အခန်း ၉၄
Vol. 10 Ch. 94
🍏 Chapter 94
ပတ်ဝန်းကျင်မှာ အေးစက်နေသည်။
အေးစက်နေသော ရေစီးကြောင်းအောက်တွင် တစ်ဦးကိုတစ်ဦး တိုက်ခိုက်နေကြသည်မဟုတ်ဘဲ ပူလောင်လှသော မီးခဲကို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လွှဲပေးနေကြသကဲ့သို့ ရှိသည်။
စွေ့လင်သည် အိုးတိုးအမ်းတမ်း ဖြစ်နေသော အပြုံးဖြင့် ဝမ်သိုက်၏ အမေးကို မည်သို့ပြန်ဖြေရမှန်း မသိဖြစ်နေသည်။ ဝမ်သိုက်က မေးခွန်းကို သူမထံသို့ ပြန်ပစ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူမ၏ မျက်ဝန်းများမှာ ခဏတာ ဝိုင်းစက်သွားပြီးမှ စမ်းတဝါးဝါး လေသံဖြင့် ဖြေလိုက်သည်။
“အဆင်ပြေတယ်မဟုတ်လား”
ဝမ်သိုက်သည် စွေ့လင်ကို အကျပ်ကိုင်ရန် ရည်ရွယ်ချက်မရှိပါ။ သူမ အပြုံးက ပိုမိုကျယ်ပြန့်လာကာ ပါးချိုင့်လေးများ နက်ဝင်သွားသည်။ သူမသည် စွေ့လင်ကို စိုက်ကြည့်ရင်း အဓိပ္ပာယ်များစွာ ပါဝင်နေသော ခေါင်းငြိတ်မှုတစ်ခုကို ဖြည်းညှင်းစွာ ပြုလုပ်လိုက်သည်။
“ဟုတ်ကဲ့၊ အဆင်ပြေတယ်လို့ပဲ ပြောရမှာပေါ့၊ အနည်းဆုံးတော့ အခုထိ တစ်ကိုယ်တည်း အသက်ရှင်နေနိုင်သေးတာပဲလေ၊ ဒေါ်လေးစွေ့လင်... ကျွန်မက အရင်ကထက် အများကြီး ပိုပြီးသတ္တိရှိလာပြီ သိလား”
ထိုစကားကြောင့် စွေ့လင် ခဏတာငေးကနဲ ဖြစ်သွားသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော သူမ လက်ချောင်းလေးများ တုန်ယင်သွားကာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာသည်။
သူမသည် ခေါင်းမော့ကာ ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ ဤအမျိုးသမီးမှာ ယခင်က သူမ အိမ်တံခါးဝတွင် ငိုယိုနေခဲ့သော မိဘမဲ့မိန်းကလေးငယ်လေး မဟုတ်တော့ချေ။
လွန်ခဲ့သော (၁၂) နှစ်က ဖြစ်ရပ်မှာ သူမ မျက်စိထဲတွင် ပြန်လည်မြင်ယောင်လာသည်။ သူမသည် တံခါးအတွင်းဘက်တွင်ရှိနေပြီး မော်နီတာမှတစ်ဆင့် အပြင်ဘက်တွင် ရပ်ကာ မျက်ရည်ကျနေသော ကလေးမလေးကိုကြည့်နေခဲ့သည်။
တစ်ညတည်းမှာပင် မိဘနှစ်ပါးစလုံး ဆုံးရှုံးသွားပြီး လူတိုင်း၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသော ထိုကလေးမလေးသည် မည်မျှ ခံစားရခက်မည်နည်း။ သို့သော် ထိုစဉ်က ဝမ်သိုက်လေးသည် တံခါးခေါက်ရာတွင်ပင် အလောတကြီး မဟုတ်ဘဲ တစ်ချက်ချင်းစီကို အလေးအနက်ခေါက်နေခဲ့ခြင်း ဖြစ်သည်။ သူမကတော့ အထဲမှနေ၍ ထိုအသံကို မကြားချင်ယောင်ဆောင်ခဲ့သည်။
ယနေ့တွင်မူ ထိုတံခါးတစ်ချပ်ခြားခဲ့သူ နှစ်ဦးမှာ မျက်နှာချင်းဆိုင် ပြန်လည်ဆုံတွေ့နေကြပြီ ဖြစ်သည်။
အခြေအနေမကောင်းသဖြင့် ချီယာက ဝင်ရောက် ဖြန်ဖြေပေးလိုက်သည်။ သူမက စွေ့လင်၏ လက်မောင်းကိုပုတ်ကာ ဝမ်သိုက်ကို ညွှန်ပြရင်း
“ကြည့်စမ်း... ဝမ်သိုက်က အခု သတ္တိရှိရုံတင် မဟုတ်ဘူး၊ အရမ်းလည်း ဉာဏ်ကောင်းပြီး စိတ်ထားလည်း မြတ်တယ်၊ ကံကြမ္မာဟောတာဆိုရင် တစ်စက်ကလေးမှမလွဲဘူး၊ ခုနက လာသွားတဲ့ သူငယ်ချင်းတွေဆိုရင် သူ့ကို သဘောကျနေကြတာ” ဟု မြှောက်ပင့် ပြောလိုက်သည်။
“ငါကတော့ သူ့ကို သမီးအဖြစ် မွေးစားချင်တာ၊ သူက လက်မခံဘူးလေ” ဟု သူမက ထပ်လောင်းပြောသည်။
ထိုစကား၏ဆိုလိုရင်းကို စွေ့လင် နားလည်ပါသည်။ ဤသည်မှာ ဝမ်သိုက်သည် ချန်မိသားစုအတွက် မည်မျှအရေးပါသည်ကို ပြသလိုက်ခြင်းပင်။
စွေ့လင်သည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်ကာ အိမ်မှာ အလုပ်ရှိသေးသဖြင့် ပြန်တော့မည်ဟု အလျင်အမြန်နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ တံခါးပိတ်သံ ကြားလိုက်ရချိန်တွင် ဝမ်သိုက်သည် ဆိုဖာပေါ်တွင် မှီကာ ဖုန်းကို ကြည့်နေ၏။
ချီယာက ဝမ်သိုက်၏ပခုံးကို အသာအယာ ဆုပ်ကိုင်ရင်း “စွေ့လင်က လူကောင်းပါ၊ ဒါပေမဲ့ သူက နည်းနည်းတော့ သူရဲဘောကြောင်တယ်၊ ကိုယ့်ကိုကိုယ်ပဲ ကာကွယ်တတ်တာ” ဟု နှစ်သိမ့်သည်။
ဝမ်သိုက် ပြုံးလျက် ခေါင်းမော့လာသည်။
“နားလည်ပါတယ်၊ အန္တရာယ်နဲ့ ကြုံလာရင် လူတိုင်းက ကိုယ့်ကိုကိုယ် အရင်ကာကွယ်ကြတာ သဘာဝပဲလေ”
နှစ်သစ်ကူး အကြိုည၏စားပွဲဝိုင်းတွင် အကောင်းဆုံးသော ဝိုင်များနှင့် ဟင်းလျာများ ပြည့်နှက်နေသည်။ ချန်ဝမ်ခန်းကမူ ဝိုင်ခွက်ကို မြှောက်ကာ ဝမ်သိုက်ကို ကြည့်ရင်း ဆိုသည်။
“ဝမ်သိုက်၊ မင်း ငါတို့ဆီမှာ လာပြီး နှစ်သစ်ကူးတာကို ငါတို့ အရမ်းဝမ်းသာတယ်၊ အရင်က မင်း ဒုက္ခတွေ အများကြီးခံစားခဲ့ရမှာပဲ၊ ဒါပေမဲ့ နောက်ဆိုရင်တော့ ဒုက္ခတစ်ခုခုကြုံလာတိုင်း ငါတို့ကို အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့၊ တစ်ခါတလေမှာ အားလုံးကို တစ်ယောက်တည်း ကြံ့ကြံ့ခံနေဖို့ မလိုပါဘူး”
ချီယာလည်း ဝမ်သိုက်အတွက် စွပ်ပြုတ်တစ်ခွက် ခပ်ပေးရင်း “ဟုတ်တယ်၊ အားကိုးရာ မရှိတဲ့အခါမှာပဲ ကိုယ့်ဘာသာ ကြံ့ကြံ့ခံရတာပါ၊ ငါတို့က မင်းရဲ့ အားကိုးရာဖြစ်ပေးဖို့ အသင့်ပဲ” ဟု ပြောလိုက်သည်။
ဝမ်သိုက်သည် စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ဝေခွဲမရသော ခံစားချက်များရှိနေသော်လည်း လေသံကို တည်ငြိမ်အောင် ထိန်းထားသည်။
“တကယ်တော့... ကျွန်မမှာ အရမ်းကိုဒုက္ခပေးမယ့် ကိစ္စတစ်ခုရှိနေတာပါ၊ အဲဒီကိစ္စက လူတိုင်းဝေးဝေးကရှောင်ချင်ကြတဲ့ ကိစ္စမျိုးပါ... ဦးလေးတို့၊ အန်တီတို့ကို ဒီထဲမှာဆွဲထည့်မိရင် ကျွန်မ ခြေထောက်က ရွှံ့တွေ ဦးလေးတို့ဆီ စင်သွားမှာကို စိုးရိမ်မိတယ်”
ဝမ်သိုက်၏စကားကြောင့် ချန်ဝမ်ခန်း မျက်မှောင်ကြုတ်လိုက်သည်။
“ဘာကိစ္စလဲ.... ပွင့်ပွင့်လင်းလင်း ပြောပါ၊ ငါတို့ ကူညီနိုင်တာဆိုရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”
“ကျွန်မ မိဘတွေ ကိစ္စပါ”
ဝမ်သိုက်က သူမ မိဘများ မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့ရပုံနှင့် ထိုဖြစ်ရပ်မှာ မတော်တဆမှုမဟုတ်ဟု သူမ ယုံကြည်နေပုံကို ရှင်းပြလိုက်သည်။ သူမသည် ချန်ဝမ်ခန်းကို စိုက်ကြည့်ရင်း အလေးအနက် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်မအမေက ဓာတုဗေဒ ဆရာမတစ်ယောက်ဖြစ်ပြီး ကျွန်မအဖေကတော့ အဲဒီတုန်းက ရေအရင်းအမြစ် စီမံခန့်ခွဲရေးအရာရှိ ဖြစ်လို့ပါ”
ချန်ဝမ်ခန်း၏မျက်နှာမှာ တင်းမာသွားသည်။
“မင်းအဖေ နာမည်က ဘယ်သူလဲ...”
“ဝမ်ကျန့် ပါ”
ချန်ဝမ်ခန်းသည် ထိုင်ခုံကို မှီလိုက်ကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“တကယ်ကို ကမ္ဘာကြီးကကျဉ်းလိုက်တာ... မင်းအဖေက ငါ့ရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းပဲ၊ မထင်ထားဘူး၊ တကယ်ကို မထင်ထားဘူး”
ချန်ဝမ်ခန်းသည် ဝမ်သိုက်ကို အကာအကွယ်ပေးမည်ဟု ကတိပြုလိုက်သည်။ ချီယာလည်း သူမ၏ မိသားစု အသိုင်းအဝိုင်းမှတစ်ဆင့်လိုအပ်သော သတင်းအချက်အလက်များကို ကူညီရှာဖွေပေးမည်ဟု ဆိုသည်။
နှစ်သစ်ကူးပြီးနောက် ဝမ်သိုက်သည် သူမ၏အိမ်ဟောင်းလေးသို့ ပြန်လာခဲ့သည်။ သူမအတွက် လုပ်ငန်းခွင်ပြန်ဝင်ရန် အချိန်တန်ပြီ ဖြစ်သည်။
မကြာမီမှာပင် သူမထံသို့ ဖုန်းတစ်ကိုယ်ဝင်လာသည်။ ဖုန်းဆက်သူမှာ သူမ ယခင်က ကူညီဖူးသော တုံယင်း၏ဖခင် ဖြစ်သည်။
“ဝမ်သိုက်... မင်္ဂလာပါ၊ ငါက တုံယင်းရဲ့ အဖေပါ၊ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ မြေးမလေးက ကားတိုက်ခံရပြီးကတည်းက စိတ်ဝေဒနာခံစားနေရလို့ပါ”
“ဗီရိုထဲမှာပဲ ပုန်းနေတတ်ပြီး အပြင်ထုတ်ရင် အော်ဟစ်ငိုယိုနေတာ၊ ဆရာဝန်တွေက စိတ်ဝေဒနာလို့ ပြောပေမယ့် ငါတို့ကတော့ အဲဒါကို မယုံဘူး၊ မင်း တစ်ချက်လောက်ကြည့်ပေးနိုင်မလား”
ဝမ်သိုက် သဘောတူလိုက်သည်။ သူမသည် ထိုကလေးမလေး၏အခြေအနေမှာ ဝိညာဉ်လွင့်ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်မိသည်။
သို့သော် သူမ စောင့်နေသော်လည်း နောက်တစ်နေ့ ညအထိ ထိုသူငယ်ချင်းဆိုသူထံမှ အဆက်အ သွယ် ထပ်မံရောက်မလာခဲ့ချေ။