← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

🍏 Chapter 108

တိတ်ဆိတ်ငြိမ်သက်နေသည့် ခြောက်ထပ်မြောက် လမ်းအဆုံးတွင် အကြောင်းပြချက်မရှိဘဲ အချိုရည်ဘူးခွံတစ်ခုကို နင်းခြေလိုက်သည့်အသံ ထွက်ပေါ်လာသော်လည်း ယခုအချိန်တွင် တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြရသူများမှာ ထိုအသံကို ဂရုပြုရန် အချိန်မရှိကြချေ။

ချန်စစ်ကျယ်၏လည်ချောင်းဝမှ လှောင်ပြုံးသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် အင်္ကျီအတွင်းအိတ်ထဲမှ ရှေ့နေလိုင်စင်ကို ထုတ်ယူကာ လက်တွင် ကိုင်မြှောက်လိုက်ပြီး မျက်နှာပျက်နေသည့် ရှေ့မှလူကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ မဆိုင်းမတွပင် ပြောလိုက်သည်။

"ကျွန်တော်က တကယ့်ရှေ့နေပဲ"

ကျန်းရှမှာ သတိပြန်ဝင်လာပြီး ချန်စစ်ကျယ်လက်ထဲမှ ရှေ့နေလိုင်စင်ကို လုယူရန် လက်လှမ်းလိုက်သော်လည်း နောက်ဆုံးတွင်တော့ ချန်စစ်ကျယ်က ရှေ့နေလိုင်စင်ကို ပြန်လည်သိမ်းဆည်းသွားခဲ့ပြီ ဖြစ်သည်။

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေသံကို ဆွဲဆန့်ကာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ ရှေ့နေလိုင်စင်က အစစ်လား အတုလား ဘယ်သူသိမှာလဲ၊ အခုခေတ်မှာ လက်မှတ်အတုတွေက အများကြီးပဲဟာ"

"ခင်ဗျားကို သက်သေပြဖို့ ကျွန်တော့မှာ တာဝန်မရှိဘူး၊ အခု ခင်ဗျားသာ ကျန်ရှိတဲ့ ငွေကို မပေးချေရင် ခင်ဗျားကို တရားစွဲဖို့ အချိန်နည်းနည်းပေးရမှာကို ကျွန်တော် မဝန်လေးဘူး" ချန်စစ်ကျယ် လေသံကို အေးစက်အောင် နှိမ့်လိုက်သည်။

သူ၏စိတ်ရှည်မှုများ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ခန့်မှန်းရပေသည်။ သူသည် ကောင်းကင်ယံရှိ တောက်ပနေသော နေမင်းကို တစ်ချက်ကြည့်ကာ စုတ်သပ်လိုက်ပြီး ပြောလိုက်သည်။

"အခုပဲ ငွေအကျေပေးမလား၊ ဒါမှမဟုတ် ဥပဒေလမ်း ကြောင်းအရ သွားမလား၊ ခင်ဗျားဘာသာ ခင်ဗျားရွေးချယ်လိုက်တော့"

အခြားသူများ၏ နောက်ကွယ်မှနေ၍ အားစိုက်စရာမလိုဘဲ ရပ်ကြည့်နေရသည့် ခံစားချက်မှာ မဆိုးလှချေ။ ဝမ်သိုက်သည် ကိစ္စများ ပိုရှုပ်ထွေးသွားစေရန် ရည်ရွယ်ကာ ခေါင်းလေးပြူ၍ ဝေခွဲမရဖြစ်နေသော ကျန်းရှကို မျက်ခုံးပင့်ပြလိုက်ပြီး ပြောလိုက်သည်။

"သူက တကယ် ရှေ့နေနော်၊ တစ်နာရီကို ဆွေးနွေးခ ရှစ်ထောင်ပေးရတဲ့ လူမျိုးပေါ့"

သို့သော် ဝမ်သိုက်၏သတိပေးချက်က ကျန်းရှအား သူကိုယ် တိုင် အသာစီးရပြီဟု ထင်မှတ်စေသွားခဲ့သည်။ သူက အားတက်သရောဖြင့် ပြန်ပြောလိုက်သည်။

"တစ်နာရီ ရှစ်ထောင်ရတဲ့ ရှေ့နေက ဒီလိုအလုပ်မျိုးကို ဘယ်လိုလုပ်ပြီး လာလုပ်မှာလဲ၊ ပြီးတော့ ကျွန်တော့်ဆီမှာ ခင်ဗျားတို့ ဒီလောက်အချိန်အကြာကြီး ဖြုန်းခဲ့တာတောင် ကျွန်တော်က စုစုပေါင်း ရှစ်ထောင်ပဲပေးရမှာလေ"

သူ့ စကားများကို ရှေ့သို့တိုးထွက်လာသော ဝမ်သိုက်က ဖြတ်ပြောလိုက်သည်။ သူမက လက်ဝါးပြကာ ရပ်တန့်ရန် အမူအရာ လုပ်လိုက်သည်။

"ဒီအလုပ်ကို လုပ်တဲ့လူတိုင်းက ပိုက်ဆံအတွက်ချည်းပဲ လုပ်နေကြတာ မဟုတ်ဘူးဆိုတာကို ရှင် မစဉ်းစားဖူးဘူးလား၊ ဥပမာ ကျွန်မဘေးက ဒီလူကိုပဲ ကြည့်လေ၊ သူဝတ်ထားတဲ့ အင်္ကျီကိုကြည့်လိုက်ဦး၊ တန်ဖိုးကြီးမယ်ဆိုတာ ကြည့်ရုံနဲ့ သိသာနေတာပဲ မဟုတ်လား”

“ပြီးတော့ သူ့ရဲ့အရှိန်အဝါကိုလည်း ကြည့်လိုက်ဦး၊ မြင့်မြတ်တဲ့မျိုးရိုးက ဆင်းသက်လာမှန်း ကြည့်ရုံနဲ့ သိနိုင်တယ်လေ၊ သူ ဒီအလုပ်ကို လုပ်နေတာက စိတ်အားထက်သန်လို့သက် သက်ပဲ ဖြစ်မယ်ဆိုတာကို ရှင်မစဉ်းစားဖူးဘူးလား”

“သူက သဘောထားသိပ်မကောင်းဘူးလို့ ထင်ရပေမဲ့ သူ့ရဲ့ တစ်နာရီ ရှစ်ထောင်တန်တဲ့ အချိန်တွေကိုသုံးပြီး ရှင့်ရဲ့ ဒီလိုကိစ္စမျိုးကို ကူညီပေးနေတာ၊ ဒီမှာ ရှင့်ကို စကားတွေ အများကြီး ပြောနေပေးတာဟာ ပရဟိတလုပ်နေတာလို့တောင် ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ လူတိုင်းက ကျွဲပါးစောင်း တီးလုပ် ပြရတဲ့ အလုပ်မျိုးကို လုပ်ချင်ကြတာ မဟုတ်ဘူးလေ"

ဝမ်သိုက်သည် ပြပွဲတစ်ခုကဲ့သို့ အမူအရာများ ပြောင်းလဲလိုက်သည်။ သူမသည် ချန်စစ်ကျယ်၏ ဘယ်ဘက်မှ ညာဘက်သို့ ကူးပြောင်းရပ်လိုက်ပြီး လက်ဝါးနှစ်ဖက်လုံးကို အပေါ်သို့ လှန်ကာ ချန်စစ်ကျယ်ကို ညွှန်ပြနေသည်။

ကျန်းရှသည် မည်မျှပင် လက်မခံချင်သော်လည်း လက်ရှိအခြေအနေကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။

ရှေ့မှလူ၏ အင်္ကျီသားကောင်းမွန်ပုံမှာ အမှတ်တံဆိပ်ကို မသိလျှင်တောင် တန်ဖိုးမနည်းမှန်း သိသာလှပေသည်။ ယခင်က ဤလူပြောခဲ့သော သူပေးသည့် အခကြေးငွေမှာ အင်္ကျီတန်ဖိုး၏ အစွန်းထွက်ပင်မရှိဟု ဆိုသည်မှာ အမှန်ပင်ဖြစ်ပေမည်။

သူသည် သွားများကို တင်းတင်းစေ့လိုက်ပြီး နှမြောတသစွာဖြင့် ဖုန်းမှ ငွေပေးချေမှုစာမျက်နှာကို ဖွင့်လိုက်သည်။ သူ၏ မျက်နှာမှာ တင်းမာနေပြီး လေသံမှာလည်း မလိုလားမှုများဖြင့် ပြည့်နှက် နေသည်။

"စကန်ဖတ်လိုက်မယ်"

ဝမ်သိုက်သည် ပြုံးရွှင်စွာဖြင့် ဖုန်းမှငွေလက်ခံသည့် စာမျက် နှာကို ကမ်းပေးလိုက်ပြီး လေသံမြှင့်ကာ ပြောလိုက်သည်။

"ဒီလိုလုပ်လိုက်ရင် ပြီးနေတာကို၊ စောစောက အများကြီး ငြင်းနေတာက ငွေမပေးချင်လို့မဟုတ်လား၊ နောက်ဆုံးတော့လည်း ပေးရတာပဲလေ၊ အချိန်ကုန်တာကလွဲရင် ရှင် ဘာမှ အကျိုးမရှိသွားဘူး"

ငွေလွှဲခြင်း ပြီးဆုံးသွားပြီးနောက် ကျန်းရှသည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ကို ပြောထားမယ်၊ ခင်ဗျားတို့ ပြောတဲ့နည်းအတိုင်း လုပ်လို့မှ ကျွန်တော့်အဘွားက မထွက်သွားဘူးဆိုရင် ခင်ဗျားတို့ဆီက ပိုက်ဆံပြန်တောင်းမှာနော်"

"မထွက်သွားစရာ အကြောင်းမရှိဘူး၊ ရှင်သာ ကျွန်မပြောတဲ့အတိုင်း မလုပ်ရင်တော့ တစ်မျိုးပေါ့၊ အသေးစိတ် လုပ် ဆောင်ရမယ့် အဆင့်တွေကို We Chat ကနေ စာနဲ့ ပြန်ပို့ပေးမယ်၊ သေချာဖတ်ပြီး လုပ်လိုက်ပါ"

ဝမ်သိုက် မဆိုင်းမတွပင် ပြန်ပြောလိုက်သည်။ သူမသည် ဖုန်းထဲရှိ လက်ကျန်ငွေ ပိုတိုးလာသည်ကို ကြည့်ကာ ချက်ချင်းပင် လေးထောင်ကို ချန်စစ်ကျယ်ထံလွှဲပေးလိုက်သည်။

သူမသည် ဖုန်းမျက်နှာပြင်မှ မျက်လုံးကို ခွာလိုက်ပြီး လမ်းအဆုံးသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ထိုဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

ချန်စစ်ကျယ်၏အကြည့်များက သူမ ကျောပြင်နောက်သို့ လိုက်ပါသွားသည်။ သူ့ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသော်လည်း သူမ သွားမည့်နေရာကို သိလိုက်ရသော အခါ ပြန်လည်ပြေလျော့သွားသည်။

သူ ကျန်းရှကို တစ်ယောက်တည်း ထားရစ်ခဲ့ပြီး ဝမ်သိုက်နောက်သို့ လိုက်သွားခဲ့သည်။

လမ်းအဆုံး ချိုးကွေ့သည့်နေရာတွင် ပစ္စည်းဟောင်းများ ထားသည့် အခန်းတစ်ခု ရှိသည်။

ပျက်စီးနေသော တံခါးသော့မှာ အလှပြထားသကဲ့သို့ပင် ဖြစ်နေသည်။ ဝမ်သိုက်သည် ဝါဖျော့ဖျော့ တံခါးချပ်ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးအောက်ခြေကို ခြေထောက်ဖြင့် ကန်လိုက်သည်။ အသံမြည်ကာ ပွင့်သွားသော တံခါးချပ် ကြားမှ အခန်းတွင်းရှိ ဖုန်မှုန့်နံ့များက လူ၏မျက်နှာသို့ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။

သူမသည် လည်ပင်းကို ကျုံ့လိုက်ပြီး မျက်မှောင်ကြုတ်ကာ နှာခေါင်းနှင့် ပါးစပ်ကို လက်ဖြင့် ကာလိုက်သည်။ သူမ၏ အကြည့်က တံခါးဝတွင် ရှိနေသည့် ပိန်လိမ်နေသော အချိုရည်ဘူးခွံပေါ်တွင် ရပ်တန့်သွားသည်။

ဘူးခွံပေါ်တွင် ဖုန်များ တက်နေပြီး သံဘူးမှာလည်း သံချေးများတက်နေပြီ ဖြစ်သည်။ ပိန်လိမ်နေသော ပုံစံမှာ လက်ဖြင့် ညှစ်ထားခြင်းထက် ခြေထောက်ဖြင့် နင်းထားခြင်းနှင့် ပိုတူပေသည်။ ကလေးတစ်ယောက် ဖြစ်ဟန်တူသည်။

သူမသည် လက်တစ်ဖက်ဖြင့် နှာခေါင်းကို အုပ်ထားပြီး အခြားလက်တစ်ဖက်ကို ပြန်ပိတ်သွားသော တံခါးချပ်ပေါ်တွင် တင်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။

ပထမဆုံး မြင်လိုက်ရသည်မှာ မျက်နှာကြက်အထိ ပုံထားသော စက္ကူသေတ္တာများ ဖြစ်သည်။ တံခါးဘေးတွင်လည်း ကြမ်းတိုက်တံ အဟောင်းအချို့ကို ထောင်ထားသည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ခန့်က ကမ္ဘာဟောင်းထဲသို့ ရောက်သွားသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။

"မင်းက တကယ်ပဲ သူများကိစ္စကို စပ်စုချင်တာပဲ"

သူမနောက်သို့ လိုက်လာသော ချန်စစ်ကျယ်က ရုတ်တရက် စကားဆိုလိုက်သည်။ သူ၏ လေးနက်သော လေသံထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။

ဝမ်သိုက်သည် ကြမ်းတိုက်တံကို ယူကာ တံခါးချပ်ကို ထောက်ထားလိုက်ပြီး တံခါးကို ပွင့်လျက်သား ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမက နောက်လှည့်ကြည့်ကာ ခပ်ရဲရဲပင် ပြန်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒီစပ်စုမှုကနေ ကောင်းမွန်တဲ့ ရလဒ်တွေ တစ်ခုပြီးတစ်ခု ထွက်လာနိုင်လို့လေ၊ နောက်ထပ် လဲကျသွားမယ့် ဒိုမီနိုပြားလေးက တခြားအချိန်မှာ အသုံးဝင်လာရင် အသုံးဝင်လာမှာပေါ့”

“ကျွန်မဘေးနားမှာ ဖြစ်ပျက်နေတဲ့ ကိစ္စဖြစ်နေပြီး ကျွန်မကလည်း ကြည့်ချင်၊ စပ်စုချင်နေမှတော့ ဘာမှ ရှာမတွေ့တာကလွဲရင် ကျွန်မကတော့ မဖြစ်မနေ စပ်စုမှာပဲ၊ ရှင်ကတော့ ကျွန်မကို အားနေလို့ လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ"

လမ်းအဆုံးတွင် မှန်တင်းပေါက် တစ်ခုသာ ရှိသည်။ ဖြူလွင်သော အလင်းရောင်ထဲတွင် နေရောင်ဖျော့ဖျော့များ ရောနှောကာ သူမ၏ ဘေးတိုက်မျက်နှာပေါ်သို့ ကျရောက်နေသည်။ ထိုခဏ၌ သူမ မျက်ဝန်းထဲတွင် ကြယ်ပွင့်များ တောက်ပနေသည်ကို ချန်စစ်ကျယ် မြင်လိုက်ရသကဲ့သို့ပင်။

မည်မျှပင် ခက်ခဲသော လမ်းကို လျှောက်လှမ်းနေရပါစေ အမြဲတမ်း ခွန်အားအပြည့်နှင့် ရှိနေတတ်သောသူများ အမြဲရှိစမြဲသာ။

သူမကိုယ်ပေါ်တွင် ဖြန့်ချထားသော ဆံပင်ရှည်များကို ဖြီးသင်ရန် ပျင်းနေဟန်တူသည်။

ယခုအခါတွင်မူ ထိုဆံပင်များကို စိတ်ရှုပ်လာပုံရသည်။ လက်နှစ်ဖက်ကို ရိုက်ကာ ဖုန်ခါသလိုမျိုး ဟန်ဆောင်လုပ်လိုက်ပြီးနောက် လက်နှစ်ဖက်လုံးကို လည်ပင်းနောက်သို့ပို့ကာ ဆံပင်များကိုစုစည်းပြီး သားရေကွင်းဖြင့် ချည်နှောင်လိုက်သည်။

ဝမ်သိုက်၏ပန်းတိုင်မှာ အလွန်ရှင်းလင်းလှသည်။ လမ်းတွင် ရှိနေသော စက္ကူသေတ္တာများ၊ စွန့်ပစ်ထားသော ဇလုံများနှင့် ပုံးများမှာ သူမ၏လမ်းကို ပိတ်နေပါက တစ်ချက်ချင်း ကန်ထုတ်သွားသည်။ သူမသည် ခေါင်းကို အနည်းငယ်စောင်းကာ ထောင့်တစ်နေရာတွင် ရှိနေသော အရာကို မျက်တောင်မခတ်ဘဲ လိုက်လံ ရှာဖွေနေသည်။

အခန်း၏ အတွင်းဘက်ဆုံး ထောင့်သို့ ရောက်သောအခါ ဝမ်သိုက်သည် ဘယ်ဘက်ရှိ စက္ကူသေတ္တာပုံကြီးကို ကြည့်လိုက်သည်။ ထောင့်တွင် ပိတ်မိနေသည်မှာ စွန့်ပစ်ထားသော သံစင်ကြီးတစ်ခုဖြစ်ပြီး ပုံပျက်နေသော စက္ကူသေတ္တာများက ထိုသံစင်နှင့် ကပ်လျက်ရှိနေသည်။

တိတ်ဆိတ်နေသော အခန်းထဲတွင် ပလတ်စတစ် ပူဖောင်းများ ပေါက်ကွဲသည့် အသံသဲ့သဲ့ထွက်ပေါ်လာသည်။

All Chapters