အခန်း ၆၂
Vol. 7 Ch. 62
🍏 Chapter 62
ဝမ်သိုက်က အေးအေးဆေးဆေးပင်
"ရှင့်ကိုယ်ရှင် ဘယ်လောက်ကြည့်ကောင်းတယ်လို့ ထင်နေတာလဲ၊ ရှင့်ရဲ့ ဗိုက်ကြီးကိုလည်း ပြန်ငုံ့ ကြည့်ဦး၊ ဘေးမှာ ရပ်နေတဲ့သူက ကျွန်မယောက်ျား ဖြစ်ရဦးမှာလား၊ သူက မိန်းမပုံစံပေါက်ရင်တောင် ရှင့်ထက် အများကြီး ပိုကြည့်ကောင်းပါသေးတယ်၊ ရှင်ကတော့ လူနဲ့တောင် မတူဘူး" ဟု ပြန်လည် တိုက်ခိုက်လိုက်ရာ ထိုအမျိုးသားမှာ လက်ပါတော့မည့်ဟန် ပြုလာသည်။
ထိုစဉ် ချန်စစ်ကျယ်က ဝမ်သိုက်ကို သူ၏ နောက်သို့ ဆွဲပို့လိုက်ကာ ရှေ့မှ အမျိုးသားကို လှောင်ပြုံးဖြင့် ကြည့်ရင်း
"တကယ်ပဲ ရုပ်ဆိုးသူက ပြဿနာရှာတတ်တာပဲ၊ မှန်မကြည့်ဖူးဘူးလား" ဟု မေးလိုက်သည်။
သူသည် ကြမ်းပြင်ပေါ်ရှိ တောက်ပြောင်နေသော ကြွေပြားများကို ညွှန်ပြကာ
"မှန်မရှိရင် ကြမ်းပြင်မှာ ဝပ်ပြီး ကြည့်လိုက်လေ၊ လူဟုတ်၊ မဟုတ်တော့ မသိပေမဲ့ ကိုယ့်ကိုယ်ကိုယ် တော့ သိသင့်တယ်၊ ခင်ဗျားလိုလူမျိုးက မီးဖိုချောင်ထဲ ဝင်သွားရင် ဝက်သားနီချက် ချက်ဖို့ အတုံးခံရဖို့ လွယ်တယ်နော်၊ တချို့လူတွေက အဆီတွေ ကြိုက်တတ်ကြတယ်လေ"
ထိုအမျိုးသား၏ မျက်နှာမှာ နီမြန်းသွားသော်လည်း ၁၉၀ စင်တီမီတာကျော် အရပ်ရှည်သော ချန်စစ်ကျယ် ရှေ့တွင်တော့ သူသည် ဘာမှ မတတ်နိုင်ချေ။
ချန်စစ်ကျယ်သည် ထိုလူကို စက်ဆုပ်စွာ ကြည့်ကာ ဝမ်သိုက်ကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားတော့သည်။
ထိုင်ခုံတွင် ထိုင်ပြီး ဟင်းမှာပြီးသောအခါ ဝမ်သိုက်က သူ့ကို အံ့သြသလို ကြည့်ရင်း
"ဟေ့၊ ရှင်က ပြဿနာတက်မှာ မကြောက်ဘူးလား၊ စောစောက ကျွန်မ ရှင့်ကို ဒီကိစ္စထဲ မပါအောင် လုပ်ဖို့ ကြိုးစားသေးတာ"
ချက်ချင်းပင် သူမသည် ထိုင်ခုံကို မှီလိုက်ပြီး သံသယဖြင့်
"ရှင် ကျွန်မဆီကနေ ပိုက်ဆံထပ်ညှစ်ဖို့တော့ မကြိုးစားနဲ့နော်၊ ရှင့်အတွက် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေကို ကျွန်မ တာဝန်မယူနိုင်ဘူး၊ အဲဒီလူက အရှိန်အဝါ ရှိတဲ့ပုံပဲ၊ သူက ဒုတိယနယ်မြေမှူးရဲ့ သားပဲ"
ချန်စစ်ကျယ်ကတော့ အေးအေးဆေးဆေးပင် ထိုင်နေရင်း
"ငါ့ကို အပြစ်မပုံချနဲ့၊ မင်းက တစ်ခုခုဆို ကြောက်နေတတ်တာပဲ၊ အဲဒီလူရဲ့ အထောက်အထားကို ငါ သိတယ်၊ မြင်လည်း မြင်ဖူးတယ်" ဟု ဆိုလေသည်။
ဝမ်သိုက်က မျက်လုံးအပြူးသားဖြင့် "သိရက်နဲ့ ရှင် ဘာလို့ သူ့ကို ပြန်ပြောတာလဲ၊ ပြဿနာတက်မှာ မကြောက်ဘူးလား" ဟု မေးလိုက်သည်။
ချန်စစ်ကျယ်က လှောင်ပြုံးပြုံးကာ
"ဘာကြောက်စရာ ရှိလဲ၊ သူ လုပ်နေတဲ့ အရှုပ်ထုပ်တွေက သူ့အဖေအတွက် အားနည်းချက်တွေပဲ၊ အလိုလိုက်ထားလို့ ဘာမှမသိတဲ့ အကောင်ပဲ၊ သူ ငါ့ကို လာထိတယ်ဆိုတာ သူတို့ကို ထိန်းချုပ်ဖို့ ကြိုးတစ်စကို ငါ့လက်ထဲ လာပေးတာနဲ့ အတူတူပဲ"
ဝန်ခံရလျှင် ထိုလူ၏မောက်မာသော ပုံစံမှာ အတော်လေး ကြည့်ကောင်းနေပေသည်။ ဝမ်သိုက်သည် သူမ အတွေးထဲမှ ထိုအချက်ကို ချက်ချင်း ဖယ်ထုတ်လိုက်သည်။
ဟင်းများ ရောက်လာသောအခါ ဝမ်သိုက်က စားရင်းဖြင့်
"သူ့အဖေ စွန်းဖျင်က ဘယ်လိုလူလဲ၊ ငယ်ငယ်က မကြားဖူးပါဘူး "
"အရင်တုန်းက အတွင်းရေးမှူးချုပ်ပေါ့"
ချန်စစ်ကျယ် အမဲသားကို လှီးရင်း
"သူက အရင်နယ်မြေမှူးရဲ့ လူယုံပဲ၊ အရင်ကတည်းက အရှိန်အဝါ ရှိခဲ့တာ”
အရင်နယ်မြေမှူး... ဝမ်သိုက်၏လက်များ တုံ့ခနဲ ဖြစ်သွားသည်။ သူမ စုဆောင်းထားသော အချက်အလက် များထဲတွင် အရင် နယ်မြေမှူး လုံဖန်းချီ၏သဲလွန်စများ ရှိနေပေသည်။
ထိုမီးလောင်မှုသည် သူနှင့် ပတ်သက်နေပုံရသည်။
အကျိုးအမြတ်အတွက် လူ့အသက်ကို တန်ဖိုးမထားသူများ...
နှစ်တစ်နှစ်၏ ကုန်ဆုံးခါနီးအချိန်သည် အလွန်ပင် လွယ်ကူမြန်ဆန်လှပေသည်။ နှစ်သစ်ကူးည၏ ရှူးပျံမီးပန်းများသည် ညကောင်းကင်ယံထက်ဝယ် ကြယ်ပွင့်ကလေးများအလား ပြန့်ကျဲသွားပေသည်။
သန်းခေါင်ယံအချိန်ရောက်မှသာ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားလိုက်သော ဝမ်သိုက်သည် မွန်းတည့်ချိန် ကတည်းက ယခုအထိ ဗိုက်ဆာနေသော မိမိ၏ဗိုက်ကို ပြန်ပွတ်နေမိပေသည်။
သူမသည် ရေခဲသေတ္တာရှေ့တွင် ရပ်ကြည့်လိုက်ရာ အထဲတွင် ကိုယ်တိုင်ချက်ပြုတ်ရမည့် အသင့်စား အစားအစာများကိုသာ တွေ့ရသဖြင့် ရေခဲသေတ္တာတံခါးကို ပြန်ပိတ်လိုက်ပေသည်။ ထို့နောက် မီးဖိုချောင်ရှိ ဗီဒိုဘက်သို့ လှည့်ကြည့်ပြန်ရာ အထဲတွင်လည်း ကိုယ်တိုင်ချက်ရမည့် ခေါက်ဆွဲခြောက် များသာ ရှိနေပေသည်။
သက်ပြင်းတစ်ချက်မှာ သူမ၏နှုတ်မှ တိုးတိုးလေး ထွက်ပေါ်သွားပေသည်။ အိုးခွက်ပန်းကန် ဆေးကြောရမည့်အလုပ်ထက်စာလျှင် အပြင်ထွက်ပြီး ကုန်စုံဆိုင်သို့ သွားလိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
အသံလုံခြင်းမရှိသော အိမ်ဟောင်းလေးကြောင့် ကောင်းကင်ယံသို့ ပျံတက်သွားသော မီးပန်းသံများကို သူမ မရှောင်လွှဲနိုင်ပေ။ ဝမ်သိုက်သည် ဆူညံသံများကြောင့် နားကို အသာပွတ်ရင်း အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အပေါ်ဝတ် အမွေးပွအင်္ကျီတစ်ထည်ကို ဆွဲယူဝတ်လိုက်ပေသည်။
ပြင်ပမှ ဝိညာဉ်များ၏ နှောင့်ယှက်မှုကို မခံရစေရန်အတွက် သူမသည် အဆောင်လက်ဖွဲ့များ ထည့်ထားသော အိတ်ထဲမှ အဆောင်စာရွက်တစ်ခုကို နှိုက်ယူလိုက်ရာ မရည်ရွယ်ဘဲ နှစ်ခုပါလာပေသည်။ သို့သော် သူမအနေဖြင့် အရေးတယူ မလုပ်တော့ဘဲ နှစ်ခုဆိုလည်း နှစ်ခုပေါ့ ဟုသာ တွေးလိုက်ပေသည်။
လှေကားမှ ဆင်းလာချိန်တွင် တိုက်ခတ်လာသော လေပြင်းက သူမ ဆံနွယ်များကို လွင့်စင်သွားစေပြီး ပင့်ကူအိမ်အလား သူမ၏ မျက်နှာထက်တွင် ရှုပ်ယှက်ခတ်သွားပေသည်။
ဝမ်သိုက်သည် လမ်းလျှောက်ရင်း မျက်နှာပေါ်ရှိ ဆံပင်များကို ဖယ်ရှားကာ နောက်သို့ စုစည်းလိုက်ပြီး အင်္ကျီခေါင်းစွပ်ကို ချက်ချင်း စွပ်လိုက်ပေသည်။ ကြီးမားသော ခေါင်းစွပ်မှာ သူမ၏ မျက်နှာတစ်ဝက် ကျော်ကို ဖုံးအုပ်သွားပေသည်။
တိုက်ခန်းတံခါးဝမှ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် ဘေးဘက်မှ ဆွဲလိုက်သော လက်တစ်ဖက်ကြောင့် သူမမှာ ယိုင်တိယိုင်တိုင် ဖြစ်သွားပေသည်။ လူနေရပ်ကွက်ဟောင်း၏ လမ်းဘေးမီးတိုင်များမှာ အလွန်မှိန်ဖျော့လှသဖြင့် ကျရောက်လာသော အရိပ်မည်းများက သူမကို ဝိုင်းရံသွားပေသည်။
"မင်းက ဝမ်သိုက် မဟုတ်လား၊ နောက်ဆုံးတော့ မင်းကို မိပြီပေါ့၊ ငါတို့ကတော့ ဒီအောက်မှာ အကြာကြီး စောင့်နေရတာ"
ရှေ့ဆုံးမှ အမျိုးသား၏ အသံမှာ အနည်းငယ် ရင်းနှီးနေသဖြင့် ဝမ်သိုက်သည် အင်္ကျီခေါင်းစွပ်ကို နောက်သို့ အသာဆွဲကာ မှိန်ဖျော့သော အလင်းရောင်အောက်တွင် ရှေ့မှ အမျိုးသားကို ကြည့်လိုက် ပေသည်။ ဤသူမှာ စောစောက ဆိုင်ရှေ့တွင် တွေ့ခဲ့သော ဘူးသီးပုံသဏ္ဌာန် အမျိုးသားပင် ဖြစ်ပေသည်။
အေးစက်သော ရာသီဥတုကြောင့် သူသည်လည်း အမွေးပွအင်္ကျီ ဝတ်ထားသဖြင့် ယခုအခါတွင် ဘူးသီးပုံနှင့် မတူတော့ဘဲ လုံးဝန်းသော ဘောလုံးကြီးနှင့်သာ တူနေပေတော့သည်။
ဝမ်သိုက်သည် သူဆွဲထားသော နေရာကိုလက်ဖြင့် အသာပုတ်လိုက်ပေသည်။ သန်မာသော အမျိုးသ ားကြီးများ ဝိုင်းထားသော်လည်း သူမမှာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူမသည် မေးကို အနည်းငယ် မော့ကာ အထင်အမြင်သေးသော လေသံဖြင့် ဆိုလိုက်ပေသည်။
"ရှင်ပဲကိုး၊ ကျွန်မကလည်း ရှင် တကယ်လာ မလားလို့ တွေးနေတာ၊ ဒီလောက်ကြာတဲ့အထိ ဘာသံမှ မကြားရတော့ ရှင့်ပါးစပ်က စကားတွေကို လေထဲလွှင့်ပစ်လိုက်ပြီလို့ ထင်နေတာ၊ ဒါပေမဲ့ အခုလို ကျွန်မတစ်ယောက်တည်းကို ဖမ်းဖို့ လူတွေအများကြီး ခေါ်လာတာ ကြည့်ရတာ ရှင့်မျက်လုံးထဲမှာ ကျွန်မက တော်တော်လေး အစွမ်းထက်ပုံရတယ်နော်"
သူမ နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ ကွေးတက်သွားပြီး ပါးချိုင့်နှင့် စွယ်လေးများ ပေါ်လာသဖြင့် ချိုသာသော အသွင်ဆောင်နေသော်လည်း မျက်လုံးထဲရှိ သရော်မှုများကြောင့် ထိုအပြုံးမှာ အဓိပ္ပာယ် နက်နဲနေပေသည်။
"ဒါမှမဟုတ်ရင်လည်း ရှင်ကိုယ်တိုင်က တော်တော်လေး သတ္တိနည်းနေတာ ဖြစ်မှာပါ"
သူမ၏ ရင်ထဲတွင် ရင်ခုန်သံများ မြန်နေသော်လည်း ဝမ်သိုက်ကတော့ သူမအတွက် ဘာမှမဖြစ် နိုင်ကြောင်း စိတ်ချလက်ချ ရှိနေပေသည်။ အကယ်၍ တစ်ခုခုဖြစ်မည်ဆိုပါက သူမ အပြင်ထွက် ခါနီးတွင် သူမနောက်မှ အစောင့်အရှောက်နတ်များက သူမကို အိပ်ပျော်သွားအောင်လုပ်ခြင်း သို့မဟုတ် သတိပေးခြင်းမျိုး ပြုလုပ်ပေလိမ့်မည်။
"ဒီကောင်မစုတ်က သေခါနီးတောင် ပါးစပ်က သရမ်းနေသေးတယ်"
ဘောလုံးကြီးနှင့်တူသော အမျိုးသားသည် လက်တစ်ဖက်ကို မြှောက်ကာ ဝမ်သိုက်၏ ပါးကို ရိုက်ရန် ပြင်လိုက်ပေသည်။ သို့သော် သူ့လက်မှာ လေထဲတွင်ပင် ရပ်တန့်သွားပြီး လှုပ်ရှား၍မရတော့ပေ။
သူသည် မျက်မှောင်ကြုတ်ကာ လက်ကို အတင်းလှုပ်ရှားရန် ကြိုးစားသော်လည်း သူ့လက်မှာ လေထဲတွင် ကပ်နေသကဲ့သို့ ဖြစ်နေပေသည်။
ဘေးမှ လိုက်ပါလာသော သူငယ်ချင်းများမှာလည်း ထိုအခြေအနေကို မြင်သော် ဘာလုပ်ရမှန်းမသိဖြစ်နေကြပေသည်။ အချို့က ရှေ့သို့တိုးကာ သူ့လက်မောင်းကို ဆွဲချရန် ကြိုးစားသော်လည်း အနည်းငယ်မျှ လှုပ်ရှား၍မရပေ။