← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

🍏 Chapter 69

လိုင်ဝမ်ရီသည် ရယ်မောလိုက်ရာ သူမ၏ မျက်နှာတွင် အရင်လို သွက်လက်သော အမူအရာများ ပြန်လည် ပေါ်ပေါက်လာပေသည်။

သူမသည် ဝမ်သိုက်၏ ပေါင်ပေါ်ရှိ ပစ္စည်းများကို ကြည့်ကာ

"ဒါတွေက ကာကွယ်ရေး ပစ္စည်းတွေလား၊ ဘေးက အဆောင်ကိုတော့ သိတယ်" ဟု အံ့ဩတကြီး မေးလိုက်သည်။

ဝမ်သိုက် ပြုံးပြကာ

"ဟုတ်တယ်၊ ဒါတွေက ကာကွယ်ပေးမယ့် ပစ္စည်းလေးတွေ၊ အိမ်မှာ ထားရမှာ၊ ဒါပေမဲ့ ဘယ်နေရာမှာ ထားရမလဲဆိုတာကိုတော့ အိမ်ရဲ့ ဖုန်းရွှေကို ကြည့်ရဦးမယ်၊ တကယ်လို့ ရှင်က အဲဒါတွေကို အယုံအကြည်ရှိတယ်ဆိုရင် ကျွန်မ ကြည့်ပေးပါ့မယ်" ဟု ပြောလိုက်ပေသည်။

လီကျိုးတွင် နှင်းကျနေသည်မှာ ဆယ့်ငါးရက်တိုင်ခဲ့ပြီ ဖြစ်သည်။ အုံ့မှိုင်းနေသော ကောင်းကင်ယံထက်တွင် တိမ်တိုက်များကိုပင် မမြင်ရတော့ဘဲ ခရမ်းလွန်ရောင်ခြည်မှာ မျက်စိကျိန်းစရာကောင်းသော အစွမ်းဖြင့်သာ မိမိတည်ရှိမှုကို ထုတ်ဖော်ပြသနေပေသည်။

ကားထဲမှ ထီးတစ်လက် ထွက်ပေါ်လာပြီးနောက်တွင်တော့ အနွေးထည်အင်္ကျီအရှည်ကြီး ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကားပေါ်မှ ဆင်းလာပေသည်။

ဝမ်သိုက်သည် ထီးဆောင်းလျက် နှင်းမရှိဟု ထင်ရသော မြေပြင်ပေါ်သို့ ဘာမှမစဉ်းစားဘဲ နင်းမိလိုက်ရာ ချော်လဲတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရပေသည်။

သူမသည် ရှေ့သို့ အရှိန်ဖြင့် ချော်ထွက်သွားပြီး လဲမကျခင်မှာပင် အသည်းအသန် ထိန်းလိုက်ရသဖြင့် တစ်ကိုယ်လုံး ရှေ့သို့ ကိုင်းညွတ်နေပြီး ထီးရိုးကိုလည်း အတင်းဆုပ်ကိုင်ထားမိပေသည်။

မောင်းနှင်သူနေရာမှ ဆင်းလာသော အမျိုးသားမှာမူ သူမနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကာ တည်ငြိမ်အေးဆေးလှပေသည်။ လွင့်စင်နေသော နှင်းစက်များမှာ သူ၏အနက်ရောင် ထီးကျယ်ကြီးပေါ်သို့ ကျရောက်ကာ အရည်ပျော်သွားကြပေသည်။

ထီးအောက်ရှိ ထိုအမျိုးသား၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဖြောင့်စင်းပြီး မြင့်မားလှကာ လှမ်းလိုက်သော ခြေလှမ်းတိုင်းမှာလည်း သန့်ပြန့်ကြည်လင်သော အရှိန်အဝါကို ဆောင်နေပေသည်။ သို့သော် သူ၏ နှာခေါင်းရှုံ့ကာ ကြည့်နေသော အကြည့်များကတော့ ထိုခန့်ညားမှုကို ဖျက်ဆီးနေသကဲ့သို့ပင်။

"မင်းဦးနှောက်က ဖွံ့ဖြိုးမှု မပြည့်ဝဘူးလား"

ဝမ်သိုက်၏ပါးစပ်မှ မကျေမနပ် ရေရွတ်သံ အရင်ထွက်လာပေသည်။ သူမသည် မလှမ်းမကမ်းမှ ဖြည်းဖြည်းချင်း လျှောက်လာသော ချန်စစ်ကျယ်ကို စောင်းကြည့်ကာ "ရှင် ရူးနေတာလား၊ ကျွန်မကို နှစ်ခွန်းလောက် မဆဲရရင် အသက်မရှူနိုင်ဘူးလား"

သို့သော် ချန်စစ်ကျယ်ကမူ မေးကို အသာပင့်ကာ ဝမ်သိုက်ကို မျက်စောင်းထိုးကြည့်လျက်

"ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးကို ယဉ်ယဉ်ကျေးကျေးနဲ့ သူငယ်ချင်းပီပီ ဂရုစိုက်ပေးတာပါ၊ မင်း အထင်လွဲနေပြီ... များသောအားဖြင့် စိတ်ခံစားမှု လွယ်တဲ့သူတွေက ကိုယ့်ကိုကိုယ် အားနည်းချက် ရှိနေလို့ အဲဒါကို အရမ်းအာရုံစိုက်နေကြတာ" ဟု ခပ်ပြောင်ပြောင်ပင် ပြန်ပြောလိုက်ပေသည်။

ကားထဲမှ လက်ဆောင်ပစ္စည်းများကို ထုတ်ယူနေသော လိုင်ဝမ်ရီမှာ သူတို့ထက် ခြေလှမ်းအနည်းငယ် နောက်ကျနေပေသည်။ မလှမ်းမကမ်းမှနေ၍ သူတို့နှစ်ဦး၏အပြန်အလှန် ရန်ဖြစ်သံများကို ကြားနေရသော်လည်း သူမ ဂရုမစိုက်အားပေ။ သူမ၏ ခေါင်းနှင့် ကိုယ်ပေါ်တွင် နှင်းမှုန်လေးများ တင်နေသော်လည်း ဘာမှမဖြစ်သကဲ့သို့ပင်။

"ရှင်တို့နှစ်ယောက် အပြန်အလှန်ဆက်ဆံပုံက အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲနော်"

လိုင်ဝမ်ရီသည် မျက်နှာတွင် အပြုံးများဝေဆာနေပေသည်။ တစ်ပတ်ကြာ ပြန်လည်ကုစားပြီးနောက် သူမ၏အသက်ဓာတ်များမှာ နဂိုအတိုင်း ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ဝမ်သိုက် ဘေးသို့ လျှောက်လာကာ ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် ကြည့်လျက်

"အားနာလိုက်တာရှင်၊ ဒီတစ်ပတ်လည်း ရှင်တို့ကို ဒုက္ခပေးမိပြန်ပြီ၊ ကျွန်မ မိဘတွေအိမ်အထိတောင် ဖုန်းရွှေကြည့်ပေးဖို့ တကူးတက လာပေးကြတာ ကျေးဇူးတင်ပါတယ်"

ဝမ်သိုက်သည် ခေါင်းငုံ့ကာ ပြုံးလိုက်ပြီး "ဒီလိုပြောတော့ ကျွန်မက ပိုအားနာရတာပေါ့... ကျွန်မက ပိုက်ဆံယူထားတာလေ၊ ရှင်ခိုင်းတဲ့အလုပ်ကို လုပ်ပေးတာက ပုံမှန်ပါပဲ"

"အဓိကကတော့ ရှင်နဲ့ ရှင့်ရည်းစားက တကယ်တော်တာပါ၊ အဲဒီနေ့က ရှင့်ရည်းစား ကျွန်မကို လုပ်ပေးလိုက်တာနဲ့တင် ကျွန်မ တဖြည်းဖြည်း ပိုသက်သာလာပြီး အရင်လို ခံစားချက်မျိုးတွေ လုံးဝမရှိတော့ဘူး၊ ရှင်ပေးတဲ့ အဆောင်ကလည်း တကယ် အစွမ်းထက်တယ်”

“ပြီးတော့ ပစ္စည်းတွေကော... ရှင့်လိုမျိုး ကျွန်မမျက်နှာကိုကြည့်ရုံနဲ့ အိမ်ရဲ့ ဘယ်နေရာမှာ ဘာရှိလဲ ဆိုတာကို သိတဲ့အစွမ်းမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး၊ ရှင်ပြောတဲ့အတိုင်း နေရာချလိုက်တော့ အကျိုးထူးတာ ချက်ချင်းသိသာတာပဲ"

လိုင်ဝမ်ရီသည် သူမ၏ မျက်လုံးများ ဝိုင်းစက်သွားသည်အထိ စိတ်လှုပ်ရှားစွာဖြင့် တရစပ် ချီးကျူးနေပေသည်။ ဝမ်သိုက်အတွက် ထိုစကားများမှာ နားထောင်လို့ ကောင်းသော်လည်း

လိုင်ဝမ်ရီ စကားစကတည်းက လက်ကို အဆက်မပြတ်ယမ်းခါကာ ငြင်းရန် ပြင်နေသော ဝမ်သိုက်သည် စကားဆုံးသည်နှင့် ချက်ချင်းပင်

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူက ကျွန်မရည်းစား မဟုတ်ပါဘူး၊ ကျွန်မမှာလည်း ရည်းစား မရှိပါဘူး၊ ကျွန်မနဲ့ သူက သာမန်လုပ်ဖော်ကိုင်ဖက်တွေပါ၊ တကယ့်ကို သန့်ရှင်းတဲ့ ပါတနာဆက်ဆံရေးပါရှင်" ဟု အသည်းအသန် ရှင်းပြတော့သည်။

သူမသည် ဘေးတွင် လျှောက်လာသော ချန်စစ်ကျယ်ကို တစ်ချက် စောင်းကြည့်ကာ ရင်ဘတ်ကို ပုတ်လျက်

"ကျွန်မက ဒုက္ခခံချင်တဲ့ စိတ်ဝေဒနာမရှိပါဘူး၊ သူ့ပါးစပ်ဒဏ်ကို ကျွန်မ မခံနိုင်ဘူး၊ ကျွန်မ သေရင် သေပါစေ၊ သူ့လို လူမျိုးကိုတော့ ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး" ဟု ပြတ်ပြတ်သားသား ပြောလိုက်ပေသည်။

"ဟင်၊ ငါ့လိုလူမျိုးက ဘာဖြစ်လို့လဲ၊ ဘယ်လိုလူမျိုးမို့လို့လဲ"

ချန်စစ်ကျယ် လှောင်ပြုံးပြုံးကာ ဝမ်သိုက်ကို ကြည့်လိုက်ပေသည်။ သူသည် လှောင်ပြောင်သော လေသံဖြင့်

"မင်းကကော ငါက မင်းလိုလူမျိုးကို ကြိုက်မယ်လို့ ထင်နေတာလား၊ ဟမ်"

သူတို့နှစ်ဦး တကယ်ရန်ဖြစ်တော့မည်ကို မြင်သောအခါ လိုင်ဝမ်ရီသည် သူမကြောင့်ဟု ယူဆကာ အမြန်ပင် ကြားဝင်တားလိုက်ပေသည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ရှင်တို့နှစ်ယောက်လုံးက တကယ့်လူကောင်းတွေပါ၊ အရမ်းလည်း တော်ကြတယ်၊ ကျွန်မ အထင်လွဲသွားတာပါ၊ တောင်းပန်ပါတယ်ရှင်၊ ရှင်တို့ပြောတဲ့ ပါတနာဆိုတာ ချစ်သူတွေ အချင်းချင်းခေါ်တဲ့ နာမည်လို့ ထင်မိသွားလို့ပါ၊ တကယ် အားနာပါတယ်"

သူမသည် ချော်လဲနိုင်သော မြေပြင်ပေါ်တွင် ပစ္စည်းများကို ကိုင်ကာ ဝမ်သိုက်တို့ရှေ့သို့ ရောက်အောင် ပြေးသွားပြီးနောက် သူတို့ကို မျက်နှာမူကာ နောက်ပြန် လမ်းလျှောက်လျက် တောင်းပန်နေပေသည်။

ရှေ့တွင် ကွေ့ဝင်ရမည့် တံခါးကြီးကို မြင်သောအခါ လိုင်ဝမ်ရီ လဲကျမည်ကို စိုးရိမ်သဖြင့် ဝမ်သိုက်က တားရန် ပြင်လိုက်ပေသည်။

"ရှင့်မှာ အပြစ်မရှိပါဘူး၊ တောင်းပန်စရာ မလိုဘူး၊ အခုလို လမ်းလျှောက်တာက အရမ်းအန္တရာယ်များ"

ဝမ်သိုက်၏ စကားမဆုံးခင်မှာပင် သူမကိုယ်တိုင် ခြေချော်ကာ ရှေ့သို့ မှောက်ခုံ လဲကျတော့မည့်အထိ ဖြစ်သွားပေသည်။

"ဟင်... သတိထားပါဦး"

လိုင်ဝမ်ရီသည် သူမ၏ အန္တရာယ်ရှိသော လမ်းလျှောက်မှုကို ရပ်တန့်လိုက်သော်လည်း အမှန်တကယ် အန္တရာယ်ရှိနေသူမှာ ဝမ်သိုက် ဖြစ်နေပေသည်။

ညာဘက်မှ ဆန့်ထွက်လာသော လက်တစ်စုံက ဝမ်သိုက်၏ အနွေးထည်စကို အချိန်မီ ဆွဲလိုက်သဖြင့် ဝမ်သိုက်မှာ အရှိန်ကြောင့် နောက်သို့ ပြန်လည် လွင့်စင်သွားပေသည်။ ကံကောင်းထောက်မစွာဖြင့် အေးစက်သော မြေပြင်နှင့် မထိတွေ့လိုက်ရဘဲ ချန်စစ်ကျယ်၏ ရင်ခွင်ထဲသို့ မှီကျသွားပေသည်။

"ကိုယ့်ကိုကိုယ်တောင် မထိန်းနိုင်ဘဲ တခြားသူကို သွားပူနေသေးတယ်"

ထိုလှောင်ပြောင်သံမှာ ဝမ်သိုက်၏ နားထဲသို့ အပေါ်စီးမှ ကျလာပေသည်။

ထိုစကားတစ်ခွန်းကြောင့် ဝမ်သိုက်၏ ဦးနှောက်ထဲတွင် အတိတ်က အဖြစ်အပျက်များစွာ ပြန်လည် ပေါ်ပေါက်လာပေသည်။ မိမိကိုယ်ကိုယ်ပင် မကယ်နိုင်သည့် အခြေအနေတွင် တခြားသူကို လက်ကမ်းပေးခဲ့မိခြင်း၊ မိမိ၏ဒုက္ခကို ဘေးဖယ်ကာ သူတစ်ပါးအတွက် စဉ်းစားပေးခဲ့မိခြင်းများမှာ သူမဘဝတွင် မနည်းလှပေ။

ဝမ်သိုက်သည် အတိတ်များမှ ရုန်းထွက်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ချန်စစ်ကျယ်နှင့်အလှမ်းဝေးအောင် နေလိုက်ပေသည်။ ထို့နောက် သူ့ကို လှည့်ကြည့်ကာ

"အဲဒါ ဘာဖြစ်လဲ၊ ကျွန်မ သဘောကျလို့ လုပ်တာ၊ လဲလို့ နာရင်လည်း ကျွန်မပဲ နာမှာပေါ့... ကျွန်မ သဘော ကျွန်မ ဆန္ဒပဲ" ဟု ဇွတ်တရွတ် ပြန်ပြောလိုက်ပေသည်။

သူမ ကိုယ်မှ ထွက်ပေါ်လာသော ရနံ့လေးမှာ ဝေးကွာသွားသော်လည်း သူမ၏ ခိုင်မာသော အမူအရာကို ကြည့်ကာ ချန်စစ်ကျယ်က ပြုံးစစဖြင့်

"ပါးစပ်ကတော့ တကယ်ပြိုင်ဘက်ကင်းတာပဲ"

သူသည် အကြည့်ကို အထက်သို့ ပင့်တင်လိုက်ရာ ပြာလဲ့နေသော ကောင်းကင်ယံလေးကို မြင်လိုက်ရပေသည်။ ကောင်းကင်ကြီးမှာ ဝေးလံလွန်းလှသဖြင့် လူ့လောက၏ ကိစ္စများကို ဝင်မစွက်ဖက်ပေ။

သို့သော်လည်း... ဤကဲ့သို့သော လူမျိုး ရှိနေသေးသည်ကိုး။

သူသည် သူမတို့၏ နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာရင်း ရှေ့မှ သေးသွယ်သော ကျောပြင်လေးကို စိုက်ကြည့်နေမိပေသည်။

ဤကဲ့သို့သော လူမျိုး ရှိနေသေးသည်မှာ အံ့ဩစရာပင်။ မိမိကိုယ်ကိုယ် တဖြည်းဖြည်း အရည်ပျော်သွားမည့် ဖယောင်းတိုင်တစ်တိုင်အဖြစ် ခံယူပြီး တခြားသော တည်ရှိမှုများကို အလင်းရောင်ပေးလိုသူမျိုး။ ထိုတည်ရှိမှုများမှာ လူသားများသာမကဘဲ အရာအားလုံး ဖြစ်နေပေသည်။

...

လိုင်ဝမ်ရီ၏ မိခင်ဖြစ်သူသည် သစ်သီးပန်းကန်ကို စားပွဲပေါ်သို့ လာချပေးပြီးနောက် ဖျော်ရည်များကိုပါ တကူးတက သယ်ဆောင်လာပြန်ပေသည်။ ဖိနပ်သံများ တဖျတ်ဖျတ် မြည်အောင် သွားလာနေပြီး နောက်မှထိုင်ချလိုက်ကာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ကို နွေးထွေးစွာ ပြုံးပြလေသည်။

"တကယ်ပဲ ကျေးဇူးတင်ပါတယ်ကွယ်၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ဘူး၊ သမီးက ဝမ်သိုက်လား"

All Chapters