အခန်း ၉၅
Vol. 10 Ch. 95
🍏 Chapter 95
မောက်စ်ကို ကိုင်ထားသည့် လက်က စားပွဲပေါ်မှ ရေနွေးအိတ်ပေါ်တွင် မှီထားသော်လည်း ကီးဘုတ်ပေါ် တင်ထားသည့် လက်ကမူ သနားစရာကောင်းလောက်အောင်ပင် အဆစ်များ နီရဲပြီး အေးစက်နေရှာသည်။
ဇန်နဝါရီလ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ကြည့်ရှုသူက လက်ချိုးရေ၍ ရသည့်အထိ နည်းပါးလှသည်။ ဝမ်သိုက်က ပရိသတ်အနည်းငယ်နှင့် ဟိုဟိုဒီဒီ စကားဖောင်ဖွဲ့နေတုန်းမှာပင် ကွန်ပျူတာဘေး၌ သူမ သတိမထားမိလိုက်သော ဖုန်းစကရင်လေးက လင်းခနဲ ဖြစ်သွားခဲ့သည်။
အမှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည့် အလင်းတန်းကို သူမ အမြင်အာရုံက ဖမ်းမိသွားပြီး ဖုန်းကို ကောက်ကိုင်လိုက်ရင်း ပရိသတ်များကို နှုတ်ဆက်လိုက်သည်။
“ခဏလေးနော်...... မက်ဆေ့ချ်လေး တစ်ချက်လောက် ကြည့်လိုက်ဦးမယ်”
မက်ဆေ့ချ်များက ဆက်တိုက်ဆိုသလို တက်လာသဖြင့် ဝမ်သိုက်အနေနှင့် စဉ်းစားချိန်ပင် မရလိုက်ပါ။
【မင်္ဂလာပါ၊ အားနာနာနဲ့ ဆက်သွယ်လိုက်ရပါတယ်။ ငါက လီချန်ကျန့်ပါ】
【မင်း အခု အားရဲ့လား】
【ငါ့မြေးမလေး ရုတ်တရက် ဝေဒနာထဖောက်လို့ပါ။ မင်းလာကြည့်ပေးလို့ အဆင်ပြေလား】
【အဆင်ပြေရင် လိပ်စာလေး ပို့ပေးပါ၊ ဒရိုင်ဘာ လွှတ်လိုက်ပါ့မယ်】
【မင်း အိပ်ပျော်နေပြီလား၊ တကယ်ကို တောင်းပန်ပါတယ်၊ အကူအညီ တောင်းပါရစေ】
မက်ဆေ့ချ်ပါ အကြောင်းအရာများနှင့် တစ်စောင်နှင့်တစ်စောင်ပို့သည့် အချိန်ခြားနားချက်ကို ကြည့်လျှင် ဒါသည် အသံဖြင့်ရိုက်သည့်စနစ် ဖြစ်မည်ဟု ဝမ်သိုက် ခန့်မှန်းမိသည်။
စာသားများ ကြားတွင် အလျင်လိုမှုကို ခံစားနေရသဖြင့် သူမက ဘာမှမစဉ်းစားတော့ဘဲ လိပ်စာကို ချက်ချင်းပို့ပေးလိုက်ရာ ခဏချင်းမှာပင် လီချန်ကျန့်ထံမှ ငွေလွှဲစာ ရောက်လာသည်။
လိမ္မော်နီရောင် ငွေလွှဲစာမျက်နှာပေါ်မှ “၅၀၀၀” ဆိုသည့် ဂဏန်းကို စိုက်ကြည့်ရင်း ဝမ်သိုက်၏ ဦးနှောက်က ခဏတာ ရပ်တန့်သွားရသည်။ လူဆိုသည်မှာ အဆင့်အတန်းတူသည့်သူများနှင့်သာ ပေါင်းကြသည်ကိုး...
Live ခန်းထဲမှ ကွန်မန့်များကမူ တစ်ခုပြီးတစ်ခု တက်လာနေသည်။
【ကိုကာကိုလာကအကောင်းဆုံးပဲ : ဆရာမရဲ့ ဒီမျက်နှာပေးကို ကြည့်ရတာ၊ အလုပ်တစ်ခု ရောက်လာပြီထင်တယ်】
အခြားတစ်ဖက်မှ လီချန်ကျန့်ထံမှ ဒရိုင်ဘာ လွှတ်လိုက်ပြီဆိုသည့် စာဝင်လာသဖြင့် ဝမ်သိုက်က “ကောင်းပါပြီ” ဟု ပြန်စာပို့ပြီး Live ကို ပိတ်လိုက်သည်။
သူမက ကင်မရာဘက်လှည့်၍ ပြုံးပြလိုက်ကာ
“မင်းတို့ ခန့်မှန်းတာ မှန်တယ်၊ ငါ Live ပိတ်တော့မယ်၊ အခု အရေးကြီးတဲ့ အလုပ်တစ်ခု ပေါ်လာလို့ သွားရှင်းရတော့မယ်၊ တာ့တာ၊ နောက်မှ ပြန်တွေ့ကြမယ်နော်”
မောက်စ်ကို နှိပ်၍ Live ခန်းကို ပိတ်ကာ ကွန်ပျူတာကို စက်ပိတ်လိုက်သည်။
လက်မဖြင့် ဖုန်းစခရင်ကို ပွတ်ဆွဲပြီး ချန်စစ်ကျယ်ကို ဝေစုခွဲပေးရန် ဝန်မလေးသည့် ဝမ်သိုက်က လက်ရှိအချိန် ည ၁၁ နာရီဆိုသည်ကို လုံးဝဂရုမစိုက်ဘဲ ဖုန်းခေါ်လိုက်သည်။
သူမက ဖုန်းကို နားတွင်ကပ်ပြီး ထိုင်ခုံမှ ထလိုက်ကာ တံခါးဝမှ မီးခလုတ်ကို “ဖတ်” ခနဲ ရိုက်နှိပ်လိုက်သည်။ အမှောင်ထုကို မီးရောင်က မောင်းထုတ်လိုက်သည့် တစ်ခဏမှာပင် ဖုန်းပြန်ထူးသည့် အသံထွက်လာသည်။
“ကိစ္စရှိလို့လား”
အသံက နက်ရှိုင်းပြီး အက်ကွဲနေသလို ပျင်းရိသည့် လေသံမျိုးဖြစ်သည်။
“ရှင် အိပ်နေတာတော့ မဟုတ်ပါဘူးနော်၊ မအိပ်နဲ့ဦး မြန်မြန်ထ၊ အလုပ်တစ်ခုရောက်လာပြီ၊ ခဏနေရင် လိပ်စာပို့ပေးမယ်၊ အဲဒီကို တိုက်ရိုက်မောင်းလာခဲ့၊ ဒီတစ်ခါ အပ်နှံသူက ဒရိုင်ဘာကို ငါ့အိမ်အထိ လွှတ်ပြီး လာကြိုခိုင်းတာ၊ အရမ်းအလျင်လိုနေပုံပဲ၊ အသေးစိတ်ကိုတော့ ရောက်မှပြောမယ်”
ချန်စစ်ကျယ် ဘာမှပြန်မပြောနိုင်ခင်မှာပင် ဝမ်သိုက် ဖုန်းကို အရင်ချလိုက်သည်။
【ကျွန်မရဲ့ ပါတနာလည်း အတူတူလာလိမ့်မယ်၊ ရှင့်ရဲ့ လိပ်စာကိုလည်းပို့ပေးပါဦး၊ သူက အဲဒီကို တိုက်ရိုက်လာခဲ့လိမ့်မယ်】
လီချန်ကျန့်က သူမ မက်ဆေ့ချ်ကို စောင့်နေသလိုပင်၊ ဝမ်သိုက် ပို့လိုက်သည်နှင့် စာမျက်နှာအထက်တွင် “စာရိုက်နေသည်” ဆိုသည့် ပြသမှုလေး ပေါ်လာသည်။
ချန်စစ်ကျယ်ထံသို့ လိပ်စာ ထပ်ပို့ပေးပြီးနောက်မှာတော့ ဝမ်သိုက်က အပြင်သွားမည့် အဝတ်အစားကို မြန်မြန်လဲလိုက်သည်။ သူမ၏ ပစ္စည်းကိရိယာအိတ်လေးကို ကောက်မကာ ဇစ်ဖွင့်၍ အကြမ်းဖျင်း စစ်ဆေးလိုက်သည်။ ပြီးသည်နှင့် အိတ်ကို လွယ်ကာ ခဏလေးသာဖွင့်ခဲ့ရသည့် မီးကို ပြန်ပိတ်ပြီး တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။
အေးစက်သည့် ညလေက နှင်းမှုန်များနှင့်အတူ ပါလာပြီး တစ်ခါတစ်ရံ မျက်နှာကို တိုက်ခတ်သည့်အခါ နာကျင်ရရုံတင်မကဘဲ မျက်နှာကိုတစ်ခုခုနှင့် ထုလိုက်သလိုမျိုးတောင် ခံစားရသည်။ နှစ်သစ်ကူး ကာလမို့ လမ်းမီးတိုင်များကလည်း အလုပ်မလုပ်ချင်သလိုပင်။ မှိန်ပြပြ အလင်းရောင်အောက်တွင် လမ်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်။
တိုက်ခန်းဝန်းအဝင်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ဝမ်သိုက်က သူမနောက်မှ အိုဟောင်းနေသည့် တိုက်အိုကြီးဘက်သို့ လှည့်ကြည့်လိုက်မိသည်။ အခန်းအနည်းငယ်တွင်သာ မီးလင်းနေပြီး အဲဒီထဲက ဖြူဖွေးသည့် မီးရောင်လင်းနေသော အခန်းတစ်ခု၏ပြတင်းပေါက်တွင် လူရိပ်မည်းတစ်ခု မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
လမ်းမီးအောက်တွင် ရပ်နေသည့် ဝမ်သိုက်၏အနွေးထည် ဦးထုပ်က လေတိုက်သဖြင့် ကျွတ်ကျသွားပြီး လည်ပင်းပေါ်မှ ဆံပင်များကလည်း လေထဲတွင် လွင့်ပျံ့နေသည်။ ထိုလူရိပ်ထံမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ လည်ပင်းကို အလိုအလျောက် ပွတ်လိုက်မိသည်။
အရိုးထဲမှ စိမ့်ထွက်လာသည့် အအေးဓာတ်မျိုး ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
သူမက ဦးထုပ်ကို ပြန်ဆောင်းလိုက်ပြီး တိတ်ဆိတ်နေသည့် လမ်းမကြီးဘက်သို့သာ ငေးကြည့်နေလိုက်တော့သည်။ စိတ်ထဲမှ ထူးဆန်းသည့် ခံစားချက်ကိုမူ ခဏတာ မြိုသိပ်ထားလိုက်ရသည်။
ကံကောင်းထောက်မစွာနှင့် လီချန်ကျန့် လွှတ်လိုက်သည့် ဒရိုင်ဘာက ဝမ်သိုက်ကို အအေးဒဏ်ထဲ၌ အကြာကြီးမစောင့်ခိုင်းပါ။ ကားပေါ်တက်ပြီး ထိုင်ခုံခါးပတ် ပတ်ပြီးသည့်နောက် အလိုအလျောက် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ လမ်းဘေးမှ အိုဟောင်းနေသည့် တိုက်ကြီး၏ အပေါ်ထပ်ကို မြင်လိုက်ရပြန်သည်။
အမြင်အာရုံက ရုတ်တရက် ပိုကောင်းလာသလိုပင်။ ထိုလူရိပ်၏မျက်နှာကို ဝေဝေဝါးဝါး ခွဲခြား မိလိုက်သည် အထင်ရှားဆုံးကတော့ ပြူးထွက်နေသည့် မျက်လုံးအစုံပင်။ တွဲကျနေသော မျက်ခွံများက မျက်လုံးပေါ်တွင် အထပ်ထပ်ဖြစ်နေသည်က ပြူးထွက်နေသည့် ပုံစံကို ပိုထင်ရှားစေသည်။
မျက်တောင် တစ်ချက်ခတ်လိုက်ပြီး ဝမ်သိုက် ခေါင်းပြန်လှည့်လိုက်သည်၊ စိတ်ထဲမှာတော့ ‘သူများကိစ္စ စပ်စုမနေနဲ့’ ဟု ရေရွတ်လိုက်မိသည်။
ကားသည် ဖုန်အန်းနယ်မြေမှ ချန်ဟိုင် ဘက်သို့ မောင်းနှင်လာခဲ့သည်။ ခြောက်ကပ်နေသည့် လမ်းများမှ မြင့်မားသော အဆောက်အဦးများနှင့် မီးရောင်စုံများကြားသို့ ရောက်လာခဲ့ပြီ။ ထူးဆန်းသည့် တိုက်ဆိုင်မှုတစ်ခုမှာ ဤအလုပ်အပ်သူ နေသည့် ခြံဝန်းသည် ဝမ်သိုက် ငယ်ငယ်ကနေခဲ့သည့်နေရာ ဖြစ်နေခြင်းပင်။ သို့သော် လီချန်ကျန့်ကမူ အရှေ့ပိုင်းတွင် နေခြင်းဖြစ်သည်။
ကားက ဗီလာအိမ်ကြီးအတွင်းမှ ကားပါကင်တွင် ရပ်လိုက်သည်။ ကားပေါ်မှ ဆင်းသည့် ဝမ်သိုက်က ဒရိုင်ဘာနောက်မှ အိမ်အဝင်တံခါးမကြီးဆီ လိုက်သွားခဲ့သည်။ လူခေါ်ဘဲလ်ကို တစ်ချက်သာ နှိပ်ရသေးသည် တံခါးက ပွင့်သွားပြီး ဝမ်သိုက်မြင်လိုက်ရသည်မှာ မျက်လုံးများ နီရဲနေသည့် အမျိုးသမီးတစ်ယောက်ပင်။
အဆိုပါအမျိုးသမီးမှာ အသက် ၃၀ ဝန်းကျင်ခန့် ရှိပုံရပြီး မျက်လုံးထဲတွင် သွေးစများလို နီနေသည်မှာ အိမ်ထဲမှ မီးရောင်အောက်တွင် ကြောက်စရာကောင်းလှသည်။
သိုးမွှေးအင်္ကျီဝတ်ထားသည့် ခန္ဓာကိုယ်က ပိန်ပါးလွန်းပြီး ဝမ်သိုက် သတိမထားမိလိုက်ခင်မှာပင် သူမ လက်နှစ်ဖက်က ဝမ်သိုက်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။
ဝမ်သိုက် အထဲသို့ အတင်းဆွဲခေါ်ခြင်း ခံလိုက်ရသဖြင့် ခြေလှမ်းများ ယိုင်သွားခဲ့သည်။ နားထဲတွင်မူ ထိုအမျိုးသမီး၏ငိုသံပါသည့် အသံကို ကြားလိုက်ရသည်။
“တောင်းပန်ပါတယ်၊ အပေါ်ထပ်က ကျွန်မသမီးလေးကိုမြန်မြန်သွားကြည့်ပေးပါဦး... သူ တကယ်ကို၊ တကယ်ကို ခံစားနေရလို့ပါ၊ သူ ကြည့်ရတာ အရမ်းနာကျင်နေပုံရတယ်”
ဖိနပ်လည်း မလဲရသေး၊ ဖိနပ်စွပ်လည်း မစွပ်ရသေးဘဲ ကြွေပြားပေါ် နင်းနေရသဖြင့် ဝမ်သိုက်က အားနာသည့်စိတ်ဖြစ်နေမိသည်။ သူမ ဖိနပ်ကို ညွှန်ပြရင်း
“ဟို... ကျွန်မ ဖိနပ်စွပ်စွပ်လိုက်ရမလား”
လှေကားပေါ်မှ သိမ်မွေ့ထက်မြက်သည့် ပုံစံရှိသော အမျိုးသမီးကြီးတစ်ဦး ဆင်းလာသည်။ သိုးမွှေးခြုံထည်ကို ခြုံထားပြီး လက်နှစ်ဖက်ကို ရှေ့တွင် ယှက်ထားသည်။
သူမ၏အလျင်အမြန် ဆင်းလာသည့် ပုံစံက နဖူးပေါ်မှ ဆံပင်များကိုပင် မဖရိုမဖရဲ မဖြစ်စေပါ။ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကမူ သူမ၏ အရောင်ဖျော့ဖျော့ ဝတ်စုံနှင့် အရမ်းကို လိုက်ဖက်ပေါ်လွင်နေသည်။
“ဒါက ကျွန်မရဲ့ ချွေးမပါ၊ မြေးမလေး နေမကောင်းဖြစ်တာ လအတော်ကြာပြီဆိုတော့ သူမရဲ့ အခြေအနေကလည်း ထိခိုက်နေပြီး စိတ်လှုပ်ရှားလွယ်နေတာပါ၊ မင်းကို အနှောင့်အယှက် ဖြစ်စေခဲ့ရင် သူမကိုယ်စား တောင်းပန်ပါတယ်”
“ဖိနပ်လဲစရာ မလိုပါဘူး၊ စွပ်လည်း မစွပ်ပါနဲ့၊ ဒီအတိုင်းပဲ ဝင်လာပါ၊ ဒီလို အပြင်ပန်းကိစ္စတွေကို ဂရုမစိုက်ပါနဲ့၊ ကျွန်မမြေးမလေးက အပေါ်ထပ်အခန်းထဲမှာ ရှိတယ်၊ အမျိုးသားနှစ်ယောက် ဝိုင်းဖိထားတာတောင် မနိုင်ချင်ဘူး”
အမျိုးသမီးကြီးက ချွေးမဖြစ်သူ၏လက်မောင်းကို တွဲထားပေးသည်။ သူမ၏ မျက်မှောင်လေးများက တွန့်ချိုးနေပြီး မျက်နှာမှာလည်း ပူပန်မှုများပြည့်နေသည်။ စကားပြောရန်ပင် ခွန်အား တော်တော် စိုက်ထုတ်နေရပုံပင်။
တွဲထားခြင်းခံရသည့် အမျိုးသမီးကတော့ လက်ကိုပါးစပ်မှာ အုပ်ထားပြီး ရှိုက်ငိုနေတုန်းပင်။ မျက်ရည်များက ပါးပြင်ပေါ်မှာ တတောက်တောက် ကျနေသည်။
အမျိုးသမီးကြီးကမူ သူမ ကျောကို ပုတ်ပြီး နှစ်သိမ့်ရှာသည်
“ရပါပြီ လျိုနန်.... မငိုနဲ့တော့၊ အခု လူခေါ်ပြီး ကြည့်ခိုင်းနေပြီ မဟုတ်လား၊ မစိုးရိမ်ပါနဲ့တော့၊ ချင်းယွီရဲ့ ကိစ္စက သေချာပေါက်ပြေလည်သွားမှာပါ၊ ဆရာမလေးကို လန့်အောင် မလုပ်ပါနဲ့”
“ကျွန်မ... ကျွန်မနာမည် လျိုနန်ပါ...အခုပဲ အပေါ်ကိုလိုက်ပို့ပေးပါ့မယ်”
အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်မောင်းများတင်းနေသည့်အထိ အားစိုက်ကာ လျိုနန်က သူမ၏ လက်သည်းများ လက်ဖဝါးထဲ နစ်ဝင်သည့်အထိ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။