အခန်း ၁၀၆
Vol. 11 Ch. 106
🍏 Chapter 106
ဝမ်သိုက် အရိုးပြာအိုးကို စားပွဲပေါ် တင်လိုက်ပြီး
“ပြဿနာက အဲ့ဒါပဲ၊ သူက ရှင်တို့ကို သေခိုင်းတာ မဟုတ်ဘူး၊ အသက်ရှင်နေတဲ့သူလည်း အဖော်လုပ်ပေးလို့ ရတာပဲ
ရှင်တို့ မိသားစု ဒီမှာလာပြီး ထမင်းတစ်နပ် အတူစားပေးတာပဲဖြစ်ဖြစ်၊ ရှင့်အိမ်မှာပဲ သူ့အတွက် အမွှေးတိုင် သုံးတိုင်ထွန်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးလို့ရတာပဲ၊ အဲ့ဒါ ခက်ခဲလို့လား”
“သူ အသက်ရှိစဉ်က ရှင်တို့ သူ့အနားမှာ သိပ်မရှိခဲ့ကြဘူးမလား၊ အခု သူ သေသွားတော့လည်း ရှင်တို့က သူ့ကို ရွံရှာနေကြတယ်၊ ရှင့်မှာ အသိတရားလေး ရှိစမ်းပါဦး”
ကျန်းရှ “အဲ့လို အဖော်လုပ်ပေးတာမျိုးဆိုတာ ငါမှ မသိတာ၊ ငါကတော့ သေခိုင်းတာလို့ပဲ ထင်နေတာပေါ့၊ ဒါပေမဲ့ နင်ပြောတာ မှန်တယ်ဆိုတာ ငါ ဘယ်လိုယုံရမှာလဲ၊ နင်တို့ ရောက်လာကတည်းက အရိုးပြာအိုး ရှာတာကလွဲလို့ ဘာမှမလုပ်ရသေးဘူးလေ”
ဝမ်သိုက် စကားအများကြီး မပြောတော့ဘဲ ကျန်းရှ၏ အမြင်ကို ဖွင့်ပေးလိုက်သည်။ ထိုအခါ ကျန်းရှ၏ ရှေ့တွင် ရပ်နေသော အဘွားအိုကို ကျန်းရှမြင်လိုက်ရတော့သည်။
ကျန်းရှသည် သရဲမြင်လိုက်ရသဖြင့် လန့်ဖျပ်ကာ နောက်သို့ ဆုတ်သွားပြီး တီဗွီစင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားသည်။ သူ့ မျက်လုံးထဲတွင် ကြောက်လန့်မှုများ အပြည့်ဖြစ်နေ သည်။
ရှေ့တွင် မြင်နေရသော အဘွားအိုမှာ သေဆုံးစဉ်က ပုံစံမျိုး မဟုတ်ဘဲ နားနောက်သို့ သပ်တင်ထားသော ဖြူဖျော့ဖျော့ ဆံပင်တိုလေးနှင့် အရေးအကြောင်းများရှိသော မျက်နှာလေး ဖြစ်သည်။ သူမ ဝတ်ဆင်ထားသည်မှာလည်း သေဆုံးစဉ်က ဝတ်စုံပင်။
သူမသည် ကျန်းရှ လန့်သွားမည်စိုးသဖြင့် သေဆုံးခြင်း အမှတ်အသားများကို ဖျောက်ထားပုံရသည်။
သူမ အသားအရေမှာ ပုံမှန်အတိုင်းဖြစ်ပြီး အဘွားအိုတစ်ဦး၏နွေးထွေးမှုမျိုး ရှိနေသည်။
သူမက ရှေ့သို့ အသာအယာ တိုးလာသော်လည်း ကျန်းရှ ကြောက်လန့်နေသည်ကို မြင်သောအခါ ရပ်လိုက်သည်။
“ရှောင်ရှန်း (တောင်ငယ်လေး) က အခုတော့ တောင်ကြီးတစ်လုံး ဖြစ်နေပြီပေါ့၊ ဒါပေမဲ့ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ” ဟု သူမက တိုးတိုးလေး မေးလိုက်သည်။
သူမ လက်ကလေးများမှာ ကျန်းရှကို ထိတွေ့ချင်သော်လည်း ကျန်းရှ ကြောက်နေသဖြင့် မထိရဲပေ။
ကျန်းရှသည် အဘွားအို၏အသံကို ကြားလိုက်ရသောအခါ အတိတ်ဟောင်းများကို ပြန်လည် မြင်ယောင်လာသည်။
“ရှောင်ရှန်းလေး တစ်ယောက်တည်း အိပ်ရမှာကြောက်လို့လား၊ ရတယ်၊ ရတယ်... အဘွားနဲ့ အတူအိပ်မယ်၊ အဘွားက မြေးလေးကို ကာကွယ်ပေးမှာပေါ့”
“စာမေးပွဲ အမှတ်မကောင်းလို့ အဖေ ဆူမှာ ကြောက်နေတာလား၊ ရတယ်၊ အဘွားရှိတယ်၊ ရမှတ်ထက် မြေးလေး ပျော်ရွှင်ကျန်းမာဖို့က ပိုအရေးကြီးပါတယ်ကွယ်”
“ရှောင်ရှန်းလေး အရပ်ရှည်လာပြီပဲ၊ တောင်ကြီးတစ်လုံး (လူကြီး) ဖြစ်တော့မယ်၊ တောင်ကြီးတစ်လုံးဖြစ်လာရင် အဘွားကို ကာကွယ်ပေးမှာလား၊ အေးပါကွယ်၊ အဘွား အဲ့ဒီအချိန်အထိ စောင့်နေပါ့မယ်”
“ရှောင်ရှန်းလေး... ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းအောင် မလုပ်ပါနဲ့၊ အောင်မြင်မှုတွေ အများကြီးမရှိလည်း ရပါတယ်၊
မြေးလေး ကောင်းကောင်းမွန်မွန် နေထိုင်ရရင်ပဲ အဘွားက ကျေနပ်ပါပြီ၊ မြေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ရှိနေရင် အဘွားအတွက် အဲ့ဒါက အကောင်းဆုံး နေ့ရက်တွေပါပဲ”
ဘယ်အချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့တာလဲ။
နေရောင်ခြည်က ထွက်လာပုံရပြီးကြည်လင်သော မှန်ပြတင်းပေါက်မှတစ်ဆင့် ဝါကျင်ကျင့်နေရောင်ခြည်များသည် ဖြာကျနေသည်။
မျက်လုံးထဲတွင် စူးရှခြင်းမရှိသော်လည်း ကိုယ်ပေါ်သို့ ကျရောက်လာသော အလင်းမှာ အေးစက်နေဆဲပင်။
ကျန်းရှသည် မိန်းမောတွေဝေစွာဖြင့် ပြန်စဉ်းစားမိသည်။
တက္ကသိုလ်ဝင်တန်းမှာ သူသည် လီကျိုးမြို့ရှိ အဆင့်အတန်းမြင့်သော တက္ကသိုလ်တစ်ခုတွင် တက်ခွင့်ရခဲ့သည်။ ထိုနေရာတွင် နယ်ပယ်အသီးသီးမှ အရည်အချင်းရှိသူများနှင့် ဆုံတွေ့ခဲ့ရသည်။
သူတို့သည် လီကျိုးမြို့သားများ မဟုတ်ကြသော်လည်း သူတစ်ခါမှ မမြင်ဖူးသော ကမ္ဘာ့အလှအပများကို မြင်ဖူးကြသူများဖြစ်ပြီး သူနှင့်မယှဉ်နိုင်သော မိသားစုနောက်ခံများ ရှိကြသူများဖြစ်သည်။
တစ်ရက်တွင် အဘွားဖြစ်သူသည် ကြိုတင်အကြောင်းမကြားဘဲ အိမ်တွင်စိုက်ထားသော သစ်သီးများနှင့် ကိုယ်တိုင်ချက်ထားသော ဟင်းများကို လာပို့ပေးခဲ့သည်။
သူမသည် မလှမ်းမကမ်းတွင် ရပ်ကာ သူ့ကို လက်လှမ်းပြပြီး “ရှောင်ရှန်း (တောင်ငယ်လေး)” ဟု လှမ်းခေါ်ခဲ့သည်။
ထိုစဉ်က သူ၏တုံ့ပြန်မှုက ဘာလဲ ?
အဘွားနှင့်အတူ ဖြတ် သန်းခဲ့ရသော အတိတ်များမှာ ထိုအချိန်တွင် မြေမြှုပ်ခံလိုက်ရသည်။
သူမှတ်မိနေသည်မှာ သူ့ သူငယ်ချင်းများ က သူ့ဘေးတွင် စုရုံးကာ ခိုးရယ်နေကြပြီး အချို့က မျက်မှောင်ကြုတ်ကာ သူ့ရှေ့သို့ တိုးလာပြီး လှောင်ပြောင်ခဲ့ကြသည်။
“ရှောင်ရှန်းတဲ့.. နင့်ကို ခေါ်နေတာလား ကျန်းရှ၊ ဟားဟားဟား... ဒီလိုနာမည်မျိုး ရှိသေးတာလား၊ တောသားဆန်လိုက်တာ”
“မခံနိုင်တော့ဘူး၊ ဘယ်သူက ရှောင်ရှန်း လဲဆိုတာ တကယ်ကြည့်ချင်မိပြီ၊ တောင်ကြားထဲက ထွက်လာတာများလား၊ ငါတို့ကျောင်းမှာ ဒီလိုလူမျိုး ရှိသေးတာလား”
သူငယ်ချင်းတစ်ယောက်က ခြေဖျားထောက်ကာ ဟိုဟိုဒီဒီ ကြည့်ရင်း လှောင်ပြောင်နေသည်။
အဘွားဆီသို့ လှမ်းသွားချင်သော ခြေလှမ်းများသည် နောက် ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
သူသည် ထိုသူငယ်ချင်းများအုပ်စုထဲတွင် ရောနှောကာ အကြည့်လွှဲလိုက်ပြီး သူတို့ကဲ့သို့ပင် မထီမဲ့မြင် လေသံဖြင့်
“ဘယ်က ရှောင်ရှန်းလဲ ၊ ဘာပဲဖြစ်ဖြစ် ငါ့ကိုခေါ်တာ မဟုတ်ဘူး၊ ဂရုစိုက်မနေနဲ့.... သွားမယ်၊ သွားမယ်... မြန်မြန်ထမင်းသွားစားရအောင်၊ ဗိုက်ဆာလွန်းလို့ သေတော့မယ်”
သူသည် အသံကို တမင်မြှင့်ပြောလိုက်သည်။
အဘွားက အခြေအနေကို နားလည်ပြီး မြန်မြန်ထွက်သွားရန်၊ သူ့ကမ္ဘာထဲတွင် ပေါ်မလာရန်သာ သူမျှော်လင့်ခဲ့သည်။
ဟင်းများနှင့် သစ်သီးများကို အဆောင်မှူးအဒေါ်ကြီးက သူ့အခန်းရှေ့အထိ လာပို့ပေးခဲ့သည်။
ထိုစဉ်က သူ့စိတ်ထဲတွင် ဝမ်းသာလုံးဆို့နေမိသည်မှာ သူတစ်ယောက်တည်း အရင်ပြန်ရောက်နေသဖြင့် ထိုပစ္စည်းများကို အခြားသူများမမြင်အောင် သူ့နေရာတွင် ဝှက်ထားခွင့်ရလိုက်ခြင်းကြောင့်ပင်။
“ဘယ်သူမှ မသိပါစေနဲ့” ဟုသာ သူတွေးနေမိသည်။
ကျောင်းပိတ်ရက်ရောက်၍ အိမ်ပြန်ရောက်သောအခါ သူသည် အဘွားကို ဒေါသတကြီးအော်ဟစ်ခဲ့သည်။
ကျောင်းသို့ လုံးဝမလာရန်နှင့် သူ့ကို “ရှောင်ရှန်း” ဟု မခေါ်ရန်။ ထိုနာမည်မှာ အလွန်အရှက်ရဖို့ကောင်းကြောင်း သူမ၏ ခံစားချက်ကို ဂရုမစိုက်ဘဲပြောဆိုခဲ့သည်။
အတိတ်မှ အမှတ်တရများမှာ ဝေဝါးသွားခဲ့သော်လည်း လှောင်ပြောင်ခံခဲ့ရသော “ရှောင်ရှန်း” ဆိုသည့် အမည်မှာမူ စွဲထင်နေဆဲ။
တက္ကသိုလ်ပြီး၍ အလုပ်ခွင်ထဲတွင် ယခုဇနီးနှင့် ဆုံတွေ့ခဲ့ပြီး မင်္ဂလာဆောင်သည့်နေ့မှာ အလွန်လှပသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။
စင်ပေါ်သို့တက်၍ ဆုတောင်းစကားပြောသော အဘွားသည် မျက်ရည်များသုတ်ရင်း
“ငါ့ရဲ့ရှောင်ရှန်းလေးက အခုတော့ တောင်ကြီးတစ်လုံး ဖြစ်လာပြီပေါ့...”
ကျန်သည့်စကားများကို သူနားမဝင်တော့ပေ။ စင်အောက်တွင် သူ့တက္ကသိုလ်သူငယ်ချင်းများ ထိုင်နေသဖြင့် သူသည် စင်ပေါ်မှာပင် ပေါက်ကွဲတော့မည့်အလား ခံစားခဲ့ရသည်။
တကယ်တော့ ဘယ်သူကမှ “ရှောင်ရှန်း” ဆိုသည့် အမည်ကို မှတ်မိမနေတော့ဘဲ အဘွား၏ခံစားချက်ကြောင့် မျက်ရည်သုတ်နေကြခြင်းသာ။
ဧည့်ခံပွဲပြီးသောအခါ သူသည် အဘွားကို လူသူရှင်းသော နေရာသို့ ဆွဲခေါ်သွားခဲ့သည်။ ဒေါသကို မထိန်းနိုင်တော့ဘဲ မျက်လုံးများ ပြူးထွက်လျက်
“ဘာလို့ အဲ့ဒီနာမည်ကို ခေါ်နေသေးတာလဲ၊ ရှောင်ရှန်းတို့ တောင်ကြီးတို့ဆိုတာကို မပြောဖို့ ကျွန်တော် ဘယ်နှစ်ခါ ပြောရမလဲ၊ ကျွန်တော့်မင်္ဂလာဆောင်ကို ဖျက်ဆီးချင်နေတာလား” ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။
အိုမင်းမစွမ်းဖြစ်နေသော အဘွားမှာ သူ့ရှေ့တွင် ကူရာမဲ့စွာ ရပ်နေခဲ့သည်။
လုပ်ငန်းခွင်ဒဏ်ကြောင့် ကြမ်းတမ်းနေသော လက်အစုံကို ဆုပ်ကိုင်ထားရင်း တုန်တုန်ရင်ရင်ဖြင့်
“အဘွားက မြေးရဲ့မင်္ဂလာဆောင်ကို ဘယ်ဖျက်ဆီးချင်ပါ့မလဲ၊ မခေါ်တော့ဘူး၊ နောက်ဆို အဘွား ဘယ်တော့မှ မခေါ်တော့ဘူး၊ မြေး ကောင်းကောင်းမွန်မွန်နေထိုင်သွားပါ” ဟု ချော့မော့ပြောခဲ့သည်။