← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

🍏 Chapter 86

လိုင်ဝမ်ရီသည် သူမ ပန်းကန်ထဲမှ ဟင်းများကို မွှေနှောက်လျက် ပြုံးကာ မသိမသာမေးခွန်းထုတ်လိုက်သည်။

"မေမေက စိတ်ထဲ တစ်မျိုးဖြစ်နေမယ်လို့ သမီး ထင်ထားတာ၊ ဒါက ကျွန်မတို့ မိသားစုနဲ့လည်း မဆိုင်ဘူးလေ၊ ရဲကိုပဲ အကြောင်းကြားရမှာ၊ ဒါပေမဲ့ သမီးနဲ့ အဖေကတော့ ကိစ္စတွေကို အကြီးအကျယ် မလုပ်ချင်ဘူး၊ ပြီးတော့ သူမကိုလည်း ကောင်းမွန်တဲ့ နေရာလေးရစေချင်တာ၊ ဒါက ဘယ်နှစ်နှစ်က အရိုးပြာအိုးလဲ မသိဘူး၊ အစိုးရလက်ထဲ ရောက်သွားရင်တော့ ဖြစ်သလိုပဲ လုပ်လိုက်ကြမှာ"

"ဟင်း"

လိုင်ဝမ်ရီ၏မိခင်က ဂရုမစိုက်သလို ခေါင်းခါပြကာ ငါးသားများကို လိုင်ဝမ်ရီ၏ပန်းကန်ထဲသို့ ထည့်ပေးရင်း ပြုံးကာ ဆိုသည်။

"နင်က ငါ့သမီးပဲ၊ ငါ့စိတ်နဲ့ နင့်စိတ်က တူမှာပေါ့၊ ဒီအရိုးပြာအိုးပိုင်ရှင်က အသက်ရှင်စဉ်မှာ ဘယ်လိုနေခဲ့လဲ မသိပေမဲ့ မြေအောက်ခန်းထဲမှာ ဒီလို အထားခံရတာကို ကြည့်ရင်တော့ သူ နေရတာ သိပ်မကောင်းခဲ့ဘူးလို့ထင်တယ်၊ အသက်ရှင်စဉ်မှာ မကောင်းခဲ့ရင်တောင် သေပြီးနောက်မှာတော့ အေးအေးချမ်းချမ်း ရှိသင့်တာပေါ့"

သူတို့ မိသားစု၏ပျော်ရွှင်စရာ အခြေအနေကို ဘေးမှကြည့်နေသော ဝမ်သိုက် ရင်ထဲတွင်လည်း ကြည်နူးသွားရသည်။ မိသားစုဝင်တွေဟာ တကယ်ကို နူးညံ့တဲ့သူတွေပါလား။

ထမင်းစားပြီးနောက် လိုင်ဝမ်ရီက သူတို့ကို ပြန်လိုက်ပို့မည်ဟု အကြောင်းပြကာ အိမ်ပြင်သို့ အတူထွက်လာသည်။ ရေခဲပြင်ကဲ့သို့ ချောနေသော ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်နေစဉ် သူမ လေသံမှာ သူမ၏ခြေလှမ်းများထက်ပင် ပိုသတိထားနေဟန် ရှိသည်။

"ဟိုလူတွေကရော ဝဋ်ပြန်လည်မှာလား၊ ရှို့ယာကတော့ အမျှဝေတာ ခံလိုက်ရပြီ၊ ဒါပေမဲ့ သူမကို ပိတ်လှောင်ထားတဲ့ ဟိုလူနှစ်ယောက်ကရော မြေအောက်ခန်းထဲမှာကျန်နေဦးမှာလား"

"မကျန်တော့ပါဘူး၊ သူတို့ရဲ့ ဝိညာဉ်တွေက ရှို့ယာ ဆွဲဖြဲပစ်လိုက်ကတည်းက ပျက်စီးနေတာ၊ ရှို့ယာရဲ့ စွမ်းအားနဲ့ပဲ တည်ရှိနေတာလေ၊ အခု ရှို့ယာ ထွက်သွားပြီဆိုတော့ သူတို့လည်း ဝိညာဉ်ချုပ်ငြိမ်း သွားပါပြီ၊ ဒါပေမဲ့ သူတို့အတွက်တော့ ဒါက သက်သာလွန်းနေသေးတယ်" ဝမ်သိုက် နှမြောတသစွာ ဆိုသည်။

မိဘများ ဖန်တီးပေးထားသော အေးချမ်းသည့် ဘဝထဲတွင်သာ နေခဲ့ရသော လိုင်ဝမ်ရီသည် နေရာအနှံ့ ရောက်ဖူးသော်လည်း ဤကဲ့သို့သော ဇာတ်လမ်းမျိုးနှင့် ကြုံရသောအခါ သက်ပြင်းချမိပြန်သည်။

"ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်ဆိုတာက အလိမ်အညာတွေလိုပဲ၊ ကောင်းကင်ကြီးက လူဆိုးတွေကို အပြစ်မပေးဘူး၊ ရှို့ယာကို နှိပ်စက်ခဲ့တဲ့သူတွေက အဲဒီနှစ်ယောက်တင် မဟုတ်ဘူးလေ၊ ခုနက ကျွန်မ ဖုန်းထဲမှာ အဲဒီခေတ်က အကြောင်းတွေကိုရှာကြည့်တာ ရှာလို့တောင် မရဘူး၊ ဝမ်ခွန်းက အရမ်းချမ်းသာတယ်ဆိုတာပဲ တွေ့တယ်"

"ဒီလိုဖုံးကွယ်ခံထားရတဲ့ ကိစ္စတွေက အများကြီးပါပဲ၊ ရေတွက်လို့တောင် မရဘူး၊ ဒါပေမဲ့ ကျွန်မနဲ့ တွေ့ရင်တော့ အဲဒါတွေကိုတူးဖော်ပစ်မှာပေါ့"

ဝမ်သိုက်က တစ်ခုခုကို ကော်ထုတ်နေဟန် လက်ဟန်ပြကာ ပြုံးလိုက်သည်။ သူမ မျက်ဝန်းထဲတွင် တည်ကြည်မှုများ ရှိနေ၏။

"အရာအားလုံးက ပြီးဆုံးသွားပြီ ဆိုပေမဲ့ လူတွေ ဒါမှမဟုတ် ဝိညာဉ်တွေရှိနေဦးမှာပဲ၊ လူဆိုးတွေရဲ့ အပြစ်တွေကို အလင်းပေါ် ရောက်စေချင်တဲ့သူတွေ ရှိနေမှာပဲ၊ ဒါကြောင့်လည်း ကျွန်မက ဒီအလုပ်ကို ဆက်လုပ်နေမှာပါ”

“အသက်ရှင်နေတဲ့သူတွေအတွက်တင် မဟုတ်ဘူး၊ ဖုံးကွယ်ထားတဲ့ လူဆိုးတွေရဲ့ မျက်နှာဖုံးတွေကို ခွာချဖို့၊ ရေအောက်က အဖြစ်ဆိုးတွေကို လူတွေ မြင်အောင် ပြဖို့ လိုအပ်နေသေးတယ်၊ သာမန်လူတွေ မမြင်နိုင် မကြားနိုင်ပေမဲ့ ကျွန်မက မြင်နိုင် ကြားနိုင်တယ်လေ၊ ကျွန်မကတော့ ဘေးကနေ လက်ပိုက်ကြည့်မနေနိုင်ဘူး"

"ရှို့ယာရဲ့ ကိစ္စလိုပေါ့၊ သိတဲ့သူက နည်းနည်းလေးပဲ၊ ကျွန်မတို့မှာလည်း လူသိရှင်ကြား ထုတ်ပြဖို့ သက်သေအထောက်အထား မလုံလောက်ဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ သူမ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ကျွန်မတို့ မြင်ခဲ့ရပြီလေ”

“ဘာလို့လဲဆိုတော့ အမှုမှန်ပေါ်ဖို့ဆိုတာ အသက်ရှင်နေတဲ့သူတွေတောင် လုပ်ဖို့ ခက်ခဲတာ၊ သေပြီးသားသူတွေဆိုရင်တော့ ပိုတောင်ခက်သေးတယ်... သူတို့ရဲ့ အကြောင်းတွေ မပျောက်ပျက်သွားအောင်ပဲ လုပ်ပေးနိုင်တာပေါ့၊ သူမကို မြင်ပေးမယ့်သူ တစ်ယောက်တိုးလာလေ၊ သူမအတွက် အင်အား တစ်ခုတိုးလာလေပဲ၊ ဒါက ကောင်းမွန်တဲ့ တုံ့ပြန်မှု တစ်ခုပါပဲ"

ဝမ်သိုက်နှင့်အတူ ဘေးချင်းယှဉ် လမ်းလျှောက်နေသော လိုင်ဝမ်ရီက ခေါင်းကို အားပါပါ ညိတ်ပြကာ မသိမသာ ဆိုသည်။

"ဒါက ပြောရရင်တော့ စိတ်မကောင်းစရာပဲ၊ ဒါပေမဲ့ လက်တွေ့ပဲလေ၊ ဥပမာ ကျွန်မအဖေလိုပေါ့၊ အဖေက အမှုစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပေမဲ့ အချို့သော အမှုတွေမှာ အမှုမှန်ပေါ်ချင်တဲ့သူတွေကို ကူညီပေးခဲ့ရင်တောင် တကယ်တမ်း ရည်မှန်းချက် ပေါက်မြောက်ဖို့က ခက်ခဲတယ်”

“ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ အဆင့်ဆင့် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ ရှိနေသေးလို့ပဲ၊ အဆင့်တစ်ခုခုမှာ ပြဿနာတက်သွားရင် အဲဒီအမှုကို ပြန်ပြီး စစ်ဆေးဖို့က မဖြစ်နိုင်တော့ဘူး"

"...နေပါဦး၊ ဦးလေးက အမှုစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဟုတ်လား"

ခြေလှမ်းများမှာ နှေးကွေးသွားကာ ဝမ်သိုက်သည် လိုင်ဝမ်ရီ၏လက်မောင်းကို ဆွဲကိုင်လျက် အံ့အားသင့်စွာဖြင့် သူမကို မော့ကြည့်လိုက်လေသည်။

ကားအတွင်းခန်းထဲတွင် ထိုင်ခုံခါးပတ် ပတ်လိုက်သည့် 'ကလစ်' ခနဲ အသံလေး ထွက်ပေါ်လာသည်။

အင်ဂျင်နှိုးနေသော ချန်စစ်ကျယ်သည် ဘေးခုံတွင် လှုပ်ရှားမှုနှေးကွေးနေသော ဝမ်သိုက်ကို တစ်ချက်ကြည့်ကာ မထင်မှတ်ဘဲ မေးခွန်းထုတ်လိုက်သည်။

"မင်းမှာ ပြန်ပြီးစစ်ဆေးချင်တဲ့ အမှုရှိနေတာလား"

ကားအတွင်းခန်းမှ နွေးထွေးမှုကြောင့် လူ၏ ခုခံကာကွယ်လိုစိတ်များ အရည်ပျော်ကျသွားသကဲ့သို့ ရှိချေသည်။ ဝမ်သိုက်သည် ထိုင်ခုံနောက်မှီတွင် မှီလိုက်ကာ ခပ်ယောင်ယောင် အကြည့်တို့ဖြင့် ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။

"ရှိတာပေါ့၊ ပြင်ဆင်နေတာ နှစ်အတော်ကြာပြီ၊ ဘာလဲ... ရှင်က ကျွန်မကို ကူညီမလို့လား"

သူမသည် ခေါင်းကို အသာစောင်းကာ မျက်ဝန်းထောင့်လေးများ အပေါ်သို့ တက်နေသော သူမ၏ မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

သူမ၏အမူအရာတွင် အနည်းငယ် ထီမထင်ဟန် ပါဝင်နေပြီး အမှုဟောင်းတစ်ခုအကြောင်း ပြောနေခြင်းထက် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေခြင်းနှင့် ပိုတူနေပေသည်။

"ကျွန်မမှာ ရှိသမျှပိုက်ဆံက ထိပ်တန်းရှေ့နေတစ်ယောက် ငှားဖို့ပဲ လောက်တာ၊ အထက်လူကြီးတွေကိုလာဘ်ထိုးဖို့ကျတော့ မလောက်သေးဘူး၊ အင်း... ကံကောင်းတဲ့ ရှင့်တို့လို လူမျိုးတွေနဲ့တော့ ယှဉ်လို့မရဘူးပေါ့၊ ကျွန်မကို ကူညီပေးမယ့် စိတ်ကောင်းရှိတဲ့သူ တစ်ယောက်ယောက်နဲ့ ဘယ်တော့မှ ဆုံမလဲတောင် မသိဘူး"

အထက်လူကြီးတွေကို လာဘ်ထိုးဖို့ နှင့် ထိပ်တန်းရှေ့နေတစ်ယောက်ငှားဖို့ပဲ လောက်တယ် ဆိုသည့် အချက်နှစ်ချက်အရ ဝမ်သိုက်ပြန်လှန်စစ်ဆေးချင်သောအမှုမှာ အရေးကြီးသည့် ပုဂ္ဂိုလ်အချို့နှင့် ပတ်သက်နေနိုင်ကြောင်း ဖော်ပြနေသည်။

ချန်စစ်ကျယ်သည် ရှားရှားပါးပါး စာနာစိတ်ဖြစ်သွားကာ သူမကို အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်သော်လည်း သူ ပြောမည့် စကားလုံးများကိုမူ ပြန်လည်ထိန်းချုပ်လိုက်သည်။

တကယ်တော့ သူမ ပြဿနာမှာ အထက်လူကြီးများနှင့် ပတ်သက်နေခြင်းတစ်ခုတည်း မဟုတ်ပေ။ အဓိကမှာ ထိုကဲ့သို့သောအမှုကို လက်ခံရဲသည့် ရှေ့နေတစ်ယောက်ကို ရှာတွေ့ဖို့ပင်။

အရေးကြီးသည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်နေသည့် အမှုမှာ နွံအိုင်ထဲ ဆင်းရသကဲ့သို့ ဖြစ်ကာ နောက်ခံမရှိဘဲ မည်သူကမှ ထိုအန္တရာယ်ကိုမစွန့်စားရဲကြချေ။

သူ၏တိတ်ဆိတ်မှုကို ဝမ်သိုက် ဂရုမစိုက်ဘဲ သူမ ဖုန်းခွံလေးကိုသာ လက်သည်းဖြင့် အပျင်းပြေခြစ်နေရင်း စကားကိုဆက်လိုက်သည်။

"ဒါပေမဲ့... ချန်စစ်ကျယ်၊ ရှင်က တော်တော်လေးကို အသေးစိတ် ဂရုစိုက်တတ်တာပဲနော်"

သူမ အသံမှာ အလွန်တိုးညင်းကာ တစ်ဖက်လူ မကြားစေချင်သကဲ့သို့ပင်။

"မင်းရဲ့ ခုနက အမူအရာအရမ်းသိသာနေလို့ပါ၊ လိုင်ဝမ်ရီက သူမအဖေက အမှုစစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဆိုတာ ပြောတဲ့အချိန်မှာ မင်းရဲ့ တုံ့ပြန်မှုက ချက်ချင်းရပ်သွားပြီး သူမရဲ့ လက်မောင်းကို ဆွဲကိုင်ခဲ့တယ်”

“မျက်ခုံးတွေမြင့်တက်သွားပြီး သူငယ်အိမ်ကလည်း ကျယ်သွားတယ်၊ မေးစေ့ကလည်း လျော့ကျသွားတယ်၊ နှစ်စက္ကန့်လောက် ကြာတဲ့အခါ ပါးပြင်ကြွက်သားတွေ တက်လာပေမဲ့ သူငယ်အိမ်ကတော့ ကျယ်နေတုန်းပဲ"

ကားမောင်းနေသော ချန်စစ်ကျယ်သည် ဦးနှောက်နှစ်လုံးရှိသကဲ့သို့ပင်။ သူ့ အကြည့်မှာ ဝမ်သိုက်ဆီသို့ တိုက်ရိုက် မရောက်သော်လည်း အသေးစိတ် အချက်အလက်များကို စကန်ဖတ်သကဲ့သို့ မှတ်မိနေပေသည်။

ဝမ်သိုက်သည် ခေတ္တမျှ ကြောင်သွားကာ တံတွေးတစ်ချက် မျိုချပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

"ရှင်က အသေးစိတ် ဂရုစိုက်တတ်တာပဲလို့ ပြောတာပါ၊ မျက်နှာပေါ်က အသေးစိတ် ကြွက်သားတွေအထိ သတိထားမိတယ်ဆိုတော့ ချန်စစ်ကျယ်... ရှင် အရင်က ချီကျန့် ဥပဒေအကျိုးဆောင်မှာ နေခဲ့ဖူးတာလား၊ ပြီးတော့ ကျွန်မ ပြောတာက အဲဒီကိစ္စ မဟုတ်ဘူး..."

သူမ အသံမှာ တဖြည်းဖြည်း တိုးသွားပြန်သည်။

မီးပွိုင့်မိသဖြင့် ချန်စစ်ကျယ် ကားကို ရပ်လိုက်သည်။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းကာ လက်တစ်ဖက်ကို လက်ကိုင်ဘီးပေါ် တင်ထားလျက် သူမကို စိုက်ကြည့်လိုက်သည်။

"ဒါဆို မင်းပြောတာက ဘယ်ကိစ္စလဲ"

မိမိ၏အားနည်းချက်ကို တစ်ဖက်လူ သိနေစေကာမူ ထုတ်ဖော်ပြသရန်မှာ ခက်ခဲလှပေသည်။

ဝမ်သိုက်သည် ဖုန်းခွံလေးကို တဝက်လောက်ခွာလိုက်ကာ လက်သည်းဖြင့် ခြစ်နေမိသည်။ သူမ၏ မျက်တောင်ရှည်များမှာ အောက်သို့ ငိုက်ကျနေကာ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ကျနေလေသည်။

"ဟို... ဒီကို စရောက်တဲ့ အချိန်တုန်းကလေ"

သူများမိသားစုတွေ ပျော်ရွှင်နေတာကို ကြည့်ပြီး သူမ မျက်ရည်ကျမိတာကိုတော့ ထုတ်ပြောဖို့မဖြစ်နိုင်ပေ။

All Chapters