← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

🍏 Chapter 63

အေးစက်သော လေပြင်းများမှာ သူတို့၏ အင်္ကျီအောက်မှတစ်ဆင့် အရေပြားထဲအထိ စိမ့်ဝင်လာပေသည်။ တစ်နေရာရာမှ ရေစက်ကျသံများ ကြားနေရပြီး နှင်းတောထဲမှ တကျိကျိ မြည်သံများကြောင့် လူတိုင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသော်လည်း လူရိပ်လူယောင်မျှ မတွေ့ရပေ။

ထိုအမျိုးသား၏ လက်မောင်းကို ဆွဲနေသော လူငယ်မှာ လက်ကို ချက်ချင်းလွှတ်လိုက်ပြီး တုန်ရီသောအသံဖြင့် ပြောလိုက်ပေသည်။

"အစ်ကိုယန်၊ သရဲ... သရဲ မဟုတ်ဘူးလားဟင်"

ဘေးမှ လူများမှာလည်း ဘာမှ ပြန်မပြောနိုင်ဘဲ လူအုပ်စုလိုက် လျှာအဖြတ်ခံထားရသကဲ့သို့ ငြိမ်သက်နေကြပေသည်။ လက်မြှောက်လျက်သား ဖြစ်နေသော ထိုအမျိုးသားသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး နီမြန်းနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်ပေသည်။

"ဘာတွေ လျှောက်ပြောနေတာလဲ၊ မင်းတို့အားလုံး ရူးကုန်ကြပြီလား၊ ဘာသရဲမှ မရှိဘူး၊ တကယ်လို့ သရဲရှိရင် ငါက အရင်ဆုံး ငရဲရောက်နေမှာပေါ့"

ရုတ်တရက် အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူတို့ကြားတွင် မိန်းမပျိုတစ်ဦး၏ အသံခြောက်ကပ်ကပ်ကြီးက ထွက်ပေါ်လာပေသည်။

"ရှင်က အစကတည်းက ငရဲသွားရမှာလေ၊ ရှင်က ငရဲသွားရမှာ၊ ဟီးဟီးဟီး"

ထိုစူးရှသော ရယ်သံမှာ လူတို့၏ နားစည်ကို ကျဉ်တက်သွားစေပေသည်။

အချို့မှာ ကြောက်လန့်သဖြင့် ခြေထောက်များ ပျော့ခွေကုန်ကြပေသည်။ လူငယ်အချို့မှာ ကားရှိရာဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာရင်း အကြံပေးလိုက်ပေသည်။

"အစ်ကိုယန်၊ ဒီနေရာက တော်တော်ထူးဆန်းတယ်၊ ငါတို့ အရင်ပြန်ကြရင် မကောင်းဘူးလား၊ ဒီမိန်းမကိုပါ တစ်ခါတည်း ဆွဲခေါ်သွားကြတာပေါ့"

ထိုအကြံကို အမျိုးသားက သဘောတူသော်လည်း အခြားလူငယ်များက ဝမ်သိုက်ကို ဖမ်းရန် လက်လှမ်းလိုက်ချိန်တွင် သူတို့၏ လက်များမှာလည်း လှုပ်ရှား၍ မရတော့ပေ။

ထိုအမျိုးသားနှင့် အလားတူ ခံစားချက်မျိုး ခံစားလိုက်ရသဖြင့် ထိုလူများမှာ ငိုချင်စိတ် ပေါက်သွားကြပေသည်။

"ငါလည်း လှုပ်လို့ မရတော့ဘူး၊ ငါ့လက်မောင်းက ဘာမှ မသိတော့ဘူး၊ ဆွဲလို့လည်း မရဘူး"

သူတို့ မည်မျှပင် ထုံထိုင်းနေပါစေ၊ ထူးဆန်းနေသည်မှာ ဤနေရာမဟုတ်ဘဲ သူတို့ ဝိုင်းထားသော ဤအမျိုးသမီးဖြစ်ကြောင်း သတိထားမိသွားကြပေသည်။

ကြောက်လန့်နေသော အကြည့်များက ဝမ်သိုက်အပေါ်သို့ ကျရောက်လာပေသည်။ ဝမ်သိုက်သည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားပြီး သူမရှေ့မှ လူများကို ပြုံး၍ ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်ပေသည်။

“ရှေးလူကြီးတွေ ပြောဖူးတာ ရှိတယ်၊ မကောင်းတာ မလုပ်ထားရင် သရဲတံခါးလာခေါက်တာကို ကြောက်စရာမလိုဘူးတဲ့။ အခုတော့ ရှင်တို့ ကြောက်နေရပြီပေါ့”

"ဒီနေ့ လက တော်တော်သာတယ်နော်၊ လမင်းကြီးလည်း မီးပန်းတွေ ထွက်ကြည့်ချင်ပုံရတယ်၊ ဒါမှမဟုတ် ရှင့်တို့ကို တစ်စုံတစ်ယောက်က ဆုံးမတာကို ကြည့်ချင်နေတာလား မသိဘူး၊ ရှင့်တို့ ပါးစပ်ကို နည်းနည်း သန့်သန့်ရှင်းရှင်းထားရင် ကောင်းမယ်၊ ကျွန်မက စိတ်ရင်းကောင်းရှိပေမဲ့ တချို့သော တည်ရှိမှုတွေကတော့ ရှင့်တို့အပေါ် အငြိုးအတေးတွေ အများကြီး ရှိနေကြတယ်"

ဝမ်သိုက်သည် လမင်းကို ခေတ္တမျှ မော့ကြည့်ပြီးနောက် လူအုပ်ကြားမှ အေးအေးဆေးဆေးပင် တိုးထွက်သွားပေသည်။

လက်မောင်းများ လှုပ်ရှားမရသဖြင့် ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေရသော အမျိုးသားများကို ကြည့်ကာ သူမက လှောင်ပြုံးဖြင့် ဆိုလိုက်ပေသည်။

"ရှင့်တို့ ဒီမှာ လေအေးလေး ခံပြီး အရိုက်ခံနေလိုက်ဦးနော်၊ အငြိုးအတေးတွေက တစ်ကြိမ်တည်း နဲ့တော့ ကုန်မှာ မဟုတ်ဘူး၊ စိတ်မပူပါနဲ့၊ ရှင့်တို့က အသက်ရှင်နေတုန်းမှာပဲ အရိုက်ခံရမှာ မဟုတ်ဘူး၊ သေသွားရင်လည်း ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်ရှိနေဦးမှာပဲ၊ သွားပြီနော်"

ဝမ်သိုက်သည် အေးအေးလူလူ ထွက်ခွာသွားပေသည်။ ထိုအမျိုးသားမှာ အံကြိတ်ကာ နာကျင်မှုကို အောင့်ထားပြီး လက်ကို အတင်းဆွဲယူရန် ကြိုးစားလိုက်ပေသည်။ သူက ခန္ဓာကိုယ်ကို အနောက်သို့ ယိုင်ကာ လက်ကို ဆွဲထုတ်ရန် ကြိုးစားစဉ်မှာပင် သူ၏ ဆီးခုံနေရာသို့ ပြင်းထန်သော ကန်ချက်တစ်ချက် ရောက်ရှိလာပေသည်။

သူ၏ ဆီးအိမ်ပင် ပေါက်ထွက်သွားပြီဟု ထင်ရလောက်အောင် နာကျင်လှသဖြင့် ခြေထောက်များ ပျော့ခွေကာ ဒူးထောက်ကျသွားပေသည်။ သို့သော် လက်မှာ လေထဲတွင် ဆွဲထားသကဲ့သို့ ဖြစ်နေသဖြင့် လက်မောင်းပြုတ်ထွက်မတတ် နာကျင်မှုနှင့်အတူ အောက်ပိုင်းမှာလည်း နှိပ်စက်ခံနေရသကဲ့သို့ ဖြစ်နေပေသည်။ သူသည် အော်ပင်မအော်နိုင်ဘဲ တရှူးရှူးနှင့်သာ အသံထွက်နေနိုင်ပေတော့သည်။

သူ၏ တပည့်များမှာလည်း ထိုအခြေအနေကို မြင်သော် ကြောက်လန့်တကြား မေးကြပေသည်။

"အစ်ကိုယန်၊ ဘာဖြစ်တာလဲ"

အစ်ကိုယန်ဟု ခေါ်ဝေါ်ခံရသော အမျိုးသားမှာ ဦးခေါင်းကို ရင်ဘတ်ထဲအထိ ငုံ့ထားပြီး ဒေါသတကြီး အော်ဟစ်လိုက်ပေသည်။

"၁၂၀ ကို ဖုန်းဆက်... မြန်မြန်ဆက်ကြစမ်း"

ကားဘေးတွင် ရပ်နေသော တပည့်ဖြစ်သူမှာ ဖုန်းကို ထုတ်လိုက်သော်လည်း ဖုန်းမှာ ပွင့်မလာပေ။ ခလုတ်နှိပ်လိုက်တိုင်း မျက်နှာပြင် ပုံစံမတူပါ ဟူသော စာသားသာ ပေါ်လာပေသည်။ အေးစက်သော ရာသီဥတုတွင် ထိုလူငယ်မှာ ကျောပြင်၌ ချွေးစေးများ ထွက်လာပေသည်။

"အစ်ကို... အစ်ကိုယန်၊ ဖုန်းဖွင့်လို့ မရဘူး၊ ဒီမှာ သရဲရှိတာ သေချာတယ်၊ ဖုန်းဖွင့်လိုက်တာနဲ့ မျက်နှာပြင် ဖတ်လို့မရဘူးပဲ ပြနေတယ်၊ အခု ဖုန်းက အကြိမ်အများကြီး မှားလို့ ပိတ်သွားပြီ"

နာကျင်မှု ဝေဒနာ ခံစားနေရသော အမျိုးသားမှာ ထိုလူငယ်ကို ဆူပူရန် အားမရှိတော့ပေ။ အောက်ပိုင်းမှ နာကျင်မှုမှာ အနည်းငယ် သက်သာသွားစဉ်မှာပင် တစ်စုံတစ်ခုက သူ့ကို အတင်းကန်လိုက်သကဲ့သို့ ဖြစ်သွားပြီး ဒူးထောက်လျက်သားမှ ရှေ့သို့ မှောက်ကျသွားပေသည်။ သူ၏ လက်မောင်းမှ အရိုးကျိုးသံမှာ အတိုင်းသား ကြားလိုက်ရပေသည်။

ကြောက်ရွံ့မှုမှာ နာကျင်မှုထက် ပိုမိုကြီးစိုးလာသဖြင့် သူသည် ငိုယိုကာ တောင်းပန်တော့ပေသည်။

"ကျွန်တော် ခင်ဗျားက ဘယ်သူလဲ မသိပါဘူး၊ ကျွန်တော် ခင်ဗျားအပေါ် ဘာတွေ မှားခဲ့လဲ မသိပေမဲ့ တောင်းပန်ပါတယ်၊ ကျွန်တော့်ကို လွှတ်ပေးပါ၊ ဒါမှမဟုတ် ထွက်လာခဲ့ပါလား၊ ကျွန်တော်တို့ ကောင်းကောင်း စကားပြောကြရအောင်ပါ"

သူသည် မာနကို လွှတ်ချကာ တောင်းပန်နေသလို ဘေးမှ တပည့်များမှာလည်း အလားတူ နာကျင်မှုများကို ခံစားနေရပေသည်။ သူတို့၏ ပါးပြင်များပေါ်တွင် အမည်းရောင် လက်ဝါးရာများ ထင်ကျန်နေပြီး တောင်းပန်စကားများကိုသာ တတွတ်တွတ် ပြောနေကြပေသည်။

ထိုထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း ဘာမှ မဖြစ်သေးသော လူငယ်နှစ်ဦးမှာ ကြောက်လန့်လွန်း သဖြင့် ကားတံခါးကို မှီကာ လဲကျလုနီးပါး ဖြစ်နေပေသည်။ သူတို့မှာ လူသစ်များသာ ဖြစ်ကြပေသည်။ တစ်ဦးမှာ လည်ပင်းကို တောင့်တောင့်ကြီး ထားရင်း ပြောလိုက်ပေသည်။

"ငါ... ငါ အိမ်ပြန်တော့မယ်၊ တောပြန်ပြီး အဖေ့ကို ကူပြီး လယ်လုပ်မယ်၊ ထင်းခုတ်မယ်၊ ငါ အိမ်ပြန်တော့မယ်"

ထိုစဉ် အေးစက်သော မိန်းမပျို အသံလေးမှာ သူ၏ နားနားသို့ ကပ်၍ ထွက်ပေါ်လာပေသည်။

"အိမ်ပြန်တာ မှန်တာပေါ့၊ မြန်မြန် ပြန်ကြတော့၊ မဟုတ်ရင် ရှင့်တို့နှစ်ယောက်လည်း သူတို့လို ခံစားချင်လို့လား"

အခြားလူငယ်တစ်ဦးမှာ ကြောက်လန့်တကြားဖြင့် သူ၏ သူငယ်ချင်း ပုခုံးပေါ်ကို ကြည့်ကာ လက်ညှိုးကို တုန်ရီစွာဖြင့် ညွှန်ပြလိုက်ပေသည်။

"မင်း... မင်းရဲ့ ပုခုံးပေါ်မှာ သရဲတစ်ကောင် ရှိနေတယ်"

ထူထပ်သော ဆံပင်အမည်းရောင်များမှာ ထိုလူငယ်၏ လည်ပင်းကို ရစ်ပတ်သွားပြီး အသက်ရှူ ကျပ်ကာ မျက်နှာတစ်ခုလုံး နီမြန်းသွားမှသာ ပြန်လွှတ်ပေးလိုက်ပေသည်။ ထိုလူငယ်မှာ ရင်ဘတ်ကို ဖိကာ အသည်းအသန် ချောင်းဆိုးနေစဉ်မှာပင် ကားတံခါးမှာ အလိုအလျောက် ပွင့်သွားပြီး သူ့ကို အထဲသို့ ဆွဲသွင်းသွားပေသည်။

အပြင်တွင် ကျန်ရစ်သော လူငယ်မှာ ခြေထောက်များ တုန်ရီနေပြီး သူ၏ ဘောင်းဘီခွကြားတွင် နွေးခနဲ ဖြစ်သွားပေသည်။ သူ ဆီးထွက်ကျသွားခြင်း ဖြစ်ပေသည်။

ကားအတွင်းမှ ရုန်းကန်သံများနှင့် တရှူးရှူး အသံများကို ကြားရသောအခါ ထိုလူငယ်မှာ မအောင့်နိုင်တော့ဘဲ အိမ်ရာဝင်း အပြင်ဘက်သို့ အတင်း ပြေးထွက်သွားတော့ပေသည်။

ဝမ်သိုက်သည် လမ်းမပေါ်တွင် အေးအေးဆေးဆေး လျှောက်လှမ်းနေပေသည်။

ကောင်းကင်ယံသို့ ပျံတက်သွားသော မီးပန်းများသည် သူမနှင့်အတူ အဖော်ပြုပေးနေပေသည်။ လမ်းဘေးမီးတိုင်များအောက်မှ ဖြတ်သန်းသွားရင်း မီးပွိုင့်တွင် စောင့်နေစဉ်မှာပင် လမ်းပေါ်တွင် မောင်းနှင်နေသော ဖာရာရီ ကားတစ်စီးမှာ သူမ၏ ဘေးတွင် ဝုန်းခနဲ ရပ်တန့်သွားပေသည်။

ထိုအသံမှာ အလွန်စူးရှသဖြင့် သူမ၏ နားစည်ပင် နာကျင်သွားပေသည်။ သူမသည် မည်သည့် သူဌေးသားများ ဖြစ်မည်နည်းဟု လှည့်ကြည့်လိုက်ရာ ကားပေါ်မှ ဆင်းလာသူမှာ သူမ အလွန်ရင်းနှီးနေသော သူ ဖြစ်နေပေသည်။

ချန်စစ်ကျယ်သည် ယာဉ်ထိန်းရဲ မရှိသည်ကို အခွင့်ကောင်းယူကာ ကားကို လမ်းဘေးတွင် ရပ်၍ သူမထံ လျှောက်လာပေသည်။

သူသည် ခြေလှမ်းကျဲကျဲဖြင့် ဝမ်သိုက်ထံ ရောက်လာပေသည်။ သူ၏ ဆံနွယ်များမှာ ဖရိုဖရဲ ဖြစ်နေပြီး ခါတိုင်း မောက်မာတတ်သော သူ၏ မျက်လုံးများတွင် ယခုအခါ စိုးရိမ်မှုများ အထင်အရှား ပေါ်လွင်နေပေသည်။ သူက ဝမ်သိုက်ကို အသေအချာ ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်ပေသည်။

"မင်း ဘာဖြစ်သေးလဲ၊ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့သေးလား"

ဝမ်သိုက်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် မျက်နှာလေး မော့ကာ ပြန်မေးလိုက်ပေသည်။

"ရှင်... ဘာလို့ ဒီကို ရုတ်တရက် ရောက်လာတာလဲ"

ထိုမေးခွန်းကြောင့် ချန်စစ်ကျယ်မှာ ခေတ္တမျှ ဆွံ့အသွားပေသည်။

သူသည် ကိုယ်ကို ပြန်မတ်လိုက်ပြီး အကြည့်ကို လွှဲကာ နှာတံကို အသာပွတ်ရင်း ပြောလိုက်ပေသည်။

"စိတ်ထဲမှာ မကောင်းတဲ့ အာရုံတစ်ခုရလို့ ကံကြမ္မာတွက်ကြည့်လိုက်တာ၊ အဲဒီလူတွေ မင်းဆီ လာလိမ့်မယ်လို့ ထွက်နေတယ်၊ ဟိုတစ်ခါ စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့ လူလေ၊ သူ လူတွေ ခေါ်လာလိမ့်မယ်"

သူသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ မူလအတိုင်း မောက်မာသော ပုံစံဖြင့် ဝမ်သိုက်ကို ငုံ့ကြည့်ရင်း ဆိုလိုက်ပေသည်။

"လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အတွက် လာကြည့်တာပေါ့၊ ပြီးတော့ ငါ့အဖေနဲ့ အမေကလည်း မင်းကို အတော်လေး ဂရုစိုက်ကြတယ်၊ မင်း တစ်ခုခုဖြစ်ရင် နောက်ဆုံး အရှုပ်ထုပ် ရှင်းရမှာက ငါပဲလေ"

"ဪ"

ဝမ်သိုက်သည် အသံကို ဆွဲကာ ပြောလိုက်ပေသည်။ သူမသည် မီးပွိုင့်ကို ကြည့်လိုက်ရာ စိမ်းနေသဖြင့် အပြေးသွားရန် ပြင်သော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် မီးနီသွားပြန်ပေသည်။

သူမသည် မျက်နှာဆူပုပ်လျက် ချန်စစ်ကျယ်ကို ကြည့်ကာ ပြောလိုက်ပေသည်။

"ရှင့်ကြောင့်ပဲ၊ ကျွန်မ လမ်းကူးပြီးမှ ပြောရင် မရဘူးလား"

ချန်စစ်ကျယ်မှာ သူမ၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို ကြည့်ကာ ရှေ့သို့ မျှော်ကြည့်လိုက်ပေသည်။

"မင်း ဘယ်သွားမလို့လဲ"

All Chapters