အခန်း ၉၆
Vol. 10 Ch. 96
🍏 Chapter 96
အကြိမ်ကြိမ် အသက်ရှူသွင်းပြီး စိတ်ကို ပြန်ထိန်းလိုက်နိုင်မှ နောက်ကျနေသည့် မိတ်ဆက်စကားကို ပြောလိုက်နိုင်တော့သည်။
ခုနကမှ ပိတ်လိုက်သည့် တံခါးက လူခေါ်ဘဲလ် ပြန်မြည်လာပြန်သည်။ လျိုနန် အံ့ဩသွားသည့် ပုံစံ ဖြစ်သွားရာ ဝမ်သိုက်က တံခါးဘက်သို့ လှည့်ကြည့်ရင်း ရှင်းပြလိုက်သည်။
“ကျွန်မရဲ့ ပါတနာ ရောက်လာတာ ဖြစ်ပါလိမ့်မယ်”
သူမ သွားဖွင့်လိုက်သည့်အခါ တံခါးအပြင်မှာ ရပ်နေသည်ကတော့ အမှန်ပင် ချန်စစ်ကျယ် ဖြစ်နေသည်။ ဤလူက လူငယ်ရုပ်ပေါ်အောင် ဝတ်ထားတာလားဟုပင် ထင်ရသည်။
ဂျာကင်အောက်မှာ ခေါင်းစွပ်အင်္ကျီ၏ ဝတ်ထားပြီး မိကျောင်းအရေခွံပုံစံ ဘောင်းဘီရှည်နှင့် အိမ်စီး ကင်းဗက် ဖိနပ်ကိုစီးထားသည်။ ဖရိုဖရဲ ဖြစ်နေသော ဆံပင်ရှည်များကြောင့် တကယ့်ကို ယုံကြည်၍မရသည့် လူငယ်လေးတစ်ယောက်လို ခံစားရစေသည်။
ဒရိုင်ဘာက ချန်စစ်ကျယ် ဘေးတွင် ရပ်နေတုန်းပင်။ ဒရိုင်ဘာက ဝမ်သိုက်ကို ယဉ်ယဉ်ကျေးကျေး ပြုံးပြရင်း
“ကျွန်တော် အပြင်ထွက်တော့ သူ့ကို တွေ့လိုက်တာပါ၊ သူက ဆရာမလေးနဲ့ ပါတနာလို့ ပြောတာနဲ့ တံခါးဖွင့်ပေးလိုက်တာပါ၊ ကိစ္စမရှိတော့ရင် ကျွန်တော် သွားတော့မယ်နော်၊ ပြန်တွေ့ကြတာပေါ့”
“အင်း... ကျေးဇူးပါပဲ၊ ပြန်တွေ့မယ်နော်”
ဝမ်သိုက် နှုတ်ဆက်ပြီး ချန်စစ်ကျယ်ကို အထဲဝင်ရန် လမ်းဖယ်ပေးလိုက်သည်။
အေးစက်သည့် အပြင်လောကမှ နွေးထွေးသော ဗီလာအိမ်ထဲသို့ ဝင်လာသည့် ချန်စစ်ကျယ်က တံခါးကို ပြန်ပိတ်လိုက်သည်။ သူ အထဲရောက်မှ ဝမ်သိုက်က သူ့မျက်နှာမှာ နီမြန်းနေသည်ကို တွေ့လိုက်ရသည်။
မျက်တောင်တွဲကျနေပြီး မောက်မာသော ပုံစံရှိသည့် မြေခွေးမျက်လုံးအစုံနှင့် ဆုံမိသည့်အခါ ဝမ်သိုက်က ခဏတာ ကြောင်သွားပြီးမှ မေးလိုက်သည်။
“ရှင် ဖျားနေတာ မဟုတ်ပါဘူးနော်”
ချန်စစ်ကျယ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ မျက်ဝန်းတစ်ဝိုက်မှ ပါးပြင်အထိ နီမြန်းနေသည်က သူ့ကို ပိုထူးခြားသောဆွဲဆောင်မှုတစ်မျိုး ပေးစွမ်းနေသလိုပင်။ သူက နှုတ်ခမ်းကို တွန့်လိုက်ပြီး
“မင်း မျက်စိ တော်တော်ကောင်းတာပဲ”
အသံက ဖုန်းပြောတုန်းကထက်ပင် ပိုအက်ကွဲနေသည်။
“အာ... အားနာလိုက်တာ၊ ကျွန်မက ပါတနာတွေဆိုတော့ ဝေစုခွဲပေးချင်တဲ့ စိတ်နဲ့ ဖုန်းဆက်လိုက်တာပါ၊ ရှင် ဖျားနေမှန်းသိရင် လုံးဝ အနှောင့်အယှက် မပေးပါဘူး”
ဝမ်သိုက်က အားနာသည့် လေသံဖြင့် ခပ်တိုးတိုး ပြောရင်း ချန်စစ်ကျယ်၏လက်မောင်းကို ဆွဲပြီး လျိုနန် နှင့် အမျိုးသမီးကြီး ရှေ့သို့ ခေါ်သွားလိုက်သည်။
ဝမ်သိုက် လက်ကို မြှောက်ပြီး ချန်စစ်ကျယ်ကို ညွှန်ပြရင်း
“ဒါက ကျွန်မရဲ့ ပါတနာ ချန်စစ်ကျယ်ပါ၊ အခုပဲ အပေါ်တက်ကြရအောင်”
တစ်ဦးနှင့်တစ်ဦး ခေါင်းညိတ်နှုတ်ဆက်ပြီး ဓာတ်လှေကားကိုတောင် မစီးတော့ဘဲ လျိုနန်နှင့် အမျိုးသမီးကြီးက အလျင်အမြန် လှေကားမှ တက်သွားကြသည်။ ဝမ်သိုက်ကမူ လူသားဆန်စွာဖြင့် ချန်စစ်ကျယ်၏လက်မောင်းကို ဆွဲထားပေးပြီး
“ရှင် မနိုင်တော့ရင် ပြောနော်၊ တစ်နေရာရာမှာ ထိုင်နားနေလိုက်၊ ကျွန်မ တစ်ယောက်တည်း ရှင်းလို့ရတယ်၊ ရှင်က တော်တော် လေးတာပဲနော်”
ချန်စစ်ကျယ်ကတော့ သူမကို ပြန်ပြီးရန်တွေ့ရန်ပင် ခွန်အားမရှိတော့သလိုပင်။ သူက မျက်တောင်ကို ပင့်ကြည့်လိုက်ရာ သူ့လက်မောင်းပေါ်မှ လက်ချောင်းလေးများက ဂျာကင်အနက်ရောင်နှင့် အပြိုင် ပို၍ ဖြူဖွေးနေသည်ကို တွေ့လိုက်ရသည်။
သူက အကြည့်ကို ပြန်ရုပ်သိမ်းပြီး သူမ ဆွဲခေါ်ရာနောက်သို့ ငြိမ်ငြိမ်လေး လိုက်ပါသွားခဲ့သည်။
ဒုတိယထပ်သို့ ရောက်သည့်အခါ အော်ဟစ်သံများက ပို၍ပြတ်သားလာသည်။ ဤဗီလာက အသံလုံစနစ် တော်တော်ကောင်းသည်ဟု ဝမ်သိုက် တွေးမိလိုက်သည်။ လီချန်ကျန့်တို့ ရှိနေသည့် အခန်းထဲသို့ ရောက်သည့်အခါမှ သူတို့၏ စကားသံများကို အပြည့်အစုံ ကြားလိုက်ရတော့သည်။
“ချင်းယွီ... ချင်းယွီ မကြောက်နဲ့နော်၊ အဘိုး ဒီမှာ ရှိတယ်၊ အဘိုးနဲ့ အဖေ ဒီမှာ ရှိတယ်၊ မကြောက်နဲ့တော့နော်”
“ချင်းယွီ... အဖေလေ၊ အဖေ့ကို မမှတ်မိဘူးလား၊ ကြည့်ဦး ဒါ ဘယ်နေရာလဲလို့၊ ဒါ အဘိုးအိမ်လေ... ချင်းယွီ အဘိုးအိမ်က အခန်းကို အကြိုက်ဆုံး မဟုတ်လား၊ ချင်းယွီ... သမီး အကြိုက်ဆုံး ဝက်ဝံရုပ်လေးလည်း ဒီမှာ ရှိတယ်လေ၊ ချင်းယွီ...”
တရားစာရွတ်သလိုမျိုး အထပ်ထပ် ပြောနေကြခြင်းဖြစ်သည်။
ကုတင်ပေါ်မှာ လဲလျောင်းနေသည့် ကလေးမလေးမှာ ကုတင်ခေါင်းရင်းမှ ဝက်ဝံရုပ်ကြီးလောက်နီးပါး ရှိပြီး ပိန်ပိန်ပါးပါးလေးဖြစ်သည်။ သို့သော် သူမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လူကြီးနှစ်ယောက်က ဝိုင်းဖိထားရသည်။
အသက်ကြီးပိုင်း အမျိုးသားက ကလေးမလေး၏ ပခုံးနှင့် လက်မောင်းကို ကိုယ်နှင့်ဖိထားပြီး အခြားတစ်ဖက်မှ အမျိုးသားကလည်း ထိုနည်းတူပင်၊။ သူ့ခေါင်းက ကုတင်ပေါ်တွင် ရောက်နေပြီး မျက်ရည်များ ကျနေရှာသည်။
ဘာနှင့်မှ ချည်နှောင်မထားသော ခြေထောက်နှစ်ဖက်ကမူ ကုတင်ပေါ်မှာ အဆက်မပြတ် ကန်ကျောက်နေသည်။ ကလေးမလေးက ပါးစပ်ကို ဟပြီး စူးစူးဝါးဝါး အော်ဟစ်နေကာ ခန္ဓာကိုယ်လေးက အပေါ်သို့ ကော့တက်နေသည်။
ခြေထောက်တစ်ဖက်က ကုတင်ပေါ်မှာ ရှေ့တိုးနောက်ငင် ပွတ်တိုက်နေပြီး နောက်ခြေထောက် တစ်ဖက်ကတော့ ဆက်တိုက် တုန်ယင်နေသည်က တစ်ကိုယ်လုံးကို တုန်ခါစေသည်။
ဝမ်သိုက်က ချန်စစ်ကျယ်၏ လက်မောင်းကို လွှတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကုတင်ဘေးသို့ သွားလိုက်သည်။ သူမက ကိုယ်ကို ကိုင်းပြီး လက်ကို ဆန့်ထုတ်လိုက်သည်။
အော်ဟစ်လွန်းသဖြင့် မျက်နှာတွင် သွေးတက်နေသော ကလေးမလေး၏ မျက်ခွံကို လက်ချောင်းဖြင့် ထိလိုက်ပြီး ပြူးနေသည့် မျက်လုံးထဲမှ မျက်ဖြူသား အခြေအနေကို စစ်ဆေးလိုက်သည်။
နဖူးပေါ်မှ အရေးအကြောင်းများက ပိုများလာပြီး ဝမ်သိုက်က ညိုမည်းနေသည့် ကလေးမလေး၏ မျက်နှာမှ အကြည့်ကို ခွာလိုက်ကာ အသက်ကြီးပိုင်း အမျိုးသားကို မေးလိုက်သည်။
“သူ့နာမည်က ဘယ်သူလဲ”
ကလေးမလေး၏ ပခုံးကို ဖိထားသည့် လီချန်ကျန့်က ခေါင်းမော့ကြည့်လိုက်သည်။
သူ့မျက်လုံးများမှာလည်း သွေးကြောများ နီနေပြီး အော်ဟစ်နေသော မြေးမလေးကို ကြည့်ရင်း
“သူ့နာမည်က လီချင်းယွီပါ၊ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ကားတိုက်မှု ဖြစ်ပြီးကတည်းက သူ ဒီလို ပြောင်းလဲသွားတာ၊ အစကတော့ စကားမပြောရုံပဲ၊ သူ လန့်သွားလို့နေမှာပါဆိုပြီး ငါတို့ ဂရုမစိုက်မိလိုက်ဘူး”
“မထင်ထားတာက အချိန်ကြာလာလေ သူက ပိုပြီး တစ်ကိုယ်တည်း နေလာလေပဲ၊ ကျောင်းလည်း မသွားချင်တော့ဘူး၊ ပြတင်းပေါက် ကန့်လန့်ကာ ဖွင့်ပြီး အလင်းပေးတာတောင် မခံနိုင်တော့ဘူး”
“နေ့ဘက်ဆိုရင် သူက ဗီရိုထဲမှာပဲ ပုန်းနေတယ်၊ ညဘက်ဆိုရင်လည်း လုံးဝ မီးမဖွင့်ခိုင်းဘူး၊ မီးဖွင့်လိုက်တာနဲ့ အခုလိုပဲ အော်ဟစ်ငိုယိုပြီး ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ လုပ်တယ်၊ ပြီးတော့ တုန်ယင်လာရော၊ တစ်ခါတလေဆိုရင် လဲလျောင်းနေရင်းနဲ့ကို အန်တာ၊ အစာအိမ်ရည်တွေ ထွက်လာတဲ့အထိပဲ”
လီချန်ကျန့် မျက်မှောင်ကြုတ်ရင်း အားကိုးရာမဲ့သည့် အသံဖြင့် ပြောပြသည်။
ရုတ်တရက် အရိပ်တစ်ခုက လီချင်းယွီအပေါ် ကျရောက်သွားသည်။ ချန်စစ်ကျယ်က ဘယ်အချိန်က ကုတင်တစ်ဖက်သို့ ရောက်သွားမှန်း မသိဘဲ ကလေးမလေး၏ အဖေဘေးတွင် ရပ်ရင်း မျက်တောင်ကို နှိမ့်ချကာ အက်ကွဲပျင်းရိသည့် အသံဖြင့် ပြောလိုက်သည်။
“သူ့ရဲ့ ဝိညာဉ်က မတည်မငြိမ် ဖြစ်နေတာပဲ၊ အဲဒီကားတိုက်မှုတုန်းက သူ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ဘူး မဟုတ်လား၊ ဆေးရုံမှာလည်း အကြာကြီး မနေခဲ့ရဘူး ထင်တယ်၊ အများဆုံး တစ်လ၊ တစ်လခွဲလောက်ပဲ”
“အဲဒီတုန်းက စစ်ဆေးချက်အရ လက်မောင်းအရိုးကျိုးတာနဲ့ အသားနာတာလောက်ပဲ ရှိမှာပါ၊ အဲဒီဖြစ်တဲ့နေရာက မတော်တဆမှု ခဏခဏ ဖြစ်တဲ့နေရာဖြစ်မယ်၊ အဲဒီမှာ ကျန်နေတဲ့ ဝိညာဉ်တွေက သူ့ဆီ ကပ်ပါလာတာပဲ”
ဝမ်သိုက်က အံ့ဩတကြီးနှင့် တစ်ဖက်မှ အမျိုးသားကို မော့ကြည့်လိုက်သည်။ သူကတော့ အိပ်ငိုက်နေသည့် ပုံစံအတိုင်းပင်။
လူတစ်ယောက်က နေမကောင်းဖြစ်နေလျှင် ပုံမှန်ထက်တောင် ပိုပြီးစွမ်းဆောင်ရည် မြင့်နေသည်လား။
မူလက လျိုနန်သည် သမီးဖြစ်သူ ရုန်းကန်နေသည်ကို မကြည့်ရက်သဖြင့် မျက်နှာလွှဲ ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ချန်စစ်ကျယ်၏ စကားအဆုံးမှာတော့ သူမက မျက်နှာကို ချက်ချင်း ပြန်လှည့်လာပြီး ရှေ့သို့ အပြေးအလွှား တိုးလာခဲ့သည်။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နီရဲနေသည့် မျက်လုံးများဖြင့် စူးစူးစိုက်စိုက် ကြည့်ကာ အသံတုန်တုန်နှင့် မေးလိုက်သည်။
“ဝိညာဉ်မတည်ငြိမ်ဘူး၊ အဲဒါ ဘာကို ဆိုလိုတာလဲ၊ ဘာကြောင့် ဖြစ်ရတာလဲ”
အနောက်က လိုက်လာသည့် အမျိုးသမီးကြီးက လျိုနန်၏လက်မောင်းကို ပုတ်ပြီး ထိန်းလိုက်ရသည်။
လျိုနန်က အသံကို ပြန်လျှော့လိုက်ပြီး
“အဲဒီကားတိုက်မှုတုန်းက သမီးလေးက တကယ်ပဲ ဒဏ်ရာမပြင်းခဲ့ပါဘူး၊ အခြေအနေတွေရော၊ အချိန်တွေရော အကုန်မှန်ပါတယ်၊ အဲဒါဆို... သူ့ရဲ့ ဝိညာဉ်ကို ပြန်တည်ငြိမ်အောင် လုပ်ပေးလို့ ရမလားဟင်”
သူမ လက်သီးဆုပ်ထားရင်း မျှော်လင့်ချက်အပြည့်တို့နှင့် ချန်စစ်ကျယ်ကို စိုက်ကြည့်နေမိတော့သည်။