← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

🍏 Chapter 99

လီမိသားစုဝင်များမှာ သူတို့ကို အောက်ထပ်အထိ လိုက်လံ ပို့ဆောင်ကြသည်။ မျက်ရည်များ မကျတော့သော လျိုနန်မှာ စိတ်ပူလွန်းသဖြင့် စိတ်နဲ့ကိုယ်မကပ် ဖြစ်သွားပုံရသည်။

သူမက လက်ကို မြှောက်ကာ "အို... ညစာ စားပြီးမှ သွားကြပါလား" ဟု လှမ်းခေါ်သည်။

သူမကို ချက်ချင်း သတိပေးလိုက်သူမှာ အမျိုးသမီးကြီးပင်။ အမျိုးသမီးကြီးက သူမကို မကျေမနပ် ကြည့်ကာ

"ဘာတွေ ပြောနေတာလဲ၊ ညစာ မစားရသေးတာ ငါတို့ပဲ ရှိတာ၊ အခု ဘယ်နှစ်နာရီရှိပြီလဲ ကြည့်ဦး" ဟု တိုးတိုးလေး ငေါက်လိုက်သည်။

လျိုနန်သည် အမှားကို သိသွားသဖြင့် အားနာစွာပြုံးပြသည်။ သူမသည် ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို ကြည့်လျက်

"အစတုန်းက ရှင်တို့ နှစ်ယောက်လုံး သိပ်ငယ်နေတာကိုမြင်တော့ စိတ်ထဲမှာ သိပ်ပြီး မယုံကြည်ခဲ့မိဘူး

အထူးသဖြင့် ဒီအမျိုးသားက အိပ်ငိုက်နေသလိုဖြစ်နေတော့... နောက်ဆိုရင် လူကို အပြင်ပန်းနဲ့ မဆုံးဖြတ်သင့်တော့ဘူးပဲ" ဟု ရိုးသားစွာ ပြောဆိုလိုက်လေသည်။

ညယံ၏ကြည်လင်သော အပြာရောင်အောက်၌ လောကရှိအရာရာတိုင်း၏အသွင်သဏ္ဌာန်မှာ ဝေဝါးနေသည်။ ထိုသို့ဝေဝါးနေသည်မှာ ထိုအရာများသာ မဟုတ်ပေ။

ပုံနေသော နှင်းပုံငယ်များကို မတော်တဆ နင်းမိတိုင်း 'ဂျိခနဲ' မြည်သံ ထွက်ပေါ်လာသည်။ မှုန်ရီသော အလင်းအောက်၌ ချန်စစ်ကျယ်သည် ရှေ့ခန်းတံခါးကို ဖွင့်ပေးရန် ရပ်နေချေသည်။

ဝမ်သိုက်ကမူ မျက်ခုံးတစ်ချက် ပင့်ကြည့်ကာ ကားထဲသို့ ဝင်ထိုင်လိုက်ပြီး

"ရှင်က ဘာလို့ ရုတ်တရက်ကြီး ဒီလောက် သဘောကောင်းသွားရတာလဲ၊ ဖျားတာက လူ့ကျင့်ဝတ်တွေကို နိုးထလာစေတာလား" ဟု လှမ်းမေးလိုက်သည်။

"စကားကောင်း မပြောတတ်ရင်လည်း ငြိမ်ငြိမ်လေးနေပါ" ဟု ချန်စစ်ကျယ်က ဆိုသည်။

သူသည် ကားတံခါးကို 'ဗုန်း' ခနဲ မြည်အောင် ပြန်ပိတ်ကာ ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြီး ပျင်းရိနေသောအသံဖြင့် ပြန်ပြောလာချေသည်။

သူသည် ဝမ်သိုက် ပြောလေ့ရှိသော စကားဖြင့်ပင် ဝမ်သိုက်ကိုပြန်လည် ချေပလိုက်ခြင်း ဖြစ်သည်။

ဝမ်သိုက်သည် ထိုင်ခုံခါးပတ် ပတ်ထားသော လက်ကို ပြန်မရုပ်ဘဲ လက်မောင်းကို ဆန့်ကာ ချန်စစ်ကျယ်၏နဖူးပေါ်သို့ တင်လိုက်သည်။

နဖူးပေါ်မှ ဆံပင်များမှာ ဘေးသို့ဝဲကျသွားပြီး အေးစက်စက် လက်တစ်ဖက်၏ အထိအတွေ့ကြောင့် ချန်စစ်ကျယ် လက်များမှာ ခေတ္တမျှ တန့်သွားသည်။

ဝမ်သိုက် ထိုလက်ကို မဖယ်ဘဲ ပိုတင်းတင်းလေး ဖိကပ်လိုက်ကာ

"ဟင်... ဒီလောက်တောင် ပူနေတာလား၊ ဒါ ကြက်ဥတစ်လုံး တင်လိုက်ရင်တောင် ကျက်သွားမယ့် အပူချိန်ပဲ၊ ရှင် တကယ် အောင့်ခံနိုင်တာပဲ ချန်စစ်ကျယ်

ခေါင်းက ဒီလောက် ပူနေတာတောင် ကားမောင်းပြီး လူတွေကို ကူညီပေးနေသေးတယ်၊ ရှင့်ကို သည်းခံနိုင်တဲ့သူလို့ ခေါ်ရမလားပဲ"

သူမ၏အသံမှာ ချိုသာသော်လည်း ထွက်လာသော စကား လုံးများမှာမူ နားဝင်ချိုလှသည်တော့ မဟုတ်ပေ။

ချန်စစ်ကျယ်သည် စတီယာရင်ကို ကိုင်ထားသော လက်ဖြင့် သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပြန်ဖယ်လိုက်သည်။

ထို့နောက် လက်နှစ်ဖက်စလုံးဖြင့် ကားကို ကျွမ်းကျင်စွာ မောင်းနှင်ရင်း "မင်းက အလုပ်အပေါ် တာဝန်သိတတ်မှု ဆိုတာကို နားလည်ရဲ့လား"

ဘူဂတ်တီ ကားလေးသည် ည၏အလင်းရောင်ကို စုပ်ယူလျက် လမ်းမပေါ်တွင် ပြေးလွှားနေချေသည်။ သို့သော် ကားအတွင်းပိုင်း မြင်ကွင်းမှာမူ အပြင်ဘက်ကဲ့သို့ လှပမနေပေ။

ဝမ်သိုက်က မရပ်မနား တတွတ်တွတ် ပြောနေဆဲ ဖြစ်သည်။

"ဖျားနေတာကို ဘာတာဝန်သိနေတာလဲ၊ ဒါက ရှင့်ရဲ့ အဓိက အလုပ်မှ မဟုတ်တာ၊ ရှင့်ရဲ့ ရှေ့နေရုံး ရှယ်ယာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် တစ်နာရီကို ရှစ်ထောင်နှုန်း ရနေတာပဲ၊ ဒီလို အင်းချ၊ ယတြာချေတာတွေ လုပ်လို့ရတဲ့ ငွေလေးကို မက်နေစရာမလိုပါဘူး”

“ဒီအလုပ်တွေမှာ အချိန်ကုန်ခံမယ့်အစား ရှင့်ရဲ့ အမှုတွေကိုပဲ စစ်လိုက်ပါဦး၊ ဘယ်လောက်တောင် ပိုရမလဲ မသိဘူး၊ အခုတော့ ရှင်က ပရဟိတလုပ်နေသလိုဖြစ်နေပြီ"

ပြင်းထန်သော အဖျားဒဏ်ကြောင့် ချန်စစ်ကျယ်မှာ အိပ်ငိုက်ခြင်းနှင့် ဝေဝါးခြင်းကို အစွမ်းကုန် အောင့်ခံနေရသည်။ ဘေးတွင်လည်း တတွတ်တွတ် ပြောနေသော ငှက်ကလေးတစ်ကောင် ပါလာသဖြင့် သူက နှာခေါင်းရှုံ့ကာ

"မင်းကတော့ တစ်ယောက်တည်း စကားပြောတဲ့ ပြဇာတ်ကပြရင် သိပ်ကောင်းမှာပဲ" ဟု ခနဲ့လိုက်သည်။

"ဘာလဲ၊ စေတနာကို နားမလည်တာလား၊ ရှင် ကားမောင်းရင်း မူးလဲသွားမှာ စိုးလို့ ပြောနေတာလေ၊ လူမမာတစ်ယောက် မောင်းတဲ့ကားကို စီးရတာ ကျွန်မအတွက် တကယ်ကို ရင်တထိတ်ထိတ်ပဲ၊ ဒါပေမဲ့..."

ဝမ်သိုက် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

မှောင်ရီသော အလင်းအောက်၌ ချန်စစ်ကျယ်၏ဘေးတိုက်မျက်နှာမှာ ဖြူလျော့နေသော်လည်း ပါးပြင်ပေါ်တွင် အဖျားကြောင့် ဖြစ်သော နီမြန်းမှုများ ရှိနေသည်။

"ရှင့်အပူချိန်က ဘယ်လောက်လဲ၊ တကယ်ပဲ သတိကပ်နိုင်ရဲ့လား၊ ဆေးရော သောက်ပြီးပြီလား၊ ဒီလောက် အပူချိန်နဲ့တော့ ဆရာဝန်ဆီ သွားသင့်တယ်၊ ကားရပ်ပြီး အငှားမောင်းသမားပဲ ခေါ်လိုက်ပါလား၊ ကျွန်မမှာ လိုင်စင်မရှိတော့ ရှင့်ကို ကူမမောင်းပေးနိုင်ဘူး"

ချန်စစ်ကျယ် အေးစက်စက် ရယ်လိုက်ပြီး ရှေ့ကိုသာ စိုက်ကြည့်ကာ

"အနောက်က စကားကမှ မင်း တကယ်ပြောချင်တာ မဟုတ်လား၊ သုံးဆယ့်ကိုးဒီဂရီလောက်ပဲ ရှိတာပါ၊ ဆေးသောက်လိုက်ရင် ပိုပြီးသတိမကပ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်

ဖျားနာတဲ့ ဆေးအများစုက အိပ်ငိုက်စေတာ မင်း မသိဘူးလား၊ ငါ မမူးလဲသရွေ့ ဆရာဝန်ဆီသွားစရာ မလိုဘူး၊ ငါ့ကို သုံးနှစ်ကလေးလို့ ထင်နေတာလား" ဟု ပြန်ပြောလိုက်သည်။

ရုတ်တရက် ဘေးမှလူဆီမှ စကားသံပျောက်ကွယ်သွားသည်။ တိတ်ဆိတ်မှုက ခေတ္တမျှ ဖုံးလွှမ်းသွားသဖြင့် ချန်စစ်ကျယ်သည် မျက်ခုံးတန်းကာလှည့်ကြည့်လိုက်ပြီး

"မင်း... အိပ်ပျော်သွားတာတော့ မဟုတ်ပါဘူးနော်" ဟု မေးလိုက်သည်။

သို့သော် သူမကို မြင်လိုက်ရသောအခါ သူ့ မကျေနပ်မှုများမှာ ချက်ချင်းရပ်တန့်သွားသည်။

ချန်စစ်ကျယ်သည် ကားကို အရေးပေါ် ဘရိတ်အုပ်ကာ ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။

ဝမ်သိုက်သည် ဗိုက်ကို ဖိလျက် ထိုင်ခုံပေါ်တွင် လှဲနေချေသည်။ သူမ မျက်နှာမှာ နာကျင်မှုကို အောင့်ခံထားရဟန်ဖြင့် ရှုံ့တွနေပြီး လည်ချောင်းထဲမှ အသံကို ခဲရာခဲဆစ် ညှစ်ထုတ်ကာ "ဆေးရုံ... ဆေးရုံ သွားရအောင်... ကျွန်မ ဗိုက်အောင့်လို့" ဟု ပြောရှာသည်။

"ကောင်းပြီ၊ အောင့်ထားဦး"

ချန်စစ်ကျယ်သည် ချက်ချင်းပင် လီဗာကိုနင်းလိုက်သည်။ သူ၏ပင်ပန်းနွမ်းနယ်နေသော စိတ်မှာလည်း လန့်ဖျပ်သွားသဖြင့် လန်းဆန်းသွားပြီး အနီးဆုံးဆေးရုံသို့ အမြန်ဆုံး မောင်းနှင်သွားတော့သည်။

ဆေးရုံရောက်သောအခါ ကားကို ရပ်နားပြီး ချန်စစ်ကျယ်သည် အလျင်အမြန်ပင် ဝမ်သိုက်ရှိရာ ဘက်သို့ သွားကာ တံခါးဖွင့်ပေးလိုက်သည်။

သူသည် ကိုယ်ကိုကိုင်းကာ ကားထဲသို့ ငုံ့ကြည့်လိုက်သဖြင့် ဝမ်သိုက်မှာ အတော်လေးလန့်သွားပုံရသည်။

ဝမ်သိုက်သည် ဗိုက်ကို ဖိထားသော လက်ကို ခေတ္တမျှလွှတ် လိုက်ပြီး မျက်လုံးလေးများ ပြူးကာ ကြည့်နေသည်။

သူမ ပခုံးလေးများမှာလည်း ထိုင်ခုံနောက်ကျောဘက်သို့ အလိုလို ကပ်သွားပြီး "ရှင်... ရှင် ဘာလုပ်မလို့လဲ" ဟု ထစ်ထစ်ငေါ့ငေါ့ မေးရှာသည်။

အဖျားကြောင့် နီမြန်းနေသော မျက်နှာပေါ်မှ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။ ချန်စစ်ကျယ်သည် သူ၏မြေခွေးမျက်လုံးများဖြင့် စိုက်ကြည့်ကာ

"မင်း ကိုယ်တိုင် လမ်းလျှောက်နိုင်ရဲ့လား" ဟု မေးသည်။

သူ့ မျက်လုံးများထဲတွင် စိုးရိမ်စိတ်များ ရှိနေသယောင်ပင်။

ဝမ်သိုက် ဗိုက်ကို ပြန်ဖိကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "လမ်းကတော့ လျှောက်လို့ ရပါသေးတယ်၊ ဖယ်ပေးပါဦး" ဟု ဆိုသည်။

သူမသည် ကားထဲမှ ထွက်ကာ အရေးပေါ်ဌာနသို့ လျှောက်သွားသည့် တစ်လျှောက်လုံး ဗိုက်ကို လက်ဖြင့် ဖိထားဆဲဖြစ်သည်။

သူမ ပခုံးလေးများမှာ နာကျင်မှုကို အောင့်ခံထားရသဖြင့် ကျုံ့ဝင်နေသော်လည်း ခြေလှမ်းများမှာမူ တော်တော်လေး သွက်လက်နေချေသည်။

ဆေးရုံအတွင်းသို့ ရောက်သောအခါ ဝမ်သိုက်သည် လူနာစာရင်းသွင်းသည့် နေရာသို့ သွားနေသော ချန်စစ်ကျယ်ကိုလက်ဖြင့် တားလိုက်သည်။

သူမသည် ပခုံးများကို ပြန်ဆန့်လိုက်ပြီး ချန်စစ်ကျယ်၏လက်မောင်းကို ဆွဲကာ "ဒီမှာပါ၊ သူက အဖျား သုံးဆယ့်ကိုးဒီဂရီ ရှိနေလို့ပါ၊ အရေးပေါ်ဌာနမှာ ပြချင်လို့ပါ" ဟု စာရင်းသွင်းပေးသူကို ပြောလိုက်သည်။

ချန်စစ်ကျယ် မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောင်တောင်တောင် ဖြစ်သွားသော အမူအရာကို မြင်လိုက်ရသည်။

ဝမ်သိုက် ထိုအမူအရာကို မှတ်တမ်းတင်ထားချင်သော်လည်း အခွင့်အရေး မရှိသေးသဖြင့် သူ့လက်မောင်းကို ပုတ်ကာ "ဖုန်း... ဖုန်းပေးလေ၊ ဒီမှာ အွန်လိုင်း လူနာကတ်ရှိလား၊ မရှိရင် အာမခံကတ် ဖွင့်ပေးလိုက်မယ်" ဟု လောဆော်လိုက်သည်။

ချန်စစ်ကျယ်သည် အခြေအနေကို နားလည်သွားသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်းကို ထုတ်ပေးလိုက်သည်။

ကိုယ်ပူချိန်တိုင်းခြင်း၊ နှလုံးခုန်နှုန်းစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးစစ်ခြင်းများ အားလုံး ပြီးဆုံးသွားသောအခါ ချန်စစ်ကျယ်မှာ ဆေးသွင်းခန်းထဲတွင် ဆေးချိတ်ထားရပြီ ဖြစ်သည်။

သူ့ဘေးတွင်မူ အကြံအဖန်လုပ်ခဲ့သော ဝမ်သိုက်ကမူ ပြုံးဖြဲဖြဲဖြင့် ရှိနေသည်။

"ဆေးသွင်းရတာ နာလား" ဟု ဝမ်သိုက်က ရွှင်ရွှင်လန်းလန်းဖြင့် မေးလိုက်သည်။

သူမ၏မျက်တောင်လေးများ လှုပ်ခတ်နေသော မျက်လုံးများကို ကြည့်ကာ ချန်စစ်ကျယ်က "မင်းကိုယ်တိုင် စမ်းကြည့်ပါလား၊ သိရတာပေါ့" ဟု အေးစက်စက် ဆိုသည်။

သူ တော်တော်လေး မကျေမနပ်ဖြစ်နေသည်မှာ သိသာလှသည်။ ဝမ်သိုက် ပခုံးကလေး တွန့်ပြကာ

"ကျွန်မကမှ မဖျားတာ၊ လူမမာလည်း မဟုတ်ဘူးလေ၊ ဆေးစစ်ပေးချင်ပေမဲ့လည်း နည်းလမ်းမရှိဘူး၊ ဆေးရုံက ပစ္စည်းတွေကို အလဟဿ မဖြုန်းတီးသင့်ဘူး မဟုတ်လား"

ချန်စစ်ကျယ် ခနဲ့ပြုံး ပြုံးလိုက်ပြီး "မင်းက ပြဇာတ်ကရုံတင်မကဘူး၊ ရုပ်ရှင်လောကထဲ ဝင်သင့်တာ၊ ဒီလောက်ကောင်းတဲ့ သရုပ်ဆောင်ချက်နဲ့တော့ တကယ်နှမြောစရာပဲ"

ဝမ်သိုက် ထိုင်ခုံကို မှီလိုက်ပြီး "နှမြောစရာကောင်းပေမဲ့လည်း မတတ်နိုင်ဘူးလေ၊ ကျွန်မက ရုပ်ရှင်လောကနဲ့ ကံမပါတဲ့ သူပဲ ဥစ္စာ" ဟု အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ချန်စစ်ကျယ်သည် ဒေါသထွက်သွားသဖြင့် ဖုန်းကို လက်တစ်ဖက်ဖြင့်ကိုင်ကာ တစ်ဖက်မှ မိသားစုထံသို့ သူ့ အခြေအနေကို သတင်းပို့လိုက်သည်။

All Chapters