အခန်း ၈၃
Vol. 9 Ch. 83
🍏 Chapter 83
ရုတ်တရက် ဝမ်သိုက်၏ လက်မောင်းမှာ လက်တစ်ဖက်ဖြင့် ဆွဲကိုင်ခြင်း ခံလိုက်ရသဖြင့် လှည့်ကြည့် လိုက်ရာ ချန်စစ်ကျယ် ဖြစ်နေသည်။ အမျိုးသားဖြစ်သူ၏ မျက်နှာမှာ ကြည့်မကောင်းလှဘဲ မကျေနပ်မှုများကို အတင်းအကျပ် ထိန်းချုပ်ထားရဟန် ရှိသည်။
သူက ဝမ်သိုက်ကို မိမိနောက်သို့ ဆွဲခေါ်လိုက်ကာ
"ကိုယ့်မှာ ဒဏ်ရာရှိနေတာ သိရဲ့သားနဲ့ သူများအတွက် ဝင်ခံပေးရဲသေးတယ်ပေါ့၊ ဘာလဲ၊ မင်းက တကယ်ပဲ သူ့နားမှာ နေခဲ့ချင်တာလား၊ ဒါမှမဟုတ် ဝိညာဉ်ချုပ်ငြိမ်းသွားတာကို လိုချင်နေတာလား”
“ဒါမှမဟုတ် ဝမ်ခွန်းတို့လို ဝိညာဉ်ကို အပိုင်းပိုင်း အစုတ်စုတ်ခွဲပြီး လူမျက်နှာပါတဲ့ ပင့်ကူ ဖြစ်ချင်နေတာလား၊ ဝမ်သိုက်.....မလုပ်နိုင်တဲ့နေရာမှာ လာပြီး ဟန်မလုပ်နဲ့၊ ငါက အသေကောင် မဟုတ်ဘူး" ဟု ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။
ဝမ်သိုက်သည် ရင်ဘတ်ကို လက်ဖြင့်ဖိကာ အသက်ကို ပြင်းပြင်းရှူနေရပြီး ဖြူဖျော့နေသော နှုတ်ခမ်းများမှာ ခရမ်းရောင်သို့ ပြောင်းလဲနေသည်။ အေးစက်လှသောကြောင့် ကြက်သီးများ ထနေသော်လည်း သူမက သွားချင်းမရိုက်မိအောင် ထိန်းကာ
"ဒါက ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်တာပါ၊ ဧည့်သည်က ပိုက်ဆံမပေးရသေးပေမဲ့ သူတို့ဘေးကင်းအောင်တော့ ကျမ ကာကွယ်ရမှာပေါ့၊ ကျမ သေတာ မသေတာ အရေးမကြီးပါဘူး၊ ဧည့်သည်ကတော့ သေလို့မဖြစ်ဘူး၊ ကျမရဲ့ နာမည်ပျက်ခံလို့ မဖြစ်ဘူးလေ" ဟု ပြန်ပြောသည်။
"မင်း သေသွားရင် မင်းနာမည်က ဖျက်စရာမလိုဘဲ အလိုလို ပျောက်သွားမှာပဲ"
ချန်စစ်ကျယ်သည် ဝမ်သိုက်ကို စကားအရှည်ကြီး မပြောလိုတော့ဘဲ သူမ အမှတ်ကို ပိတ်ကာ ရွှေရောင် အကာအကွယ်ဖြင့် သူမနှင့် လိုင်ယွမ်တို့ သားအဖကို အတွင်းသို့ တွန်းပို့လိုက်သည်။ ဝမ်သိုက်မှာ လှုပ်မရသဖြင့် သူ့ကို ဆဲဆိုချင်သော်လည်း အားအင်မရှိတော့ပေ။
ဝမ်သိုက် အမြဲသုံးလေ့ရှိသော နူးညံ့သည့် နည်းလမ်းထက် ချန်စစ်ကျယ်၏နည်းလမ်းမှာ များစွာ ကြမ်းတမ်းလှသည်။
ရှို့ယာသည် လက်ထဲမှ ယပ်တောင်ကိုသုံး၍ ရေတွက်၍မရနိုင်သော အပ်စင်းလေးများကို ဖန်တီးကာ ပစ်လွှတ်လိုက်သည်။ အကယ်၍ ထိုအပ်များ ထိမှန်ပါက ဝိညာဉ်မှာ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။ သို့သော် ချန်စစ်ကျယ်မှာလည်း လျှော့တွက်၍မရပေ။ သူသည် လက်ဟန်ဖြင့် မန္တန်များကို ရွတ်ဆိုလိုက်ရာ လွန်စွာကျယ်လောင်လှသော လျှပ်စစ်လုံးကြီး ပေါ်ထွက်လာသည်။
ချန်စစ်ကျယ်ထံသို့ ပျံသန်းလာသော အပ်စင်းလေးများသည် လျှပ်စစ်လုံးအတွင်းသို့ ရောက်ရှိသွားသောအခါ လမ်းကြောင်း ပြောင်းလဲသွားကြသည်။ ရှို့ယာသည် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော်လည်း သူမ ဝိညာဉ်ကို နှစ်ပိုင်းခွဲကာ နံရံထောင့်များသို့ အသီးသီး ရှောင်တိမ်းသွားသည်။
ခဏအကြာတွင် အနက်ရောင် မြူခိုးများ ပြန်လည် စုစည်းလာသော်လည်း ချန်စစ်ကျယ်၏ လျှပ်စီးငါးစင်းမှာ သူမထံသို့ မညှာမတာ ပစ်ချလိုက်လေသည်။
ရှို့ယာ လျှပ်စီးများကို ရှောင်တိမ်းနေစဉ်တွင် ယပ်တောင်ကို အကြိမ်အနည်းငယ် ဝေ့ယမ်းလိုက်ရာ နံရံငါးဖက်လုံးမှ လူမျက်နှာပါသော ပင့်ကူသောင်းနှင့်ချီ၍ ထွက်ပေါ်လာကာ ချန်စစ်ကျယ်ထံသို့ တိုးဝင်လာကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နင်းထားသော မြေပြင်မှ ပင့်ကူများ ထွက်မလာခဲ့ပေ။ သို့မဟုတ်ပါက ပြေးစရာ ရှိတော့မည် မဟုတ်ချေ။
ဘေးမှ ကြည့်နေသော ဝမ်သိုက်မှာ ခေါင်းနားပန်းကြီးသွားကာ ရွှေရောင်အကာအကွယ်ထဲတွင် ရှိနေသော်လည်း နောက်သို့ ဆုတ်ချင်စိတ်ကိုမထိန်းနိုင်တော့ပေ။ ထိုပင့်ကူများမှာ လက်ဖဝါးခန့် အရွယ်အစားရှိပြီး ခြေထောက်ရှစ်ချောင်းတွင် အမွှေးကြမ်းများ ပါရှိကာ လူမျက်နှာ၏ ပုံသဏ္ဌာန်မှာလည်း ထင်ရှားလှသည်။
မျက်လုံးနှစ်စုံမှာ မျက်နှာပေါ်တွင် ပြန့်နှံ့နေပြီး လူ့ပါးစပ်ထဲမှ ပင့်ကူအစွယ်များ ထွက်နေသည်ကို မြင်ရသည်မှာ ရွံစရာ ကောင်းလှသည်။
နံရံတစ်ခုလုံးမှာ အနက်ရောင်များဖြင့် ဖုံးလွှမ်းနေပြီး လူမျက်နှာများမှာ အစက်အပြောက်လေးများ အဖြစ် မြင်နေရသည်။ ပင့်ကူခြေထောက်များကြားမှ ဟာကွက်များမှာလည်း အခြားပင့်ကူများဖြင့် ပြည့်နှပ်နေသဖြင့် အစင်းကြောင်းများပင် မမြင်ရတော့ပေ။
သို့သော် ထိုအကောင်များသည် ချန်စစ်ကျယ်အနီးသို့ မကပ်နိုင်ကြပေ။ ချန်စစ်ကျယ်သည် မိုးကြိုးအတက်ကိုသာမက မီးအတက်ကိုပါတတ်ကျွမ်းထားသည်ကို ရှို့ယာ ထင်မှတ်မထားခဲ့ချေ။
လျှပ်စီးနှင့် မီးဓာတ်များမှာ ချန်စစ်ကျယ်ထံမှ အပြင်သို့ ပြန့်ကားထွက်သွားကာ ပင့်ကူများကို လောင်ကျွမ်းပစ်လိုက်သဖြင့် အက်ကွဲသံများ တစ်ဆက်တည်း ထွက်ပေါ်လာသည်။
မီး၏အရှိန်ကြောင့် ရှို့ယာထံသို့ ကျရောက်သော လျှပ်စီးများမှာလည်း ပို၍ ပြင်းထန်လာကာ အလင်းတန်းများကြောင့် အကာအကွယ်အတွင်းရှိ သုံးဦးမှာ မျက်စိပင် မဖွင့်နိုင်ကြတော့ပေ။
အတိတ်ဘဝ၏ အမှတ်တရများကြောင့် စိတ်မကောင်းဖြစ်နေသော လိုင်ယွမ်သည် လှုပ်ရှား၍မရသော ဝမ်သိုက်လက်မောင်းကို ဆွဲကိုင်ကာ တောင်းပန်သော မျက်နှာထားဖြင့်
"နည်းနည်းလောက်... သက်ညှာပေးလို့ ရမလား၊ ငါ တောင်းပန်ပါတယ်၊ မင်းရဲ့ အဖော်ကို ပြောပေးပါ၊ သူမကို မသတ်ပါနဲ့၊ ထပ်ပြီး မသတ်ပါနဲ့တော့" ဟု ခက်ခက်ခဲခဲ ပြောဆိုရှာသည်။
လိုင်ဝမ်ရီသည် သူမ ဖခင်ကို စိတ်ပျက်သော အကြည့်ဖြင့် ကြည့်ကာ "အဖေ၊ သူမက သနားစရာကောင်းတယ် ဆိုပေမဲ့ ဒါက ကျွန်မတို့ကို ရန်ပြုဖို့ အကြောင်းပြချက် မဟုတ်ဘူးလေ၊ သူမကရော သက်ညှာခဲ့လို့လား”
“သေကြောင်းကြံနေတာပဲ ဥစ္စာ၊ ဝမ်သိုက်ရဲ့ နှလုံးသား က သူမလက်ထဲမှာ ရှိနေတာတောင် အဖေက သူမအတွက် တောင်းပန်ပေးနေတယ်နော်" ဟု အော်ဟစ်လိုက်သည်။
လိုင်ယွမ်သည် စကားပြန်မပြောနိုင်ဘဲ ခေါင်းငုံ့ကာ မြေပြင်ကိုသာ အသာအယာ စိုက်ကြည့်နေမိသည်။
စူးရှသော နာကျင်သံကြောင့် သူတို့ အာရုံစိုက်လိုက်ရာ ပင့်ကူများအားလုံး သေဆုံးကုန်ပြီး ရှို့ယာမှာလည်း လျှပ်စီးဒဏ်ကြောင့် အနက်ရောင်မြူခိုးများအဖြစ် ကွဲကြေသွားသည်။
ထိုမြူခိုးများကြားမှ ဝမ်သိုက်၏ နှလုံးသား ထွက်ကျလာကာ သူမ၏ ကိုယ်ထဲသို့ အလိုလို ပြန်လည်ဝင်ရောက်သွားသည်။
အနက်ရောင်မြူခိုးများသည် တဖြည်းဖြည်း ပြန်လည်စုစည်းလာသော်လည်း ယခင်ကထက် များစွာ နှေးကွေးသွားချေပြီ။ ချန်စစ်ကျယ်သည် ရန်သူကို အနားပေးမည့်သူ မဟုတ်သဖြင့် သူမကို ဝိညာဉ်ချည်နှောင်ခြင်း မန္တန်ဖြင့် ချည်နှောင်ကာ လျှပ်စီးဓားတစ်စင်းကို သူမ ခေါင်းပေါ်တွင် ထားလိုက်သည်။
"မလုပ်ပါနဲ့"
ထိုဓားက ရှို့ယာကို နှိမ်နင်းတော့မည်ကို မြင်သောအခါ လိုင်ယွမ်သည် အကာအကွယ်ထဲမှ ပြေးထွက်သွားသည်။ ရှို့ယာသည် မိမိသေရတော့မည်ကို သိသဖြင့် ယပ်တောင်ကို ကြည့်ကာ လက်ကျန်အင်အားဖြင့် လေအပ်များကို ဖန်တီး၍လိုင်ယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လိုင်ယွမ်မှာ ရှေ့သို့ ဟန်ချက်ပျက်ကာ လဲကျသွားသဖြင့် လက်မောင်း တွင်သာ ဒဏ်ရာရရှိသွားသည်။ သို့သော် ဝိညာဉ်တွင် ရသောဒဏ်ရာမှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာထက် များစွာ ပိုနာကျင်လှပေသည်။
ထိုအခြေအနေကြောင့် နှိမ်နင်းခြင်းမှာ ခေတ္တရပ်တန့်သွားသည်။ ချန်စစ်ကျယ်သည် မကျေမနပ်ဖြစ်ကာ လိုင်ယွမ်ကို သွားရောက်တွဲထူရင်း
"ဘာလို့ ထွက်လာတာလဲ၊ အခု ဒီမှာ အသက်အန္တရာယ်အရှိဆုံးက ခင်ဗျားပဲ၊ ဝမ်သိုက်က ဒဏ်ရာတွေနဲ့ ခင်ဗျားကို ကာကွယ်ပေးခဲ့တာကို ခင်ဗျားကတော့ ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ပို့နေတယ်၊ သူမကို အားမနာဘူးလား”
“ခင်ဗျားက ကိုယ့်အသက်ကို တန်ဖိုးမထားဘူးဆိုရင် ကျွန်တော်တို့ လုပ်ခဲ့သမျှက ဘာလဲ၊ အစတည်းက ခင်ဗျားကို ပစ်ထားလိုက်တာပိုကောင်းမယ်၊ ကျွန်တော်တို့က ဒီလောက် ပိုက်ဆံလေးအတွက် လုပ်နေတယ် ထင်နေသလား" ဟု ပြင်းထန်စွာ ပြောဆိုလိုက်သည်။
နာကျင်မှုကြောင့် ချွေးပြန်နေသော လိုင်ယွမ်သည် ဝမ်သိုက် မည်မျှ ခံစားခဲ့ရသည်ကို နားလည်သွားကာ အားနာစိတ်များဖြင့် ခေါင်းငုံ့လျက် "တောင်းပန်ပါတယ်..."
သူသည် ရှို့ယာကို လှမ်းကြည့်လိုက်ရာ သူမကလည်း လှောင်ပြောင်သော အကြည့်များဖြင့် ပြန်လည် စိုက်ကြည့်နေသည်။
ထိုအကြည့်ကြောင့် လိုင်ယွမ်မှာ နာကျင်ရကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက်
"သူမကို မသတ်လို့မရဘူးလား၊ သူမ မှားတာကို ငါသိပါတယ်၊ ဒါပေမဲ့... အခု ငါတို့အားလုံး ဘေးကင်းနေကြတာပဲ မဟုတ်လား၊ ငါ တောင်းပန်ပါတယ်၊ ငါ တကယ် တောင်းပန်ပါတယ် " ဟု ပြောရင်း ဒူးထောက်ရန် ကြိုးစားသော်လည်း ချန်စစ်ကျယ် ဆွဲထားသဖြင့် မအောင်မြင်ပေ။
ချန်စစ်ကျယ် လှောင်ပြောင်သော အကြည့်ဖြင့်
"ခင်ဗျားက တကယ်ကို သူတော်ကောင်းလုပ်ချင်နေတာပဲ၊ သူမကိုပဲ မေးကြည့်ပါလား၊ သူမက အနှိမ်နင်းခံချင်တာလား ဒါမှမဟုတ် ငရဲပြည်ကိုပြန်သွားချင်တာလား ဆိုတာ၊ သူမ လူဘဝမှာ ခံစားခဲ့ရတာတွေက အမှန်ပဲ”
“ဒါပေမဲ့ သေပြီးနောက် လုပ်ခဲ့တဲ့ မကောင်းမှုတွေကလည်း အမှန်ပဲ၊ ဒါတွေကို အရင်ရှင်းရမယ်၊ အဲဒီနောက်မှ ပြန်လည်မွေးဖွားခွင့်ရမှာ၊ ခင်ဗျား သူမကို မေးကြည့်လိုက်ဦး၊ အတိတ်ကို ဖျောက်ပစ်ပြီး နှိမ်နင်းခံမလား ဒါမှမဟုတ် အမှတ်တရတွေနဲ့ ငရဲမှာ ဆက်ပြီး ခံစားမလားဆိုတာကို"
လိုင်ယွမ်သည် ရှို့ယာကို လှည့်ကြည့်သော်လည်း သူမက သူ့ကို မကြည့်တော့ပေ။
ဝမ်သိုက်သည် လိုင်ဝမ်ရီ၏အကူအညီဖြင့် ရှို့ယာအနီးသို့ ရောက်လာသည်။ သူမသည် ရှို့ယာ၏ မျက်လုံးများကို စိုက်ကြည့်လျက် ပြုံးကာ
"ရှို့ယာ၊ ရှင် သတိမထားမိဘူးလား၊ ရှင်က ကိုယ့်ရဲ့ စိတ်ရင်းကို ပြောဖို့ သိပ်ခက်တာပဲ၊ အထူးသဖြင့် ကိုယ်တန်ဖိုးထားတဲ့သူနဲ့ တွေ့တဲ့အခါပေါ့၊ လိုင်ယွမ် အိမ်ထောင်ကျသွားတာကို သိပေမဲ့ ရှင် သူ့ကို သတ်ဖို့ စိတ်မကူးခဲ့ပါဘူး”
“မဟုတ်ရင် အဲဒီအပ်တွေက ဒီလောက်မနှေးဘူးလေ၊ ရှင် သူ့ကို နာကျင်အောင်လုပ်ပြီးမှ ကိုယ့်ရဲ့ အမုန်းကို သက်သေပြချင်တာ မဟုတ်လား၊ အချစ်ထက် အမုန်းကို သက်သေပြရတာ ပိုလွယ်လို့လား၊ ဒါပေမဲ့ ရှင် တကယ်မုန်းနေတာက သူ့ကို မဟုတ်ဘူးလေ"
"ရှင့်ရဲ့ စိတ်ကူးယဉ် ကမ္ဘာထဲမှာ ကျွန်မ မေးခဲ့တယ်လေ၊ ရှင် လိုချင်တာက လွတ်မြောက်မှုလားလို့၊ ရှင်ကခေါင်းခါခဲ့တယ်၊ ကျမ ထင်တာကတော့ ရှင်ဟာ အဖြေတစ်ခုကိုပဲလိုချင်နေတာပါ၊ ဒါပေမဲ့ အဲဒီမေးခွန်းကိုတော့ အခု လိုင်ယွမ်ကို ရှင် မမေးရဲဘူး မဟုတ်လား"
ဝမ်သိုက်၏စကားလုံးများမှာ ရှို့ယာ စိတ်ကို ထိမှန်သွားစေသည်။ သူမက ဆက်လက်၍
"ရှင် လိုင်ဝမ်ရီကို တစ်ခါမှ နာကျင်အောင်မလုပ်ခဲ့ဘူး၊ သူမကိုကြည့်ပြီး ကြီးပြင်းလာတာ မဟုတ်လား၊ သူမရဲ့ ဆန္ဒတွေကိုတောင် ရှင် ဖြည့်ဆည်းပေးခဲ့သေးတယ်၊ အဲဒီနောက်မှာ ဖြစ်လာတဲ့ ဘေးဒုက္ခတွေကို ရှင် မတားဆီးနိုင်ခဲ့တာပဲ ရှိတာပါ”
“ရှင်က တကယ်တော့ စိတ်ထားကောင်းတဲ့ သူတစ်ယောက်ပါ၊ ကိုယ့်ကိုကိုယ် လူဆိုးလုပ်ရဲတဲ့ သတ္တိရှိပေမဲ့ စိတ်ရင်းကို ထုတ်ပြဖို့ကျတော့ ရှင် သတ္တိမရှိဘူးလား"