အခန်း ၁၀၅
Vol. 11 Ch. 105
🍏 Chapter 105
နွေဦး၏အလင်းရောင်သည် အေးစက်မှုကို မဖယ်ရှားနိုင်သေးဘဲ ဖြူဖျော့ဖျော့ အလင်းတန်း များသည် လမ်းတစ် လျှောက် ဖြာကျနေသည်။ သံချေးတက်နေသော သံတံခါးကြီးသည် အိမ်အတွင်းကမ္ဘာနှင့် အပြင်ကမ္ဘာကို ပိုင်းခြားထားသည်။
အလုပ်အတွက် အပ်ငွေကို အွန်လိုင်းမှတစ်ဆင့် ဝမ်သိုက်၏ လက်ထဲသို့ လွှဲပေးလိုက်သည်။ ငွေလွှဲနေစဉ်အတွင်း ချန်စစ်ကျယ်သည် ကျန်းရှဘေးတွင် အထူးတလည် ရပ်နေပြီး "ဝိညာဥ်ရေးရာ ဝန်ဆောင်ခ" ဟူသော မှတ်ချက်ကို ရိုက်ထည့်ခြင်းရှိ၊ မရှိ သေချာကြည့်ရှုနေသည်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခေါင်းငုံ့ထားသော ကျန်းရှသည် ဘာတွေတွေးနေသည်မသိ။ တံခါးဝတွင် ခဏမျှ ငိုင်တိုင်တိုင် ရပ်နေပြီးမှ သော့ကိုထုတ်ကာ တံခါးဖွင့်လိုက်သည်။ သော့ခလောက် လှည့်လိုက်သံမှာ တဒေါက်ဒေါက်နှင့် မြည်ဟည်းသွားသည်။
သူက သူတို့ကို ကျောခိုင်းလျက်
“ကျွန်တော်ခင်ဗျားတို့ကိုယုံပါတယ်၊ ကျွန်တော့်ကိုတော့ မလိမ်ကြပါနဲ့နော်၊ ကျွန်တော့ မှာလုပ်ကျွေးရမဲ့ မိသားစုနဲ့ပါ၊ ရှစ်ထောင်ဆိုတာ ကျွန်တော့်အတွက် မနည်းပါဘူး၊ ခင်ဗျားတို့သာ လိမ်ညာမယ်ဆိုရင်တော့ ဝဋ်လိုက်ပါလိမ့်မယ်၊ ကျွန်တော်လည်း အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
သူ့စကားလုံးများမှာ နားဝင်မချိုလှပေ။ တံခါးပွင့်သွားသော "ကျီကျီ" မြည်သံကပင် သူ့စကားလုံးများလောက် နားမခါးပေ။
ဝမ်သိုက် ရှေ့သို့ နှစ်လှမ်းတိုးကာ တံခါးကို တွန်းဖွင့်လိုက်ပြီး
“ရှင့်စကားတွေက ရှေ့နောက်မညီဘူးလို့ မထင်ဘူးလား၊ ရှေ့မှာတော့ ယုံကြည်တယ်ပြောပြီး နောက်ကပြောတဲ့ စကားတွေက ယုံကြည်တဲ့သူ ပြောရမယ့် စကားတွေလား”
အနီးကပ် မြင်လိုက်ရသဖြင့် ဝမ်သိုက်သည် ကျန်းရှ၏မျက်အိတ်များနှင့် မျက်နှာပေါ်မှ အရေးအကြောင်းများကို အထင်အသားမြင်လိုက်ရသည်။ ကျန်းရှ၏မျက်လုံးများမှာ သေးငယ်ပြီး အကြည့်များမှာ အေးစက်စက်ရှိလှသည်။
သူ့ပါးစပ်က တစ်ခုခုပြန်ပြောတော့မည်ကို မြင်သဖြင့် ဝမ်သိုက် ချက်ချင်းပင်အကြည့်လွှဲလိုက်ပြီး သူ့ကို မကြည့်ချင်သော ပုံစံမျိုးဖြင့်
“ရှင် ရှင်းပြမနေနဲ့၊ ကျွန်မ ရှင့်ရှင်းပြချက်ကို နားထောင်ဖို့ လာတာမဟုတ်ဘူး၊ ကျွန်မတို့ ပိုက်ဆံယူထားရင် အလုပ်ကို သေချာလုပ်မှာပါ၊ လိမ်ညာတာ၊ ပေါ့ပေါ့တန်တန်လုပ်တာမျိုး မရှိစေရဘူး၊ ရှင့်ရဲ့ စိတ်ပုပ်စိတ်ယုတ်တွေနဲ့ တခြားသူကို လိုက်မတိုင်းတာပါနဲ့” ဟု ပြတ်ပြတ်သားသားပြောလိုက်သည်။
အိမ်ထဲတွင် ဝမ်သိုက် ပထမဆုံး မြင်တွေ့ခဲ့ရသော မြင်ကွင်းနှင့် လုံးဝခြားနားသွားသည်။ ဆိုဖာအသစ်များ၊ သစ်သားစစ်စစ်ဖြင့် ပြုလုပ်ထားသော ကော်ဖီစားပွဲ အသစ်စက်စက်များ၊ နံရံကပ် ပိုစတာများဖြင့် အိမ်ဟောင်းပုံစံမှ ခေတ်မီစတိုင်သို့ ပြောင်းလဲထားသည်။ ဤမိသားစုသည် ဤအိမ်ကို အငှားချရန် အသေအချာပြင်ဆင်ထားပုံရသည်။
ယခင်က ရှိခဲ့သော ရောင်စုံမှန် ပြတင်းပေါက်များကိုလည်း အကြည်ရောင်မှန်များဖြင့် လဲလှယ်ထားပြီး အတိတ်၏ အငွေ့အသက်များ လုံးဝမရှိတော့ပေ။
တကယ်ပဲ မရှိတော့တာလား။
ဝမ်သိုက်သည် ဝရန်တာမှ ဧည့်ခန်းသို့ ပြန်ဝင်လာပြီး နံရံတွင် ကပ်ထားသော ဆိုဖာ၏ဘေးဘက်သို့ တိုးဝင်သွားသည်။ သူမ လက်ကို ဆိုဖာနောက်မှီတွင်တင်လိုက်ပြီး ကျန်းရှ၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ဆိုဖာကိုအား ဖြင့်တွန်းဖယ်လိုက်သည်။
“မလုပ်နဲ့”
ကျန်းရှ တားလိုက်ချိန်မှာ နောက်ကျသွားပြီဖြစ်သလို စောစောတားလျှင်လည်း ဝမ်သိုက်က နားထောင်မည် မဟုတ်ပေ။
“လာပါဦး... ကျွန်မကို ကော်ဖီစားပွဲကို ရှေ့တိုးပေးပါဦး၊ ကျွန်မ ဆိုဖာကို ထပ်တွန်းရဦးမယ်၊ ဒီအောက်မှာ တစ်ခုခုရှိနေတယ်” ဟု သူမက ချန်စစ်ကျယ်ကို လှမ်းခေါ်လိုက်သည်။
ထိုအခါ ကျန်းရှသည် ချန်စစ်ကျယ်ရှိရာသို့ အပြေးအလွှား သွားပြီး တားဆီးရန် ကြိုးစားသော်လည်း ချန်စစ်ကျယ်က လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
ကျန်းရှမှာ သူပိုက်ဆံပေးခေါ်ထားသော လူနှစ်ယောက်စလုံးက သူ့စကားကို နားမထောင်သဖြင့် ဒေါသတကြီးဖြင့် ကြမ်းပြင်ကို ဆောင့်နင်းလိုက်သည်။ သူသည် ကော်ဖီစားပွဲပေါ်မှ တစ်ရှူးဘူးကို ကိုင်ကာ စားပွဲကိုအားဖြင့် ထုလိုက်ပြီး
“ခင်ဗျားတို့က ကျွန်တော် ပိုက်ဆံပေးခေါ်ထားတဲ့သူတွေလေ၊ ကျွန်တော့်စကားကို နားမထောင်ဘဲ ဘာလို့ ကျွန်တော့်အိမ်က ပစ္စည်းတွေကို လျှောက်ရွှေ့နေတာလဲ၊ စာချုပ်ထဲမှာ ကျွန်တော့်အမိန့်ကို နာခံရမယ်လို့ မပါဘူးလား၊ ပိုက်ဆံပေးတဲ့သူက ကျွန်တော်နော်”
စားပွဲနှင့်အတူ ကျန်းရှကိုပါ နောက်သို့ ဆုတ်သွားစေသော ချန်စစ်ကျယ်သည် မတ်တတ်ရပ်လိုက်ပြီး
“လူကြီးမင်းကျန်း၊ ခင်ဗျား ကျွန်တော်တို့ကို ဘာအတွက် ငှားထားတာလဲဆိုတာ ခင်ဗျားကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိဖို့လိုမယ် ထင်တယ်၊ ကျွန်တော်တို့က ခင်ဗျားကို ဝိညာဥ်ရေး ရာဝန်ဆောင်မှုပေးဖို့ လာတာ၊ ခင်ဗျားစကားကိုပဲ နားထောင်နေရမယ်ဆိုရင်... မဟုတ်သေးဘူးနော်”
“ဘာလဲ၊ ခင်ဗျားက ကျွန်တော်တို့ထက် ပိုသိနေလို့လား၊ ခင်ဗျား စိတ်တိုင်းကျ လုပ်ချင်ရင် ကိုယ်တိုင်ပဲ လုပ်လိုက်ပါလား၊ စာချုပ်ထဲမှာ ပါတယ်လေ၊ အကယ်၍ အလုပ်ရှင်ဘက်က အနှောင့်အယှက်ပေးရင် ကျွန်တော်တို့ဘက်က အလုပ်ကို ရပ်ဆိုင်းပိုင်ခွင့်ရှိပြီး စရံငွေကိုလည်း ပြန်မပေးဘူး၊ ခင်ဗျား ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ အလုပ်ကို အခုပဲ ရပ်လိုက်လို့ရတယ်” ဟု အေးအေးဆေးဆေး ပြောလိုက်သည်။
ကျန်းရှသည် ပါးစပ်ကလေးလှုပ်ရုံမျှသာ တုံ့ပြန်နိုင်ပြီး သူ၏ ပိုက်ဆံကို နှမြောသဖြင့် ငြိမ်ကျသွားသည်။
ဝမ်သိုက်သည် ဆိုဖာနောက်မှ ပြန်ထွက်လာပြီး ဖုန်တွေတက် နေသော မည်းနက်နေသည့် သစ်သားသေတ္တာလေးကို ဆွဲထုတ်လာသည်။ သူမက သေတ္တာကို အသာအယာ လှုပ်ခါကြည့်ပြီး အတွင်းမှ အလေးချိန် ပြောင်းလဲမှုကို ကြည့်ကာ ဘာရှိနေသည်ကို ခန့်မှန်းမိလိုက်သည်။
သူမက သေတ္တာကို ကိုင်ကာ မျက်နှာပျက်နေသော ကျန်းရှရှေ့သို့ ရောက်လာပြီး
“ရှင် ဒါကို ရှင်းပြချင်သေးလား” ဟု မေးလိုက်သည်။
ကျန်းရှ ခေါင်းမာစွာဖြင့် အကြည့်လွှဲကာ
“ဘာရှင်းပြရမှာလဲ၊ ငါ နင့်ကို ရှင်းပြစရာ မလိုဘူး.... ငါ့အိမ်က ပစ္စည်းတွေကို လျှောက်ရွှေ့ပြီးတော့ ငါ့ကို လာမေးနေရအောင် နင်က ဘာမို့လို့လဲ၊ ငါ ဘာမှမသိဘူး” ဟု အော်ဟစ်ပြောဆိုလိုက်သည်။
ချန်စစ်ကျယ် ရှေ့သို့ တိုးလာပြီး
“ခင်ဗျားမိဘတွေက ခင်ဗျားကို ယဉ်ကျေးမှု မသင်ပေးခဲ့ဘူးလား၊ ခင်ဗျားပေးတဲ့ ပိုက်ဆံက အရမ်းများနေတယ် ထင်နေတာလား၊ လီကျိုးမှာ နေတဲ့သူတွေထဲမှာ ဂဏန်းလေးလုံးရှိတဲ့ ပိုက်ဆံကို ဘယ်သူက မက်မောနေမှာလဲ၊ လေးထောင်ဆိုတာ ငါ့အင်္ကျီတန်ဖိုးရဲ့ အစွန်းထွက်တောင် မရှိဘူး၊ ပါးစပ်ကို ထိန်းပြောရင် ကောင်းမယ်၊ မဟုတ်ရင်တော့ တခြားလူသာ ရှာလိုက်တော့” ဟု ဖိအားပေးလိုက်သည်။
ဝမ်သိုက် ပြုံးလျက်
“ရှစ်ထောင်ဆိုတာ ရှင့်စိတ်ထဲက ဈေးနှုန်းမလား၊ တခြားနေရာမှာ ရှာရင်လည်း ဒီဈေးနဲ့ ဘယ်သူမှ လုပ်ပေးမှာ မဟုတ်ဘူး၊ ရှင့်သားသမီးတွေ ပြောတာကို နားထောင်ပြီး ကျွန်မဆီ လာတာဆိုတော့ ရှင်လည်း အရင်က တခြားလူတွေဆီမှာ စုံစမ်းပြီးသားဖြစ်မှာပါ၊ အနည်းဆုံး တစ်သောင်းခွဲကနေ လေးငါးသောင်းအထိ ပေးရမှာဆိုတော့ ရှင် နှမြောပြီး ကျွန်မဆီမှာ လာပြီး ကံစမ်းကြည့်တာမလား”
သူမက လက်ထဲမှ သေတ္တာကို ကြည့်ပြီး
“အငှားချမယ့် အိမ်ရဲ့ဆိုဖာအောက်မှာ အရိုးပြာအိုးကိုဝှက် ထားရဲတယ်ဆိုတော့ ရှင့်ရဲ့ စိတ်ဓာတ်ကတော့ တကယ် ချီးကျူးစရာပဲ”
ကျန်းရှမှာ ဒေါသတကြီးဖြင့်
“ငါကော ဒီလိုလုပ်ချင်တယ်လို့ထင်နေလား၊ ဒီမှာ လူသေဖူးတဲ့အပြင် အရိုးပြာအိုးပါရှိနေလို့သာ အိမ်လခက ရှစ်ထောင်ပဲ ဖြစ်နေတာပေါ့”
“ဪ... ရှင်ပြောပုံအရဆိုရင်တော့ ဒီအိမ်ကို ရှစ်ထောင်ပေးပြီးငှားလို့ရတာ တော်တော်ကံထူးလို့ပေါ့နော်၊ ရှင်ကတော့ တကယ်ကို ကိုယ်ကျင့်တရားမရှိတာပဲ”
ကျန်းရှ ဒေါသတကြီးဖြင့် လက်ညှိုးထိုးကာ အော်ဟစ်ပြန်သည်။
“ငါ့ကို ဘာလို့ ကိုယ်ကျင့်တရား မရှိဘူးလို့ ပြောရတာလဲ၊ ငါကော ဒီလိုဖြစ်ချင်လို့လား၊ ငါတို့ မိသားစုတစ်ခုလုံး သူ့ကြောင့် ဒုက္ခရောက်နေတာ၊ ငါတို့လည်း အသက်ရှင်ရဦးမှာလေ”
ချန်စစ်ကျယ် စိတ်မရှည်တော့ဘဲ ကျန်းရှ၏ပုခုံးကို တွန်းဖယ်လိုက်ရာ ကျန်းရှသည် နောက်သို့ လွင့်သွားပြီး တီဗွီစင်နားတွင် လဲကျသွားသည်။
“အခြေခံအကျဆုံး လူသားဆန်မှုတောင်မရှိဘူး၊ ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့သူပဲ၊ ကမ္ဘာကြီးက ခင်ဗျားကိုပဲ ဗဟိုပြုပြီး လည်ပတ်နေတယ် ထင်နေတာလား၊ ခင်ဗျားလို အဖေမျိုးရှိတဲ့ သားသမီးတွေလည်း သနားစရာပဲ၊ လေးစားမှုအကြောင်း ဘယ်နှစ်ခါပြောပြော နားမလည်ဘူးလား”
ကျန်းရှမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုကိုင်ကာ ညည်း တွားသည်။
“ငါလည်း ဒီလို မဖြစ်ချင်ပါဘူး... ညတိုင်း သူက ငါ့ကို လိုက်ခဲ့ဖို့ (သေဖို့) လာခေါ်နေတာ၊ အပြင်မှာလည်း သူ့အရိပ်ကို ခဏခဏ မြင်နေရတယ်၊ ကျောပေါ်မှာ တောင်ကြီးတစ်လုံး တင်ထားရသလိုပဲ ပုခုံးတွေ၊ ခါးတွေ နာနေတာ... ဘယ် လောက်အိပ်အိပ်မဝဘူး၊ ငါတို့ မိသားစုတစ်ခုလုံးဒုက္ခရောက် နေရတာ! သေသွားတာတောင် အေးဆေးမနေဘူး”
ဝမ်သိုက် မျက်မှောင်ကြုတ်ကာ
“သူက ရှင့်ရဲ့ အဘွားလေ”
ကျန်းရှ ခေါင်းမော့ကြည့်ကာ
“ဟုတ်တယ်၊ သူက ငါ့အဘွား၊ ငါ့ရဲ့ အဘွားအရင်းကြီးပဲ၊ ဒါပေမဲ့ သူ ဘာလို့ ငါ့ကို နှိပ်စက်နေရတာလဲ၊ သေသွားပြီးမှ ငါတို့ကို လာဒုက္ခပေးနေတယ်”
ဝမ်သိုက် အေးစက်စက် ရယ်မောလိုက်ပြီး
“သူက အထီးကျန်နေရုံတင်ပါ၊ သူ ဘယ်လိုသေသွားလဲဆိုတာ ရှင် မေ့သွားပြီလား၊ အိမ်မှာ တစ်ယောက်တည်း သေဆုံးပြီး အလောင်းက အကွက်တွေထနေတဲ့အထိ ရှင်တို့ မသိခဲ့ကြဘူးလေ”
“အခုမှ သူ့ကို လာအပြစ်တင်နေရဲသေးတယ်၊ သူက ရှင့်ကို လိုက်ခဲ့ဖို့ပြောတာ မဟုတ်ပါဘူး၊ ရှင် သေချာပြန်စဉ်းစားကြည့်ဦး၊ သူ တကယ်ပြောခဲ့တာ ဘာလဲ”
ကျန်းရှသည် တိတ်ဆိတ်သွားပြီး ပြန်စဉ်းစားဟန်ပြုကာ
“သူက သူ့ကို အဖော်လုပ်ပေးဖို့ ပြောတာလေ၊ သူ အရမ်းအထီးကျန်နေလို့ ငါတို့ မိသားစုတစ်ခုလုံး လာခဲ့ဖို့ပြောတာ၊ အဲ့ဒါ သေခိုင်းတာ မဟုတ်လို့ ဘာလဲ”