← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

🍏 Chapter 88

ဓာတ်လှေကားတံခါး ပွင့်သွားသည့်အသံကို ချီယာ အသေအချာ ကြားလိုက်နိုင်သဖြင့် လက်ဆောင်ပစ္စည်းများကို တိတ်တိတ်လေး ချထားခဲ့ပြီး ထွက်ပြေးရန် ကြံစည်နေသော ချန်စစ်ကျယ်မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။

စစ်ဆေးမေးမြန်းခံရသည့် တရားခံတစ်ဦးကဲ့သို့ ချန်စစ်ကျယ်သည် ဆိုဖာပေါ်တွင် ထိုင်နေရပြီး ဘေးတွင်မူ လက်ပ်တော့ပ် ကီးဘုတ်ကို တဖျတ်ဖျတ် ရိုက်နှက်ကာ ဘေးလူကဲ့သို့ နေနေသော ချန်ဝမ်ခန်း ရှိနေသည်။ သူ၏ရှေ့တွင်မူ စစ်ဆေးရေးအရာရှိ ချီယာ က ရပ်နေ၏။

"အိမ်ထဲဝင်လာတာတောင် နှုတ်မဆက်ဘူး၊ ဘာလဲ၊ ထပ်ပြီး ထွက်ပြေးဦးမလို့လား"

မျက်တောင်များကို အပေါ်အောက် လှုပ်ခတ်လျက် ချန်စစ်ကျယ်၏ ကိုယ်ပေါ်တွင် အကြည့်ဝေ့ဝဲ နေသော ချီယာသည် လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိကာ အခြားလက်တစ်ဖက်ကို နားထင်တွင် တင်လျက် အားအင်ကုန်ခမ်းဟန်ဖြင့် ညည်းတွားလေသည်။

"မဖြစ်တော့ဘူး၊ ငါ တကယ်ပဲ အသက်ရှူရတာ ခက်လာပြီ၊ နင့်လို သားမျိုးကို ငါ ဘယ်လိုများ မွေးမိပါလိမ့်"

သူမသည် ချန်ဝမ်ခန်းဘက်သို့ မျက်စိတစ်မှိတ် ပြလိုက်ရာ ဇနီးသည်နှင့် အကြည့်ချင်းဆုံသွားသော ချန်ဝမ်ခန်းမှာ မလွဲသာဘဲ ဇာတ်နာအောင် လိုက်ကပေးရတော့သည်။

သူသည် လက်ပ်တော့ပ်ကို ဘေးချကာ ထရပ်ပြီး ဇနီးသည်ကို ဆိုဖာပေါ်တွင် အသာအယာ တွဲထိုင် စေသည်။ ထို့နောက် ချန်စစ်ကျယ်ကို မျက်မှောင်ကြုတ်ကြည့်လျက် ဟန်ဆောင်ပန်ဆောင် ဟောက်လိုက်လေသည်။

"မင်း အမေကို စိတ်အေးအောင် မထားနိုင်ဘူးလား"

ဤအခြေအနေကို ရိုးအီနေပြီဖြစ်သော ချန်စစ်ကျယ်က ခေါင်းငုံ့လျက်ပင် အလိုက်သင့် တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်"

ဆိုဖာ၏ နူးညံ့မှုထဲ နစ်ဝင်နေသော ချီယာသည် ချန်စစ်ကျယ်ကို စိုက်ကြည့်ကာ ပြောလေသည်။

"နင် တကယ်ပဲ ငါ့ကို တောင်းပန်ချင်တယ်ဆိုရင် မြန်မြန်လေး ရည်းစားတစ်ယောက်လောက် အိမ်ခေါ်လာခဲ့၊ ဒီနှစ်တွေမှာ နှစ်သစ်ကူးတိုင်း ငါ ဘယ်လောက် မျက်နှာငယ်ရလဲ သိလား”

“မိတ်ဆက်ပေးတာလည်း နင်က မကြိုက်ဘူး၊ ကိုယ့်ဘာသာကိုယ် ရှာခိုင်းတော့လည်း မရှာဘူး၊ တကယ်ပဲ စိတ်ညစ်ဖို့ ကောင်းလိုက်တာ၊ နောက်တစ်နှစ် ကူးတော့မယ်၊ ဒီနှစ်ပြီးရင် နင် အသက် ဘယ်လောက်ရှိပြီလဲ သိလား၊ ၂၈ နှစ်ထဲ ရောက်ပြီ၊ ၃၀ နား နီးကပ်လာပြီ"

မိခင်ဖြစ်သူ၏ အားမလိုအားမရ ဖြစ်နေသော အကြည့်ကို မရင်ဆိုင်ဘဲ ချန်စစ်ကျယ်က မျက်တောင်ကို ချထားလျက် မထင်မှတ်ဘဲ ဆိုလိုက်သည်။

"အမေက မြေးအရမ်းချီချင်နေတယ်ဆိုရင် ကျွန်တော် အမေ့အတွက် စကားနားထောင်တဲ့ ခွေးလေးတစ်ကောင် ရှာပေးမယ်လေ၊ အခုခေတ် အိမ်မှာနေတဲ့ အထီးကျန် သက်ကြီးရွယ်အိုတွေ"

သူ၏ စိတ်ရင်းမှန်ဖြင့် အကြံပြုချက် မဆုံးမီမှာပင် လွင့်လာသော ခေါင်းအုံးက ချန်စစ်ကျယ်ကို စကားဖြတ်စေလိုက်တော့သည်။

ခုနကပင် နာမကျန်းဖြစ်သယောင် လုပ်နေသော ချီယာသည် ကျောကို တည့်မတ်စွာ ထိုင်လိုက်ကာ မျက်လုံးပြူးလျက် ချန်စစ်ကျယ်ကို ဒေါသတကြီး စိုက်ကြည့်လေသည်။

"နင် ဘယ်သူ့ကို အထီးကျန် သက်ကြီးရွယ်အိုလို့ ပြောတာလဲ၊ ငါ အိုနေလို့လား၊ ဘယ်နားမှာ အိုနေလို့လဲ"

သူမက ချန်ဝမ်ခန်းဘက်သို့ လှည့်ကြည့်ပြန်ရာ အတင်းအကျပ် အဆွဲသွင်းခံလိုက်ရသော ချန်ဝမ်ခန်းက လက်ကို မြှောက်ကာ အသာအယာ နှစ်သိမ့်ရပြန်သည်။

"သူ လျှောက်ပြောတာတွေ မယုံနဲ့၊ မင်းက မအိုပါဘူး၊ လုံးဝ မအိုသေးဘူး"

"ဟင်း၊ ဒီလို သားမျိုး မွေးမိလို့ ခွေးကို မြေးအဖြစ် မွေးခိုင်းနေတာ၊ သားဆိုတာ တကယ် မကောင်းဘူး၊ သမီးလေးတွေကမှ ကောင်းတာ၊ လိမ်မာတယ်၊ အလိုက်လည်းသိတယ်၊ ငါနဲ့ ဈေးဝယ်ထွက် စကားပြောလို့ ရသေးတယ်"

သူမသည် ဆိုဖာနောက်မှီတွင် ပြန်မှီကာ ရင်ဘတ်ကို ပုတ်လျက် ဟန်ဆောင်ပန်ဆောင် ညည်းတွား သည်။ သို့သော် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ကျောကို ပြန်မတ်လိုက်ကာ ဆိုလေသည်။

"အင်း...... ဝမ်သိုက်က နှစ်သစ်ကူးရင် တစ်ယောက်တည်း ဖြစ်မှာပဲ၊ သူမကို ငါတို့အိမ် ခေါ်ပြီး အတူတူ နှစ်သစ်ကူးရင် ကောင်းမလား၊ နှမြောစရာပဲ၊ သူမသာ ငါတို့သမီးအဖြစ် လက်ခံခဲ့ရင် ငါ့ရင်ထဲက ဒေါသတွေ ဘယ်လောက်တောင် ပြေသွားမလဲ မသိဘူး"

ဝမ်သိုက်ကိုသာ မွေးစားသမီးအဖြစ်ရခဲ့လျှင် နေအိမ်အား သန့်စင်ပေးခြင်းနှင့် အဆောင်လက်ဖွဲ့များ စီရင်ပေးခြင်းတို့မှာ အလွန်လွယ်ကူသွားမည် မဟုတ်ပါလား။ နောက်ထပ် အဆောင်အချို့ပါ ထည့်လိုက်လျှင် သူမ မြေးချီရဖို့မှာ အိပ်မက်မဟုတ်တော့ပေ။

သို့သော် သူမ၏ကြံစည်မှုများမှာ ဝမ်သိုက်က ငြင်းဆန်ခဲ့သဖြင့် ပျက်ပြားခဲ့ရသည်။

ချီယာသည် ချန်စစ်ကျယ်ကို လက်ယမ်းပြကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။

"နင် ဝမ်သိုက်ဆီသွားပြီး နှုတ်ဆက်လိုက်ဦး၊ နှစ်သစ်ကူး ပစ္စည်းအချို့လည်း ဝယ်သွားပေး၊ လက်ဗလာနဲ့ သွားတာ ရိုင်းရာကျတယ်၊ သူမ နှစ်သစ်ကူးမှာ အားလား မေးကြည့်”

“အားတယ်ဆိုရင် ငါတို့နဲ့အတူ နှစ်သစ်ကူးဖို့ ခေါ်လာခဲ့၊ အဝတ်အစားတွေပါ တစ်ခါတည်း သယ်လာခဲ့ပြီး ငါတို့အိမ်မှာ ခဏနေခိုင်းလိုက်"

"ကျွန်တော်တို့အိမ်နဲ့ သူမက အဲဒီလောက်အထိ ရင်းနှီးလို့လား"

ချန်စစ်ကျယ် မျက်မှောင်ကြုတ်လျက် မိခင်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

ယခုတွင်မူ ချန်ဝမ်ခန်းပင် သားဖြစ်သူဘက်မှ မရပ်တည်တော့ချေ။ သူသည် ချန်စစ်ကျယ်၏ စကားကို ဖြတ်ပြောလိုက်လေသည်။

"ဘာလို့ မရင်းနှီးရမှာလဲ၊ ငါနဲ့ သူမက အားတဲ့အချိန်တိုင်း တရားဓမ္မတွေ ဆွေးနွေးကြတာ၊ သူမက ငါ့အတွက် အသက်အရွယ်မရွေး ခင်မင်ရတဲ့ မိတ်ဆွေစစ်ပဲ၊ မိတ်ဆွေစစ်ကို အိမ်မှာ ခဏလာနေဖို့ ခေါ်တာ ဘာပြဿနာ ရှိလို့လဲ"

"ဟုတ်တယ်၊ ငါနဲ့ သူမကလည်း We Chat မှာ အဝတ်အစားတွေ၊ အိတ်တွေအကြောင်း ခဏခဏ ပြောဖြစ်ကြတာ၊ အလှကုန်တွေအကြောင်းလည်း ပါသေးတယ်”

“ပြီးတော့ ငါ ဘုရားတရားနဲ့ ပတ်သက်လို့ သိချင်တာရှိရင်လည်း သူမကို မေးတာပဲ၊ သူမက အများကြီး သိတာ၊ မေးသမျှကိုလည်း တစ်ခုချင်းစီ သေချာပြန်ဖြေပေးတာ၊ နင့်လို မဟုတ်ဘူး၊ ဟင်း"

ချီယာ၏အကြည့်များတွင် သားဖြစ်သူအပေါ် အားမလိုအားမရ ဖြစ်မှုများ ပိုမိုသိသာလာသည်။

နောက်ဆုံးတွင် ချန်စစ်ကျယ်မှာ အိမ်မှ နှင်ထုတ်ခံလိုက်ရကာ နှစ်သစ်ကူးပစ္စည်းများ ဝယ်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။ ဝယ်ပြီးလျှင်လည်း မိသားစု Group ထဲသို့ ဓာတ်ပုံရိုက်ပို့ရဦးမည် ဖြစ်ကာ ပစ္စည်းများမှာလည်း အပြစ်တင်ခံရနိုင်သေးပေသည်။

သူသည် ပစ္စည်းများကို သယ်လျက် ဖုန်အန်းရပ်ကွက်သို့ လာခဲ့ကာ ခြေကုန်လက်ပန်းကျစွာဖြင့် လှေကားသုံးထပ် တက်ခဲ့သော်လည်း ဝမ်သိုက် အိမ်မှာ မရှိကြောင်း သိလိုက်ရသဖြင့် အလကား သက်သက်လာခဲ့ရခြင်းပင် ဖြစ်တော့သည်။

သူသည် အလုပ်နှစ်ခါလုပ်ရသည်ကို မနှစ်သက်သလို ဤနေရာတွင် စောင့်နေရန်လည်း စိတ်မပါပေ။ သို့သော် လှေကားမှ ပြန်အဆင်းတွင် သူမ ဘယ်မှာ ရှိနေနိုင်သလဲ ဆိုသည့် အဖြေက ခေါင်းထဲသို့ ရောက်လာသည်။

နှလုံးသား၏ လှုပ်ခတ်မှုက စိတ်ချင်း ဆက်သွယ်နေသကဲ့သို့ပင်။ သူမ ရှိနေမည့်နေရာကို သူ အလိုလို သိမြင်နေခြင်း ဖြစ်၏။

သူသည် ထိုခံစားချက်ကို ဘေးဖယ်ထားလိုက်ကာ မိမိကဲ့သို့ တာအိုကျင့်ကြံသူတစ်ယောက်အတွက် အာရုံခံစားမှု ကောင်းနေခြင်းမှာ သဘာဝကျသည်ဟုသာ တွေးလိုက်သည်။

လမ်းတွင် ချင်မိသားစုအတွက် နှစ်သစ်ကူး ပစ္စည်းအချို့ ထပ်ဝယ်လိုက်လေသည်။ ထိုအပြာရောင် အိမ်လေးမှာ ဆောင်းတွင်း လေပြင်းတိုက်လျှင်ပင် လွင့်ထွက်သွားတော့မည့်အတိုင်းပင် ရှိချေသည်။

စားသောက်ဆိုင်တစ်ခုကို ဖြတ်သွားစဉ် သူ၏ဆဋ္ဌမအာရုံက တစ်ခုခုကို သတိပေးလိုက်သဖြင့် ကားရပ်လိုက်သည်။ ဖုန်အန်းရပ်ကွက်သည် ဆယ်နှစ်ခန့် နောက်ကျကျန်နေသည့် ပုံစံရှိပြီး မီးခိုးရောင် အဆောက်အအုံများ များပြားလှသည်။

ထိုဆိုင်လေး၏အဖြူရောင် ဥရောပဟန် ဒီဇိုင်းမှာ ထူးခြားလှပေသည်။

တကယ်တော့ "သူမ ဟင်းချက်စရာတွေ ပြင်ဆင်ထားမှာ မဟုတ်ဘူး" ဆိုသည့် အတွေးက ခေါင်းထဲ ဝင်လာခြင်းပင်။

ချင်ယန်တို့နေထိုင်ရာ နေရာသည် ဖုန်အန်းရပ်ကွက်နှင့် နန်ကွမ်ရပ်ကွက် အစပ်ရှိ ဆင်းရဲနွမ်းပါးသော နေရာဖြစ်သည်။ ကားမောင်းလာခဲ့စဉ် လမ်းဘေးတွင် တိုက်အသစ်ကြီးများ တစ်ဖြည်းဖြည်း ကျန်ရစ်ခဲ့၏။

ကားကို လမ်းကြားဝတွင် ထားခဲ့ကာ လမ်းလျှောက်လာစဉ် နှစ်သစ်ကူး နီးလာသဖြင့် ဤပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေကာ လမ်းဘေးတွင် အရက်ပုလင်းခွံများပင် နည်းပါးသွားသည်။

အိမ်တံခါးဝသို့ ရောက်သောအခါ ဝမ်သိုက်၏ အသံကို ကြားလိုက်ရသည်။ သူမသည် သူမ၏ စေတနာကို တစ်ဖက်လူ လက်ခံနိုင်အောင် ပါးပါးနပ်နပ် ပြောဆိုနေခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူသည် သင့်တော်သော အချိန်ရောက်မှ တံခါးကို ခေါက်လိုက်လေသည်။

အိမ်ထဲတွင် မီးမထွန်းထားသဖြင့် မှောင်မှောင်မည်းမည်း ရှိနေသော်လည်း လူများ၏ အငွေ့အသက်များကြောင့် အခန်းထဲတွင် နွေးထွေးနေပေသည်။

ချင်ယန်က သတ်သတ်လွတ် ခေါက်ဆွဲပြုတ်များ ပြင်ပေးသည်။ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ ရောက်လာမည်ကို မမျှော်လင့်ထားသဖြင့် သူမသည် ခေါက်ဆွဲထဲသို့ ကြက်ဥအချို့ ထည့်ပေးလိုက်၏။

ကြက်ဥပါသော ခေါက်ဆွဲပန်းကန် သုံးလုံးရှိရာ တစ်လုံးမှာ ချင်ထုံ အတွက် ဖြစ်ပြီး ကျန်နှစ်လုံးမှာ ဝမ်သိုက်နှင့် ချန်စစ်ကျယ်အတွက် ဖြစ်သည်။

ဟင်းရည်နည်းပါးသော ထိုခေါက်ဆွဲသည် ဆီအနည်းငယ်သာ ပါဝင်ပေသည်။ ဝမ်သိုက်က သူမ၏ ကြက်ဥပါသော ပန်းကန်ကို ချင်ယန်၏ သတ်သတ်လွတ် ပန်းကန်နှင့် လဲလှယ်လိုက်သည်။

"အစ်မချင်ယန် ၊ အစ်မပဲ စားလိုက်ပါ၊ ကျွန်မကတော့ ကြက်ဥစားရလွန်းလို့ မူးတောင် မူးနေပြီ၊ အိမ်မှာဆိုရင် ကြက်ဥပဲ ပြုတ်စားနေတာ၊ ကိုလက်စထရောတွေ တက်နေပြီလား မသိဘူး"

သို့သော် ဝမ်သိုက် လဲယူလိုက်သော သတ်သတ်လွတ် ပန်းကန်ကို ချန်စစ်ကျယ်က ထပ်မံ လဲယူလိုက် ပြန်သည်။ သူသည် ဝမ်သိုက်၏ အံ့အားသင့်နေသော အကြည့်ကို ဂရုမစိုက်ဘဲ ခေါက်ဆွဲကို မွှေနှောက် လျက် ဆိုလိုက်သည်။

"ကိုလက်စထရောက အဲဒီလောက် အလွယ်တကူ မတက်ပါဘူး၊ မင်း များများစားစမ်းပါ၊ ဦးနှောက်ကို အားဖြည့်ပေးဖို့ လိုအပ်နေတာ"

ထိုကဲ့သို့ ထီမထင် ပြောဆိုသော လေသံကြောင့် ဝမ်သိုက်မှာ သူ့ကို လက်သီးဖြင့် ဆော်ချင်စိတ် ပေါက်သွားရ၏။

"ရှင် စကားကို ကောင်းကောင်း မပြောနိုင်ဘူးလား၊ နှစ်သစ်ကူးတော့မယ်လေ အကိုကြီးရယ်"

ဝမ်သိုက်က သူ့ကို မျက်စောင်းထိုးကြည့်ကာ ရှောင်ထုံကို လှည့်ကြည့်လျက် သတိပေးလိုက်သည်။

"ချင်ထုံ၊ ဒီဦးလေးလိုမျိုး လုံးဝလုပ်ရဘူးနော် သိလား၊ အပြင်ထွက်ရင် အရိုက်ခံရဖို့ အရမ်းလွယ်တယ်"

ရှောင်ထုံ ရယ်မောလျက် ခေါင်းညိတ်သည်။

"ဟုတ်ကဲ့၊ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီဦးလေးလို တော်တဲ့သူ ဖြစ်ချင်တာ"

All Chapters