အခန်း ၇၉
Vol. 8 Ch. 79
🍏 Chapter 79
"ဒီလောကမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ရတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ"
ခြောက်ကပ်ကပ် အသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ တစ်စစီ ကြွေလွင့်ပျက်စီးသွားတော့သည်။
ချန်စစ်ကျယ်နှင့် ဝမ်သိုက်ကြားရှိ မမြင်ရသော အတားအဆီးများမှာလည်း အတူတူပင် ပျောက်ကွယ် သွားပြီး မြေအောက်ခန်းမှာ မူလပုံစံအတိုင်း ပြန်လည်ပေါ်ထွက်လာသည်။
မှောင်မည်းနေသော ဟင်းလင်းပြင်ထဲတွင် စောင်ကဲ့သို့ ထူထပ်စွာ ဖုံးလွှမ်းနေသော ဖုန်မှုန့်များကြောင့် လေထုမှာ ပိုညစ်ညမ်းနေပြီး အသက်ရှူလိုက်တိုင်း ရင်ဘတ်ထဲတွင် ဖိအားတစ်ခုကို ခံစားနေရသည်။
လမ်းရှည်ကြီး၏ဘေးတစ်ဖက်တွင် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက စွန့်ပစ်ထားသည့် ဧည့်ခန်းတစ်ခု ရှိနေပြီး သူတို့သည် ထိုလမ်း၏အဆုံးတွင် ရပ်နေကြခြင်း ဖြစ်သည်။
စိတ်ကူးယဉ် ကမ္ဘာထဲမှ လွတ်မြောက်လာပြီးနောက် ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု အထုတ်ခံထား ရသော ဝမ်သိုက်မှာ ပိုခံစားလာရသည်။
သူမသည် စိုးရိမ်တကြီးဖြစ်နေသော လိုင်ဝမ်ရီ၏ ဖေးမမှုဖြင့် မတ်တပ်ရပ်နေရပြီး အေးစက်မှုကြောင့် ဦးနှောက်မှာ တဆစ်ဆစ် နာကျင်နေကာ ဗလာကျင်းနေသော နာကျင်မှုမှာ အတွင်းမှ အပြင်သို့ ပျံ့နှံ့နေသည်။
သူမ၏အခြေအနေမှာ ယခင်နှင့် မတူတော့သည်ကို ချန်စစ်ကျယ် ချက်ချင်း သတိထားမိလိုက်သည်။ လိုင်ဝမ်ရီ ရင်ခွင်ထဲသို့ လဲကျလုနီးပါး ဖြစ်နေသော ထိုအမျိုးသမီးကို သူ ကြည့်လိုက်သည်။
သူမ၏ ဆုပ်ထားသော လက်သီးများမှာ တုန်ယင်နေပြီး မိမိကိုယ်ကို အစွမ်းကုန် အားတင်းထားကြောင်း သိသာလှသည်။
သို့သော် အမြဲတမ်း နီမြန်းနေတတ်သော နှုတ်ခမ်းများမှာ ယခုတော့ ဖြူလျော့နေပြီး မျက်ခုံးနှစ်ဖက်မှာလည်း နာကျင်မှုကြောင့် တွန့်ချိုးနေတော့သည်။
လိုင်ယွမ်ပင် ဝမ်သိုက်၏ပုံမှန်မဟုတ်မှုကို သတိပြုမိသွားသည်။ သူသည် ရှေ့သို့ နှစ်လှမ်းတိုးကာ ဝမ်သိုက် နှာခေါင်းရှေ့တွင် လက်ကို တင်၍ အသက်ရှူနှုန်းကို စစ်ဆေးကြည့်လိုက်သည်။
သူ့ မျက်နှာမှာ ပိုတည်ကြည်သွားပြီး "ဘာလို့ ခန္ဓာကိုယ် အပူချိန် ဒီလောက်ထိ ကျသွားရတာလဲ" ဟု မေးလိုက်သည်။
လိုင်ဝမ်ရီသည် ဝမ်သိုက် လက်မောင်းကို ပိုတင်းတင်းဖက်ထားရင်း မျက်ရည်များ ကျလာတော့သည်။ သူမသည် ရှိုက်ကြီးတငင်ဖြင့်
"ခုနက ကျွန်မတို့ ဒီက အမျိုးသမီးဝိညာဉ်နဲ့ တွေ့ခဲ့တာ၊ သူက ဝမ်သိုက်ရဲ့... နှလုံးသားကို ဆွဲထုတ်သွားတာ
တကယ်ပါ၊ သူ ဝမ်သိုက်ရဲ့ နှလုံးသားကို နှိုက်ယူသွားတာကို ကျွန်မ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာ"
အေးစက်မှုဒဏ်ကို ခံနေရသော ဝမ်သိုက်က အားယူ၍ အသံထွက်ကာ အမှန်ပြင်ပေးလိုက်သည်။
"တကယ့် နှလုံးသား မဟုတ်ပါဘူး၊ ငါ ခဏတော့ မသေနိုင်သေးဘူး"
လိုင်ဝမ်ရီမှာ ပိုမိုငိုချလိုက်ပြီး "နင်က ခုနတုန်းက မသေဘူးဆို၊ အခုကျတော့ ခဏပဲ မသေတာတဲ့လား၊ အခု ဘာလုပ်ကြမလဲ၊ ဒီလိုဖြစ်မှန်း သိရင် ငါ နင်တို့ကို မခေါ်လာပါဘူး၊ ဒီကို မဆင်းလာခဲ့သင့်ဘူး" ဟု ပြောကာ ရှိုက်ကြီးတငင် ငိုလေသည်။
မြေအောက်ခန်းထဲတွင် အောက်ဆီဂျင် နည်းပါးရသည့်ကြားထဲ အဆိပ်ငွေ့များလည်း ရှိနေသဖြင့် ငိုနေသော လိုင်ဝမ်ရီမှာ အသက်ရှူမဝတော့ဘဲ တဟွတ်ဟွတ် ချောင်းဆိုးလာသည်။
သူမသည် ငိုသံကို ထိန်းကာ အသက်ကို ဝဝရှူလိုက်ရသည်။
"စိတ်ခံစားချက်ကို ထိန်းပါ၊ ပိတ်ထားတာ ကြာပြီဖြစ်တဲ့ မြေအောက်ခန်းထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်တွေ၊ မှိုတွေနဲ့ ဖုန်မှုန့်တွေ အများကြီးရှိနေတာ၊ ဒါတွေက ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်တယ်" ဟု ချန်စစ်ကျယ်က ဆိုသည်။
သူသည် မိမိကိုယ် မိမိ မနည်း ထိန်းနေရသော လိုင်ဝမ်ရီကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်သိုက်ကို လှမ်းဆွဲလိုက်သည်။
သူ ဝမ်သိုက်၏လက်မောင်းကို ကိုင်ကာ ဖေးမပေးလိုက်သော်လည်း ဝမ်သိုက်မှာ အားအင်ကုန်ခမ်းနေသဖြင့် သူနှင့် ခပ်ကွာကွာ မနေနိုင်တော့ဘဲ သူ့ ရင်ဘတ်ပေါ်သို့ ခေါင်းတင် လဲကျသွားတော့သည်။
ခေါင်းကို အမှန်ခံလိုက်ရသော ဝမ်သိုက်မှာ နဖူးကိုပင် မပွတ်နိုင်တော့ပေ။ သူမသည် အသက်ကို ပြင်းပြင်းရှူရင်း တိုးညှင်းသော အသံဖြင့်
"ရှင်... နောက်ဆုံးတော့ ကျွန်မကို သတ်ဖို့ ကြိုးစားနေပြီလား" ဟု မေးလိုက်သည်။
ပူနွေးသော လက်ချောင်းလေးများက သူမ လည်ပင်းဘေးမှ သွေးကြောခုန်နှုန်းကို စမ်းသပ်လိုက်သည်။ ချန်စစ်ကျယ်က အေးစက်စွာ ပြုံးရင်း
"မင်းကို သတ်လို့ ငါ ဘာအကျိုးအမြတ်ရမှာလဲ၊ အကျိုးထက် အပြစ်ကပိုများတယ်၊ ဆောင်းတွင်းကြီးမှာတောင် အိမ်မှာအပူပေးစက် မဖွင့်တဲ့သူကို ငါ သတ်နေစရာမလိုပါဘူး" ဟု ခနဲ့လိုက်သည်။
ဝမ်သိုက်မှာ အပြောခံလိုက်ရသဖြင့် နှုတ်ခမ်းကိုပင် မတွန့်နိုင်တော့ပေ။
"ရှင် ပြောတာက တကယ်ကို ထိခိုက်စေတာပဲ၊ ပြီးတော့ ကျွန်မကို သိပ်ဂရုစိုက်မနေပါနဲ့၊ ကျွန်မ တကယ် မသေပါဘူး... သူ ကျွန်မကို သတ်မှာ မဟုတ်ဘူး"
"သူမသတ်ဘူးလို့ မင်းက ဘယ်လိုသိတာလဲ၊ မင်းရဲ့ ကံကြမ္မာကို မကြည့်ခဲ့ဘူးလား" ဟု ချန်စစ်ကျယ်က မေးသည်။
သူ့ မျက်နှာမှာ ပိုဆိုးဝါးသွားပြီး အသံမှာလည်း မာထန်လာသည်။ သူသည် သူ့ အပေါ်အင်္ကျီ အိတ်ထဲမှ အဝါရောင် ဂါထာစာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ဓားငယ်လေးဖြင့် မိမိလက်ထိပ်ကို လှီးကာ သွေးဖြင့် ဂါထာရေးလိုက်သည်။
ထို့နောက် ဂါထာများကို ခပ်တိုးတိုး ရွတ်ဆိုရင်း သူမ ခန္ဓာကိုယ်ပေါ်ရှိ အချက်အချာကျသော နေရာအချို့ကို လက်ညှိုးဖြင့် ထိုးနှက်လိုက်သည်။
အခြားသူ သုံးဦး ကြားနိုင်သည်မှာ တစ်ခွန်းတည်း ဖြစ်သည်။
"လုယူခံလိုက်ရသော ဝိညာဉ် မူလနေရာသို့ ပြန်လည်ရောက်ရှိစေ"
အဝါရောင် ဂါထာစာရွက်ကို ချန်စစ်ကျယ်က အမြန်ခေါက်လိုက်ပြီး ဝမ်သိုက် ပါးစပ်ထဲသို့ အတင်းထည့်လိုက်သည်။
"မြိုချလိုက်"
သူ့ သွေးများ ပါဝင်နေသော ဂါထာစာရွက်မှာ ဝမ်သိုက် ပါးစပ်ထဲတွင် ညှီစို့စို့ အရသာကို ပေးစွမ်းသည်။ ဝမ်သိုက်သည် မျက်မှောင်ကြုတ်ကာ ထိုစာရွက်ကို ခက်ခဲစွာ မြိုချလိုက်ပြီး
"ဝိညာဉ်ခေါ်တဲ့ ဂါထာလား၊ ရှင့်ကို ဒုက္ခပေးမိပြီနော်"
သွေးဖြင့် ဝိညာဉ်ကို ဆွဲခေါ်သည့် ပညာမှာ တကယ်ပင် ထိရောက်လှသည်။ အားအင်များ ပြန်လည် ရရှိလာသော ဝမ်သိုက်သည် ချန်စစ်ကျယ် ရင်ခွင်ထဲမှ ထွက်လိုက်ကာ ဖြူလျော့နေသော မျက်နှာဖြင့် သူ့ကို ပြုံးပြလိုက်သည်။
"ကျေးဇူးပဲ၊ ကျွန်မက များသောအားဖြင့် ကိုယ့်ကံကြမ္မာ ကိုယ် မကြည့်ဘူး
ကြည့်ရင်လည်း သီးသန့် ဖြေရှင်းလေ့မရှိဘူး၊ သေရမှာဆိုရင်လည်း သေမှာပဲလေ၊ သိနေတာနဲ့ မသိနေတာနဲ့က အတူ တူပါပဲ"
သို့သော် ယခုအကြိမ်တွင်တော့ သူမ သေဆုံးနိုင်ခြေ ခြောက်ဆယ် ရာခိုင်နှုန်းခန့် ရှိနေသည်။
သူမ နောက်ကွယ်မှ အစောင့်အရှောက်များကလည်း ဘာသတင်းအချက်အလက်မျှ မပေးဘဲ တိတ်ဆိတ်နေကြသည်။ ဝမ်သိုက်သည် ခန္ဓာကိုယ်၏ မအီမသာဖြစ်မှုကို အောင့်အည်းကာ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
သူမနှင့် လိုင်ဝမ်ရီတို့ မြင်တွေ့ခဲ့ရသည်များကို အကျဉ်းချုပ် ပြောပြလိုက်ပြီးနောက်
"ရှို့ယာက တကယ်တော့ သနားစရာကောင်းတဲ့သူပါ၊ သူမ မကောင်းတာလုပ်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်
သူမ ကျွန်မ နှလုံးသားကို ယူသွားတာက သူ့ဘေးမှာ အဖော်အဖြစ် ထားချင်လို့ပဲ ဖြစ်မှာ
ကျွန်မတို့ သူ့ကိုသာ ဒီနှောင်ကြိုးတွေကနေ လွှတ်ပေးနိုင်ရင် ကျွန်မလည်း ဘေးကင်းသွားမှာပဲ"
ကံမကောင်းစွာဖြင့်ပင် သူမ၏ နှစ်သိမ့်စကားများကို ချန်စစ်ကျယ် ချက်ချင်း ပယ်ချလိုက်သည်။
"ဟုတ်တာပေါ့၊ ဒီက အစီအရင်ကို ငါတို့ ဖျက်ဆီးလိုက်ရင်တော့ မင်း သူ့ဘေးမှာနေစရာ မလိုတော့ဘူး၊ ဒါပေမဲ့ မင်းက ငရဲပြည်ကို လိုက်သွားပြီး အဖော်လုပ်ရမှာလေ
ဝမ်သိုက်၊ ဝိညာဉ်က အစိတ်အပိုင်း မစုံလင်ရင် အချိန်ကြာလာတာနဲ့အမျှ အာရုံငါးပါး ပျောက်ဆုံးသွားတတ်တာ မင်း မသိဘူးလား၊ ပြီးတော့ အခုလို ယင်ဓာတ်အများကြီးရှိနေတဲ့ နေရာမှာ နင် မသေရင် ဘယ်သူ သေမှာလဲ၊"
ဝမ်သိုက် ပြန်ပြောရန် ပြင်လိုက်သော်လည်း သူက ရှေ့သို့ တစ်လှမ်းတိုးကာ ထပ်ပြောလိုက်ပြန်သည်။
"မင်း မသေဘဲလည်း နေလို့ရပါတယ်၊ အလောင်းကြီးအတိုင်း ကုတင်ပေါ်မှာ အပင်လိုလဲနေပြီး ဝိညာဉ်ကတော့ အဲဒီ အမျိုးသမီးဝိညာဉ်နောက်ကို လိုက်သွားမှာပေါ့၊ အဲဒီ နှစ်မျိုးထဲက ဘယ်ဟာကို ပိုကြိုက်လဲ"
ဝမ်သိုက်မှာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ သက်ပြင်းချကာ အကြည့်လွှဲလိုက်ရသည်။
"ရှင်တို့ကော ဘာသတင်းအချက်အလက်ရခဲ့လဲ၊ နည်းနည်းလောက် မျှဝေပါဦး၊ ဒီအခန်းထဲကနေ ဝင်သွားရင် အောက်မှာ နောက်ထပ် နေရာတစ်ခုရှိသေးတယ်ဆိုတာ ကျွန်မတို့ သိခဲ့တယ်၊ အစီအရင်ရဲ့ အဓိက အချက်က အဲဒီမှာပဲ ရှိမယ် ထင်တယ်"
"မင်းတို့ပြောတဲ့ အဲဒီ အမျိုးသမီးဝိညာဉ် ရှို့ယာဆိုတာကို ငါတို့လည်း မြင်ခဲ့တယ်၊ သူမ နှိပ်စက်ခံရတဲ့ မြင်ကွင်းတွေရောပေါ့၊ ဒါပေမဲ့ သူမကို ကြည့်ရတာ တစ်မျိုးကြီးပဲ၊ ရင်းနှီးနေသလို ခံစားရတယ်..." ဟု လိုင်ယွမ်က ဆိုသည်။
သူသည် မိမိ၏ရင်ဘတ်ကို ကိုင်ကာ ရှို့ယာ၏မျက်နှာကို ပြန်လည် စဉ်းစားနေသည်။ နှလုံးသားထက် ပိုနက်ရှိုင်းသော နေရာမှ ဝမ်းနည်းမှုတစ်ခု စီးဆင်းလာသည်။
ချန်စစ်ကျယ် စကားများကြောင့် ဝမ်သိုက်မှာ စိတ်လှုပ်ရှားသွားပုံရသည်။ သူမသည် လိုင်ယွမ်ကို တစ်ချက်ကြည့်ကာ
"ရင်းနှီးတာပေါ့၊ ဦးလေးသာ မရင်းနှီးဘူးဆိုရင် ကျွန်မတို့ အားလုံးသေပြီပဲ" ဟု ပြောလိုက်သည်။
ထို့နောက် သူမသည် လိုင်ဝမ်ရီ၏လက်မောင်းကို ဆွဲကာ အခန်းအဆုံးရှိ နေရာသို့ ဝင်သွားတော့သည်။
"မြန်မြန်လုပ်ကြစမ်းပါ၊ ကျွန်မတော့ ရှို့ယာဘေးမှာ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ မနေချင်ဘူး"
အလယ်တွင် ရှိနေသော ကုတင်ကြီးကို ချန်စစ်ကျယ်နှင့် လိုင်ယွမ်တို့က ဝိုင်းတွန်းလိုက်ကြသည်။ လိုင်ဝမ်ရီ ဖုန်းဖြင့် မီးထိုးပေးလိုက်ရာ အောက်သို့ ဆင်းမည့် လမ်းအဝင်ဝကိုမြင်လိုက်ရသည်။