← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

🍏 Chapter 72

သူမသည် လက်ကို ပြန်ရုပ်ကာ ချန်စစ်ကျယ်ကို ကြည့်လိုက်ပေသည်။ ချန်စစ်ကျယ်သည်လည်း နံရံကို ထိကြည့်ပြီးနောက် မျက်မှောင်ကို ပို၍ ကြုတ်လိုက်ပေသည်။

သူသည် ဘေးတွင် ကြောက်လန့်နေသော လိုင်မိသားစုကို ကြည့်ကာ

"ရှင်တို့ ဒီကို ပြောင်းလာပြီးနောက်ပိုင်း ထူးဆန်းတာတွေ ဖြစ်ဖူးလား၊ ဥပမာ... စိတ်ထဲက ဆုတောင်းတစ်ခုခုက တိုက်တိုက်ဆိုင်ဆိုင် ပြည့်သွားတာမျိုး၊ ဒါပေမဲ့ ပြည့်ပြီးသွားရင်တော့ တစ်ခုခု ကံဆိုးတာမျိုးပေါ့၊ ဆုတောင်းကြီးလေ ကံဆိုးမှုက ပိုကြီးလေပဲ"

လိုင်ဝမ်ရီသည် တုန်တုန်ရင်ရင်ဖြင့် ဝန်ခံလေသည်။

"ကျွန်မ ဖြစ်ဖူးပါတယ်၊ ငယ်ငယ်တုန်းက စာမေးပွဲ အမှတ်ကောင်းဖို့ ဆုတောင်းဖူးတယ်၊ တကယ်လည်း ပြည့်ခဲ့ပေမဲ့ ပြီးတော့ ကျွန်မ အရမ်းကြိုက်တဲ့ ဆံပင်ကလစ်လေးပျောက်သွားတယ်၊ အဲဒီနောက်ပိုင်း ဒီလိုမျိုး ဆုတောင်းရင် ပြည့်တတ်တာကို ကျွန်မ မှတ်ထားမိတယ်"

"တကယ်တော့ ဝမ်သိုက်ဆီ မသွားခင် လီချယ်ကျွန်းကပြန်လာတဲ့နေ့ကလည်း အိမ်မှာ ဆုတောင်းခဲ့မိတယ်၊ ဒီဒုက္ခတွေကို အဆင်ပြေပြေ ရှင်းနိုင်ပါစေလို့ပေါ့"

သူမသည် မျက်ရည်များ ဝဲလာကာ ဝမ်သိုက်ကို ကြည့်လျက်

"ဝမ်သိုက်... ခုနက ဖေဖေ တစ်ခုခုဖြစ်မှာကို ရှင် သိနေတာ မဟုတ်လား၊ အဲဒါ ကျွန်မ ဆုတောင်းလိုက်မိလို့လားဟင်"

ဝမ်သိုက်သည် လိုင်ဝမ်ရီ၏ပုခုံးကို ပုတ်ကာ "သိပ်မစိုးရိမ်ပါနဲ့၊ ဒါက ဆုတောင်းကြောင့်ပဲ မဟုတ်နိုင်ပါဘူး၊ ရှင် ဆုတောင်းတိုင်းလည်း မကောင်းတာဖြစ်တာ မဟုတ်ပါဘူး" ဟု နှစ်သိမ့်လိုက်ပေသည်။

ထိုစဉ် လိုင်ယွမ်က ကြားဝင်ပြောလေသည် "ကျွန်တော်လည်း ဆုတောင်းခဲ့တယ်" သူသည် သမီးဖြစ်သူကို ကြည့်ကာ

"ဝမ်ရီ ပြန်လာတဲ့နေ့ကပဲ မိသားစုဝင်တွေ အကုန်လုံးဘေးကင်းပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းခဲ့တာ"

ဝမ်သိုက်မှာ ဘာပြောရမှန်း မသိတော့ပေ။ သူမသည် လိုင်ယွမ်ကို စိုးရိမ်တကြီး ကြည့်နေမိပေသည်။ သူမ လက်ကောက်ဝတ်ပေါ်ရှိ အနက်ရောင် မြူခိုးများမှာ ပိုတင်းကျပ်လာကာ နာကျင်မှုကို ခံစားလာရပေသည်။

ဘာတွေ ဖြစ်နေတာလဲ၊ ဒီအရာက ဘာလို့ စိတ်ဆိုးနေတာလဲ။

သူတစ်ပါး ပျော်ရွှင်နေတာကိုမကြည့်ရက်တာလား၊ ဒါမှမဟုတ် လိုင်ယွမ် ပျော်ရွှင်မှာကို မလိုလားတာလား။

ဝမ်သိုက်သည် ချန်စစ်ကျယ်ကို တွန်းကာ "ရှင် ဦးလေးရဲ့ ဘေးမှာ ကပ်နေပါ၊ သူ့ကို လက်ကနေ မလွှတ်နဲ့" ဟု မှာလိုက်ပေသည်။

သူမသည် သူမ၏လက်ကောက်ဝတ်ကို ပြကာ "မြင်လား၊ ရှင့်လို ယန်စွမ်းအင် ကောင်းတဲ့သူကို တကယ် အားကျတယ်"

လိုင်ဝမ်ရီသည် ဝမ်သိုက်၏ လက်ကောက်ဝတ်ကို ကြည့်သော်လည်း ဘာမှ မမြင်ရပေ။

"ရှင့်လက်မှာ ဘာရှိလို့လဲဟင်"

ဝမ်သိုက်သည် ရှေ့သို့ ဆက်လျှောက်ရင်း "ဒါက ရှင်းပြရ ခက်တယ်၊ ဒါပေမဲ့ ရှင့်မှာလည်း ရှိတယ်"

ရုတ်တရက် အနက်ရောင် အရာဝတ္ထုတစ်ခုမှာ အမှောင်ထဲမှ အရှိန်ဖြင့် ပြေးထွက်လာကာ နံရံပေါ်သို့ တက်သွားပြီး ပျောက်ကွယ်သွားပေသည်။

ဝမ်သိုက်သည် ထိတ်လန့်တကြားဖြင့် ရင်ဘတ်ကို ဖိထားမိပေသည်။ သူတို့ မမြင်လိုက်သော်လည်း ဝမ်သိုက်ကတော့ အရှင်းသား မြင်လိုက်ရပေသည်။

"လူမျက်နှာနဲ့ ပင့်ကူတွေပဲ"

ဝမ်သိုက်သည် ဖုန်းမီးကို မျက်နှာကျက်ဆီသို့ ထိုးလိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်းပင်။ သတိမထားမိခဲ့သော မျက်နှာကျက်တစ်ခုလုံးတွင် ပင့်ကူများမှာ အစီအရီနှင့် သိပ်သည်းစွာ တွယ်ကပ်နေကြသည်။ ကြီးမားသော ပင့်ကူများ၊ သေးငယ်သော ပင့်ကူများ ရောနှောနေပြီး ၎င်းတို့၏ စူးရှသော မျက်လုံးလေးလုံးစီမှာ သူတို့ကို စိုက်ကြည့်နေကြသကဲ့သို့ပင်။

ဝမ်သိုက်မှာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားရုံတင်မက ဦးရေပြားပါ ထုံကျင်သွားတော့သည်။ သူမနည်းတူ ကျန်ရှိသော လူသုံးဦးမှာလည်း ထိတ်လန့်နေကြသည်။ ချန်စစ်ကျယ်မှာ နှာခေါင်းစည်း တပ်ထားသော်လည်း သူ၏ မြေခွေးမျက်ဝန်းများတွင် ရွံရှာစက်ဆုပ်မှုများ အထင်းသား ပေါ်လွင်နေသည်။

လိုင်ဝမ်ရီမှာမူ ထိတ်လန့်လွန်းသဖြင့် မြေပြင်ပေါ်တွင် ထိုင်ချကာ ခေါင်းကို လက်ဖြင့် အုပ်ထားမိတော့သည်။

"ကျွန်မတို့ ပင့်ကူဂူထဲ ရောက်နေတာလား၊ ကြောက်စရာကြီး၊ ကျွန်မ မခံစားနိုင်တော့ဘူး... ကျွန်မ ပင့်ကူကို အရမ်းကြောက်တာ၊ အကောင်တွေ အများကြီး စုနေတာဆိုရင် ပိုဆိုးတယ်" ဟု တုန်တုန်ရင်ရင် ပြောလေသည်။

ဝမ်သိုက်သည်လည်း အကောင်များစွာ စုဝေးနေသည်ကို မြင်လျှင် မခံစားနိုင်သဖြင့် ဓာတ်မီးကို မျက်နှာကျက်မှ ဖယ်ခွာလိုက်သည်။ သူမသည် အမှန်တရားကို ရှောင်လွှဲနေသော လိုင်ဝမ်ရီကို ကြည့်ကာ နှစ်သိမ့်သလိုလို၊ ခြောက်လှန့်သလိုလိုဖြင့်

"ရှင့် ခံစားချက်ကို ကျွန်မ နားလည်ပါတယ်၊ ကျွန်မလည်း အဲဒီလို အစုလိုက်အပြုံလိုက်တွေ့ရင် မခံစားနိုင်ဘူး၊ ဒါပေမဲ့ ရှင် အဲဒီလို ဒီမှာ ထိုင်နေလို့ မရဘူးလေ၊ တကယ်လို့ သူတို့တွေ အပေါ်ကနေ ဝုန်းခနဲ ပြုတ်ကျလာရင် ရှင့်ခေါင်းပေါ် တည့်တည့်ကျလိမ့်မယ်”

“ပိုဆိုးတာက အင်္ကျီကော်လာထဲ ဝင်သွားတာမျိုးပေါ့....အခု မြင်နေရတဲ့ ပုံမှန်ပင့်ကူတွေက သိပ်မကြောက်ဖို့ ကောင်းသေးတယ်၊ တကယ်လို့ လူမျက်နှာပါတဲ့ ပင့်ကူကြီးတွေက ရှင့်ကိုယ်ပေါ် ကပ်လာပြီဆိုရင်တော့..."

"အား"

လိုင်ဝမ်ရီသည် အော်ဟစ်ကာ ဝမ်သိုက်၏ နောက်သို့ ပြေးကပ်လိုက်ပြီး ဝမ်သိုက်၏ အနွေးထည်စကို တင်းတင်းဆုပ်ကိုင်ထားတော့သည်။

"မပြောပါနဲ့တော့၊ သွားကြစို့၊ အပြင်ထွက်မရရင်လည်း ရှေ့ကိုပဲ ဆက်သွားကြရအောင်၊ အလုပ်ပြီးသွားရင်တော့ ထွက်လို့ရမှာပေါ့"

ဝမ်သိုက်သည် ဓာတ်မီးကို ကိုင်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

"ထွက်လို့ရမှာပေါ့၊ ဒါပေမဲ့ ရှင်သိတဲ့အတိုင်းပဲ အလုပ်ပြီးမှ ထွက်လို့ရမှာ၊ သိပ်မကြောက်ပါနဲ့၊ နောက်ဆုံးတော့ ကျွန်မတို့ ဒါကို ဖြေရှင်းပြီး ထွက်ကြမှာပဲလေ၊ မဖြေရှင်းနိုင်ရင်လည်း ထွက်လို့မှ မရတာ"

လိုင်ဝမ်ရီသည် သူမ၏ ဖုန်းကို ထုတ်ကာ အပေါ်ထပ်ရှိ မိခင်ထံသို့ အကူအညီတောင်းရန် ကြိုးစားသော်လည်း လိုင်းတစ်တိုင်မှ မရှိသည်ကို တွေ့လိုက်ရသည်။ သူမသည် မကျေမနပ်ဖြင့်

"မတွေးတတ်တော့ဘူး၊ ဒါက မြေအောက်ခန်းပဲလေ၊ ဘာလို့ လိုင်းမမိရတာလဲ" ဟု ညည်းတွားလေသည်။

"ဒီနေရာက မြေအောက်ခန်း မဟုတ်တော့ဘူး"

ဝမ်သိုက်၏ နောက်မှ လိုက်လာသော ချန်စစ်ကျယ်က ရုတ်တရက် ဝင်ပြောလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို အေးအေးဆေးဆေး အကဲခတ်ရင်း ရက်စက်သော အမှန်တရားကို ထုတ်ဖော်လိုက်သည်။

"တံခါးက အလိုလို ပိတ်သွားကတည်းက ဒါဟာ အချက်ပြမှုပဲ၊ လှေကားဆိုတာ ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးတဲ့ လမ်းကြောင်းပဲ၊ ငါတို့ လှေကားက ဆင်းလာကတည်းက အပြင်လောကနဲ့ အဆက်အသွယ် ပြတ်သွားပြီ၊ အခုဆိုရင် မူလလှေကားဆီတောင် ပြန်သွားလို့ ရချင်မှ ရတော့မယ်၊ မယုံရင် ပြန်ကြည့်ကြည့်လိုက်"

စောစောက လှေကားမှ ဆင်းလာစဉ် ချန်စစ်ကျယ်သည် နောက်သို့ ပြန်ကြည့်ခဲ့သည်။ မြင်ကွင်းမှာ မပြောင်းလဲသော်လည်း လှေကားကို နင်းလိုက်သည့် အသံမှာမူ သိသိသာသာ ကွဲပြားသွားခဲ့သည်။

မျက်နှာကျက်ရှိ ပင့်ကူများ၏ ခြိမ်းခြောက်မှုကြောင့် လိုင်ဝမ်ရီမှာ နောက်သို့ ပြန်မလှည့်ရဲပေ။ သူမသည် ဝမ်သိုက်ကို ကြည့်ကာ "ကမ္ဘာနှစ်ခုဆိုတာ ဘာကို ဆိုလိုတာလဲ၊ အခု ကျွန်မတို့ ဘယ်ကမ္ဘာထဲ ရောက်နေတာလဲ" ဟု မေးလေသည်။

"ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ကမ္ဘာနှစ်ခုလို့ ပြောလို့ရပေမဲ့ တကယ့်တကယ်ကတော့ ကျွန်မတို့ အခု ရောက်နေတဲ့နေရာကို အခြားနေရာတစ်ခုလို့ ခေါ်ရင် ပိုမှန်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ဒီနေရာက သေးသေးလေးပဲ ရှိတာ၊ ဒါပေမဲ့... ဒီနေရာရဲ့ ပိုင်ရှင်က ဒါကို အကန့်အသတ်မရှိ ကျယ်ပြန့်အောင် လုပ်နိုင်စွမ်းရှိတယ်"

ဝမ်သိုက်သည် လိုင်ဝမ်ရီကို ခေတ္တကြည့်ကာ "ဒါပေမဲ့ စိတ်အေးအေးထားပါ၊ ဒါက ရုပ်ရှင်တွေထဲကလို မှော်ဆန်လွန်းတာမျိုး မဟုတ်ပါဘူး၊ ဒီမှာ ရှိနေတဲ့ ဝိညာဉ်က အာဃာတ အရမ်းကြီးနေလို့ ဝိညာဉ်တံတိုင်း လုပ်ထားတဲ့ သဘောပါပဲ၊ ပိုပြီး အစွမ်းထက်တဲ့ ဝိညာဉ်တံတိုင်းပေါ့"

သူမသည် စကားပြောရင်း ရှေ့သို့ ပြန်လှည့်လိုက်ရာ ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ သူမ ရှေ့တွင် လမ်းမရှိတော့ဘဲ ဟင်းလင်းပြင်ကြီး ဖြစ်နေသောကြောင့်ပင်။

ခြေဖျားမှာ မြေပြင်၏အစွန်းဆုံးသို့ ရောက်နေပြီး ရှေ့သို့ ဆက်တိုးလျှင် အောက်ခြေမမြင်ရသော အမှောင်ထုကြီးထဲသို့ ကျသွားပေလိမ့်မည်။

All Chapters