← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

🍏 Chapter 71

နှင်းကျသောနေ့၏အလင်းရောင်မှာ ပိုမိုခြောက်ခြားဖွယ်ကောင်းပြီး လူသေအလောင်း၏ အရောင်အဆင်းကဲ့သို့ ဖြစ်နေသော်လည်း အနည်းဆုံးတော့ မြင်ကွင်းကို မြင်နိုင်စွမ်းရှိပါသေးသည်။ တံခါးအတွင်းဘက်မှာမူ အမှောင်ထုဖြင့် ဖုံးလွှမ်းနေပေသည်။

လိုင်ဝမ်ရီ၏မိခင်က တံခါးကို ဖွင့်လိုက်သောအခါ အမှောင်ထုနှင့်အတူ နှစ်ရှည်လများ စုပုံနေသော ဖုန်မှုန့်များမှာ အလင်းရောင် ဖျော့ဖျော့အောက်တွင် ပျံဝဲထွက်လာပေသည်။ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့၏နောက်တွင် ရပ်နေသော လိုင်ဝမ်ရီမှာပင် ဖုန်များကြောင့် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ကာ တဟွတ်ဟွတ် ချောင်းဆိုးနေတော့သည်။

ရှေ့မှ လိုင်မိခင်မှာလည်း နှာခေါင်းထဲသို့ တိုးဝင်လာသော ဖုန်များကို လက်ဖြင့် ယမ်းခါရင်း ခေါင်းကို စောင်းကာ

"အို... ဒီနေရာကို စောစောကတည်းက ဂရုစိုက်သင့်တာ၊ ဖုန်တွေက ဒီလောက်တောင် ထူနေပြီလား" ဟု ပြောလေသည်။

ဝမ်သိုက်သည် အသက်ကို အောင့်ထားရင်း အနွေးထည်အိတ်ကပ်ထဲမှ နှာခေါင်းစည်း များကို ထုတ်ကာ ဖြည်းဖြည်းချင်း တပ်လိုက်ပေသည်။ ထို့နောက် ကျန်ရှိသော နှာခေါင်းစည်းများကို ကမ်းပေးလိုက်ရာ သူမ၏ လှပသော မျက်ဝန်းလေးများမှာ မှိတ်တုတ်မှိတ်တုတ်ဖြင့်

"ဒါလေးတွေ လိုအပ်မယ်ထင်တယ်" ဟု ခပ်အုပ်အုပ် အသံဖြင့် ပြောလိုက်ပေသည်။

နှာခေါင်းစည်းများ ဝေငှပြီးနောက်တွင်တော့ ဖုန်မှုန့်များမှ လွတ်မြောက်သွားသော လိုင်ဝမ်ရီသည် ရှေ့သို့ တိုးလာကာ ဝမ်သိုက်၏ လက်မောင်းကို ရင်းနှီးစွာ ဖက်တွယ်လိုက်ပေသည်။

"ဝမ်သိုက်... ရှင့်ဆီမှာ အကုန်ရှိတာပဲနော်၊ ကျွန်မတို့ ပထမဆုံးတွေ့တုန်းကလည်း အိတ်ကပ်ထဲကနေ အဆောင်ထုတ်ပေးတယ်၊ အခုလည်း နှာခေါင်းစည်းတွေ... ရှင့်အိတ်ကပ်က ဒိုရေမွန်ရဲ့ မှော်အိတ်များ လားလို့တောင် ထင်မိတယ်"

ထိုသို့ ရင်းရင်းနှီးနှီးလုပ်သည်ကို ဝမ်သိုက် အနည်းငယ် နေရခက်သဖြင့် ပုခုံးကို အသာတွန့် လိုက်သော်လည်း လိုင်ဝမ်ရီက သတိမထားမိဘဲ လက်မောင်းကို ပိုတင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။

သူမသည် တံခါးအတွင်းဘက်ကို ကြည့်ကာ "ဟင်... ပင့်ကူအိမ်တွေ အများကြီးပဲ၊ အထဲမှာ ပင့်ကူမိစ္ဆာတွေ ရှိနေမလားမသိဘူး... ကျွန်မ ပြောပြမယ်နော်၊ အရင်က ကျွန်မအခန်းထဲမှာ ဒီလောက်ကြီးတဲ့ ပင့်ကူတစ်ကောင် တွေ့ဖူးတယ်" ဟု လက်ဝါးဖြန့်ပြကာ ချဲ့ကားပြောဆိုနေပေသည်။

"အင်း... ကြောက်စရာကြီးပဲနော်"

ဝမ်သိုက်မှာ သူမ၏ကိုယ်ငွေ့ကြောင့် နေရခက်နေသဖြင့် ခပ်အေးအေးပင် ပြန်ဖြေလိုက်ရပေသည်။ ထို့နောက် ဖုန်းမီးကို အမြန်ဖွင့်လိုက်ကာ နှာခေါင်းစည်း တပ်ပြီးသားသူများကို ကြည့်လျက်

"ကျွန်မတို့ အမြန်ဆင်းရအောင်၊ မကြာခင် မွန်းတည့်တော့မယ်၊ ၁၂ နာရီကနေ မွန်းလွဲ ၂ နာရီကြားက ယင်ဓာတ် အားအကောင်းဆုံးအချိန်ပဲ၊ အဆင်ပြေအောင် အမြန်လုပ်ကြရအောင်" ဟု အရေးကြီးကိစ္စကို လွှဲပြောင်းပြောဆိုလိုက်ပေသည်။

မြေအောက်ခန်းသို့ ဆင်းသော လှေကားမှာ ကျဉ်းမြောင်းလှပေသည်။ လိုင်ဝမ်ရီ၏ မိဘများမှာလည်း တစ်ခါမှ မဆင်းဖူးသဖြင့် ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့က ရှေ့ဆုံးမှ ဦးဆောင်ပြီး လိုင်ဝမ်ရီကို အလယ်တွင် ထားရန် စီစဉ်လိုက်ပေသည်။

အထဲသို့ မဝင်မီတွင် ထူးခြားသော အာရုံကြောင့် ဝမ်သိုက်သည် လိုင်ဝမ်ရီ၏ မိခင်ကို တံခါးဝတွင်ပင် တားလိုက်ပေသည်။

"ကျွန်မတို့ အကုန်လုံး မဆင်းတာ ပိုကောင်းမယ်ထင်တယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်မ ခံစားချက် သိပ်မကောင်းဘူး၊ အပြင်ရောက်မှပဲ အသေးစိတ် ပြောပြတော့မယ်... အန်တီ အပေါ်မှာပဲ နေခဲ့ပါ၊ အောက်မှာ တစ်ခုခုဖြစ်ခဲ့ရင်တောင် အပေါ်မှာ သိနေတဲ့သူရှိတာ ပိုကောင်းတယ်"

ဝမ်သိုက်၏ စကားကြောင့် လိုင်ဝမ်ရီ၏မိခင်မှာ စိုးရိမ်သွားပြီး "အောက်မှာ တစ်ခုခု မကောင်းတာ ရှိနေလို့လား" ဟု ဝမ်သိုက်၏ လက်ကို ဆုပ်ကိုင်ကာ မေးလေသည်။

ဝမ်သိုက်သည် ချန်စစ်ကျယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးပြကာ

"မဟုတ်ပါဘူး၊ ကျွန်မတို့မှ မဆင်းရသေးတာ၊ ပိုပြီး သေချာအောင်လို့ပါ၊ တကယ်တော့ ပြင်ပလောကက သရဲတစ္ဆေတွေဆိုတာ ရုပ်ရှင်ထဲကလောက် မကြောက်ဖို့ ကောင်းပါဘူး၊ အဲဒါတွေက ချဲ့ကားထားတာပါ" ဟု ပြန်ပြောလိုက်ပေသည်။

(အမှန်မှာ ဝိညာဉ်ရေးရာ ကိစ္စများမှာ အလွန်နည်းပါးလှသဖြင့် သာမန်လူများ တွေ့ရန် ခဲယဉ်းလှ ပေသည်။ တွေ့လျှင်လည်း ကံဆိုးတတ်ကြသော်လည်း အားလုံးက ကြောက်စရာကောင်းနေသည်တော့ မဟုတ်ပေ။)

နောက်ဆုံးတွင်တော့ လိုင်ဝမ်ရီ၏မိခင်မှာ အပြင်၌ ကျန်ရစ်ခဲ့ပြီး လိုင်ယွမ်နှင့် လိုင်ဝမ်ရီတို့သာ အထဲသို့ လိုက်ပါလာခဲ့ကြပေသည်။

ဖုန်းမီးမှာ လက်နှိပ်ဓာတ်မီးလောက် မလင်းသဖြင့် ဝမ်သိုက်သည် ရှေ့နှစ်မီတာခန့်ကိုသာ မြင်နိုင်ပေသည်။ လှေကားတစ်ထစ်ချင်းစီ ဆင်းတိုင်း ခြေသံများမှာ ဟိန်းထွက်နေပြီး ရုတ်တရက် "ဒုန်း" ခနဲ အသံနှင့်အတူ မြေအောက်ခန်းတံခါးကြီး ပိတ်သွားတော့ပေသည်။

အားလုံးမှာ တိတ်ဆိတ်သွားကြပြီး လေမတိုက်ဘဲ အလိုလိုပိတ်သွားသော ထိုတံခါးဆီသို့ အကြည့်ချင်း ဆုံသွားကြပေသည်။

ခဏအကြာတွင် လိုင်ဝမ်ရီ၏ မိခင်သည် မီးဖိုချောင်မှ ပြေးလာပုံရကာ တံခါးကို အသည်းအသန် ထုရိုက်ပြီး "သမီးတို့ အဆင်ပြေရဲ့လား၊ ဘာဖြစ်ကြတာလဲ၊ တစ်ခုခု ပြန်ပြောကြပါဦး" ဟု စိုးရိမ်တကြီး အော်ဟစ်နေပေသည်။

"ကျွန်မတို့ အဆင်ပြေပါတယ် မေမေ... မေမေ သွားပြီး ထမင်းပဲ ဆက်ချက်နေပါ၊ တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်မယ်၊ တကယ်လို့ အကြာကြီးနေလို့မှ ထွက်မလာရင် မီးသတ်ကိုသာ ဖုန်းဆက်လိုက်တော့" ဟု လိုင်ဝမ်ရီက အော်ပြောလိုက်ပေသည်။

တံခါးအပြင်ဘက်မှ လိုင်မိခင်၏ထူးသံကို ကြားရပြီးနောက် လိုင်ဝမ်ရီသည် ဝမ်သိုက်ကို ကြည့်ကာ "ဝမ်သိုက်... တကယ်ပဲ အဆင်ပြေပါ့မလား၊ ခုနက တံခါးက..." ဟု ကြောက်ကြောက်လန့်လန့် မေးလေသည်။

"မစိုးရိမ်ပါနဲ့၊ ဘာမှမဖြစ်ပါဘူး၊ ကျွန်မတို့ ရှိနေတဲ့ ဒီနေရာမှာတော့ ဝိညာဉ် မရှိဘူး၊ တံခါးက ဘာလို့ ပိတ်သွားလဲဆိုတော့..."

ဝမ်သိုက်သည် မီးကို ရှေ့သို့ ထိုးလိုက်ပေသည်။ လှေကားအဆုံးကို မမြင်ရသေးဘဲ အောက်ဘက်တွင် အမှောင်ထုသာ ရှိနေပေသည်။

သူမသည် ပုခုံးကို တွန့်လိုက်ရင်း "မြေအောက်ခန်းထဲမှာ ရှိတဲ့ အရာက သောင်းကျန်းနေတာ ဖြစ်နိုင်တယ်"

အထဲသို့ ဆက်မသွားမီ ဝမ်သိုက်သည် လိုင်ဝမ်ရီနှင့် လိုင်ယွမ်တို့ကို စိတ်အေးစေရန် ထပ်မံ ပြောပြလေသည်။

"တကယ်တော့ ဒီဝိညာဉ်တွေရဲ့ အစွမ်းက လူတွေ ထင်သလောက် မကြီးမားပါဘူး၊ သူတို့က လူကို လွယ်လွယ်နဲ့ သတ်လို့ မရသလို မသတ်ရဲကြပါဘူး၊ အလွန်ဆုံးရှိလှ ကံဆိုးတာတို့၊ ထိခိုက်ဒဏ်ရာ ရတာတို့လောက်ပါပဲ”

“သာမန်လူတွေကတော့ ထူးခြားတာတွေ့ရင် ပြေးကြတာပဲလေ၊ အသက်သေဆုံးတဲ့အထိ ဖြစ်ဖို့ဆိုတာ သေမင်းတံခါး တစ်ခုခု ရှိနေမှဖြစ်တာပါ၊ သာမန် ဝိညာဉ်ကတော့ မလုပ်နိုင်ပါဘူး"

စကားအဆုံးတွင် ဝမ်သိုက်သည် လိုင်ယွမ်ကို ရုတ်တရက် စိုက်ကြည့်လိုက်ပေသည်။ လိုင်ယွမ်သည် အံ့အားသင့်သွားပြီး "ငါ ဘာဖြစ်လို့လဲဟင်"

ဝမ်သိုက်မှာ အလိုမကျသဖြင့် ပါးစပ်ကို စေ့ထားမိပြီး ရယ်ချင်စိတ်ကို အောင့်ထားရပေသည်။

စောစောက သူမ လှည့်ကြည့်လိုက်သည့် ခဏတွင် သူမ၏အစောင့်အရှောက်များ ထံမှ အချက်ပေးသံရောက်လာခဲ့ပေသည်။

'လိုင်ယွမ်သည် ယခုခရီးစဉ်တွင် အသက်အန္တရာယ်ရှိသည်' ဟု ဖြစ်သည်။

သူမသာ သိခဲ့လျှင် မိသားစုဝင်အားလုံးကို အပြင်မှာပဲ ထားခဲ့မိမှာပင်။ သူမ၏ ရည်ရွယ်ချက်မှာ ဖုန်းရွှေ လာကြည့်ပေးရန်သာ ဖြစ်သည် မဟုတ်လား။

သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်မိပေသည်။ မိမိ၏လာရောက်မှုမှာ လိုင်ယွမ်အား သေဘေးကို တွန်းပို့သကဲ့သို့ ဖြစ်နေမည်ကို သူမ အလိုမရှိပေ။

"ဘာဖြစ်လို့လဲ"

ခပ်အေးအေးပင် နေတတ်သော ချန်စစ်ကျယ်ကမူ ဝမ်သိုက်၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ကာ မေးလေသည်။

ဤကဲ့သို့ ကျဉ်းမြောင်းသော နေရာတွင် လျှို့ဝှက်စကားပြောရန် မလွယ်ကူသဖြင့် ဝမ်သိုက်သည် ဖုန်းတွင် စာရိုက်ကာ ချန်စစ်ကျယ်ကို ပြလိုက်ပေသည်။ ချန်စစ်ကျယ်သည် စာကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်သွားကာ ဝမ်သိုက်နှင့် အကြည့်ချင်း ဆုံလိုက်ပေသည်။

လိုင်ဝမ်ရီသည် သူတို့နှစ်ဦး၏ လျှို့ဝှက်ချက်ကို သည်းမခံနိုင်တော့ဘဲ

"ဘာတွေ ပြောနေကြတာလဲဟင်၊ ရှေ့မှာ တကယ်ပဲ အန္တရာယ် ရှိနေလို့လား၊ ဒါပေမဲ့ ကျွန်မ မိဘတွေက ဒီမှာ နေလာတာ အနှစ် ၂၀ ရှိပြီလေ၊ ကျွန်မလည်း ဒီမှာပဲ ကြီးပြင်းခဲ့တာ ဘာမှမဖြစ်ခဲ့ဖူးဘူး" ဟု မေးလေသည်။

ဒါကိုပဲ ဝမ်သိုက်လည်း စဉ်းစားမရဖြစ်နေပေသည်။ သူမသည် လိုင်ဝမ်ရီနှင့် လိုင်ယွမ်တို့ကို ကြည့်ကာ

"အထဲရောက်ရင် ဘာမှ မထိပါနဲ့၊ ကျွန်မတို့ နောက်ကပဲ လိုက်ခဲ့ကြပါ၊ တကယ်တော့ အခု ပြန်လှည့်ရင် ကောင်းမယ့် အခြေအနေပေမဲ့ ခုနက တံခါးကတော့ ပွင့်ဦးမှာ မဟုတ်ဘူး၊ အဲဒါကြောင့် သတိထားပြီး လိုက်ခဲ့ကြပါ" ဟု မှာကြားလိုက်ပေသည်။

သူမ မျက်လုံးမှိတ်ကာ ပြန်ဖွင့်လိုက်သောအခါ မြေအောက်ခန်း၏ အမှောင်ထုထဲမှ အနက်ရောင် မြူခိုးတန်းလေးများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပေသည်။ ထိုမြူခိုးတန်းလေးမှာ သူမ၏ လက်ကောက်ဝတ်ဆီသို့ ရစ်ပတ်ရန် ကြိုးစားနေပေသည်။

ဝမ်သိုက်သည် ထိုမြူခိုးတန်းကို ချက်ချင်း မတိုက်ခိုက်ဘဲ စောင့်ကြည့်နေမိပေသည်။ ဤအရာမှာ ဘာကြောင့် ဖြစ်ပေါ်လာသလဲ၊ ဘယ်လောက်ကြာပြီလဲ ဆိုတာ သူမ မသိသေးပေ။ သို့သော် တံခါးအပြင်သို့ ထွက်မရသော ဤအရာမှာစွမ်းအား မနည်းလှသည်ကိုတော့ သူမ သိပေသည်။

ဝမ်သိုက်၏တည်ကြည်သော အမူအရာကြောင့် လိုင်မိသားစုဝင်နှစ်ဦးမှာလည်း ငြိမ်သက်သွားပြီး ခေါင်းငြိတ်လိုက်ကြပေသည်။

ဝမ်သိုက်၏လက်ကောက်ဝတ်ပေါ်ရှိ အနက်ရောင် မြူခိုးများမှာ တစ်ခုခုကို လမ်းပြနေသကဲ့သို့ပင်။ သူမသည် ဓာတ်မီးကို နံရံဆီသို့ ထိုးလိုက်ပြီး လမ်းလျှောက်လာရင်း နံရံပေါ်ရှိ ပန်းလက်ရာများကို အသေးစိတ် ကြည့်ရှုလေသည်။

နံရံမှာ ထွင်းထုထားသော အုတ်ခဲများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း သေသေချာချာ ကြည့်လျှင် တစ်ခုခုထူးခြားနေပေသည်။ ဝမ်သိုက်သည် နံရံကိုလက်ဖြင့် ထိတွေ့ကာ ပုံရိပ်ကို ဦးနှောက်ထဲတွင် ဖော်ထုတ်ကြည့်လိုက်ပေသည်။

"ဟင်... ဒါက ခေါင်းတလား ပိတ်ပန်းချီကားပဲ"

All Chapters