← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

🍏 Chapter 84

ရှို့ယာသည် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ကာ နှုတ်ခမ်းကို တင်းတင်းစိထားမိသည်။

"ရှို့ယာ..."

လိုင်ယွမ်က သူမကို အသာအယာ ခေါ်လိုက်သည်။

တိတ်ဆိတ်နေခြင်းမှာ အဖြေမဟုတ်သည်ကို ရှို့ယာ နားလည်သွားပုံရကာ သူမသည် ဝမ်သိုက်ကို ကြည့်လျက် အနည်းငယ် ပြုံးကာ

"တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးမလေးပဲ၊ တချို့ စိတ်ရင်းတွေက ထုတ်ပြောလည်း အပိုပဲ၊ တချို့ မေးခွန်းတွေက မေးလိုက်ရင်ရော ဘာထူးမှာလဲ၊ ရလာမယ့် အဖြေတွေက အချိန်နဲ့အမျှ ပြောင်းလဲသွားနိုင်တာပဲ၊ သူပေးတဲ့အဖြေက အစစ်လား အတုလား ဘယ်သူသိနိုင်မှာလဲ"

ဝမ်သိုက်သည် ချန်စစ်ကျယ်ကို မျက်ရိပ်ပြကာ "ကျမကို မြန်မြန်လွှတ်ပေးတော့" ဟု ပြောလိုက်သဖြင့် ချန်စစ်ကျယ် အကာအကွယ်ကို ဖွင့်ပေးလိုက်သည်။ ထိုအခါ သူမသည် လိုင်ယွမ်ကို ဆွဲခေါ်လိုက်သည်။

ဝမ်သိုက်သည် လိုင်ယွမ်၏ပုခုံးပေါ် လက်တင်ကာ ရှို့ယာကို ကြည့်ရင်း

"ရှင် သူ့ကို ယုံကြည်နေတာပဲ၊ ကိုယ့်ရဲ့ ယုံကြည်မှုကို ဖုံးကွယ်မထားပါနဲ့၊ ရှင်က တကယ်ကို တဇွတ်ထိုး နိုင်တာပဲ၊ မာနကြောင့် မမေးတာလား၊ ရှင့်အနေနဲ့ နှိမ်နင်းခံရဖို့ ဆုံးဖြတ်ထားရင် မာနက မလိုတော့ဘူးလေ၊ မေးခွန်းကို မေးလိုက်ပြီး နောင်တမရှိဘဲ ထွက်သွားတာ ပိုကောင်းတာပေါ့" ဟု တိုက်တွန်းလိုက်သည်။

ထိုစကားကို ပြောနေစဉ်တွင် ဝမ်သိုက် စိတ်ထဲ၌ သူမအား စောင့်ရှောက်သော နတ်မင်း၏အသံ ပေါ်ထွက်လာသည်။

"တစ်ခါတလေကျရင် နင်က ဘာလို့ ဒီလောက် အပိုတွေလုပ်နေမှန်း မသိတော့ဘူး၊ သူတို့က နှိမ်နင်းခံတော့မယ့်ဟာကို နင်က ဝင်ရှုပ်ပြီး သူမရဲ့ အာဃာတတွေကိုဖြေဖျောက်ပေးချင်နေတာလား၊ သူမကို လူပြန်ဝင်စားခိုင်းချင်တာလား၊ သူမ ကိုယ်တိုင်ကရော အဲဒါကို အလိုရှိပါ့မလား”

ရှေ့မှ သူစိမ်းဆန်သော ရုပ်ခန္ဓာကိုကြည့်လျက် ရှို့ယာသည် သူ့ မျက်လုံးများကို စိုက်ကြည့် နေမိသည်။ ထိုမျက်ဝန်းနက်များ၏ နက်ရှိုင်းရာတွင် သူမ သိကျွမ်းခဲ့သော လီယွမ်ရှိနေသည်ကို သူမ သိပေသည်။

မာနတရားမှာ နောက်ဆုံးတွင် အရည်ပျော်သွားကာ သူမသည် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ခက်ခဲစွာမေးခွန်းထုတ်လိုက်သည်။

"ရှင် ကျွန်မကို... ရွံသလား၊ အဲဒီတုန်းက ဝမ်အိမ်တော်ကနေ ကျွန်မ ထွက်ပြေးနိုင်ခဲ့ရင် ရှင် ကျွန်မကို လက်ခံဦးမှာလား၊ အခုခေတ်မှာရော မိန်းကလေးတွေရဲ့ အပျိုစင်ဘဝက အဲဒီလောက်အထိ အရေးကြီးနေတုန်းပဲလား"

သူမ အသံမှာ တုန်ရီပြတ်တောင်းနေပေသည်။ ပိတ်လှောင်ခံထားရသော နေရာမှ ရုန်းထွက်ရန်မှာ အလွန်ခက်ခဲလှကာ ရှို့ယာ၏လက်ကောက်ဝတ်ရှိ သံခြေကျင်းများမှာ ယခုထက်တိုင် ရှိနေဆဲ ဖြစ်သည်။

ဝမ်သိုက်သည် နှုတ်ခမ်းကို လှုပ်ယမ်းကာ လိုင်ယွမ်ကိုယ်စား ဗီဇအရဖြေပေးချင်သော်လည်း သူမသည် သွားဖြင့် ဖိထားလျက် စကားလုံးများကိုပြန်လည်မျိုချကာ လိုင်ယွမ် မျက်နှာဆီသို့သာ အကြည့်ကို လွှဲလိုက်သည်။

"မရွံပါဘူး၊ မင်းမှာ ဘာအပြစ်မှမရှိဘူး၊ အဲဒီကိစ္စတွေက မင်းအတွက် ငါ့ကို ပိုပြီးစိတ်မကောင်းဖြစ်ရုံပဲ ရှိစေတာပါ"

သူ့ မျက်ဝန်းထဲတွင် နာကျင်မှုနှင့် နှမြောတသမှုများ ပြည့်နှက်နေသည်။ ရှို့ယာကို ကြည့်နေစဉ် သူ့လက်သီးမှာ တင်းကျပ်နေကာ ဝိညာဉ်မှ နာကျင်မှုကြောင့်လား အခြားနေရာမှ နာကျင်မှုကြောင့်လားဆိုသည်ကိုမူ မသိနိုင်ချေ။

လိုင်ယွမ်သည် သူမအနီးသို့ မသိမသာ တိုးကပ်သွားကာ မှောင်မည်းသော ဤနေရာတွင် သူမ၏ မျက်နှာကို ရှင်းလင်းစွာ မြင်ရသည်အထိ တိုးသွားပြီး တစ်လုံးချင်းပြောလိုက်သည်။

"အဲဒီတုန်းက မင်းသာ ဝမ်အိမ်တော်ကနေ လွတ်မြောက်နိုင်ခဲ့ရင် ငါ မင်းကိုကြိုဆိုမှာပါ၊ ဒါက လက်ခံတာ လက်မခံတာမျိုးမဟုတ်ဘူး၊ မင်းက ပစ္စည်းတစ်ခုမဟုတ်ဘူး၊ ငါ့ရဲ့ ချစ်သူပါ"

သို့သော် ထိုတည်ကြည်မှုမှာ ကြာရှည်မခံလိုက်ပေ။ သူ့ လေသံမှာ ရုတ်တရက် ပြတ်တောင်းသွားကာ မျက်တောင်များကို အောက်သို့ ချလိုက်ပြီး မချိတင်ကဲ ဆိုပြန်သည်။

"ဒါပေမဲ့... ငါ မင်းကို ဇနီးတစ်ယောက်ရဲ့ နေရာတော့ ထပ်မပေးနိုင်တော့ဘူး၊ အဲဒီအချိန်မှာ ငါ အိမ်ထောင်ပြုပြီးနေပြီ၊ တကယ်လို့ သူမကို ရုတ်တရက် ကွာရှင်းလိုက်မယ်ဆိုရင် ကျေးဇူးကန်းရာ ရောက်လိမ့်မယ်၊ အဲဒီခေတ်မှာ ကွာရှင်းခံရတဲ့ အမျိုးသမီးတွေက ကောင်းမွန်တဲ့ ဘဝကိုမရနိုင်ကြဘူးလေ”

“အသေးစိတ်ကိုတော့ သူမနဲ့ တိုင်ပင်ရဦးမှာပါ၊ တကယ်လို့ သူမက ကွာရှင်းပေးဖို့ သဘောတူရင် ငါ သူမကို လျော်ကြေးတွေအမြဲပေးသွားမယ်၊ တကယ်လို့ သူမက ကွာရှင်းဖို့ သဘောမတူရင်လည်း ငါ မင်းကို မေးပါ့မယ်၊ ငါ့ကို လက်ထပ်ချင်သေးရဲ့လားဆိုတာကို၊ မလိုလားဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး၊ မင်း ငါ့ကို လိုအပ်နေသရွေ့ ငါ မင်းအနားမှာ ရှိနေမှာပါ"

အတိတ်ဘဝက မလျှောက်လှမ်းနိုင်ခဲ့သော လမ်းကို ခန့်မှန်းချက်များဖြင့် ဖြန့်ခင်းပြကာ လိုင်ယွမ်၏ လေသံမှာအလွန်စစ်မှန်လှပေသည်။ ရှို့ယာ၏ နှုတ်ခမ်းထောင့်များမှာ ပြုတ်ကျမသွားဘဲ သူမ တွေးမိသည်မှာ အကယ်၍ 'အကယ်၍' သာ ရှိခဲ့လျှင် သူပြောသကဲ့သို့ဖြစ်လာမည်မှာ အမှန်ပင် ဖြစ်သည်။ သူသည် အမြဲတမ်းတာဝန်သိစိတ်ရှိသူ တစ်ယောက်ဖြစ်ပေသည်။

ဆက်လက်ကြားလိုက်ရသော စကားများက ရှို့ယာကို သူမ၏အချစ်က မမှားခဲ့ကြောင်း ပိုမိုသိသာစေသည်။ လိုင်ယွမ်ကမူ သူမ၏ မေးခွန်းကို အဆုံးသတ် ဖြေကြားလိုက်သည်။

"အခုခေတ်မှာတော့ အမြင်နှစ်မျိုးကွဲနေတယ်၊ လူတစ်စုက ဂရုမစိုက်သလို နောက်တစ်စုကတော့ ဂရုစိုက်ကြတယ်၊ ဒါပေမဲ့ အပျိုစင်ဘဝဆိုတဲ့ ရှေးဟောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကို နောက်လူတွေက လွဲမှားခဲ့ကြတာပါ”

“ငါ့အနေနဲ့တော့ အမျိုးသမီးတစ်ယောက်ရဲ့ စင်ကြယ်မှုဟာ ပထမဆုံးအကြိမ် ရှိ မရှိနဲ့ မဆိုင်ဘူးလို့ ထင်တယ်၊ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် မလုပ်သရွေ့တော့ အဲဒီလူဟာ အမြဲတမ်း စင်ကြယ်နေမှာပဲ"

အတွင်းစိတ်တွင် စုပုံနေသော အရာများမှာ ချက်ချင်းကုန်စင်သွားကာ ရှို့ယာ၏ပုခုံးများမှာ လျော့ကျသွားပြီး နှုတ်ခမ်းထောင့်မှ အပြုံးမှာ ပိုမိုစစ်မှန်လာသည်။ မော့ကြည့်နေသော မျက်ဝန်းများ မှာလည်း ကြည်လင်သွားဟန် ရှိချေသည်။

"ကျွန်မ သိပါပြီ၊ ရှင်နဲ့ ပြန်ဆုံခွင့်ရဦးမယ်ဆိုရင် ကျွန်မ ဆက်ပြီးစောင့်နေပါ့မယ်၊ ဒါပေမဲ့ အခုတော့ ရှင့်ရဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်"

အသံမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

အဆုံးသတ်စကားလုံးများအပြီးတွင် လိုင်ယွမ်သည် နားထင်ကို လက်ဖြင့် ဖိထားကာ ခေါင်းကို ငိုက်စိုက် ချလျက် ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် မျက်လုံးများ ပြူးသွားကာ သတိလစ်သွားတော့သည်။

လိုင်ဝမ်ရီက သူ့ကို အချိန်မီ ဖမ်းထိန်းလိုက်သော်လည်း သူ့ကိုယ်ခန္ဓာကို မနိုင်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည့်တိုင် များစွာမနာကျင်အောင်သာ ထိန်းပေးလိုက်ရသည်။ သူမသည် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လျက် ဖခင်၏ဦးခေါင်းကို ရင်ခွင်ထဲတွင် ထည့်ထားသည်။

လိုင်ဝမ်ရီ စိုးရိမ်တကြီး မော့ကြည့်ကာ "အဖေ၊ သူ ဘာဖြစ်သွားတာလဲ"

All Chapters