← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

🍏 Chapter 97

ကုတင်ပေါ်တွင် လှဲလျောင်းနေသော မိန်းကလေးမှာ လက်နှစ်ဖက်စလုံး ဘေးတွင် ချထားလျက်ရှိသည်။

ဖရိုဖရဲဖြစ်နေသော ဆံနွယ်များမှာ ကုတင်ခင်းပေါ်တွင် ပျံ့နှံ့နေပြီး မှိတ်ထားသော မျက်တောင်ဖျား များ၌ မျက်ရည်စများ တွယ်ကပ်နေဆဲဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း မကြုံစဖူးသော အသက်ရှူသံမှာ ယခုမှပင် ငြိမ်သက်သွားချေပြီ။

ယခင်က ကန်ကျောက်ခြင်း၊ ရုန်းကန်ခြင်း နှင့် တက်ခြင်းများ ဖြစ်ပေါ်နေသော ကိုယ်ခန္ဓာနှင့် ခြေထောက်များမှာလည်း တစ်ပြိုင်နက်တည်း ငြိမ်သက်သွားကြသည်။

ဝမ်သိုက်သည် မေးစေ့ကို ငုံ့လျက် ရှေ့မှ မိန်းကလေးကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ အခြားသူများ ဘက်သို့ မျက်နှာမူကာ

"ကျွန်မရဲ့ အစောင့်အရှောက်တွေက ဒီညီမလေးရဲ့ ဝိညာဉ်ကို ခေတ္တခဏ ငြိမ်အောင် လုပ်ပေးထားပါတယ်၊ သူ့ကိုယ်ပေါ်က ဝိညာဉ်ဆိုးကတော့ မထွက်သွားသေးဘူး၊ ဒါပေမဲ့ သူ အခု အနားယူနေတာပါ" ဟု ပြောဆိုလိုက်သည်။

ထို့နောက် ကိုယ်ကို ကိုင်းညွတ်ကာ စောင်ကိုဆွဲပြီး လီချင်းယွီအား လွှမ်းခြုံပေးလိုက်ချေသည်။

လူအနည်းငယ်မှာ အိပ်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် သွားရောက် ထိုင်ကြသည်။ နှေးကွေးစွာ ထိုင်ချလိုက်သော ချန်စစ်ကျယ်မှာ ဆိုဖာထဲသို့ မြုပ်ဝင်သွားပြီး သူထိုင်လိုက်သည့် ခဏ၌ ဝမ်သိုက်သည် မည်သည့်ရနံ့မှန်း အတပ်မပြောနိုင်သော ရနံ့သင်းသင်းလေးကို ဝေဝေဝါးဝါး ရလိုက်သည်။

"ဝိညာဉ်မတည်မငြိမ် ဖြစ်နေတာက အဲ့ဒီကားအက်စီးဒင့်က သူ့အတွက် သေကံပါနေလို့ပဲ" ပျင်းရိသော အသံမှာ ရှည်လျားစွာ ထွက်ပေါ်လာသည်။

ချန်စစ်ကျယ်၏ မျက်တောင်များမှာ အနည်းငယ် လှုပ်ခတ်သွားပြီး မှေးစင်းထားသော မျက်ခွံများမှာ နောက်တစ်စက္ကန့်တွင် ပိတ်ကျသွားတော့မည့်အတိုင်း ဖြစ်နေသည်။

သေကံ ဟူသော စကားလုံးနှစ်လုံး ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်ခြည်း တိတ်ဆိတ်သွားချေသည်။ လျိုနန်၏ မျက်ရည်များမှာ ထပ်မံ၍ လိမ့်ဆင်းလာပြီး သူမသည် မျက်နှာကို လွှဲကာ ပါးစပ်ကို ပိတ်လျက် ငိုရှိုက်သံကို ထိန်းထားရသည်။

လီချန်ကျန့်၏လက်ဖဝါးမှာ နဖူးပေါ်တွင် ကပ်ထားလျက် ရှိသည်။ သူသည် အနည်းငယ် ဖြူယောင်ယောင်သန်းနေသော ဆံပင်များကို အနောက်သို့ သပ်တင်လိုက်ပြီးနောက် ငုံ့ထားသော လည်ပင်းကို မော့လာသည်။

အခန်းတွင်းရှိ အဝါရောင် ညမီးအိမ်အောက်၌ သူ၏ မျက်လုံးထဲမှ သွေးကြောမျှင်များမှာ ပို၍ပင် နွမ်းနယ်နေဟန် ပေါ်နေသည်။ သူက မောပန်းသော လေသံဖြင့် "ဒါဆို ... ငါ့ရဲ့မြေးမလေးက သေကံကို ကျော်ဖြတ်ပြီးပြီလား" ဟု မေးမြန်းသည်။

"သေကံကို ကျော်ဖြတ်ပြီးပါပြီ၊ ဒါပေမဲ့ သက်ရောက်မှုတော့ ရှိနေနိုင်သေးတယ်၊ ဝိညာဉ်ဆိုးတွေရဲ့ နှောင့်ယှက်မှုက ပြင်းထန်ရင် စိတ်ဖောက်ပြန်တာ ဒါမှမဟုတ် ရူးသွပ်တာမျိုး ဖြစ်တတ်ပါတယ်၊ အကြောင်းရင်းကတော့ ဝိညာဉ်ဆိုးတွေ ကိုယ်ပေါ်မှာ ပူးကပ်နေလို့ပါပဲ”

“အရပ်သုံးစကားနဲ့ ပြောရရင်တော့ သရဲပူးတာပေါ့" ဟု ဝမ်သိုက်က ရှင်းပြပေးသည်။

သူမသည် လီချန်ကျန့်ကို စိုက်ကြည့်ရင်း ချန်စစ်ကျယ်ကို အနားယူရန် အချက်ပြသည့်အနေဖြင့် သူ့လက်မောင်းကို နှစ်ချက်မျှ ပုတ်လိုက်သည်။

ရှင်းပြရန်အတွက် ကိုယ်ကို အနည်းငယ် မတ်လိုက်သော ချန်စစ်ကျယ်မှာ ဆိုဖာပေါ်သို့ ပြန်၍ မှီချလိုက်ပြန်သည်။ နဖူးပေါ်တွင် ဝဲကျနေသော ဆံပင်များအောက်ရှိ မျက်လုံးများမှာလည်း လုံးဝ ပိတ်ကျသွားပြီဖြစ်သည်။

သို့သော် ဝမ်သိုက်၏ ရှင်းပြချက်အပြီးတွင် သူက ဆက်လက်၍ စကားပြောလာသည်။

"လီချင်းယွီ အက်စီးဒင့်ဖြစ်တဲ့ လမ်းဆုံက ယန့်ယန်လမ်းနဲ့ ဖူတုန်းလမ်းဆုံ မဟုတ်လား၊ မတော်တဆမှုတွေ ခဏခဏ ဖြစ်နေတဲ့ လမ်းပိုင်းကို သိပ္ပံနည်းကျပြောရရင် လမ်းဆုံပုံစံလုပ်ထားတာ မှားနေလို့ပါ”

“ဒါပေမဲ့ လမ်းဆုံတွေက နေရာတိုင်းမှာ ရှိနေတာပဲ၊ ဘာလို့ အဲ့ဒီနေရာကမှ အဖြစ်အများဆုံး ဖြစ်နေရတာလဲ၊ ယာဉ်သွားလာမှု ပုံစံတွေ၊ ဒီဇိုင်းပိုင်း အားနည်းချက်တွေနဲ့ ယာဉ်အသုံးပြုသူတွေရဲ့ ရှုပ်ထွေးမှုတွေကို ဖယ်ထုတ်လိုက်ရင်တော့ ဒါကို ဖုန်းရွှေရှုထောင့်ကနေ ကြည့်ရပါလိမ့်မယ်"

"အဲ့ဒီလမ်းဆုံအကြောင်း ကျွန်တော် ကြားဖူးပါတယ်၊ လီကျိုးမြို့သားတွေ အားလုံးလည်း ကြားဖူးကြမှာပါ၊ မတော်တဆမှုတွေက တစ်ပတ်မှာ တစ်ကြိမ်လောက်၊ အများဆုံးဆိုရင် လဝက်မှာ သုံးကြိမ်လောက်အထိ ဖြစ်တတ်တယ်”

“ထိခိုက်မှု အတိမ်အနက်ကတော့ မတူကြဘူး၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဥပဒေအရ မတော်တ ဆမှု အဖြစ်များတဲ့ လမ်းပိုင်းဆိုတာ တစ်နှစ်အတွင်း လူသေဆုံးတဲ့ မတော်တဆမှု သုံးကြိမ်ထက်မနည်း၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတဲ့ မတော်တဆမှု ဆယ်ကြိမ်ထက်မနည်း ဖြစ်တာကို ခေါ်တာပါ”

“လီကျိုးက နိုင်ငံအတွင်းမှာ အဆင့်မြင့်မြို့ကြီး ဖြစ်နေတာမို့ လမ်းပန်းဆက်သွယ်ရေး ဒီဇိုင်းပိုင်း မှာတော့ အားနည်းချက် ရှိမနေသင့်ဘူး၊ အရင်က အဲ့ဒီလမ်းဆုံမှာ ဒီလောက် မတော်တဆမှု မဖြစ်ခဲ့ဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ စဖြစ်တာ မဟုတ်လား၊ အဲ့ဒီတုန်းက ... ကျွန်တော် မှတ်မိနေတာကတော့ ကားတွေဆင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အမှုတစ်ခုရှိခဲ့တယ်"

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်မှုဖြင့် ထပ်မံ အေးခဲသွားပြန်သည်။ ခေတ္တမျှအကြာတွင် ဒူးပေါ်တွင် လက်နှစ်ဖက် ယှက်တင်ထားသော လီချန်ကျန့်သည် ခေါင်းမော့လာပြီး မျက်လုံးမှိတ် အနားယူနေသော ချန်စစ်ကျယ်ကို ကြည့်လျက် လည်ချောင်းကို တစ်ချက်ရှင်းကာ

"မင်း ဆိုလိုတာက အဲ့ဒီလမ်းဆုံက ကားတိုက်မှုကြောင့် ဖုန်းရွှေပြဿနာ ဖြစ်သွားတာလား" ဟု မေးသည်။

ခြေထောက်ပေါ်တွင် ချထားသော လက်ချောင်းများ၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားသည်။ မျက်လုံးမှိတ်ထားသော အမျိုးသားမှာ နှာခေါင်းထဲမှ အင်း ဟု လေးလံသော အသံတစ်ချက် ပြုလိုက်ချေသည်။

လီချန်ကျန့်သည် သက်ပြင်းတစ်ချက်ကို အရှိန်ဖြင့် ချလိုက်ပြီး မေးစေ့ကို အနည်းငယ် ငုံ့ကာ ယှက်ထားသော လက်မနှစ်ဖက်ကို အချင်းချင်း ပွတ်သပ်နေသည်။

"မင်းပြောတဲ့ ပြဿနာက တကယ်ပဲ ဖြစ်နိုင်ခြေ ရှိပါတယ်၊ အဲ့ဒီလမ်းဆုံရဲ့ မီးပွိုင့်ချိန်ညှိမှု၊ လမ်းအမှတ်အသား ရှင်းလင်းမှု၊ ဒါမှမဟုတ် အရှိန်ပြင်းမောင်းနှင်တာနဲ့ အရက်သောက်မောင်းနှင်တဲ့ ရာခိုင်နှုန်းတွေကို ငါတို့ စစ်ဆေးခဲ့ပြီးသားပါ”

“လမ်းမျက်နှာပြင်ရဲ့ စောင်းစောင်းမှု စစ်ဆေးတာ၊ ပွတ်တိုက်မှု အားစစ်ဆေးတာ၊ ပြီးတော့ လျှပ်စစ်သံလိုက် နှောင့်ယှက်မှု စစ်ဆေးတာတွေအထိ တစ်ခုမှ မကျန်ခဲ့ပါဘူး၊ မတော်တဆဖြစ်တဲ့ ကားအမျိုးအစားတွေကလည်း တူညီမှု မရှိဘူး”

“ငါက နယ်မြေအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်လို့ အဲ့ဒီလမ်းဆုံရဲ့ ပြဿနာအတွက် ခေါင်းကိုက်နေခဲ့တာ ကြာပါပြီ၊ ဒါပေမဲ့ မတော်တဆမှုက ငါ့ မိသားစုဝင်ပေါ် ကျရောက်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"

လီချန်ကျန့် ဘေးတွင် ထိုင်နေသော အမျိုးသားမှာ လီချန်ကျန့်၏ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်ပြီး ခေါင်းမော့လာသည်။

"ကျွန်တော့်ဖေဖေက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အမြဲတမ်းအလေးထားပါတယ်၊ တာဝန်ပိုင်းမှာ သူ ဘယ်တော့မှ ပေါ့ပေါ့တန်တန်မလုပ်ခဲ့ပါဘူး၊ အဲ့ဒီလမ်းဆုံ ပြဿနာကြောင့် ဖေဖေရဲ့ ဆံပင်တွေတောင် တော်တော်ဖြူကုန်ပါပြီ”

“အကယ်၍ ခင်ဗျားတို့က ဖြေရှင်းနည်းပေးနိုင်မယ်ဆိုရင် ငွေကြေးကိစ္စက ပြဿနာ မဟုတ်ပါဘူး၊ ပြီးတော့ ကျွန်တော့် သမီးလေး... သူက ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ တစ်ဦးတည်းသော ကလေးလေးပါ"

ထိုအမျိုးသားမှာ ခေါင်းကို ခါယမ်းရင်း လည်ပင်းကို ငုံ့လျက် တိုးညှိသောအသံဖြင့်

"ကျွန်တော့် သမီးလေး ကျွန်တော့်ဆီက ထွက်သွားမှာကို မတွေးရဲသလို၊ သရဲပူးတာကြောင့် သူ့ကိုယ်ပိုင် အသိစိတ်တွေပျောက်ဆုံးသွားမှာကိုလည်း လက်မခံနိုင်ပါဘူး၊ သူ့ကို ဒုက္ခရောက်နေတာ ထပ်မမြင်ချင်တော့ဘူး"

ငိုရှိုက်နေသော လျိုနန်မှာ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး အမျိုးသား၏ခြေထောက်ပေါ်သို့ လက်ကမ်းကာ ဆုပ်ကိုင်လိုက်သည်။ မျက်ရည်စများ ဝိုင်းနေသော မျက်လုံးများဖြင့် ကြည့်လျက်

"လီလန်... ကျွန်မ ရှောင်ယွီမရှိတာကို လက်မခံနိုင်ဘူး၊ လုံးဝ လက်မခံနိုင်ဘူး" ဟု ခေါင်းကို ခါယမ်းကာတုန်ယင်နေသော နှုတ်ခမ်းများကို တင်းတင်းစိလျက် ပြောရှာသည်။

ဝမ်သိုက်သည် ထူးဆန်းသည်ဟု ခံစားရသဖြင့် မျက်လုံးပင် မဖွင့်နိုင်လောက်အောင် ဖြစ်နေသော ဘေးမှလူကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ ထိုလူမှာ လက်ကို မြှောက်ကာ နားထင်ကို နှိပ်နယ်နေပြီး ခေတ္တမျှကြာသောအခါမှ မျက်လုံးများကို နှေးကွေးစွာ ဖွင့်လာသည်။

မြူခိုးများ ဖုံးလွှမ်းနေသည့်အလား မြေခွေးမျက်လုံးများမှာ ဝမ်သိုက်ကို တစ်ချက်ကြည့်ပြီးနောက် လီမိသားစုဝင်များဆီသို့ ရောက်သွားသည်။ ထို့နောက် အက်ရှရှအသံမှာ လည်ချောင်းမှ ထွက်ပေါ်လာသည်။

"ခင်ဗျားတို့ စိတ်ကို အရင်ထိန်းကြပါ၊ ကျွန်တော်တို့ ဒီကိုလာရတဲ့ အဓိက ရည်ရွယ်ချက်က လီချင်းယွီရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ပဲ၊ အစောက လမ်းဆုံမှာ မတော်တဆမှု ခဏခဏဖြစ်နေတဲ့ အကြောင်း ပြောပြတာက အဲ့ဒီမှာ နာကျည်းမှုတွေ သိပ်ကြီးပြီး အငြိုးအတေးတွေ ဝိုင်းနေတယ်ဆိုတာ သိအောင်ပြောပြတာပါ၊ အဲ့ဒီက နာကျည်းနေတဲ့ ဝိညာဉ်တွေက လီချင်းယွီနောက်ကို ကပ်ပါလာပြီး သူ့ကိုယ်ထဲကို ဝင်ပူးဖို့ကြံနေကြတာ"

စကားလုံးများက တိုက်ရိုက်ဆန်လွန်းသဖြင့် ဝမ်သိုက်၏မျက်ခွံများမှာ တစ်ချက် လှုပ်ခတ်သွားသည်။ သူမသည် လက်သီးဆုပ်ကာ ချန်စစ်ကျယ်၏ပေါင်ကို တစ်ချက် ထုလိုက်ပြီး စကားဖြတ်ပြော လိုက်သည်။

"မှန်ပါတယ်၊ အစောက သူ ကုတင်ပေါ်မှာ စိတ်လွတ်နေတာမျိုးဖြစ်နေတာရယ်၊ ပြီးတော့ ရှင်တို့ ပြောတဲ့ သူ နေ့ဘက်ဆိုရင် ဗီရိုထဲမှာသွားပုန်းနေတာမျိုးတွေက စိတ်ကျန်းမာရေး ပြဿနာလို့ ထင်စရာပါပဲ"

"ဒါပေမဲ့ တကယ့်အမှန်တရားကတော့ သူ ခုနကပဲ ဝိညာဉ်ဆိုးတွေ အများကြီးနဲ့ ခန္ဓာကိုယ်ကို အလုခံနေရတာပါ၊ နေ့ဘက်မှာ ဗီရိုထဲပုန်းနေတာကလည်း ဝိညာဉ်ဆိုးတွေက သူ့ကိုခြောက်လှန့်နေလို့ ဖြစ်ပါလိမ့်မယ်”

“ရှင်တို့ မိသားစုထဲမှာ အရင်က နတ်မင်းတွေကိုကိုးကွယ်ခဲ့ဖူးတာ ရှိလား၊ မြေခွေးနတ်မင်း၊ မြေခွေးဝိညာဉ် အစရှိသဖြင့်ပေါ့၊ ဒါမှမဟုတ် မြွေနတ်မင်း၊ မြွေနဂါးအရှင်၊ ကျွန်မ မြင်နေရတာကတော့ စိမ်းပြာရောင် အစက်အပြောက်တွေပါတဲ့ မြွေနဂါးတစ်ကောင်ပဲ"

All Chapters