← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

🍏 Chapter 81

ဝမ်သိုက်တစ်ယောက် ရှို့ယာ၏ အရိုးပြာများကို လေကောင်းလေသန့် ရှူနိုင်စေရန်ဟု အကြောင်းပြကာ အိုးကို ဖွင့်ရန် သတ္တိကောင်းကောင်းဖြင့် ကြံစည်နေစဉ်မှာပင် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော ထိုအမျိုးသမီးသည် နံရံထဲမှ ထွက်ပေါ်လာချေသည်။

ဖြူဝင်းသွယ်လျသော ခြေတံတစ်ဖက်က အရင်ဆုံး ထွက်လာပြီးနောက် အရောင်ဖျော့ဖျော့ ချောင်စမ်ဝတ်စုံ၏ အောက်နားစများက လှုပ်ခတ်သွားကာ သူမ လက်ကောက်ဝတ်တွင် ခတ်ထားသော သံခြေကျင်းများက မြေပြင်ပေါ်၌ တရွတ်တိုက် ပါလာရင်း တဂျောက်ဂျောက် မြည်ဟည်းနေသည်။

ရှို့ယာသည် ထိုနေရာသို့ အေးအေးလူလူ လျှောက်လှမ်းလာ၏။ သူမ၏ လက်ထဲတွင် ဘယ်ကရမှန်း မသိသော ယပ်တောင်ဝိုင်းလေးတစ်ခု ပါလာပြီး မျက်နှာအောက်ပိုင်းကို တစ်ဝက်ခန့် ကွယ်ထားကာ လှပသော မျက်ဝန်းများဖြင့် လိုင်ယွမ်ကို အေးစက်စွာ ကြည့်လိုက်သည်။

သူတို့နှစ်ဦး အကြည့်ချင်းဆုံမိချိန်တွင် လိုင်ယွမ်မှာ ထိုနေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားပြီး မျက်လုံးများမှာ ဝေဝါးကာ ကြောင်တောင်တောင် ဖြစ်သွားချေသည်။

သွေးသားရင်းချာ ဖြစ်သောကြောင့်လား မသိရသော်လည်း လိုင်ဝမ်ရီသည် လိုင်ယွမ်ကို လှမ်းကြည့် လိုက်ရာ ဖခင်ဖြစ်သူမှာ ဝိညာဉ် အထုတ်ခံလိုက်ရသလို ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် လိုင်ယွမ် လက်မောင်းကို ဆွဲခါကာ "အဖေ.....အဖေ၊ အဖေ ဘာဖြစ်တာလဲ"

"စိတ်မပူပါနဲ့၊ သူ ဘာမှမဖြစ်ပါဘူး၊ ငါ သူ့ဆီက ပိတ်ဆို့ထားတဲ့ မှတ်ဥာဏ်တွေကို ဖွင့်ပေးလိုက်ရုံပါပဲ" ဟု နူးညံ့အက်ရှသော အသံလေးက ပျံ့လွင့်လာသည်။

ထိုသို့ လုပ်ဆောင်လိုက်သော တရားခံမလေးသည် ယပ်တောင်ကိုကိုင်ကာ နှာသီးဖျားကို ခပ်ဖွဖွ ပုတ်နေပြီး ဝမ်သိုက်ဘက်သို့ လှောင်ပြုံးဖြင့် လှည့်ကြည့်လာ၏။

သူမသည် ဝမ်သိုက်ကို စိုက်ကြည့်ကာ "သနားစရာကောင်မလေး၊ နင့်ကိုရော မှတ်ဥာဏ်တွေ ဖွင့်ပေးရမလား" ဟု ဆိုသည်။ သူမက လက်ဖဝါးကို ဖြန့်လိုက်ရာ ဝမ်သိုက်ထံမှ နှိုက်ယူသွားသော ဝိညာဉ်နှလုံးသားမှာ ပေါ်ထွက်လာပြီး တဒိန်းဒိန်း ခုန်နေသော ထိုအင်္ဂါရပ်မှာ လူ့အာရုံကြောကို လှုံ့ဆော်နေသကဲ့သို့ ရှိသည်။

"နင့်ရဲ့ နှလုံးသားကို ငါ စမ်းသပ်ကြည့်ပြီးပြီ၊ နင်က ငါ ထင်ထားသလိုပဲ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါပေမဲ့... နင်လည်း သနားစရာ ကောင်းတာပါပဲ" ဟု ရှို့ယာ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး လက်ဖဝါးကို ပြန်စိလိုက်ရာ ထိုနှလုံးသားမှာ ပျောက်ကွယ်သွားပြန်သည်။

ဝမ်သိုက်သည် သူမဘက်သို့ လှည့်လိုက်ကာ ပူဇော်စင်ပေါ်ရှိ အရိုးပြာအိုးကို လှမ်းကိုင်၍ ရှို့ယာကို စိုက်ကြည့်ရင်း "ကျွန်မရဲ့ ဝိညာဉ်အပိုင်းအစကို ပြန်ပေးမလား"

မိမိ၏အရိုးပြာအိုးကို အကိုင်ခံထားရသော်လည်း ရှို့ယာကမူ ဂရုမစိုက်သကဲ့သို့ ရှိနေသည်။ သူမသည် ယပ်တောင်နောက်မှနေ၍ တခိခိ ရယ်မောနေပြီး မျက်ဝန်းအိမ်ထဲတွင် အနက်ရောင်များက ပိုနက်ရှိုင်းလာကာ

"ဒါက ငါ့ကို ခြိမ်းခြောက်တာလား၊ သေပြီးသား လူတစ်ယောက်က သူ့အရိုးပြာတွေကို ဂရုစိုက်လိမ့်မယ်လို့ နင် ထင်နေတာလား၊ နင် ငါ့ရှေ့မှာတင် ဒီအိုးကို ခွဲပစ်ပြီး အရိုးပြာတွေကို လွှင့်ပစ်လိုက်ရင်တောင် ငါ့အတွက်တော့ ဘာမှမဖြစ်ဘူးလေ"

ဝမ်သိုက်သည် အရိုးပြာအိုးပေါ်မှ ကြိုးနီများကို ဆွဲကြည့်လိုက်သော်လည်း ရှို့ယာ၏ လက်ကောက် ဝတ်ရှိ သံခြေကျင်းများမှာ အပြောင်းအလဲ မရှိသဖြင့် မျက်မှောင်ကြုတ်ကာ

"ဒါက... အချိန်ကြာလေ ပိုပြင်းထန်လေ ဖြစ်တဲ့ ဂါထာလား"

"ဒါက လျှို့ဝှက်ဂိုဏ်းတစ်ခုရဲ့ လက်ချက်ပဲ၊ ကျူးဖား လို့ ခေါ်တယ်၊ ဂါထာတွေနဲ့ ဝိညာဉ်ကို ချည်နှောင်ထားတာ၊ အချိန်ကြာလာတာနဲ့အမျှ ဝဋ်ကြွေးတွေက သံကြိုးတွေလို ထပ်လာတတ်တယ်၊ သီးသန့် နည်းလမ်းမရှိဘဲ ဒါကိုဖြည်လို့ မရဘူး" ဟု သူမ၏ နောက်တွင် ရှိနေသော ချန်စစ်ကျယ်က ရှေ့သို့ တိုးလာကာ ပြောလိုက်သည်။

သူသည် ဝမ်သိုက်ကိုင်ထားသော အရိုးပြာအိုးကို ကြည့်လိုက်ပြီး "ဒီဂါထာကို လုပ်ခဲ့တဲ့သူက ပညာတော်တော် မြင့်တယ်၊ ဒီနှောင်ကြိုးတွေက ဖျက်စီးမရနိုင်အောင်ဖြစ်နေပြီ"

"ဖျက်စီးလို့မရဘူးလား၊ ဒါဆို ဒီအတိုင်းသာထားရင် ထာဝရ ချုပ်နှောင်ခံထားရမှာပေါ့၊ ဘယ်ဂိုဏ်းကလဲ မသိပေမဲ့ တကယ်ကို ရက်စက်လွန်းတာပဲ" ဟု ဝမ်သိုက်က ရွံရှာဖွယ် ရေရွတ်လိုက်သည်။

သူမသည် အရိုးပြာအိုးပေါ်မှ ကြိုးနီများကို ဖယ်လိုက်သော်လည်း ဘာမျှ မထူးခြားသဖြင့် မျှော်လင့်ချက် အနည်းငယ်ဖြင့် ရှို့ယာကို လှမ်းကြည့်လိုက်သည်။

ရှို့ယာသည် အရိုးပြာအိုးကို တစ်ချက်ကြည့်ကာ

"မကြည့်ပါနဲ့တော့၊ နင့်ဘေးက ကောင်လေးပြောတာ မှန်တယ်၊ ဒီအိုးပေါ်မှာ ပတ်ထားတဲ့ ကြိုးတွေက အလှပြသက်သက် ဖြစ်နေတာ ကြာပြီ"

သူမသည် မိမိလက်ကောက်ဝတ်ကို လှုပ်ယမ်းလိုက်ရာ သံခြေကျင်းများဆီမှ အသံများ ထွက်ပေါ်လာသည်။ ယပ်တောင်ဖြင့် မကွယ်ထားတော့သော သူမ မျက်နှာပေါ်တွင် လှောင်ပြုံး များဖြင့် ပြည့်နှက်နေကာ "တကယ့် သော့ခလောက်က ကျွန်မရဲ့ ဝိညာဉ်ပေါ်မှာ အခိုင်အမာ ခတ်ထားပြီးသားပဲ"

ဝမ်သိုက်သည် နားမလည်နိုင်သဖြင့် မျက်မှောင်ကြုတ်ကာ "ရှင် သူတို့ကို ပြန်သတ်နိုင်ခဲ့တာပဲ၊ ဘာလို့ ကိုယ့်ဘာသာ ကိုယ် ဒီအစီအရင်ကို မဖျက်ခဲ့တာလဲ" ဟု မေးလိုက်သည်။

ရှို့ယာ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး အကြည့်များမှာ ဝေဝါးကာ ငေးငိုင်သွားသည်။

သူမသည် ဟင်းလင်းပြင်ထဲရှိ နေရာတစ်ခုကို ကြည့်ရင်း အတန်ကြာမှ "ဘာလို့လဲတွေ အများကြီး မရှိပါဘူး၊ ပြောရမယ်ဆိုရင်တော့ ငါ့စိတ်ထဲမှာ စွဲလမ်းနေတဲ့ အရာတစ်ခု ရှိနေလို့ပါပဲ"

"ဒီနေ့တော့ မင်းရဲ့ အစွဲတွေကို အဆုံးသတ်နိုင်ပါပြီ" ဟု ချန်စစ်ကျယ်က သတိပြန်ဝင်လာသော လိုင်ယွမ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ လိုင်ယွမ်မှာ လိုင်ဝမ်ရီ၏ဖေးမမှုကို ခံထားရသော်လည်း သူ့ပထမဆုံး တုံ့ပြန်မှုမှာ မိမိသမီးကို ငဲ့ကြည့်ရန် မဟုတ်ဘဲ ရှို့ယာကိုသာ စိုက်ကြည့်နေမိခြင်း ဖြစ်သည်။

လိုင်ယွမ်သည် လိုင်ဝမ်ရီ၏လက်ကို အသာဖယ်လိုက်ကာ ရှို့ယာထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ့ ခြေလှမ်းတိုင်းမှာ လေးလံနေပြီး ရှို့ယာ၏ ရှေ့တွင် ရပ်လိုက်ချေသည်။

အတိတ်ဘဝ အမှတ်သညာများထဲမှ မျက်နှာနှင့် တစ်ထပ်တည်းဖြစ်နေသော ရှို့ယာကို ကြည့်ရင်း လိုင်ယွမ်၏မျက်ရည်များမှာ အရင်ဆုံး ကျလာသည်။

သူသည် ရှို့ယာ၏ ပါးပြင်ကို လှမ်းကိုင်ရန် လက်ကို မြှောက်လိုက်သော်လည်း သူမ ကိုယ်ကို ဖြတ်သန်းသွားသော လက်ကို ကြည့်ကာ သူတို့နှစ်ဦးမှာ ကမ္ဘာနှစ်ခုမှ လူများ ဖြစ်နေပြီဆိုသည်ကို သတိရသွားသည်။

ရှို့ယာလည်း သူ့ကို တိတ်ဆိတ်စွာ ပြန်ကြည့်နေသည်။ တစ်ဦးက မျက်ရည်များဖြင့် ပြည့်နေသော်လည်း အခြားတစ်ဦးကမူ အေးစက်ကာ အသက်မဲ့နေ၏။

သူက ပြန်လည်မွေးဖွားလာသူဖြစ်ပြီး သူမကမူ လွန်ခဲ့သော ရာစုနှစ်က ဝိညာဉ်ဖြစ်သည်။

"ရှို့ယာ" ဟု ခက်ခဲစွာ ခေါ်လိုက်သော လိုင်ယွမ်၏အသံမှာ အက်ရှနေချေသည်။

အတိတ်ဘဝမှ ပါလာသော နောင်တနှင့် နာကျင်မှုများက သူ့ကို လွှမ်းမိုးသွားပြီး

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" ဟု တုန်ရီစွာ ပြောလိုက်သည်။ သူ့ မျက်ရည်များကြောင့် မြင်ကွင်းမှာ ဝေဝါးနေတော့သည်။

သူက "အဲဒီတုန်းက ငါ မင်းနဲ့အတူ အတင်းထွက်ပြေးခဲ့သင့်တာ၊ မင်းအိမ်ကို တည့်တည့်သွားပြီး တောင်းဆိုခဲ့သင့်တာ" ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

"ဘယ်အရာမှ ဖြစ်ခဲ့သင့်တာမရှိဘူး" ဟု ရှို့ယာ သူ့ စကားကို ဖြတ်ပြောလိုက်သည်။

သူမသည် မျက်လွှာချလိုက်ကာ "ရှင် ကျွန်မနဲ့ ထွက်ပြေးခဲ့ရင်ရော ကျွန်မတို့မှာ ကောင်းတဲ့ ရလဒ် ရှိမှာတဲ့လား၊ ကျွန်မတို့ တကယ်ရောပြေးနိုင်မှာမို့လို့လား၊ ရှင် တောင်းဆိုခဲ့ရင်ရော သူတို့က ကျွန်မကို ရှင်နဲ့ ပေးစားမှာလား၊ သူတို့ လိုချင်တာက အကျိုးအမြတ်လေ၊ အဲဒီတုန်းက ရှင်က ဒါတွေကိုပေးနိုင်လို့လား"

အကယ်၍ ပြန်စခွင့် ရခဲ့ရင်တောင် သူတို့၏ရလဒ်မှာ ပြောင်းလဲသွားနိုင်ခြေ အလွန်နည်းပါးလှသည်။

ရှို့ယာသည် ယပ်တောင်ကို မေးစေ့တွင် တင်ထားကာ လိုင်ယွမ်ကို ကြည့်ရုံမျှပင် မကြည့်တော့ဘဲ

"ကျွန်မ မသေခင်မှာ ရှင် မင်္ဂလာဆောင်တဲ့ သတင်းကိုကြားခဲ့တယ်၊ နှမြောစရာပဲ၊ ရှင့်ရဲ့မင်္ဂလာပွဲကို မလာနိုင်ခဲ့ဘူး၊ ဝမ်ခွန်း နဲ့ စလက်ထပ်တုန်းကတော့ ကျွန်မ တွေးမိသား၊ ရှင် အိမ်ထောင်ပြုတဲ့အထိ ကျွန်မ အားတင်းထားမယ်လို့ပေါ့၊ ရှင်ကတော့ အိမ်ထောင်ပြုမှာပဲလေ”

“လူကြီးတွေကလည်း ရှင့်ကို လက်ထပ်ခိုင်းမှာပဲ၊ ကျွန်မက ရှင့်သတို့သမီးကိုတွေ့ချင်ခဲ့တာ၊ နောင်တစ်ချိန်မှာ ရှင့်ကလေးတွေကိုလည်း မြင်ချင်ခဲ့တာ၊ သိပ်ကို လောဘကြီးတာပဲနော်၊ ဒါကြောင့်လည်း ကံကြမ္မာက ကျွန်မမှာ အနာဂတ်မရှိအောင် လုပ်လိုက်တာပေါ့"

သူ့မင်္ဂလာနေ့သည် သူမ၏ သေနေ့ဖြစ်ခဲ့သည်။

ထိုမှတ်ဥာဏ်မှာ လိုင်ယွမ်၏ခေါင်းထဲသို့ ထပ်မံ ဝင်ရောက်လာပြီး သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာဆီသို့ ပြန်ရောက်သွားချေသည်။

အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသော သူ့ လက်မောင်းကို သတို့သမီးလေးက ချိတ်ထားသော်လည်း သူတို့နှစ်ဦးစလုံး၏မျက်နှာတွင် အပြုံးမရှိပေ။ ပြုံးနေကြသူများမှာ ဧည့်သည်များနှင့် မိဘများသာ ဖြစ်သည်။

ဘုရားကျောင်းရှိ သိက္ခာတော်ရ ဆရာတော်ထံသို့ သွားရသော ခြေလှမ်းတိုင်းမှာ သေဒဏ်ပေးမည့် နေရာသို့ သွားနေရသကဲ့သို့ ခက်ခဲလွန်းလှသည်။ ထိုလမ်းကို လျှောက်နေစဉ်မှာပင် သူသည် ဘေးနားရှိသူမှာ ရှို့ယာ ဖြစ်သည်ဟု စိတ်ကူးယဉ်နေမှသာ ဆရာတော်၏ရှေ့တွင် "လက်ခံပါတယ်" ဟု ပြောနိုင်ခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာပွဲ မတိုင်ခင် သုံးလအလိုတွင် မိခင်ဖြစ်သူသည် သူ့ရှေ့၌ပင် ထုတ်တန်းပေါ်သို့ ကြိုးကွင်းချကာ

"ငါတော့ အကုသိုလ်ပေးတဲ့သားကို မွေးမိပြီ၊ တခြားသူရဲ့ ဇနီးဖြစ်နေတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ နင်က တစ်သက်လုံး အိမ်ထောင်မပြုဘဲ ငါတို့ လီမိသားစုကို မျိုးဆက်ပြတ်အောင် လုပ်ချင်တာလား၊ ငါတော့ လီမိသားစုရဲ့ ဘိုးဘွားတွေကို မျက်နှာမပြရဲတော့ဘူး၊ မနေချင်တော့ဘူး" ဟု အော်ဟစ်ကာ ခြိမ်းခြောက်ခဲ့သည်။

ဤသို့သော ဒရာမာများမှာ နှစ်ရက်ခြားတစ်ခါ ဖြစ်ပွားနေသဖြင့် သူသည် စိတ်ရောလူပါ ပင်ပန်း နေသော်လည်း မိခင်ရှေ့တွင် ဒူးထောက်ကာ အစီအစဉ်အတိုင်း လက်ထပ်မှုကို ငြင်းဆန်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ စကားမပြောရသေးခင်မှာပင် အဘွားဖြစ်သူ ကွယ်လွန်တော့မည် ဖြစ်ကြောင်း သတင်းရောက်လာသည်။

All Chapters