပေးလိုက်ပေသည်။
လမ်းလျှောက်ရင်း ရည်းစားဖြစ်သူနှင့် စနောက်နေသော ဗိုက်ရွှဲရွှဲနှင့် အမျိုးသားသည် လူတစ်ယောက်ကို တိုက်မိမှန်း သိသွားသဖြင့် လှည့်ကြည့်လိုက်သည်။ ဝမ်သိုက်၏ မျက်နှာကို မြင်သောအခါ သူ့ အကြည့်များမှာ ခေတ္တမျှ ရပ်တန့်သွားပြီးမှ
"ဆောရီးနော်၊ လမ်းမကြည့်မိလို့၊ We Chat ပေးမလား၊ မင်းဝတ်ထားတဲ့ အင်္ကျီလေးကလှလို့၊ ကျွန်တော့်ရည်းစားကိုလည်း တစ်ထည်လောက်ဝယ်ပေးချင်လို့ ဘယ်မှာဝယ်တာလဲ မေးချင်လို့ပါ" ဟု ဟန်ဆောင်ပန်ဆောင် တောင်းပန်စကား ဆိုလေသည်။
ဝမ်သိုက်သည် နာကျင်သွားသော ပုခုံးကိုပွတ်ရင်း ချန်စစ်ကျယ် ရင်ခွင်ထဲမှ ခွာလိုက်ကာ ရှေ့မှ ဘူးသီးပုံသဏ္ဌာန် အမျိုးသားကို ကြည့်ပြီး
"အားနာပါတယ်၊ ကျွန်မ သူစိမ်းတွေကို We Chat မပေးတတ်ဘူး၊ ဒီအင်္ကျီကလည်း အပ်ထည်မို့ တခြားလူနဲ့ ဆင်တူဖြစ်မှာကို မလိုလားဘူး" ဟု ပြန်ပြောလိုက်သည်။
ထိုအမျိုးသား ဖက်ထားသော အမျိုးသမီးကိုကြည့်လိုက်ရာ သူမသည် အမျိုးသား၏ဖောက်ပြန်ချင်သော အပြုအမူကို ဂရုမစိုက်ဘဲ လက်သည်းနီကိုသာ ငုံ့ကြည့်နေပေသည်။
ဝမ်သိုက်သည် ချန်စစ်ကျယ်နှင့်အတူ ဆိုင်ထဲသို့ ဝင်ရန်ပြင်လိုက်စဉ် ထိုအမျိုးသားမှာ နားမလည်သကဲ့သို့ ရှေ့သို့ နှစ်လှမ်းတိုးလာကာ ဝမ်သိုက်ကို ထိရန် ကြိုးစားပြန်သည်။
ဝမ်သိုက်သည် အနောက်တွင် မျက်လုံးပါသကဲ့သို့ ရှောင်လိုက်ရာ ချန်စစ်ကျယ် ရင်ခွင်ထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်သည်။
ဝမ်သိုက်၏ ဗိုက်ဆာသဖြင့် ထွက်ပေါ်လာသော ဒေါသများမှာ ပေါက်ကွဲသွားတော့သည်။ သူမသည် ထိုအမျိုးသားကို စက်ဆုပ်စွာ ကြည့်ရင်း
"မပြုံးနဲ့တော့၊ ငါးခေါင်းကတောင် ရှင့်ထက် ပိုချစ်ဖို့ကောင်းသေးတယ်၊ ရှင့်ကို ကြည့်ရတာ သားသတ်ရုံက ပြေးလာတဲ့ ဝက်တစ်ကောင်နဲ့ တူနေတာ၊ စောစောက တိုက်မိတာကို ကျွန်မ ဘာမှမပြောဘဲ လွှတ်ပေးထားတာကို အလိုက်သိပြီး သွားလိုက်ရင် မပြီးဘူးလား၊ ဘာတွေ လာပြီး စကားတွေ များနေတာလဲ”
“ရှင့်ရဲ့ ကျောပြင်က ဝက်ကိုယ်တစ်ခြမ်းစာလောက် ရှိနေတာ၊ ကျွန်မက ဝက်နဲ့ စကားပြောချင်တဲ့သူလို့ ထင်နေတာလား၊ ဘေးမှာလည်း မိန်းကလေးတစ်ယောက် ပါလာတာပဲ၊ အလိုက်သိရင် မကောင်းဘူးလား၊ အခုခေတ်မှာ မျက်စိမွဲတဲ့သူ ရှာရတာ ခက်တယ်နော်"
"ကျွန်မက ငယ်ငယ်ကတည်းက ဝက်ဆိုရင် ကြောက်တတ်တာ၊ ရှင့်မျက်နှာကြီးနဲ့ ကျွန်မကို ထပ်ကြည့်နေရင် ကျွန်မ တကယ်အန်မိတော့မယ်" ဟု ဝမ်သိုက်က စက်သေနတ်ပစ်သကဲ့သို့ တရစပ် ပြောချလိုက်ရာ ထိုအမျိုးသား၏ မျက်နှာမှာ စိမ်းတက်သွားတော့သည်။
အမျိုးသား၏ မျက်နှာပေါ်ရှိ အဆီများမှာ တုန်ခါနေပြီး " ငါက ဘယ်သူလဲဆိုတာ သိလား" ဟု မေးလေသည်။
ဝမ်သိုက် ခေါင်းငြိမ့်ပြကာ "သိတာပေါ့၊ သားသတ်ရုံကလေ" ဟု ပြန်ပြောလိုက်သည်။
ဘေးမှ ကြည့်နေသော ချန်စစ်ကျယ်မှာ မအောင့်နိုင်တော့ဘဲ ရယ်သံထွက်လာတော့သည်။ ထိုဘူးသီးပုံစံ အမျိုးသားဖက်ထားသော အမျိုးသမီးပင်လျှင် ရယ်ချင်စိတ်ကို အတင်းအောင့်ထားရပေသည်။
အမျိုးသားမှာ အလွန်ဒေါသထွက်သွားကာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို စိုက်ကြည့်ရင်း "မင်းတို့ စောင့်နေလိုက်ဦး" ဟု ခြိမ်းခြောက်ကာ ဝမ်သိုက်ကို ကြည့်ပြီး "နောက်ကျရင် မင်း ငါ့နောက်ကို အလိုက်တသိ လိုက်လာမလား၊ မင်းရဲ့ မိန်းမလျာပုံစံ ယောက်ျားက မင်းကို ကာကွယ်ပေးနိုင်မလား ဆိုတာ ငါ ကြည့်ရသေးတာပေါ့" ဟု ဆိုလေသည်။