အခန်း ၇၈
Vol. 8 Ch. 78
🍏 Chapter 78
ဝမ်သိုက် အကြည့်မှာ ထိုဝိညာဉ်နှောင်ကြိုးများပေါ်တွင် တန့်သွားပြီး "ရှင် ဘာကို လိုချင်နေတာလဲ" ဟု မေးလိုက်သည်။
သံကြိုးသံများ ထပ်မံထွက်ပေါ်လာပြီး ရှို့ယာသည်လည်း လက်ကို ပြန်ချလိုက်သည်။ သူမသည် သာယာစွာ ပြုံးလိုက်ရင်း ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။
"နင် မကြောက်ဘူးလား"
"ဘာလို့ ကြောက်ရမှာလဲ၊ ရှင် ကျွန်မကို ရန်မူချင်ရင် အချိန်မရွေး လုပ်လို့ရတယ်၊ ကျွန်မ ပြောတာ မှန်တယ် မဟုတ်လား"
ဝမ်သိုက်အကြည့်မှာ ရှို့ယာ၏ သူငယ်အိမ်နှင့် တည့်တည့် ဆုံနေသည်။
အမျိုးသမီး ကိုယ်ပေါ်ရှိ သွေးစွန်းနေသော ကိုယ်ကျပ် အင်္ကျီမှာ ချက်ချင်းသန့်ရှင်းသွားသည်။ သူမသည် ဒေါက်မြင့်ဖိနပ်ဖြင့် ဝမ်သိုက် ဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာကာ ပြုံးလျက် ပြောလိုက်သည်။
"နင်က တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ငါတောင် နင့်ကို ငါ့ဘေးမှာ အဖော်အဖြစ် ထားချင်လာပြီ"
"နင့်ရဲ့ ကံကြမ္မာကို နင် မကြည့်ချင်ဘူးလား"
သူမသည် ဆေးသုတ်မထားသော နံရံကြမ်းကြီးရှေ့တွင် ရပ်လိုက်ကာ နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်သည်။
ဝမ်သိုက်သည် ပုခုံးကို တွန့်လိုက်ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။
"ဘာကြည့်ဖို့ လိုလို့လဲ၊ ကျွန်မ ဘယ်တော့ သေမလဲဆိုတာ ကြည့်ရမှာလား၊ ကျွန်မမှာ အန္တရာယ် ရှိ၊ မရှိ ကျွန်မ မကြည့်ခဲ့တာတော့ အမှန်ပဲ
ဒါပေမဲ့ အနည်းဆုံးတော့ လိုင်ဝမ်ရီ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ဦးလေးလိုင်ယွမ်နဲ့ ရှင့်ကြားက ရန်ငြိုးကိုတော့ ကျွန်မ အခုထိ မသိသေးသလို ကြိုတင်ပြီးလည်း မစပ်စုချင်သေးဘူး
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ ကျွန်မ အသက်နဲ့လဲပြီး ကာကွယ်ပေးမှာပါ"
ရှို့ယာသည် သူမကို အလွန် စိတ်ဝင်စားသွားပုံရသည်။
"နင်တို့လို အလုပ်မျိုးလုပ်တဲ့သူတွေက ကိုယ့်ရဲ့အပ်နှံသူအတွက် ဒီလောက်အထိ အပင်ပန်းခံကြတာပဲလား"
သူမသည် လက်ကို မြှောက်လိုက်ကာ မျက်နှာတစ်ခြမ်းကို ကွယ်လိုက်သည်။
"တစ်ချိန်ကတော့... ဝမ်ခွန်းက သူရှာထားတဲ့ မှော်ဆရာနဲ့အတူ ဒီကို ဆင်းလာခဲ့ဖူးတယ်
အဲဒီအချိန်မှာ သူက ငါ့ကို အပြီးတိုင် ဖျက်ဆီးပစ်ဖို့ ဒီကို လာခဲ့တာ၊ နင် ခန့်မှန်းကြည့်စမ်း၊ သူတို့ ဘာဖြစ်သွားကြလဲ"
ဝမ်သိုက်လည်း သူမကဲ့သို့ပင် လည်ပင်းကို တစ်ဖက်သို့ စောင်းလိုက်ကာ
"ရှင် သတ်ပစ်လိုက်တာလား"
ရှို့ယာသည် ရယ်မောပြီးနောက် နံရံကို လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
"သူတို့ ဒီနံရံကို ခေါင်းနဲ့ တိုက်ပြီး သေသွားကြတာ၊ သူတို့ရဲ့ ဝိညာဉ်တွေကို ငါ တစ်စစီ ဆွဲဖြတ်ပစ်လိုက်တယ်၊ နင်တို့ ဒီကို ဆင်းလာတုန်းက တွေ့ခဲ့တဲ့ ပင့်ကူတွေလေ... အဲဒါ သူတို့ရဲ့ အပိုင်းအစတွေပေါ့"
"လူ့နှလုံးသားက ခန့်မှန်းရ ခက်လိုက်တာ၊ ခန့်မှန်းရ ခက်လိုက်တာ..."
ရှို့ယာ ပါးစပ်ဖျားမှ သက်ပြင်းသံရှည်ကြီး ထွက်ပေါ်လာသည်။
ထိုခဏချင်းမှာပင် သူမသည် ဝမ်သိုက် ရှေ့သို့ ရောက်ရှိလာကာ လက်သည်းများဖြင့် ဝမ်သိုက်မျက်နှာပေါ်တွင် အသာအယာ ကုတ်ခြစ်နေသည်။
"နင်ကလည်း သနားစရာကောင်းတဲ့ သူတစ်ယောက်ပဲ၊ ဒါပေမဲ့ ငါ နင့်ရဲ့ နှလုံးသားကို သဘောကျတယ်"
ဝမ်သိုက် မျက်ဝန်းများမှာ ပြူးကျယ်သွားသည်။ ရှို့ယာ၏ အခြားလက်တစ်ဖက်မှာ သူမ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး သူမ ဝိညာဉ်နှလုံးသားကို ဆွဲထုတ်လိုက်သည်။
ဝမ်သိုက် မျက်နှာမှာ ချက်ချင်းဖြူလျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
လိုင်ဝမ်ရီမှာ ဝမ်သိုက်ထံသို့ ပြေးလာကာ ဖက်လိုက်သည်။
"ဝမ်သိုက်... နင် သေသွားမှာလား၊ နင် သေသွားရင် ငါ ဘာလုပ်ရမလဲ"
ဝမ်သိုက် အားယူကာ လိုင်ဝမ်ရီကို နှစ်သိမ့်လိုက်သည်။
"စိတ်ချပါ၊ ငါ မသေပါဘူး၊ သူ ယူသွားတာက တကယ်နှလုံးသားမဟုတ်ဘူး"
ဝမ်သိုက်သည် မိမိနှလုံးသားကို ကိုင်ထားသော ရှို့ယာကို လှမ်းကြည့်လိုက်သည်။ အမျိုးသမီးမှာ နှလုံးသားကို အထူးအဆန်းသဖွယ် ကြည့်နေပြီးမှ
"နင့်နှလုံးသားကို ပြန်လိုချင်လား၊ ဒါဆိုရင် နင့်ရဲ့ အရည်အချင်းကို ငါ့ကို ပြစမ်းပါဦး..." ဟု ပြောကာ ပျောက်ကွယ်သွားတော့သည်။
"တောက်"
ဝမ်သိုက်မှာ သည်းမခံနိုင်တော့ဘဲ ဆဲလိုက်သည်။
"တောက်"
ချန်စစ်ကျယ်မှာလည်း သည်းမခံနိုင်တော့ဘဲ ဆဲလိုက်သည်။
ရေချိုးခန်းအတွင်း၌ ချန်စစ်ကျယ်သည် တစ်ရှူးဖြင့် မိမိပါးပေါ်မှ သွေးများကို သုတ်နေသည်။
ရေဆေးကန်တွင် ခေါင်းကို ဆေးနေသော လိုင်ယွမ်မှာလည်း အခြေအနေ သိပ်မထူးပေ။ သူတို့ အသီးသီး စူးစမ်းနေစဉ်တွင် မျက်နှာကျက်မှ သွေးမိုးများ ရွာချလာခြင်းဖြစ်သည်။
"ငါတော့ အစနောက် ခံနေရသလိုပဲ၊ ဝိညာဉ်တွေက နောက်ပြောင်တတ်ကြတာလား"
လိုင်ယွမ် မေးလိုက်သည်။
"ဟုတ်တယ်၊ ပြီးတော့ အခု ကျွန်တော်တို့ အစနောက် ခံနေရတာ"
ချန်စစ်ကျယ်မှာ မျက်နှာသေဖြင့် ပြောလိုက်သည်။ သူသည် ရုတ်တရက် ထူးဆန်းသောအသံများ ထွက်ပေါ်လာသည့် ရေချိုးကန်သို့ လှမ်းကြည့်လိုက်သည်။
ခဏချင်းမှာပင် နံရံများမှာ အသားစိုင်များကဲ့သို့ ဖြစ်သွားပြီး ရေချိုးကန်ထဲမှ သွေးများ ထွက်လာသည်။
ထဲတွင်တော့ အဝတ်ဗလာနှင့် အမျိုးသမီးတစ်ဦးကို ဝဖြိုးသော အမျိုးသားသုံးဦးက နှိပ်စက်နေကြသည်။ ချန်စစ်ကျယ်မှာ မျက်မှောင်ကြုတ်လိုက်သည်။
"မျက်စိကို လာညစ်ပတ်နေတာပဲ"
သူသည် ဂါထာ ရွတ်ဆိုလိုက်ရာ ထိုမြင်ကွင်းများမှာ ပျောက်ကွယ်သွားသည်။
ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားပြီး ယခင်ရာစုနှစ် အစောပိုင်းက အိပ်ခန်းပုံစံ ဖြစ်လာပြန်သည်။
အမျိုးသားနှစ်ဦးမှာ ကုတင်ရှေ့တွင် ရပ်နေသော်လည်း လိုင်ယွမ်၏မျက်လုံးထဲတွင်တော့ ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသည်။
လိုင်ယွမ် အရင်စကားစလိုက်သည်။
"ငါ ဘာလို့ ဒီအမျိုးသမီးကို မြင်ဖူးနေသလို ခံစားရတာလဲ၊ တစ်မျိုးကြီးပဲ၊ ရင်းနှီးနေသလိုပဲ"
ချန်စစ်ကျယ်သည် မျက်ခုံးတစ်ဖက်ကို ပင့်ကာ "နောက်ထပ်ကော ဘာရှိသေးလဲ" ဟု မေးလိုက်သည်။
လိုင်ယွမ်သည် လက်ကို ရင်ဘတ်ပေါ် တင်လိုက်သည်။
"သူမ နှိပ်စက်ခံနေရတာ မြင်ရတော့... ငါ အသက်ရှူရတာ ခက်နေသလိုပဲ"
ချန်စစ်ကျယ်က "အော်" ဟုသာ ပြောလိုက်သည်။ သူသည် အသံကို မြှင့်၍ မေးလိုက်သည်။
"ဦးလေးကော ဒါတွေကို စိတ်ဝင်စားလို့လား"
လိုင်ယွမ်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။
"လူစိတ်ရှိတဲ့ ပုံမှန်လူဆိုရင် ဒါမျိုးကို ကြည့်ချင်မှာ မဟုတ်ဘူး"
သူတို့ အလိုရှိသည့်အတိုင်း ပတ်ဝန်းကျင်မှာ ပြိုလဲသွားပြီး လှပတင့်တယ်သော အိပ်ခန်းတစ်ခု ဖြစ်လာပြန်သည်။
ရှို့ယာသည် ပြတင်းပေါက်တွင် မှီရပ်နေပြီး လွမ်းဆွေးနေသော မျက်လုံးများဖြင့် အပြင်ဘက်ကို ငေးကြည့်နေ၏။
"ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင် ဆုံးဖြတ်ဖို့တောင် ဒီလောက် ခက်ခဲရတာလား..." ဟု ရေရွတ်ကာ ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် ပေါ်လာသော မြင်ကွင်းမှာ စားသောက်ဆိုင် အခန်းတစ်ခု ဖြစ်သည်။ ရှို့ယာ၏ ရှေ့တွင် ထိုင်နေသော အမျိုးသားမှာ လီယွမ် ဖြစ်သည်။
"ရှို့ယာ၊ ငါ ငါ့မိဘတွေနဲ့ တိုင်ပင်ပြီးပြီ၊ သူတို့ ငါတို့ကို သဘောတူတယ်" ဟု သူက ပြောလိုက်သည်။
သို့သော် ရှို့ယာသည် မျက်နှာလွှဲထားဆဲပင်။
"ငါ မလုပ်နိုင်ဘူး ထင်တယ်၊ ဒီလောကမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ရတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ၊ လီယွမ်၊ ဒီနေ့က ငါတို့ နောက်ဆုံးတွေ့တာပဲ"
သူမသည် အလျင်အမြန်ထွက်ခွာသွားပြီး လမ်းပေါ်တွင် တစ်ယောက်တည်း ငိုကြွေးနေတော့သည်။