အခန်း ၉၂
Vol. 10 Ch. 92
🍏 Chapter 92
“အမည်းရောင်အရာတွေလားဟင်... အင်း... ကားတိုက်ခံရတုန်းက အသံတွေအများကြီး ကြားလိုက်ရတယ်၊ ဒါပေမဲ့ ဘာပြောနေမှန်း သေသေချာချာ မသိဘူး၊ တစ်ခွန်းပဲ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်”
ဝမ်သိုက် စကားကြောင့် ဇဝေဇဝါ ဖြစ်သွားဟန်ရှိသော ကျန့်ယီသည် သူ၏ မှုံဝါးဝါး မျက်လုံးလေးများကို ဖွင့်ကာ မှောင်မိုက်နေသော လေထုထဲတွင် အဖြေရှာနေသကဲ့သို့ ရှိသည်။
သူသည် ဝတ်ထားသော ကုတ်အင်္ကျီစုတ်လေးကို ဆွဲကိုင်ထားရာမှ လက်ကိုလွှတ်လိုက်ပြီး လက်ညှိုးလေးဖြင့် မေးစေ့ကို ကုတ်ကာ ပြန်စဉ်းစားနေသည်။
“သူတို့က ပြောတယ်... မြန်မြန်ပြန်သွားတော့ တဲ့၊ ဒါပေမဲ့ ဘယ်ကိုပြန်သွားရမှာလဲ ကျွန်တော် မသိဘူး၊ အဲဒီနောက်မှာ ဒီဦးလေးကိုမြင်တာနဲ့ နောက်က လိုက်လာခဲ့တာပဲ”
ဝမ်သိုက်သည် ဆဲဆိုလိုသော စကားလုံးကို မနည်းအောင့်ထားလိုက်ပြီး ဝုန်းခနဲ ထရပ်လိုက်သဖြင့် ကျန်ရှိနေသော လူများ၏အကြည့်မှာ သူမထံသို့ တစ်ပြိုင်နက် ရောက်ရှိလာကြသည်။
ကျန့်ယီ စကားပြောနေစဉ်မှာပင် သူမ အစောင့်အရှောက်များဆီမှ နောက်ကျနေသော သတင်းစကားတစ်ခု သူမထံ ရောက်ရှိလာသည်။
“ကျန့်ယီ မသေသေးဘူး”
ထိုတိုတောင်းလှသော စကားလေးလုံးကို ဝမ်သိုက် ပြောလိုက်သောအခါ ချန်ဝမ်ခန်းနှင့် ချီယာတို့မှာ ထိတ်လန့်သွားကြသော်လည်း ချန်စစ်ကျယ်မှာမူ ဘာမှမထူးခြားဘဲ သူခန့်မှန်းထားသည့်အတိုင်း ဖြစ်နေဟန်ရှိသည်။
ချီယာသည် ကျန့်ယီကို သေသေချာချာ ထပ်မံကြည့်ရှုသည်။ အရှေ့မှ ဝိညာဉ်သည် အခန်းတွင်းရှိ အလင်းရောင်နှင့် တစ်သားတည်း မကျဘဲ မျက်နှာတစ်ခြမ်းမှာလည်း ဆံပင်များအောက်တွင် ဖုံးကွယ်နေသည်။ မည်သို့ကြည့်ကြည့် အာဃာတရှိသော ဝိညာဉ်လေးနှင့်သာ တူနေပေသည်။
သူမ ဝမ်သိုက်ကို အံ့အားသင့်စွာ မေးလိုက်သည်။
“သူ... မသေသေးဘူးဆိုတာ ဘယ်လိုသိတာလဲ”
မေ့လျော့နေမိသော အချက်က ပြဿနာအဖြစ်ပြန်လည်ရောက်ရှိလာသဖြင့် ဝမ်သိုက်သည် နဖူးကို လက်ဖြင့်ဖိကာ သက်ပြင်းချလိုက်သည်။
“သူက ဝိညာဉ်ထွက်သွားတာပါ၊ သာမန်လူတွေ ဝိညာဉ်လွင့်ရင် အစိတ်အပိုင်းအချို့ပဲ လွင့်တတ်တာ၊ သူကတော့ တစ်ကိုယ်လုံးထွက်လာတာပဲ၊ အခု အသေးစိတ် ရှင်းပြနေဖို့ အချိန်မရှိဘူး၊ သူ့ကို အမြန်ဆုံးပြန်ပို့ရမယ်၊ မဟုတ်ရင် သူ လူသေလိုဖြစ်သွားလိမ့်မယ်”
ချန်ဝမ်ခန်းနှင့် ချန်စစ်ကျယ်တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်ထရပ်လိုက်ကြသည်။
“ငါ လိုက်ပို့မယ်”
ချီယာသည်လည်း သားနှင့် ခင်ပွန်းကို ကြည့်ကာ “ငါလည်း လိုက်မယ်” ဟု ဆိုသည်။
သို့သော် အားလုံးသွား၍မရချေ။ ဝမ်သိုက်က ချန်ဝမ်ခန်းမှာ ယန်ဓာတ် နည်းနေသဖြင့် အိမ်မှာသာ နားရန်နှင့် ချီယာက သူ့ကိုကြည့်ရှုစောင့်ရှောက်ရန်ပြောကာ လူခွဲလိုက်သည်။ ချီယာ၏တတိယ မျက်လုံးကိုလည်း ပြန်ပိတ်ပေးလိုက်သည်။
ကျန့်ယီကို လူတစ်ယောက်ကဲ့သို့ သဘောထားကာ ဝမ်သိုက် ကားတံခါးဖွင့်ပေးပြီး နောက်ခန်းသို့ တက်ခိုင်းလိုက်သည်။ ကောင်လေး လိမ္မာစွာ ထိုင်နေရင်း ဝမ်သိုက်ကို မေးသည်။
“အစ်မ၊ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ”
ဝမ်သိုက် ထိုင်ခုံခါးပတ်ပတ်ရင်း ခပ်သွက်သွက် ဖြေလိုက်သည်။
“ဆေးရုံ”
“မင်းရဲ့ ခန္ဓာကိုယ်ရှိတဲ့ ဆေးရုံကို သွားမှာ”
ဆေးရုံ၏ဖြူလွှလွှ နံရံများရှေ့ရှိ သံမဏိထိုင်ခုံများတွင် မိသားစုတစ်စု စောင့်ဆိုင်းနေကြသည်။ ခွဲစိတ်ခန်းရှေ့တွင် အဘွားအိုတစ်ဦးက မြေပြင်ကို တုတ်ဖြင့်ခေါက်ကာ ညည်းတွားနေသည်။
“ငါ့နှယ်နော်၊ ကိုယ့်ကလေး ဒီလောက်ဖြစ်နေတာကို မိဘတွေက ပေါ်မလာကြဘူး”
အဘွားအိုကိုတွဲထားသော အမျိုးသမီး လီချမ်က စိုးရိမ်တကြီးဖြင့် ခွဲစိတ်ခန်းကို ကြည့်ရင်း ဘေးတွင် ဟိုဟိုဒီဒီလျှောက်နေသောအမျိုးသား ဖန့်ယန်ကို မေးသည်။
“ရှင် တကယ်ပဲ သူ ရုတ်တရက် ပြေးထွက်လာလို့ တိုက်မိတာ သေချာရဲ့လား”
ဖန့်ယန်သည် စိတ်တိုတိုဖြင့် သူ့ နက်ကတိုင်ကို ဆွဲချွတ်လိုက်ကာ
“မင်း ငါ့အကြောင်း သိသားပဲ၊ ငါ ဘယ်တုန်းက ညာဖူးလဲ၊ ငါ့အမှားဆိုရင် ငါ ဝန်ခံမှာပါ၊ ဒါပေမဲ့ အဲဒီအချိန်က ဘယ်သူပဲဖြစ်ဖြစ် ရှောင်လို့ရမှာ မဟုတ်ဘူး”
ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ ကျန့်ယီကို ခေါ်ဆောင်ကာ ရောက်ရှိလာချိန်တွင် ထိုမိသားစုနှင့် တိုးတော့သည်။ ဝမ်သိုက်သည် မောဟိုက်နေသော်လည်း ကျန့်ယီကို ခွဲစိတ်ခန်းထဲသို့ ကိုယ်တိုင်ဝင်ရန် ညွှန်ကြားလိုက်သည်။
“ကျန့်ယီ၊ ကျန်တဲ့လမ်းကိုတော့ ငါ လိုက်ပို့လို့ မရတော့ဘူး၊ မင်းဘာသာ ဝင်သွားပြီး မင်းရဲ့ခန္ဓာကိုယ်ကို တွေ့ရင် အထဲကိုတိုးဝင်သွားလိုက်၊ နောက်တစ်ခါ ငါတို့တွေ့တဲ့အခါ မင်းက အသွေးအသားနဲ့ လူသားတစ်ယောက် ဖြစ်နေမယ်လို့ ငါယုံကြည်တယ်”
ဝမ်သိုက် စိတ်ချင်း ဆက်သွယ်ကာ ပြောလိုက်သည်။
ကျန့်ယီ ခေါင်းညိတ်ကာ “ဟုတ်ကဲ့၊ အစ်မ၊ ဦးဦး၊ တာ့တာ” ဟု နှုတ်ဆက်ကာ ခွဲစိတ်ခန်းထဲသို့ ပျောက်ကွယ်သွားသည်။
သို့သော် လီချမ်တို့အမြင်တွင်မူ ဝမ်သိုက်မှာ ဘာမှမရှိသော နေရာကို ကြည့်ကာ ပြုံးပြနေသဖြင့် ကြောက်လန့်သွားကြသည်။
“ရှင်တို့... စိတ်ကျန်းမာရေးဌာနကို သွားမလို့လား၊ အဲဒါက လေးထပ်မှာ၊ ဒီမှာက အရေးပေါ် ခွဲစိတ်ခန်းပါ” ဟု လီချမ်က သတိပေးသည်။
ချန်စစ်ကျယ်က ရယ်ချင်စိတ်ကို အောင့်ထားရင်း “ဪ... သတိပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ သူမက ဒီမှာပဲ နေချင်နေလို့ပါ” ဟု လှောင်ပြောင်သလို ပြောလိုက်သည်။
ဝမ်သိုက်မှာ မိမိကိုယ်ကို သူများအမြင်တွင် စိတ်ဝေဒနာရှင် ဖြစ်သွားမှန်း သိလိုက်ရသဖြင့် ချန်စစ်ကျယ်ကို လက်မောင်းဖြင့် တွန်းကာ ရန်လုပ်တော့သည်။
မကြာမီ ခွဲစိတ်ခန်းတံခါး ပွင့်လာပြီး ဆရာဝန် ထွက်လာကာ ကလေး၏ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ကြောင်းနှင့် အရိုးအချို့ ကျိုးသွားသဖြင့် ကုသမှုခံယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖန့်ယန် မိသားစုမှာ သက်ပြင်းချကာ ပျော်ရွှင်သွားကြသည်။
ကျန့်ယီ အန္တရာယ်ကင်းသွားသည်ကို သိရသဖြင့် ဝမ်သိုက် စိတ်အေးသွားသည်။ သူမနှင့် ချန်စစ်ကျယ်တို့ ဆေးရုံမှထွက်လာစဉ် ဝမ်သိုက် ဆင်ခြင်တုံတရားဖြင့် ဆိုသည်။
“ကျန့်ယီရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲ မသိဘူး... သူ လူကောင်းတစ်ယောက် ဖြစ်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ”
ချန်စစ်ကျယ် သူမကို လှောင်သလို ကြည့်ကာ “မင်းက တော်တော်စွမ်းတာပဲ၊ ငါ့မိဘတွေတောင် မင်းကို အဲဒီလောက် ယုံကြည်နေတာ၊ မင်းမှာ မသိတာ ရှိလို့လား”
ဝမ်သိုက် မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။
“ရှင်ကတော့ စကားကို ရိုးရိုးမပြောဘူး၊ ရှင့်အမေ ကျွန်မကို ပိုချစ်လို့ မနာလိုဖြစ်နေတာလား၊ ရှင် အဲဒီလောက်အထိ ကလေးကလား ဆန်တာလား”
ဓာတ်လှေကား ခလုတ်ကိုနှိပ်ရင်း ဝမ်သိုက် သူ့ကို အထင်သေးသလို ကြည့်ကာထပ်ပြောသည်။
“ရှင်က မာမားဘွိုင်းလေးများလား”