အခန်း ၇၃
Vol. 8 Ch. 73
🍏 Chapter 73
ဝမ်သိုက်သည် ပုခုံးကို တွန့်လိုက်ကာ "ကြည့်လေ... အပြင်လောကမှာ မြေအောက်ခန်းထဲမှာ ဒီလို ချောက်ကမ်းပါးကြီး ရှိနိုင်ပါ့မလား၊ အလယ်ကနေ လမ်းကို ဖြတ်တောက်ထားတာမျိုးပေါ့၊ ဒါကို ကြောက်မနေပါနဲ့၊ ကျွန်မ ပြောခဲ့သလိုပဲ ဒါက နယ်ပယ်တစ်ခုပဲလေ"
ဝမ်သိုက် အဝတ်စကို ကိုင်ထားသော လိုင်ဝမ်ရီမှာ မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရပြီး နောက်သို့ ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် ဝမ်သိုက် မျက်ဝန်းလေးများမှာ ကွေးညွတ်သွားကာ ပြုံးလျက် လိုင်ဝမ်ရီ၏လက်မောင်းကို ဆွဲယူပြီး ထိုချောက်ထဲသို့ အတူတူ ခုန်ချလိုက်တော့သည်။
"အား"
လိုင်ဝမ်ရီ၏အော်သံမှာ ဟိန်းထွက်သွားပြီးနောက် သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူမသည် ဖုန်မှုန့်များရှိသော မြေပြင်ပေါ်တွင်သာ ရှိနေဆဲ ဖြစ်သည်။ သူမသည် လမ်းကလေးတစ်ခုပေါ်တွင် ရှိနေပြီး ထိုင်လျက် အနေအထားအတိုင်းပင် ရှိနေသေးသည်။
ဆည်းလည်းသံ တချွင်ချွင်မှာ သာယာစွာ မြည်လာသည်။ ဝမ်သိုက်သည် ဆည်းလည်း ကို ချန်စစ်ကျယ်ထံ ပြန်ပေးလိုက်ပြီးနောက် ခါးကို လက်ထောက်ကာ လိုင်ဝမ်ရီကို ပြုံးကြည့်နေသည်။
"ဟင်း... ကျွန်မလည်း ပါးစပ်ကို ထိန်းမှ ဖြစ်မယ်၊ ခုနက တကယ်ပဲ လူမျက်နှာနဲ့ ပင့်ကူတစ်ကောင် ရှင့်ကိုယ်ပေါ် ကျလာပြီး ရှင့်ကို ကိုက်လိုက်တာ၊ အဲဒါကြောင့် ရှင်က ဒီပုံစံအတိုင်း ငြိမ်သွားတာလေ၊ ခုနက ကြောက်သွားလား၊ ဟဲဟဲ... ရှင့်ကို အဲဒီလှည့်စားတဲ့ အာရုံ ထဲက ထွက်လာအောင်လို့ အလန့်တကြား ဖြစ်သွားအောင် လုပ်လိုက်ရတာ"
"တကယ်တော့ ခုနက ချောက်ကမ်းပါးက ချန်စစ်ကျယ် လုပ်လိုက်တာပါ၊ သူနဲ့ ကျွန်မနဲ့ ပေါင်းလုပ်တာ၊ ချောက်ကမ်းပါး ပေါ်လာတာက အဲဒီလှည့်စားတဲ့ အစီအရင်ကို သူက ဖြိုခွဲလိုက်လို့ လမ်းကြောင်း ပျက်သွားတာလေ၊ အဲဒီတော့မှ ရှင့်ကို ဆွဲချပြီး အိပ်မက်ထဲက နိုးအောင် လုပ်လိုက်တာ"
ကြောင်တောင်တောင် ဖြစ်နေသော လိုင်ဝမ်ရီကို လိုင်ယွမ်က ဆွဲထူလိုက်သည်။ လိုင်ယွမ်သည် သူ့သမီးကို စိုးရိမ်တကြီး ကြည့်ကာ "ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား၊ အကိုက်ခံရတဲ့ နေရာက နာနေလား" ဟု မေးလေသည်။
လိုင်ဝမ်ရီသည် ခေါင်းကို အသာခါပြကာ ဝမ်သိုက်တို့ နှစ်ဦးကို သံသယများဖြင့် ကြည့်လျက်
"ခုနက ပြောတဲ့ နယ်ပယ်တစ်ခုဆိုတာ တကယ်လား၊ ဒါမှမဟုတ် အဲဒါက ကျွန်မ ရောက်နေခဲ့တဲ့ အိပ်မက်တစ်ခုပဲလား"
"ကျွန်မတို့ အခု ရောက်နေတာက နေရာလွတ်တစ်ခုပဲ၊ ရှင် ခုနက ရောက်နေတာက နယ်ပယ်တစ်ခု ဆိုတာ မှန်တယ်၊ ဒါပေမဲ့ အခု ကျွန်မတို့ ရှိနေတာက စိတ်ကြိုက် ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုပဲ"
ဝမ်သိုက်သည် လိုင်ဝမ်ရီ၏နောက်ဘက်သို့ ညွှန်ပြကာ
"ရှင် အခု နောက်ကို ပြန်လှည့်ကြည့်ရင် လှေကားမှာ ပြဿနာရှိနေတာကို တွေ့လိမ့်မယ်၊ အဲဒါ ကျွန်မတို့ ဆင်းလာတုန်းက လှေကား မဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မတို့က အဲဒီ ဝိညာဉ် ဖန်တီး ထားတဲ့ ကမ္ဘာထဲ ရောက်နေပြီလေ၊ ချန်စစ်ကျယ် စောစောက ပြောခဲ့တဲ့ ကမ္ဘာနှစ်ခုဆိုတာ ဒါကို ပြောတာပဲ"
လိုင်ဝမ်ရီနှင့် လိုင်ယွမ်တို့မှာ နားမလည်နိုင်သဖြင့် ခေါင်းငြိတ်ပြကြသည်။
ဝမ်သိုက်မှာ သက်ပြင်းချလိုက်မိသော်လည်း ချန်စစ်ကျယ်က သူမ နေရာတွင် ဆက်လက် ရှင်းပြပေးလေသည်။ သူသည် နံရံရှိ အုတ်ခဲများကို ညွှန်ပြကာ
"ဝမ်သိုက် အစောပိုင်းက ပြောခဲ့တဲ့ ခေါင်းတလား ပန်းချီကားလေ၊ ငါတို့ အခု ဝင်လာတာက အဲဒီ ပိတ်ထားတဲ့ ခေါင်းတလားထဲကိုပဲ၊ အဲဒီ ခေါင်းတလားထဲမှာရှိနေတဲ့ ဝိညာဉ်က ဒီကမ္ဘာကို ဖန်တီးထားတာ၊ သူ့အတွက်တော့ ဒီနေရာက သူ့ရဲ့ကမ္ဘာပဲ၊ သူက ဒီနေရာမှာပဲ လှုပ်ရှားလို့ ရသလို၊ သူဖြစ်ချင်တာ အကုန်လုံးကိုလည်း လုပ်နိုင်တယ်"
ချန်စစ်ကျယ် လိုင်ဝမ်ရီကို ကြည့်ကာ ဆက်ပြောသည်။
"မင်း ခုနက လူမျက်နှာပင့်ကူ အကိုက်ခံရလို့ အိပ်မက်ကမ္ဘာထဲ ရောက်သွားတာ၊ အပြင်မှာ လူမျက်နှာနဲ့ ပင့်ကူဆိုတာ မရှိဘူး၊ အဲဒါက ဒီကမ္ဘာက ထွက်လာတဲ့ အရာပဲ၊ အကိုက်ခံရတာက အဆိပ်မိတာ မဟုတ်ဘဲ အိပ်မက်ထဲရောက်သွားတာ..."
သူ ဝမ်သိုက်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ဦးမှာ စကားပြောစရာ မလိုဘဲ တစ်ဦး၏ စိတ်ကို တစ်ဦးက သိနေကြသည်။ ဝမ်သိုက်သည် မြေပြင်ပေါ်တွင် ထိုင်ချကာ ဖုန်များရှိသော မြေပြင်ပေါ်၌ စက်ဝိုင်းနှစ်ခု ဆွဲလိုက်သည်။
"စက်ဝိုင်းအကြီးက ဒီနေရာလွတ်၊ ဆိုလိုတာက ခေါင်းတလားအတွင်းပိုင်းပေါ့၊ အဲဒီထဲက စက်ဝိုင်းအသေးကတော့ ခုနက ရှင့်ကို လှည့်စားထားတဲ့ နယ်ပယ်ပဲ၊ နောက်တစ်ခါ အကိုက်မခံရအောင် သတိထားပါဦး၊ မဟုတ်ရင် ကျွန်မတို့ ရှင့်ကို ထမ်းပြီး သွားရလိမ့်မယ်၊ အဲဒီ လှည့်စားခံရတဲ့ အထဲမှာ ပိတ်မိနေတာကတော့ ဘာမှမဖြစ်ပါဘူး၊ ကျွန်မတို့ ဒီပိတ်ထားတဲ့ ခေါင်းတလား ကို ဖြိုခွဲနိုင်ရင် ဒါမှမဟုတ် ပိုင်ရှင်က တံခါးဖွင့်ပေးရင် ရှင် နိုးလာမှာပါ၊ ဒါက အဆင့်မြင့်တဲ့ ဝိညာဉ်တံတိုင်း တစ်ခုပါပဲ"
"ငါ နားလည်ပါပြီ"
လိုင်ယွမ် ခေါင်းငြိတ်ကာ သက်ပြင်းချလိုက်သည်။
"ဒီကမ္ဘာမှာ ထူးဆန်းတာတွေက တကယ်ပဲ အများကြီးပါပဲ၊ အရင်က ငါ မယုံကြည်ခဲ့ပေမဲ့ စိတ်ထဲကတော့ လေးစားခဲ့ပါတယ်၊ အခု ဒီမှာ နှစ်ပေါင်းများစွာ နေလာပေမဲ့ မြေအောက်ထဲမှာ ဝိညာဉ်တစ်ခု ပိတ်မိနေတယ်ဆိုတာ မသိခဲ့ဘူး၊ လွတ်လပ်ခွင့် ဆုံးရှုံးပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်မိနေရတာက တကယ်ပဲ သနားဖို့ ကောင်းပါတယ်"
ဝမ်သိုက်၏ လက်ကောက်ဝတ်ရှိ အနက်ရောင် မြူခိုးများမှာ တစ်ဖန် နာကျင်လာပြန်သည်။ သူမသည် မတ်တပ်ရပ်ကာ သူမ လက်ကို ခါယမ်းလိုက်ပြီး "ငါ့ကို အမှိုက်ပုံးတစ်ခုလောက် ဖန်တီးပေးစမ်းပါ၊ မဟုတ်ရင် ငါ အမှိုက်တွေကို စည်းကမ်းမရှိ ပစ်မိတော့မယ်" ဟု ခပ်တိုးတိုး ပြောလိုက်ပေသည်။
အနက်ရောင် မြူခိုးများမှာ ခဏမျှ တုံ့ခနဲ ဖြစ်သွားပြီးနောက် နံရံဘေးတွင် အမှိုက်ပုံးတစ်ခု အလိုလို ပေါ်လာပေသည်။ ဝမ်သိုက်သည် သူမ၏ တစ်ရှူးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး လိုင်ယွမ်ကို ကြည့်ကာ
"ဦးလေးက စိတ်ထား တကယ်ကောင်းတာပဲ၊ ဦးလေး ပြောတဲ့ စကားကို ကြည့်ရင် ဦးလေးမှာ ကောင်းမှုကုသိုလ် အများကြီးရှိတာ သိသာတယ်၊ သာမန်လူတွေဆိုရင် ကိုယ့်ကို အသက်အန္တရာယ် ပေးနိုင်တဲ့ ဝိညာဉ်ကို သနားဖို့ ကောင်းတယ်လို့ မပြောကြဘူးလေ"
သူမသည် လိုင်ယွမ်၏ မျက်လုံးများကို စိုက်ကြည့်ကာ သူမ၏အရိပ်အမြွက်ကို သိစေချင်သော်လည်း လိုင်ယွမ်က သတိမထားမိပေ။
လိုင်ယွမ်က ဆက်ပြောသည်။
"ဝိညာဉ်တွေဆိုတာလည်း အရင်က လူသားတွေပဲလေ၊ အကြောင်းမဲ့တော့ ဝိညာဉ်ဆိုး ဖြစ်မလာနိုင်ပါဘူး၊ တစ်ခုခု အခံရခက်တာ၊ နာကျည်းတာတွေ ရှိလို့ ဖြစ်မှာပေါ့၊ သူ ဘာတွေ ကြုံတွေ့ခဲ့ရလဲ မသိပေမဲ့ သေပြီးတာတောင် လွတ်လပ်ခွင့်မရှိဘဲ ပိတ်မိနေရတာက ဘယ်သူမဆို မခံစားနိုင်တဲ့ ဒုက္ခပါပဲ"
လိုင်ယွမ်၏ စာနာစိတ်ကြောင့် ဝမ်သိုက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ မြူခိုးများမှာလည်း ပြေလျော့သွားကြသည်။ ခဏအကြာတွင် အဆုံးမရှိသော လမ်းကြီးမှာ ပြောင်းလဲသွားပြီး မျက်နှာကျက်ရှိ ပင့်ကူများမှာလည်း ပျောက်ကွယ်သွားတော့သည်။
၎င်း၏နေရာတွင် လှပသော ပန်းလက်ရာများရှိသော မျက်နှာကျက်နှင့် တန်ဖိုးကြီး ကျောက်ပြားမီးဆိုင်းများ ပေါ်လာပေသည်။
မှိန်ပျပျ အလင်းရောင်များမှာ မင်ကော်ခေတ်၏ အငွေ့အသက်ကို ဆောင်နေပြီး ကြမ်းပြင်မှာလည်း တန်ဖိုးကြီး ကျောက်ပြားများ ဖြစ်သွားပေသည်။ ဤအိမ်၏ ပထမဆုံး ပိုင်ရှင်မှာ မည်မျှ ချမ်းသာကြောင်း ခန့်မှန်းရပင် ခက်လှပေသည်။
နံရံများပေါ်တွင်လည်း အခန်းတံခါးများ အစီအရီ ပေါ်လာပေသည်။ ဝမ်သိုက်သည် အနီးဆုံး တံခါးတစ်ခုကို ဖွင့်ရန် ကြိုးစားသော်လည်း မည်သို့မျှ တွန်း၍ မရပေ။ တံခါး၏ နောက်ကွယ်တွင် နံရံတစ်ခု ရှိနေသကဲ့သို့ပင်။
"ဒီနေရာက... တည်ရှိမှုက ဦးလေးရဲ့ စကားကို သဘောကျပုံရတယ်၊ ဒါပေမဲ့..."
ဝမ်သိုက်သည် တံခါးလက်ကိုင်ကို လွှတ်လိုက်ပြီး ရှေ့သို့ ရှည်လျားစွာ တန်းနေသော တံခါးများကို ကြည့်ကာ "အခု ကျွန်မတို့ သူ တွေ့စေချင်တဲ့ အခန်းကိုရှာရဦးမယ်" ဟု ပြောလိုက်ပေသည်။
အမှောင်ထုနှင့် ပင့်ကူများပျောက်ကွယ်သွားသဖြင့် လိုင်ဝမ်ရီမှာ သတ္တိ ပြန်ကောင်းလာပြီး
"ဒါပေမဲ့ ဒီတံခါးတွေက အများကြီးပဲ၊ တစ်ခုချင်းစီ ဖွင့်နေရင် ဘယ်တော့ ပြီးမှာလဲ၊ ကျွန်မတို့ ဒီမှာ နေလာတာလည်း တော်တော်ကြာနေပြီ"
သူမသည် နောက်သို့ ပြန်လှည့်ကြည့်ရာ လမ်းဟောင်းမှာလည်း ပျောက်ကွယ်သွားပြီး အဆုံးမရှိသော လမ်းသာ ကျန်ရှိတော့သည်။
"ဒါဆို သွားရုံပဲ ရှိတော့တာပေါ့၊ အပြင်က မေမေ စောင့်နေတာ ကြာတော့မှာပဲ"
"ဒီနေရာမှာ အချိန်က ရပ်နေတာ၊ ကျွန်မ ခန့်မှန်းတာ မမှားရင် အချိန်က အရမ်း အရမ်းကို နှေးနှေးလေးပဲ သွားနေတာ"
ဝမ်သိုက်သည် သူမ ဖုန်းကို ပြလိုက်ရာ အချိန်မှာ သူတို့ ဝင်လာကတည်းက မပြောင်းလဲသေးသည်ကို တွေ့ရပေသည်။
ချန်စစ်ကျယ်သည် အခြား တံခါးတစ်ခု၏ရှေ့တွင် ရပ်ကာ တံခါးကို ခေါက်ကြည့်နေသည်။ သူသည် အသံကို နားထောင်ပြီးနောက် "ငါ့နေရာကနေ ရေတွက်ရင် ရှေ့ကို သုံးခန်းမြောက်၊ ဝမ်သိုက်... မင်း အဲဒီကို သွားလိုက်" ဟု ပြောလိုက်ပေသည်။
"အိုကေ"
ဝမ်သိုက်သည် ချန်စစ်ကျယ် ညွှန်ပြသော အခန်းရှေ့သို့ သွားကာ တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ သူမသည် ချန်စစ်ကျယ်ကို တစ်ချက် ကြည့်လိုက်ရာ သူက ခေါင်းညိတ်ပြသဖြင့် တံခါးကို လှည့်ဖွင့်လိုက်ပေသည်။
တံခါးနှစ်ချပ်မှာ တစ်ပြိုင်နက်တည်း ပွင့်သွားသည်။ ချန်စစ်ကျယ် လိုင်မိသားစုကို ကြည့်ကာ "လိုင်ဝမ်ရီ... မင်း ဝမ်သိုက်ရဲ့ နောက်က လိုက်သွား၊ ဦးလေးလိုင်ယွမ်က... ကျွန်တော့်နောက်က လိုက်ခဲ့ပါ"
သူတို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တံခါးမှာ "ဒုန်း" ခနဲ ပြန်ပိတ်သွားတော့သည်။ ဝမ်သိုက်နှင့် လိုင်ဝမ်ရီရှိသော အခန်းမှာ ချန်စစ်ကျယ်တို့နှင့် အခန်းနှစ်ခန်း ခြားနေရမည်ဖြစ်သော်လည်း တံခါးပိတ်သွားသောအခါ သူတို့၏ ကြားတွင် ကြည်လင်သော မှန်ကဲ့သို့ နယ်ပယ်တစ်ခုသာ ရှိနေပြီး တစ်ဖက်မှ ချန်စစ်ကျယ်နှင့် လိုင်ယွမ်တို့ကို အရှင်းသား မြင်နေရပေသည်။
ထိုကြားခံနယ်ပယ်မှာ မီးအလင်းရောင် ထွက်ပေါ်နေသော နေရာဖြစ်ပြီး ဝမ်သိုက် လက်ဖြင့် ထိကြည့်ရာ သံမဏိကဲ့သို့ မာကျောနေပေသည်။
လိုင်ဝမ်ရီ တစ်ဖက်သို့ လှမ်းအော်သော်လည်း အသံမှာ တစ်ဖက်သို့ မရောက်ပေ။
ဝမ်သိုက်သည် လိုင်ဝမ်ရီကို ကြည့်ကာ ရှေ့မှ ကြည်လင်သောနံရံကို ခေါက်ကြည့်လိုက်သော်လည်း မည်သည့် အသံမျှ ထွက်မလာခဲ့ပေ။