အခန်း ၉၀
Vol. 9 Ch. 90
🍏 Chapter 90
စကားပင် မဆုံးသေးချေ။
လက်ဆောင်ဗူးများကို ဗီရိုပေါ်တွင် တင်လိုက်သော ချန်စစ်ကျယ်၏ လက်ချောင်းများတွင် အနီရောင် အစင်းကြောင်းများ ထင်ကျန်နေသည်၊ သူက ဝမ်သိုက်ကို ကြည့်ကာ ပြတ်သားစွာ ဆိုသည်။
"မလိုပါဘူး၊ မင်းကို လာရှာတာက ကိစ္စတစ်ခု ပြောဖို့ပဲ၊ ငါ့အဖေနဲ့ အမေက မင်းကို နှစ်သစ်ကူးမှာ အိမ်မှာ လာနေစေချင်တယ်၊ မင်း သဘောတူတယ်ဆိုရင် အခုပဲ အဝတ်အစားတွေ သိမ်းလိုက်တော့"
"ဟင်"
ဝမ်သိုက်၏လက်ထဲမှ ဖိနပ်စွပ်လေး လွတ်ကျသွားကာ မယုံကြည်နိုင်မှုများ သူမ မျက်နှာပေါ်တွင် ပေါ်လာပြန်သည်။
ထူးဆန်းလှသည်ဟု ထင်ရသော်လည်း ချန်မိသားစုမိဘများက သူမကို အလွန်ခင်မင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။
မိမိ၏စိတ်ချရသော နေရာမှ ထွက်ခွာရန် မနှစ်သက်သော်လည်း နောက်ဆုံးတွင် ဝမ်သိုက်သည် အဝတ်အစားများ သိမ်းဆည်းခဲ့သည်။ သူမသည် လူကြားထဲ တိုးထွက်ရသည်ကို မနှစ်သက်သော်လည်း နာမည်ကျော်ကြားရန်အတွက် Live လွှင့်ခဲ့သကဲ့သို့ပင် ဖြစ်သည်။
နွေးထွေးမှုနှင့် လုံခြုံမှုကိုတွယ်တာသော်လည်း ခြေလှမ်းများမှာမူ အမည်မသိ နေရာသစ်များသို့ အမြဲ ဦးတည်နေခဲ့သည်။ သူမသည် သူတစ်ပါးအပေါ် မှီခိုရသည်ကို မနှစ်သက်သော်လည်း လိုအပ်သော အချိန်များတွင်မူ သူမ၏ နွယ်ပင်များကို တစ်ဖက်လူထံသို့ ရစ်ပတ်ပေးရတတ်ပေသည်။
ဖုန်အန်းရပ်ကွက်မှ ထွက်ခွာလာပြီး ကီလိုမီတာ အနည်းငယ် မောင်းနှင်ပြီးနောက် နှင်းများကြားရှိ ချန်မိသားစု၏အိမ်ကြီးမှာ ရဲတိုက်ကြီးကဲ့သို့ ခန့်ညားထည်ဝါစွာ ပေါ်လာသည်။
ချန်စစ်ကျယ်က ခရီးဆောင်အိတ်ကို သယ်သွားပေးသဖြင့် ဝမ်သိုက်မှာ သက်သောင့်သက်သာ လိုက်ပါလာရသော်လည်း သူမကို ဝန်ဆောင်မှု ပေးနေသော ထိုလူမှာမူ သူမအတွက် စိတ်အေးစရာ မကောင်းဆုံး လူပင် ဖြစ်သည်။
ခြံထဲရှိ ရေကန်ကို ဖြတ်သွားစဉ် ဝမ်သိုက်သည် ချန်စစ်ကျယ်ကို တစ်လှည့်၊ ရေကန်ကို တစ်လှည့် ကြည့်နေမိသည်။ သူမသည် ထိုလူက သူမ၏ အိတ်ကို ရေထဲသို့ ရုတ်တရက် ပစ်ချလိုက်မည်ကို စိုးရိမ်နေမိခြင်း ဖြစ်၏။
အိမ်တံခါး ပွင့်သွားသည်နှင့် နွေးထွေးသော လေထုက သူမ၏ မျက်နှာကို လာရောက် ထိတွေ့သည်။ ဝမ်သိုက်သည် သူမ၏ ဟန်ဆောင်မျက်နှာဖုံးကို ပြန်လည် တပ်ဆင်လိုက်ကာ အိတ်ကို လာသယ်ပေးသော အိမ်ဖော်ကို ပြုံးပြလိုက်သည်။
ဧည့်ခန်းထဲသို့ ဝင်လာသောအခါ နို့လက်ဖက်ရည်နံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ချီယာသည် ပြုံးရွှင်စွာဖြင့် ကြိုဆိုကာ ဝမ်သိုက်၏ လက်ကို ဆွဲပြီး ဘေးတွင် ထိုင်စေသည်။
"နင် လာပေးလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဒီနှစ်သစ်ကူးက ပျော်စရာ ကောင်းတော့မှာ မဟုတ်ဘူး"
ချီယာ၏စရိုက်မှာ အနည်းငယ် ထူးဆန်းသည်ကို ဝမ်သိုက် သိသော်လည်း We Chat တွင် စကားပြောရသည်မှာ အပြင်မှာနှင့် မတူပေ။ အပြင်တွင်မူ ဝမ်သိုက်သည် ချီယာနှင့် ပထမဆုံး ဆုံတွေ့ခဲ့စဉ်က မောက်မာသောပုံစံကိုသာ ပြန်လည် မြင်ယောင်နေမိသည်။
သို့သော် ယခုတွင်မူ ထိုအထက်တန်းလွှာ အမျိုးသမီးကြီးမှာ ဝမ်သိုက်ကို နို့လက်ဖက်ရည်ကမ်းပေးနေပြီဖြစ်သည်။
"ကဲ၊ မြည်းကြည့်ပါဦး၊ နင် ဒီနေ့ပဲ လာနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး၊ ငါ့ဘာသာ ငါ အရင် လေ့ကျင့်နေတာ၊ မိန်းကလေးတွေက နို့လက်ဖက်ရည် ကြိုက်တတ်ကြတယ် မဟုတ်လား၊ ငါ မြည်းကြည့်ပြီးပြီ၊ အရသာ တကယ် ကောင်းတယ်"
ချီယာ၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များအောက်တွင် နို့လက်ဖက်ရည် သိပ်မကြိုက်သော ဝမ်သိုက်သည် ချန်စစ်ကျယ်ကို လှည့်ကြည့်လိုက်သည်။ သို့သော် သူမကို ခေါ်လာသော ထိုလူမှာမူ ဆိုဖာပေါ်တွင် မှီကာ ဖုန်းကိုသာ အာရုံစိုက်နေပြီး သူမကို တစ်ချက်ပင် မကြည့်ချေ။
"ဟုတ်ကဲ့ပါ၊ အနံ့တင် မွှေးနေတာပဲ၊ အရသာကတော့ ပြောစရာမလိုလောက်ပါဘူး"
ဝမ်သိုက် ပြုံးလျက် နို့လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ အရသာမှာ ထင်ထားသည်ထက် ပိုမိုကောင်းမွန်လှသဖြင့် သူမ၏ မျက်လုံးလေးများ ဝိုင်းသွားရ၏။
"အရမ်းကောင်းတယ်၊ အန်တီ့လက်ရာက တကယ် ကောင်းတာပဲ"
ချီယာ ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ကာ ဆိုသည်။
"ကောင်းမှာပေါ့၊ ငါက နိုင်ငံခြားက နွားနို့နဲ့ ဖုန့်ဟွမ်တန်းချုံး လက်ဖက်ရည်ကို သုံးထားတာ"
ဝမ်သိုက်သည် လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်မိသည်။ ကောင်းရခြင်း အကြောင်းရင်းမှာ ပိုက်ဆံနံ့များပါနေသောကြောင့် ဖြစ်ပေလိမ့်မည်။
"အင်း၊ ဝမ်သိုက်လေး၊ နင် ငါ့သားကို ကြည့်ပါဦး၊ သူ အသက် ၃၀ မတိုင်ခင် မိန်းမရနိုင်မယ့် မျှော်လင့်ချက် ရှိသေးရဲ့လား"
ချီယာသည် ဝမ်သိုက်၏နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ သူမ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပိုမိုတောက်ပနေသည်။
ဝမ်သိုက်သည် ချန်စစ်ကျယ်ကို ခိုးကြည့်လိုက်ရာ အမျိုးသားမှာမူ အလုပ်ရှုပ်နေဆဲပင်။
သူမသည် ထိုမေးခွန်းကို သူမ၏ နောက်ကွယ်မှ အစောင့်အရှောက်များထံ မေးမြန်းလိုက်သည်။
ယခုတစ်ခါတွင်မူ "ကောင်းကင်လျှို့ဝှက်ချက်ကို ပြော၍မရ" ဟူသော စကားမျိုး ထွက်မလာဘဲ ခြားနားသော အဖြေတစ်ခု ထွက်ပေါ်လာသည်။
"၃၀ ဝန်းကျင်လောက်မှာတော့ ရနိုင်ပါတယ်"
ဝမ်သိုက်က ချီယာကို ထိုအချက်အလက်ကို ပြန်လည် ပြောပြလိုက်စဉ် ရင်ထဲတွင် အကြောင်းမဲ့ နာကျင်သွားရသည်။ သူမက တွေးမိသည်။ ချန်စစ်ကျယ်ကို ဘယ်သူက ကြိုက်မှာလဲ။
သို့သော် တစ်ဖန် ပြန်စဉ်းစားကြည့်လျှင် သူက ရုပ်ရည်၊ ပိုင်ဆိုင်မှု၊ အရည်အချင်း အားလုံး ပြည့်စုံနေသည့်အတွက် အမျိုးသမီးများ၏စိတ်ကူးယဉ် အိမ်မက်ထဲမှ လူတစ်ဦး ဖြစ်နေပြန်သည်။
ပါးစပ်သရမ်းသည်ကလွဲလျှင် သူ့ အားသာချက်များက အားနည်းချက်များကို ဖုံးလွှမ်းသွားနိုင်ပေသည်။
ချီယာကတော့ အလွန်အမင်း စိတ်လှုပ်ရှားသွားကာ အော်ပြောလိုက်မိသည်။
"တကယ်လား၊ အို၊ ကောင်းကင်ကြီးက မျက်နှာသာ ပေးတာပဲ၊ ၃၀ ဆိုလည်း ဖြစ်ပါတယ်၊ ၃၀ ဆိုရင်လည်း မဆိုးပါဘူး"
ချီယာသည် ဝမ်သိုက်၏ လက်ကို ဆုပ်ကိုင်ကာ ဝမ်းသာအားရ ဖြစ်နေပြီး ဆက်၍ မေးလိုက်ပြန်သည်။
"အဲဒါကို ယတြာချေပြီး ရှေ့တိုးလို့ ရမလား၊ ၃၀ မှာ ကလေးရရင် ပိုကောင်းမယ် ထင်တယ်၊ မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်၊ ငါက မြေးကို လက်ထပ်တဲ့အထိ မြင်ချင်သေးတာ"
စကားအားလုံးကို ကြားနေရသော ချန်စစ်ကျယ်မှာ ဖုန်းကို ချလိုက်ကာ သူတို့ကို ကြည့်လိုက်သည်။ သူက ဝမ်သိုက်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
"ငါ့မျက်စိရှေ့တင် ငါ့အမေဆီက ပိုက်ဆံရှာဖို့ကြိုးစားနေတာ မဟုတ်လား"
"မဟုတ်ပါဘူး၊ ကျွန်မက အန်တီနဲ့ အကျိုးအကြောင်း ဆွေးနွေးနေတာပါ၊ ပိုက်ဆံလည်း မယူထားဘူး၊ ဒါကို ပိုက်ဆံရှာတယ်လို့ ပြောလို့ မရဘူးလေ၊ ရှင်က လူကို အလကားနေရင်းစွပ်စွဲနေတာပဲ"
ဝမ်သိုက်သည် ချီယာ၏ရှေ့တွင် သူမ ပုံရိပ်ကို ထိန်းသိမ်းရင်း လက်ကိုအပြင်းအထန် ယမ်းကာ ငြင်းဆိုလိုက်သည်။
ချန်စစ်ကျယ်ကမူ မိခင်ဖြစ်သူကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မေမေ၊ ဒီလို အယူသီးတာတွေကိုပဲ အမြဲမယုံပါနဲ့၊ သိပ္ပံပညာကို ယုံကြည်တာ ပိုမကောင်းဘူးလား၊ ဘဝဆိုတာ ကိုယ့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်တာ၊ ကျွန်တော် မိန်းမ မယူချင်ရင် ၃၀ မှာလည်း ယူဖြစ်မှာ မဟုတ်ဘူး"
ချီယာကတော့ သားဖြစ်သူ၏စကားကို နားမဝင်သလို မျက်နှာလွှဲထားလိုက်သည်။
ထိုစဉ် အိမ်ရှေ့တံခါးပွင့်သွားကာ ချန်ဝမ်ခန်း ပြန်ရောက်လာသည်။ သူက လက်ဆောင်ပစ္စည်းများကို အိမ်ဖော်ထံပေးလိုက်ရင်း ညည်းတွားလိုက်သည်။
"အခုလေးတင် လင်းမိသားစုဆီ သွားပို့တာ၊ ပြန်လာတော့ လမ်းမှာ ယာဉ်တိုက်မှုဖြစ်နေတာနဲ့ တိုးတယ်၊ ကြားရတာတော့ အဲဒီကလေးက လမ်းဘေးမှာ အမှိုက်ကောက်စားနေတဲ့ ကလေးတဲ့၊ မိဘတွေလည်း မရှိဘူး၊ အနီးနားက ဆိုင်ရှင်အချို့ပဲ သိကြတာ၊ အဲဒီကလေးက အရမ်းယဉ်ကျေးပြီး လိမ်မာတယ်လို့ပြောကြတယ်၊ တကယ်ပဲ လူ့သက်တမ်းကမမြဲပါလား"
သူ ဧည့်ခန်းထဲသို့ လှမ်းဝင်လာရင်း ဝမ်သိုက်ကို မြင်သောအခါ ပြုံးလိုက်သည်။
"ဝမ်သိုက်လေး ရောက်နေတာလား"
ဝမ်သိုက်ကတော့ ပြုံးမပြနိုင်ဘဲ သူမ အကြည့်မှာ ချန်ဝမ်ခန်း၏ခြေထောက်နားတွင်သာ ရပ်တန့်နေသည်။
"ဦးလေးချန်၊ အဲဒီ ယာဉ်တိုက်မှု ဖြစ်သွားတဲ့ ကလေးရဲ့ ပုံစံကို မြင်ခဲ့လားဟင်"
မိမိခြေထောက်နားတွင် တစ်ခုခုရှိနေသည်ကို မသိသော ချန်ဝမ်ခန်းက ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ ဆိုသည်။
"မမြင်လိုက်ရဘူး၊ ဒါပေမဲ့ အင်္ကျီအပြာလေး ဝတ်ထားတယ်လို့တော့ကြားတယ်၊ တိုက်မိတဲ့လူကလည်း တာဝန်သိပါတယ်၊ မပြေးဘဲ ဆေးရုံပို့ပေးလိုက်တယ်၊ ဒါပေမဲ့ ဘေးလူတွေ ပြောတာတော့ အဲဒီကလေး မလွယ်တော့ဘူးတဲ့၊ ရှေးလူကြီးတွေ ပြောသလိုပေါ့၊ ယာဉ်တိုက်မှုမှာ ဖိနပ်ကျွတ်ကျရင် မသေရုံတမယ်ပဲလို့"
ဝမ်သိုက်၏အကြည့်မှာ ချန်ဝမ်ခန်း၏ခြေထောက်နားတွင် ရှိနေသော ကလေးဆီသို့ အလိုလို ရောက်နေသည်။ သူမက တိုးတိုးလေး ဆိုလိုက်သည်။
"အဲဒီကလေးက အပြာရောင် အင်္ကျီအရှည် ဝတ်ထားတယ်၊ ဒူးအထက်လောက်အထိပဲ၊ ဂျင်းဘောင်းဘီ အစုတ်လေး ဝတ်ထားပြီး ဖိနပ်ကတော့ အပြာရင့်ရောင် အားကစားဖိနပ် အောက်ခံကွာနေတာ၊ ဆံပင်တွေက မျက်လုံးကိုဖုံးနေပြီး အသားအရည်က ညိုညိုလေး မဟုတ်လား"
ဝမ်သိုက်၏အသေးစိတ် ဖော်ပြချက်ကြောင့် ချန်ဝမ်ခန်းနှင့် ချန်စစ်ကျယ်တို့မှာ မျက်နှာပျက်သွားကြသည်။ ချီယာကမူ အံ့ဩတကြီး မေးလိုက်၏။
"နင် ဘယ်လိုလုပ် အဲဒီလောက် အသေးစိတ် သိနေတာလဲ"
ဝမ်သိုက် တံတွေး တစ်ချက် မျိုချလိုက်ကာ သူမ အကြည့်မှာ ဆိုဖာရှေ့ရှိ ဗလာနယ်နေရာတွင်သာ ရှိနေသည်။ ကျန်သူများက ထိုနေရာကို ကြည့်သော်လည်း ဘာမှ မမြင်ရချေ။
ချန်စစ်ကျယ်သည် စိတ်ကို စုစည်းကာ တတိယမျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ဝမ်သိုက် ပြောသော ကလေးကိုမြင်လိုက်ရတော့သည်။
ထိုကလေးလေးမှာ မိမိကိုယ်ကို အသက်ရှင်နေသေးသည်ဟု ထင်မှတ်ကာ ချန်ဝမ်ခန်း၏ ခြေထောက်ကို သတိထားရှောင်ရှားနေသည်။ သူသည် ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့၏အကြည့်ကို ခံစားမိသောအခါ ကြောက်လန့်တကြားဖြင့် သူ့ အင်္ကျီစကို ဆုပ်ကိုင်ထားသည်။
ဆံပင်အရှည်များကြားမှ သူ၏ မျက်လုံးလေးများမှာ ကြောက်ရွံ့နေဟန် ရှိပေသည်။
ရုတ်တရက် ဝိညာဉ်ဘဝသို့ ရောက်သွားရသဖြင့် သူလည်း အလွန်ကြောက်နေပေလိမ့်မည်။
"အဲဒီကလေးက ဦးလေးနောက်က လိုက်လာတာ၊ အခု အဲဒီမှာ ရှိနေတယ်"
ဝမ်သိုက် မေးစေ့ဖြင့် ညွှန်ပြလိုက်သည်။
ချီယာက အော်ဟစ်လိမ့်မည်ဟု ထင်ထားသော်လည်း သူမသည် မျက်မှောင်ကြုတ်ကာ ထိုနေရာကို ကြည့်လိုက်ပြီး နို့လက်ဖက်ရည်ခွက်ကို ထိုဘက်သို့ တိုးပေးလိုက်သည်။ သူမက ဆိုဖာပေါ်တွင် ပြန်ထိုင်ကာ စဉ်းစားဟန်ဖြင့် ဆိုလေသည်။
"ငါ သိသလောက်တော့ အမွှေးတိုင်ထွန်းပေးရင် သူ အရသာမြည်းနိုင်တယ် ထင်တယ်၊ ဒါပေမဲ့ ငါက ကြောက်လည်း ကြောက်တယ်"