အခန်း ၉၃
Vol. 10 Ch. 93
🍏 Chapter 93
သတိမထားမိခင်မှာပင် ရပ်တန့်သွားခဲ့သော နှင်းများက ပြန်လည်ကျဆင်းလာပြန်သည်။ ကားမှန်ပေါ်သို့ ကျလာသော နှင်းပွင့်လေးများသည် ခဏချင်းမှာပင် အရည်ပျော်သွားကြ၏။
နွေးထွေးလှသော ကားထဲတွင် ဝမ်သိုက်သည် သူမ၏ လက်ထိပ်လေးဖြင့် အေးစက်နေသော မှန်ကို တို့ထိနေသည်။ လက်ချောင်းလေးများကြားမှ နှင်းများကို ကြည့်နေမိသော်လည်း ထိတွေ့ခွင့်မရဘဲ အရည်ပျော်သွားသည်ကိုသာ မြင်နေရသည်။
“ကျန့်ယီရဲ့ အနာဂတ်ကို ကျွန်မ ကံကြမ္မာမကြည့်ခဲ့တာက မကြည့်ရဲလို့ရော၊ ကြည့်ဖို့ မလိုဘူးလို့ ထင်လို့ရောကြောင့်ပါ၊ လူတိုင်းမှာ ကိုယ့်လမ်းနဲ့ကိုယ် ရှိကြတာပဲ၊ ကျွန်မက သူ့အနာဂတ်လမ်းကို ကြိုကြည့်လိုက်လို့ရော ဘာထူးမှာလဲ”
“သူ့လမ်းကို ပိုချောမွေ့အောင် ကျွန်မ မလုပ်ပေးနိုင်သလို၊ သူ့ကို တွဲခေါ်ပေးဖို့ အစွမ်းလည်း မရှိဘူး၊ သူ လျှောက်လှမ်းနေတာကို ကြည့်နေခွင့်တောင် ရမှာမဟုတ်ဘူးလေ၊ သိနေလည်း အပိုပဲ၊ ဘာမှမထူးခြားတဲ့ကိစ္စကို ကြည့်နေဖို့မလိုပါဘူး”
နှင်းပွင့်လေးများမှာ ရေစက်အဖြစ် ပြောင်းလဲသွားပြီး ဝမ်သိုက်လည်း မှန်ပေါ်မှ သူမ၏ လက်ကို ပြန်ရုတ်လိုက်သည်။
ဘေးထိုင်ခုံတွင် ထိုင်နေသော ချန်စစ်ကျယ်သည် ဝမ်သိုက်၏မျက်နှာပေါ်မှ ဝေခွဲမရသော ခံစားချက်ကို သတိထားမိလိုက်သည်။ သူ အပြင်ဘက်ရှိ ဆိုင်တန်းများကို ကြည့်ရင်း လေသံအေးအေးဖြင့် မေးလိုက်သည်။
“အင်း... ချောကလက် စားမလား”
ထိုသို့ ဖြတ်ခနဲ ပြောင်းလဲသွားသော စကားဝိုင်းကို ဝမ်သိုက် အလိုက်သင့်ပင် တုံ့ပြန်လိုက်သည်။ သူမ၏ စိတ်ထဲမှအတွေးများမှာ အရည်ပျော်သွားသော နှင်းများကဲ့သို့ပင် ပျောက်ကွယ် သွားဟန်ရှိသည်။
“ကောင်းသားပဲ”
အချိုစာ သိပ်မစားတတ်သော ဝမ်သိုက်သည် ယနေ့မှ ထူးထူးခြားခြား ကိတ်မုန့်လေး တစ်ခုနှင့်အတူ ဆိုင်ထဲရှိ ချောကလက် အမျိုးမျိုးကိုဝယ်ယူခဲ့သည်။ သူမ လက်ထဲတွင် ချောကလက်အိတ်များကို ဆွဲလျက် ချန်မိသားစုဗီလာထဲသို့ ပြန်ရောက်လာသောအခါ ဧည့်ခန်းတွင် စောင့်နေသော ချီယာက လှမ်းကြည့်လိုက်သည်။
ချီယာသည် ဝမ်သိုက်လက်ထဲမှ အိတ်များကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးသည်။
“ဒါက... မုန့်တွေ အများကြီးပါလား၊ ဟိုကလေးလေးကော ဘယ်လိုနေလဲ”
ဝမ်သိုက် ပြုံးလိုက်သဖြင့် သူမ၏ သွားတက်ကလေးမှာ မသိမသာ ပေါ်လာသည်။
“ရုတ်တရက် ချောကလက် စားချင်လာလို့ ဝယ်လာတာပါ၊ ကျန့်ယီကတော့ အခုထိ အိပ်နေတုန်းပဲ၊ အခြေအနေကတော့ တည်ငြိမ်နေပါပြီ”
ချန်ဝမ်ခန်းသည်လည်း သူ့ လပ်တော့ကို ပိတ်ကာ ခေါင်းညိတ်လိုက်သည်။
“အန္တရာယ်ကင်းသွားရင် ပြီးတာပါပဲ၊ ကံဆိုးခြင်းနောက်မှာ ကံကောင်းခြင်း လိုက်လာမှာပါ၊ သူက ကံကောင်းတဲ့ကလေး ဖြစ်မှာပါ”
ကံကောင်းခြင်း ဟုတ်လား... ဝမ်သိုက်သည် ခပ်တိုးတိုး ရယ်လိုက်မိသော်လည်း မျက်လုံးထဲတွင်မူ မည်သည့် အရိပ်အယောင်မျှ မရှိချေ။
နှစ်သစ်ကူး အကြိုနေ့ မတိုင်မီ တစ်ရက်တွင် ဝမ်သိုက်သည် မထင်မှတ်ထားသော လူဟောင်းတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။
အိမ်နီးနားချင်းများနှင့် ချန်မိသားစု၏မိတ်ဆွေများမှာ နှစ်မကူးမီ လာရောက် လည်ပတ်ကြသည်။ ချီယာသည် ဝမ်သိုက်ကို လူတိုင်းနှင့် မိတ်ဆက်ပေးကာ သူမ အစွမ်းအစများကို ဂုဏ်ယူစွာ ချီးကျူးနေသည်။
မနက်ပိုင်းမှ မွန်းလွဲ နှစ်နာရီအထိ ဝမ်သိုက်သည် လူငါးဦးကို ကံကြမ္မာဟောပြောပေးခဲ့သည်။ ချမ်းသာသော သူများ၏မိတ်ဆွေများမှာလည်း လက်ဖွာကြသူများ ဖြစ်သဖြင့် ဝမ်သိုက်အတွက် မနည်းလှသော ဝင်ငွေရရှိလိုက်သည်။
သူမ ဘေးတွင် ထိုင်နေသော ချန်စစ်ကျယ်က သူမ၏ပျော်ရွှင်နေသော မျက်နှာကို ကြည့်ကာ “အဲဒီလောက်တောင် ပျော်စရာကောင်းလို့လား” ဟု ခနဲ့လိုက်သည်။
“ပိုက်ဆံ မရှားတဲ့သူတွေကတော့ နားလည်မှာ မဟုတ်ဘူး၊ ဒါက မမျှော်လင့်ဘဲရလာတဲ့ ဆုလာဘ်လေ” ဟု ဝမ်သိုက် ပါးချိုင့်လေး ထင်းအောင်ပြုံးရင်း ပြန်ပြောလိုက်သည်။
ထိုစဉ် အိမ်ရှေ့တံခါးပွင့်သွားကာ ချီယာ၏ဧည့်သည် ကြိုဆိုသံ ထွက်ပေါ်လာသည်။
“လာ လာ... ထိုင်ပါဦး၊ ဘာလို့ အခုမှ ရောက်လာတာလဲ၊ စောစောလာရင် အခမ်းအနားကြီး မြင်ရမှာ”
ချီယာက အမျိုးသမီးတစ်ဦးကို တွဲခေါ်လာသည်။ ထိုအမျိုးသမီးမှာ ဆံပင်ကို အိန္ဒြေရရထုံးထားကာ နူးညံ့သိမ်မွေ့သော ပုံစံရှိသည်။ သူမသည် အိမ်ထဲသို့ ဝင်လာရင်း
“ပစ္စည်းလေးတွေ လာပေးတာပါ”
သူမ၏အကြည့်နှင့် ဝမ်သိုက်၏ အကြည့်တို့ ဆုံမိသွားသောအခါ စကားသံမှာ ရုတ်ခြည်း ရပ်တန့်သွားသည်။
“ဒေါ်လေး စွေ့လင် မတွေ့တာ ကြာပြီနော်”
ဝမ်သိုက်က စကားကို စတင်လိုက်သည်။ သူမ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားကာ အပေါ်ယံ အပြုံးတုတစ်ခုသာကျန်ရစ်တော့သည်။ သူမ လက်ထဲမှ ဖုန်းမှာလည်း အောက်သို့ လျောကျလုမတတ် ဖြစ်သွားသည်။
စွေ့လင်သည် ထိတ်လန့်သွားကာ မျက်လုံးများကိုကစားနေမိသည်။
“မင်းက... ရှောင်သိုက်လား၊ အင်း... မတွေ့ရတာ တကယ်ကို ကြာခဲ့ပြီ”
ချီယာကမူ အခြေအနေ မကောင်းသည်ကို ရိပ်မိလိုက်သည်။
“ရှင်တို့ သိကြတာလား”
သိရုံတင် ဘယ်ကမလဲ...
ဝမ်သိုက်၏အသက် (၁၀) နှစ်မတိုင်မီက သူမ မိဘများ အိမ်မှာ မရှိလျှင် ဤအိမ်နီးနားချင်း ဒေါ်လေးကပင် သူမကို အိမ်သို့ခေါ်ကာ ထမင်းကျွေးခဲ့ဖူးသည်။ ဒေါ်လေးစွေ့လင်ပြုလုပ်သော ကွတ်ကီးများနှင့် မုန့်များသည် ဝမ်သိုက်၏ငယ်ဘဝတွင် အချိုမြိန်ဆုံးသော အရာများ ဖြစ်ခဲ့ဖူးသည်။
သို့သော် ထိုကြီးမားသော မီးလောင်မှုကြီးပြီးနောက်...
ဆယ်နှစ်သမီးလေး ဝမ်သိုက်သည် မျှော်လင့်ချက်မဲ့စွာဖြင့် အကူအညီတောင်းရန် ဘေးအိမ်မှ ဒေါ်လေးစွေ့လင်၏တံခါးကို သွားခေါက်ခဲ့ဖူးသည်။
သူမသည် အကူအညီ မတောင်းဆိုချင်သော်လည်း ဘာဆက်လုပ်ရမည်ကို မသိခဲ့ချေ။ သို့သော် အမြဲတမ်းပွင့်နေတတ်သော ထိုတံခါးမှာ ထိုနေ့ကမူ မည်မျှပင် ခေါက်ခေါက်ပွင့်မလာခဲ့ချေ။
သူတို့ မကြားတာလား၊ ဒါမှမဟုတ် မကြားချင်ဟန် ဆောင်နေတာလား။
နောက်ပိုင်းနှစ်များတွင် ဝမ်သိုက်သည် ထိုအိမ်ရှေ့သို့ တစ်ခေါက်ပြီး တစ်ခေါက် သွားခဲ့ဖူးသည်။ လူကြီးဖြစ်လာသောအခါမှ ထိုအိမ်တွင် နေထိုင်သူများ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရတော့သည်။
သူတို့သည် တံခါးခေါက်သံကို မကြားရခြင်း မဟုတ်ဘဲ ဝမ်သိုက်ကို တံခါးအပြင်ဘက်တွင် စွန့်ပစ်ထား ခဲ့ခြင်းသာ။
“တကယ်ပဲ မထင်မှတ်ထားဘူး၊ ဒေါ်လေး ကျွန်မကို မှတ်မိနေသေးတာပဲ”
ဝမ်သိုက်၏လေသံမှာ အေးစက်နေသော်လည်း မျက်နှာမှာမူ ပြုံးနေဆဲပင်။
စွေ့လင်သည် ဝမ်သိုက်၏မျက်လုံးများကို မကြည့်ရဲဘဲ လက်ဖက်ရည်ခွက်ကိုသာ ဆုပ်ကိုင်ထားသည်။
“ရှောင်သိုက်က သိပ်မပြောင်းလဲဘူး၊ အရင်လိုပဲ လှနေတုန်းပဲ”
ဝမ်သိုက် ဆိုဖာနောက်မှီကို မှီလိုက်ကာ အေးစက်စက် အကြည့်ဖြင့် မေးလိုက်သည်။
“ဒေါ်လေး ဒီနှစ်တွေထဲမှာ အဆင်ပြေရဲ့လား”
အဆင့်မြင့် ရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်နိုင်သည်မှာ အဆင်ပြေနေသည်ဟု ဆိုရမည် ဖြစ်သည်။ စွေ့လင်ကမူ စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ခေါင်းမော့လာပြီး ပြန်မေးသည်။
“ဒေါ်လေး အဆင်ပြေပါတယ်၊ ရှောင်သိုက်ကော ဘယ်လိုလဲ”
“ကျွန်မလား...”
ဝမ်သိုက် စကားလုံးကို ဆွဲပြောလိုက်ရင်း သူမကို စိုက်ကြည့်လိုက်သည်။
“ဒေါ်လေးကကော ကျွန်မ ဘယ်လိုနေထိုင်ခဲ့ရမယ် ထင်သလဲဟင်”