အခန်း ၁၀၁
Vol. 11 Ch. 101
🍏 Chapter 101
အာရုံကို ပြန်စုစည်းလိုက်သောအခါ ဆိုဖာပေါ်တွင် စောင်းလျက် လဲနေသော လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ ဆံပင်အရှည်ကို ကြည့်ခြင်းဖြင့် အမျိုးသမီးကြီး တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။
သူမ မျက်နှာမှာ ဖောယောင်နေခြင်း မရှိသော်လည်း မီးခိုးစိမ်းရောင် သန်းနေသော အရေပြားနှင့် အနီရောင် သစ်ကိုင်းသဏ္ဌာန် သွေးကြောမျှင်များမှာ သူမသည် အလောင်းကောင် တစ်ခု ဖြစ်နေပြီကို သက်သေပြနေချေသည်။ သူမ သေဆုံးနေသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သည်။
မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းတို့တွင် နှင်းစကလေးများ ကပ်နေသည်ကို ဝမ်သိုက် မြင်လိုက်ရသောအခါ အသက်ရှူပင် ရပ်သွားသလို ခံစားရသည်။ သူမသည် မျက်လုံးကိုချက် ချင်းဖွင့်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
အာရုံထဲတွင် မြင်ခဲ့ရသော ပုံရိပ်များနှင့် ခန္ဓာကိုယ်အတွင်းမှ ခံစားနေရသော အနံ့ဆိုးများကြောင့် ဝမ်သိုက်သည် တံတွေးကို ခဲရာခဲဆစ် မျိုချနေရသည်။
ဖုန်းထုတ်ရန် အိတ်ထဲနှိုက်လိုက်သော လက်များမှာ အလိုလို တုန်ယင်နေချေသည်။ ဝမ်သိုက်သည် တုန်ရီနေသော လက်များဖြင့် ရဲစခန်းသို့ ဖုန်းခေါ်လိုက်သည်။
သူမသည် ဤအလုပ်ကို လုပ်ကိုင်နေသဖြင့် ဝိညာဉ်များ၊ နတ်များ၊ မိစ္ဆာများကို မြင်ဖူးသော်လည်း အမှန်တကယ် သေဆုံးနေသော လူသေကောင်ကိုမူ တစ်ခါမှမမြင်ဖူးပေ။
"ဟဲလို၊ ဟုတ်ကဲ့၊ ဖုန်အန်းရပ်ကွက်၊ ထျောင်ပေါ်လမ်းက ရှို့ဝမ်အိမ်ရာဝင်း၊ အဆောင် (၁) အခန်း ၆၀၇ မှာပါ၊ ကျွန်မ... ကျွန်မ အလောင်းပုပ်နံ့ ရသလိုပဲ၊ တံခါးခေါက်လည်း ဘယ်သူမှ မဖွင့်ဘူးရှင့်"
ဝမ်သိုက်၏တုန်ရီနေသော အသံကြောင့် တစ်ဖက်မှ ရဲမေက သူမကို စိတ်အေးအေးထားရန် နှစ်သိမ့်ပေးပြီး ထိုနေရာမှာပင် စောင့်ရန်ပြောသည်။
"ကျွန်မတို့ အခုချက်ချင်း လာခဲ့ပါ့မယ်"
ဖုန်းချလိုက်ပြီးနောက် ဝမ်သိုက်မှာ အားအင်ကုန်ခမ်းစွာဖြင့် နောက်သို့ ဆုတ်လိုက်ပြီး ဝရံတာ လက်ရန်းကို မှီကာ ထိုင်ချလိုက်သည်။ သူမ အကြည့်များမှာ ပိတ်ထားသော တံခါးဆီသို့ စိုက်ကြည့်နေမိသည်။
မကြာမီမှာပင် ရဲဝန်ထမ်း အနည်းငယ်နှင့် တံခါးသော့ပြင်ဆရာတစ်ဦးတို့သည် တိတ်ဆိတ်နေသော လှေကားထစ်များကို နင်းဖြတ်ကာ ရောက်ရှိလာကြသည်။
သူတို့ ရောက်လာသောအခါ ဝရံတာ လက်ရန်းကို မှီလျက် ထိုင်နေသော ဝမ်သိုက်ကို မြင်လိုက်ရသည်။ အနက်ရောင် အနွေးထည်ကြီး ဝတ်ထားသော ဝမ်သိုက်မှာ အမည်းရောင် ဘောလုံးလေး တစ်လုံးကဲ့သို့ဖြစ်နေချေသည်။
ဖုန်းလက်ခံခဲ့သော ရဲမေသည် ဝမ်သိုက်အနီးသို့ အမြန်သွားကာ သူမ၏ပခုံးကို အသာအယာ ကိုင်လိုက်သည်။
"ညီမလေး... ဘာမှ မဖြစ်ပါဘူးနော်"
မြင်လိုက်ရသော ပုံရိပ်များကိုစိတ်ထဲတွင် ဖျောက်ဖျက်ရန် ကြိုးစားနေသော ဝမ်သိုက်သည် ခေါင်းမော့ကာ ရဲမေကို ကြည့်လိုက်သည်။ သူမသည် ၆၀၇ တံခါးကို လက်ညှိုးထိုးပြကာ
"ရှင်တို့ အနံ့မရဘူးလား၊ အနံ့တစ်ခုရှိတယ်၊ ကြက်ဥပုပ်နံ့လိုလို၊ ဆီးနံ့လိုလိုနဲ့ တော်တော်နံတာပဲ" ဟု ပြောလိုက်သည်။
ရဲမေ၏အကူအညီဖြင့် သူမသည် မတ်တပ်ရပ်လိုက်ပြီး တံခါးဖွင့်ရန် ပြင်နေသော သော့ပြင်ဆရာကို ကြည့်လိုက်သည်။
"ညသန်းခေါင်တုန်းက ကျွန်မ အလုပ်တစ်ခုရှိလို့ အပြင်ထွက်ခဲ့တာ၊ လမ်းပေါ်မှာ ကားစောင့်နေရင်းနဲ့ တစ်ချက်လှည့်ကြည့်လိုက်မိတော့ ဒီအခန်းမှာ မီးလင်းနေတာ တွေ့တယ်”
“ပြီးတော့ လူရိပ်အမည်းကြီး တစ်ခုက ပြတင်းပေါက်နားမှာ ရပ်နေတာ၊ ကျွန်မက မျက်စိ နည်းနည်းကောင်းတော့ သူ့မျက်နှာကို ခပ်ရေးရေးမြင်လိုက်ရတယ်၊ တော်တော်ထိတ် လန့်စရာ ကောင်းတာပဲ..."
ဝမ်သိုက်သည် လက်သီးဆုပ်ကာ နှာခေါင်းနားတွင် ထားလိုက်ပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ဆက်ပြောသည်။
"မနက် အလုပ်က ပြန်လာတော့လည်း ဘာလို့လဲ မသိဘူး၊ ထပ်ကြည့်မိပြန်ရော၊ အဲ့ဒီလူရိပ်က အဲ့ဒီမှာ ရှိနေတုန်းပဲ"
သူမသည် ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် ရဲမေကို ကြည့်ကာ
"ကျွန်မ အိမ်ပြန်ရောက်ပြီး အမှိုက်ပစ်ဖို့ ထွက်လာတော့ စဉ်းစားကြည့်တယ်၊ တစ်ခုခုတော့ မှားနေပြီဆိုပြီး လာကြည့်တာ၊ တံခါးကို ဆယ်မိနစ်လောက် ခေါက်တာလည်း ဘယ်သူမှ မထွက်လာဘူး၊ အဲ့ဒီမှာ အနံ့ဆိုးကြီး ရလာတာပဲ"
ဝမ်သိုက်သည် ပျို့အန်ချင်ဟန်ဆောင်ကာ ပခုံးလေးများ ကျုံ့လျက် ကြောက်လန့်နေသော ပုံစံကိုပြသလိုက်သည်။
ရဲမေက သူမ၏ ပခုံးကို ပုတ်ကာ "ကောင်းပြီ၊ အစ်မတို့ နားလည်ပါပြီ၊ စိတ်ကို အေးအေးထားပါ၊ ဘာမှ မကြောက်နဲ့တော့၊ ခဏနေရင် သိရမှာပါ" ဟု နှစ်သိမ့်သည်။
သော့ပြင်ဆရာက တံခါးကို ဖွင့်လိုက်သောအခါ အထဲမှ အနံ့ဆိုးများမှာ ဝေါခနဲ ထွက်လာသဖြင့် ရဲဝန်ထမ်းများနှင့် သော့ပြင်ဆရာမှာ မျက်မှောင်ကြုတ်သွားကြသည်။
ရဲမေသည် ဝမ်သိုက်၏ ပခုံးကို လွှတ်လိုက်ပြီး "ညီမလေးတို့ ဒီမှာ ခဏ စောင့်နေပါဦး" ဟု ပြောကာ အထဲသို့ ဝင်သွားသည်။
အထဲမှ သက်ပြင်းချသံများနှင့် တိုးတိုးတိတ်တိတ် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ခေတ္တမျှ ကြာသောအခါ ရဲမေ ပြန်ထွက်လာပြီး သော့ပြင်ဆရာကို ပြန်ခိုင်းလိုက်သည်။ ထို့နောက် ဝမ်သိုက်ကို ကြည့်ကာ "ညီမလေး အစ်မတို့နဲ့ စခန်းကို ခဏ လိုက်ခဲ့ရမယ်၊ သက်သေထွက်ဆိုချက် ပေးရမှာမို့လို့ပါ" ဟု ဆိုသည်။
စခန်းသို့ ရောက်သောအခါ ဝမ်သိုက်သည် အလွန်တည်ငြိမ် စွာဖြင့် ထွက်ဆိုချက် ပေးခဲ့သည်။
"ကျွန်မ စိတ္တဇဝေဒနာရှင် မဟုတ်ပါဘူး၊ ကျွန်မ တကယ် မြင်ခဲ့တာပါ၊ ရှင်တို့ စီစီတီဗွီကို စစ်ကြည့်လို့ ရပါတယ်၊ မနေ့ည ဆယ်နာရီ ဒါမှမဟုတ် တစ်ဆယ့်တစ်နာရီလောက်မှာ ကျွန်မ လမ်းပေါ်မှာ ကားစောင့်နေတာ ရှိလိမ့်မယ်၊ အဲ့ဒီအချိန်မှာ ကျွန်မ လှည့်ကြည့်ခဲ့တာက အဲ့ဒီအိမ်ကိုပါပဲ"
"မနက် ကိုးနာရီလောက်မှာလည်း ကျွန်မ အဲ့ဒီဘက်ကိုထပ်ကြည့်ခဲ့သေးတယ်၊ ကျွန်မ ဒီတိုက်ပေါ်ကို ဒီနေ့မှ ပထမဆုံး တက်ဖူးတာပါ၊ ဒီလောက် ထူးဆန်းတာမျိုးမတွေ့ရင် ကျွန်မ အကြောင်းမရှိဘဲ သွားမှာ မဟုတ်ပါဘူး"
ရဲမေက သူမကို ယုံကြည်ဟန်ဖြင့် ခေါင်းငြိမ့်ပြသော်လည်း ဝမ်သိုက်မှာမူ သူမအား စိတ္တဇဝေဒနာရှင်ဟု ထင်သွားမည်ကို စိုးရိမ်နေမိသည်။
နေ့လယ်စာ စားချိန်တွင် ရဲမေက သူမကို သူမ၏ အဖေ ပို့ပေးထားသော ကောက်ညှင်းထုပ်နှင့် မုန့်များကို ဝေမျှပေးသည်။
"ဖြည်းဖြည်းစားပါ၊ နင်ဦးမယ်၊ ဒါတွေက အစ်မအမေ ကိုယ် တိုင် လုပ်ထားတာ၊ တော်တော် အရသာ ရှိတယ်နော်၊ ဒါနဲ့ ညီမလေးရဲ့အလုပ်က ဘာလို့ ညဘက် ဖြစ်နေရတာလဲ"
ဝမ်သိုက်သည် မုန့်စားနေသည်ကို ရပ်လိုက်ပြီး ရဲမေ၏ အကြည့်ကို စိုက်ကြည့်ကာ
"ကျွန်မက အကြားအမြင်နဲ့ ဆိုင်တဲ့ အလုပ်ကို လုပ်တာပါ၊ ကျွန်မ မရူးပါဘူး၊ အဲ့ဒီညက အလုပ်ရှိလို့ ထွက်သွားတာ၊ ကလေးတစ်ယောက် ညဘက်ငိုနေလို့ သွားကြည့်ပေးတာပါ၊ ပြီးတော့ ကျွန်မရဲ့အဖော်ကလည်း ဖျားနေလို့ ဆေးရုံ လိုက်ပို့ပေးရသေးတယ်၊ ရှင်တို့ စီစီတီဗွီ စစ်ကြည့်လို့ ရပါတယ်"
ထိုစဉ် စီစီတီဗွီ စစ်ဆေးနေသော ရဲဝန်ထမ်းတစ်ဦးရောက် လာပြီး "သူမ ပြောတာ အမှန်ပဲ၊ သူက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ပြန်ရောက်တာဆိုတော့ ဒီအမှုနဲ့ ဘာမှ မပတ် သက်ဘူး" ဟု ပြောသည်။
"ဟင်... ဒါဆို ညီမလေးက တကယ်ပဲ ဝိညာဉ်တွေကို ယုံတာပေါ့" ဟု ထိုရဲဝန်ထမ်းက စိတ်ဝင်တစား မေးလာသည်။
ဝမ်သိုက် ထိုင်ခုံကို မှီလိုက်ပြီး "ယုံရင် ရှိတယ်၊ မယုံရင် မရှိဘူးပေါ့၊ မယုံရင်တောင်မှ မပြစ်မှားတာ အကောင်းဆုံးပါပဲ၊ ကျွန်မကတော့ ဒီအလုပ်ကို လုပ်နေတာဆိုတော့ ရှိတယ်လို့ပဲ ပြောမှာပေါ့" ဟု ဖြေလိုက်သည်။
သံသယများ ကင်းရှင်းသွားသောအခါ ရဲမေက ဝမ်သိုက်ကို ရင်းရင်းနှီးနှီး စကားပြောလာသည်။
"တကယ်တော့ အစ်မတို့ အမှုစစ်တဲ့အခါ သိပ္ပံနည်းကျ ရှင်းပြလို့မရတဲ့ ကိစ္စတွေ အများကြီးကြုံဖူးတယ်၊ ဒါပေမဲ့ အမှုပိတ်တဲ့အခါတော့ အဲ့ဒီလိုအကြောင်းပြချက်တွေ သုံးလို့မရဘူးလေ၊ အစ်မကိုယ်တိုင်လည်း မိဘတွေနဲ့အတူ ဘုရားကျောင်းတွေသွားပြီး ဆုတောင်းလေ့ ရှိပါတယ်"
ထိုသို့ဖြင့် သူတို့သည် တစ်မွန်းတည့်လုံး ဝိညာဉ်အကြောင်းများကို ပြောဆိုခဲ့ကြသည်။
ညနေ လေးနာရီခွဲခန့်တွင် သေဆုံးသူ အမျိုးသမီးကြီး၏ သားသမီးများ ရောက်ရှိလာကြသည်။
ရှေ့ဆုံးမှ ရောက်လာသူမှာ အသက်ခြောက်ဆယ်ကျော်ခန့် ရှိသောအမျိုးသားကြီးဖြစ်ပြီး သူ့နောက်တွင် သူ့ထက်အသက် ကြီးပုံရသော အမျိုးသမီးနှင့် မြေးမြစ်များ ပါလာကြသည်။ အသက် လေးဆယ်ခန့်ရှိသော အမျိုးသားတစ်ဦးက ရှေ့သို့ တိုးလာပြီး
"ကျွန်တော်တို့ သိပါပြီ၊ ကျွန်တော့်အမေက နှလုံးရောဂါရှိတာပါ၊ နှလုံးရပ်ပြီး ဆုံးတာဖြစ်မှာပါ၊ ဘယ်သူက အမေဆုံးတာကို တွေ့တာလဲ" ဟု အသံကျယ်ကျယ်ဖြင့် မေးသည်။
ဝမ်သိုက် မတ်တပ်ရပ်လိုက်ပြီး "ကျွန်မပါ" ဟု ဖြေလိုက်သည်။
ဝမ်သိုက်က သူမ မြင်ခဲ့ရသည်များကို ရှင်းပြရန် ပြင်နေစဉ် ရဲမေက သူမရှေ့တွင် ကာရပ်လိုက်ပြီး "ဒီညီမလေးက အာရုံခံစားမှု အရမ်းကောင်းလို့ပါ၊ သူသာ သတိမထားမိရင် ဒီထက်ပိုပြီး ပုပ်စော်နံမှတွေ့ရမှာ၊ အခုက ဆောင်းတွင်းဆိုတော့ တော်သေးတာပေါ့၊ ဒါက ထွက်ဆိုချက်ပါ၊ ဖတ်ကြည့်လို့ ရပါတယ်" ဟု ပြောကာ စာရွက်များကို ကမ်းပေးလိုက်သည်။
ဝမ်သိုက် ခေါင်းငုံ့လျက် 'ရဲမေက ငါ့ကို စိတ်မူမမှန်တဲ့သူလို့ မပြောတာ တော်သေးတယ်' ဟု တွေးနေမိသည်။
ထိုလူစုမှာ သူမ မည်သို့ တွေ့ရှိခဲ့သည်ကို စိတ်မဝင်စားကြဘဲ စာရွက်ကို အကြမ်းဖျင်း ကြည့်ပြီး ပြန်ပေးလိုက်ကြသည်။ သို့သော် ပါလာသော ကျောင်းသားအရွယ် ကလေးနှစ်ယောက်မှာမူ ထိုစာရွက်ကို စိတ်ဝင်တစား ဖတ်နေကြချေသည်။
"ကျေးဇူးတင်ပါတယ် ညီမလေး"
"ကျေးဇူးပဲနော်"
ထိုလူစုမှာ ဝမ်သိုက်ကို ပြီးစလွယ် ကျေးဇူးတင်စကားပြောပြီးနောက် ရဲမေကိုသာ ဝိုင်းမေးကြတော့သည်။
"ဒါနဲ့ ရဲမေ... ကျွန်တော့်အမေ ဆုံးပြီဆိုတော့ အမွေတွေကို ဘယ်လို ခွဲရမလဲ၊ သူက သေတမ်းစာလည်း မရေးခဲ့ဘူး၊ အဲ့ဒီအိမ်ကရော ဘယ်သူရမှာလဲ"
ရဲဝန်ထမ်းများမှာ ဤကဲ့သို့သော မြင်ကွင်းများကို ကျင့်သားရနေပြီ ဖြစ်သည်။ ရဲမေက လက်ကာပြလိုက်ပြီး "အမွေကိစ္စကတော့ တရားရုံးမှာပဲ ရှင်းကြပါ၊ ကျွန်မတို့က သေဆုံးမှုကိုပဲ စစ်ဆေးတာပါ၊ အခုက သဘာဝအတိုင်း ဆုံးတာဆိုတော့ အမှုပိတ်လိုက်ပါပြီ" ဟု ပြောလိုက်သည်။
ထို့နောက် သူမသည် ဝမ်သိုက်ဘက်သို့ လှည့်ကာ "ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ညီမလေး အိမ်ပြန်လို့ ရပါပြီ" ဟု တိုးတိုးလေး ပြောလိုက်လေသည်။