← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

🍏 Chapter 109

ထို့နောက်တွင်တော့ အသက်ရှူသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားပြန်သည်။ ဝမ်သိုက်အကြည့်မှာ စက္ကူသေတ္တာပုံထဲမှ အပေါက်လေးတစ်ခုတွင် ရပ်တန့်သွားသည်။ ကမန်းကတန်း ပုံထားပုံရသော ပိန်လိမ်နေသည့် စက္ကူသေတ္တာများထဲတွင် ပလတ်စတစ်ပုလင်းများ ရှိနေပြီး ဟနေသော အက်ကြောင်းလေးထဲမှ အဖြူရောင် သိုးမွေးအင်္ကျီ၏ အရိပ်အယောင်ကို မြင်နေရသည်။

ဝမ်သိုက် နှာခေါင်းဝမှ ရုတ်တရက် ရယ်သံတစ်ခု ထွက်လာသည်။ သူမသည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်လိုက်ပြီး သားကောင်ကို စောင့်နေသော မုဆိုးကဲ့သို့ အနေအထားမျိုးဖြင့် ပြောလိုက်သည်။

"မင်းဘာသာ မင်း ထွက်လာမလား၊ ဒါမှမဟုတ် ငါကပဲ ဆွဲထုတ်ပေးရမလား၊ ဒီအခန်းထဲမှာ ပုန်းနေပြီး စောစောက အများကြီး ချောင်းနားထောင်နေခဲ့တာ မဟုတ်လား"

ဤသို့ ပြောလိုက်ခြင်းက ပုန်းနေသူကို ဖိအားပေးနိုင်ပြီး အလိုလို ထွက်လာစေလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း သူမ ငါးမိနစ်ခန့် စောင့်သည့်တိုင်အောင် တူတူပုန်းတမ်းကစားနေသည့် ထိုကလေးမှာ ထွက်မလာခဲ့ချေ။

ဝမ်သိုက်သည် စက္ကူသေတ္တာပုံကို လက်ဖြင့် လှမ်းကိုင်ကာ ရုတ်တရက် ဆွဲဖယ်လိုက်သည်။

စက္ကူသေတ္တာများဖြင့် ခေါင်းကို အုပ်မိသွားသော ပုန်းနေသူ၏ တုံ့ပြန်မှုမှာ သူမ ထင်ထားသည်ထက် ပိုမြန်ဆန်လှသည်။ ထိုကလေးသည် ပလတ်စတစ်ပုလင်းများ ပါသော သေတ္တာဖြင့် သူမကို ခပ်ပြင်းပြင်း လှမ်းပစ်လိုက်ပြီး တံခါးပြင်ပသို့ အတင်းပြေးထွက်သွားတော့သည်။

"ဟာ"

ပလတ်စတစ်ပုလင်းများဖြင့် အပစ်ခံလိုက်ရသောကြောင့် ဝမ်သိုက်သည် မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်သွားသည်။ သူမ နောက်က လိုက်ရန်ကြိုးစားသော်လည်း မြေပြင်ပေါ်တွင် လိမ့်နေသော ပုလင်းများမှာ သူမသာ ရှေ့ဆက်တိုးပါက ဖင်ထိုင်လျက် လဲကျစေတော့မည့် အနေအထားတွင် ရှိနေသည်။

သို့သော် တံခါးပြင်ပသို့ ပြေးထွက်သွားသော ထိုကလေးမှာ တံခါးဝတွင် ရှိနေသော ချန်စစ်ကျယ်၏လက်ထဲမှ မလွတ် မြောက်နိုင်ခဲ့ချေ။

ပြေးထွက်လာသော ကလေး၏ ဆံပင်မှာ နှာခေါင်းနားအထိ ရောက်နေပြီး ဖုန်များနှင့် ဆီများကြောင့် ဆံပင်များမှာ အလိမ်းလိမ်း ကပ်နေသည်။ ယခုအချိန်မှာ နွေဦးရာသီသို့ ကူးပြောင်းနေပြီ ဖြစ်သော်လည်း သူဝတ်ထားသော အဝတ် အစားများဖြင့် အပြင်ထွက်ရန်မှာ အေးလွန်းလှသေးသည်။

လက်ဖျားတွင် မည်းညစ်နေသော အဖြူရောင် သိုးမွေးအင်္ကျီ တစ်ထည်တည်းကိုသာ ဝတ်ထားပြီး အင်္ကျီတွင်လည်းပေါက် ပြဲနေသော နေရာအချို့ ရှိနေကာ အတွင်းမှ အနက်ရောင် အနွေးထည်မှာ အပြင်သို့ ထွက်နေသည်။

ခြေထောက်တွင် ဝတ်ထားသော အနက်ရောင် ဘောင်းဘီမှာ အတွင်းသား ထူဟန်တူသော်လည်း အပြင်ဘက်တွင်မူ အတော်ပွန်းပဲ့နေပြီ ဖြစ်သည်။ ခြေထောက်မှ အားကစားဖိနပ်မှာလည်း ခြေမများပင် ထွက်နေချေပြီ။

ထိုကလေး၏ အင်္ကျီကော်လံကို ဆွဲထားသော ချန်စစ်ကျယ်မှာ မျက်မှောင်ကြုတ်သွားမိသည်။ ကလေးက လှည့်ကြည့်လိုက်သောအခါ ချန်စစ်ကျယ်၏မျက်လုံးထဲသို့ ပထမဆုံး ဝင်လာသည်မှာ ခက်ထန်လှသော မျက်ဝန်းတစ်စုံ ဖြစ်သည်။

ဝံပုလွေပေါက်လေး တစ်ကောင်ကဲ့သို့ပင်။

မကြာမီတွင် ပလတ်စတစ်ပုလင်းများနှင့် စက္ကူသေတ္တာများကြားမှ ဝမ်သိုက် ထွက်လာခဲ့သည်။ သားရေကွင်းဖြင့် ချည်ထားသော ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေချေပြီ။ သူမသည် မျက်နှာပေါ်တွင် ဝဲကျနေသော ဆံပင်များကို နားနောက်သို့ သပ်လိုက်ပြီး အဓိက တရားခံကို စိုက်ကြည့်လိုက်သည်။

ထိုကလေးမှာ အလွန်ပိန်လှီလှသည်။ မျက်နှာတွင် အသားမရှိဘဲ အရိုးပေါ် အရေတင်မျှသာ ဖြစ်သော်လည်း ရုပ်ရည်မှာ မဆိုးလှချေ။ ဖြူဖျော့သော အသားအရေနှင့် မျက်နှာပေါက်အရ ကြည့်လျှင် မျိုးရိုးကောင်းမည့် ပုံပေါ်သည်။

ကိုယ်ပေါ်မှ အဖြူရောင် သိုးမွေးအင်္ကျီနှင့် အောက်ပိုင်းမှ ဘောင်းဘီ၊ ဖိနပ်တို့မှာ လိုက်ဖက်မှုမရှိလှချေ။ သိုးမွေးအင်္ကျီမှာ ညစ်ပတ်ပြီး ပေါက်ပြဲနေသော်လည်း အသားမှာ အဆင့် အတန်း မြင့်မားပုံရသည်။

ကလေး၏ခြေထောက်ရှိ အားကစားဖိနပ်မှာ သူနှင့် မတော်ဘဲ အနည်းငယ်ကြီးနေသည်။ ထို့ကြောင့် ဖိနပ်ဖနောင့်မှာ ဟနေပြီး ခြေမမှာမူ ဖိနပ်အပေါက်မှ ထွက်နေသည်။ ခြေအိတ်လည်း မပါချေ။

ကလေးငယ်မှာ သွားများကို တင်းတင်းစေ့ထားပြီး ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကာ မျက်နှာမှကြွက် သားများမှာလည်း အနည်းငယ် တုန်ယင်နေသည်။

ရန်လိုသည့် ပုံစံမှာ အလွန်ပင် သိသာလှသည်။

ဝမ်သိုက်က ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး သူမ လက်ဖမိုးဖြင့် ကလေး၏ ပါးကို အသာအယာ ပုတ်ကာ ပြောလိုက်သည်။

"အစ်မက မင်းကို ဖမ်းဖို့ ရှာနေတာ မဟုတ်ပါဘူး၊ မင်းက အစ်မကို ပစ္စည်းတွေနဲ့ လှမ်းပစ်တယ်၊ မင်းက တကယ်ကို ယဉ်ကျေးမှုမရှိတာပဲ"

သူမ၏ အေးအေးဆေးဆေး လေသံမှာ ကလေးပေါက်စအား သတိထားမှုကို မလျော့ကျစေခဲ့ချေ။ ပါးကို အပုတ်ခံလိုက်ရသော ကလေးမှာ ဒေါသထွက်နေသော ဝံပုလွေပေါက်လေးကဲ့သို့ ဖြစ်သွားပြီး ပါးစပ်ကို ဟကာ သူမ လက်မောင်းကို ကိုက်ရန် ကြိုးစားတော့သည်။

သို့သော် ချန်စစ်ကျယ်က သူ့ အင်္ကျီကော်လံကို ဆွဲထားသောကြောင့် သူ၏ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ချေ။

ဝမ်သိုက်က မျက်ခုံးကို တွန့်လိုက်ပြီး မေးကို မော့ကာပြောလိုက်သည်။

"အို၊ တော်တော်လေးဆိုးတဲ့ ကလေးပဲ"

"မင်းက သူ့ကို လန့်အောင် လုပ်လိုက်လို့လေ၊ ဝမ်သိုက်၊ မင်း ဒီလောက်အထိတော့ မရူးသွပ်စမ်းပါနဲ့၊ မင်းမှာ ထူးဆန်းတဲ့ ဝါသနာတွေ ရှိနေမလားလို့ ငါ သံသယဝင်လာပြီ၊ မင်းက ငါ့ရဲ့ ပါတနာ ဖြစ်နေရင်တောင် မင်းရဲ့ ဒီလိုအပြုအမူမျိုးကိုတော့ ငါ ကာကွယ်ပေးမှာ မဟုတ်ဘူး"

ချန်စစ်ကျယ် မာနကြီးသော လေသံဖြင့် ပြောလိုက်သည်။ ဝမ်သိုက်မှာမူ အနည်းငယ် အားနာသွားမိသည်။

ဝမ်သိုက်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက် တောင်ကို ခတ်ကာ ကလေး၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမသည် ခက်ထန်နေသော မျက်ဝန်းများနှင့် ဆုံအောင် ကြည့်လိုက်ပြီး ဘာမှ မကြောက်သည့် ပုံစံဖြင့် ပြုံးပြလိုက်သည်။

"မင်းက အခိုးခံရတာလား၊ လူကုန်ကူးတဲ့သူတွေ လက်ထဲကနေ ကိုယ့်ဘာသာကိုယ် ထွက်ပြေးလာတာလား၊ ဒါက အစ်မရဲ့ ထင်မြင်ချက်သက်သက်ပါ”

“ဒါပေမဲ့ မင်းက အိမ်ကို စိတ်ကောက်ပြီး ထွက်လာလို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားမယ့် ကလေးမျိုး မဟုတ်ဘူးလို့ အစ်မ ခံစားရတယ်၊ မင်းက လူအများကြီးကြားမှာ နေခဲ့ရတာ ဖြစ်မယ်၊ မင်းထက် အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် မင်းထက် အင်အားကြီးတဲ့သူတွေ ရှိနေမှာပေါ့"

သူမသည် လက်ဖြင့် ကလေး၏အင်္ကျီနှင့် ဖိနပ်၊ ဘောင်းဘီတို့ကို အသာအယာညွှန်ပြလိုက်သည်။ ထို့နောက် အကြည့်ကို ပြန်မြှင့်လိုက်ပြီး ကလေးကို စိုက်ကြည့်လိုက်သည်။ ကလေး၏မျက်လုံးထဲမှ ခက်ထန်မှုများမှာ အနည်းငယ် ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုများ ဝင်ရောက်လာသည်။

"ဘောင်းဘီက တခြားသူတွေ အလုခံလိုက်ရတာဖြစ်မယ်၊ မင်းရဲ့ ဘောင်းဘီကိုဝတ်လို့ရတဲ့သူက မင်းနဲ့ ရွယ်တူလောက်ပဲ ဖြစ်မှာပေါ့၊ ဒါမှမဟုတ် အရပ်ပုတဲ့ လူကြီးတွေလည်း ဖြစ်နိုင်ပေမဲ့ အဲ့ဒါကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်”

“ဖိနပ်လည်း တခြားသူတွေ လုလိုက်တာပဲ ဖြစ်မယ်၊ မင်းအရင်က နေခဲ့တဲ့ နေရာရဲ့ စည်းကမ်းတွေကို အစ်မ သေချာမသိပေမဲ့ စည်းကမ်းထုတ်တဲ့သူက မင်းရဲ့ ဖိနပ်နဲ့ ဘောင်းဘီကို တခြားသူတွေကို ဆုအဖြစ်ပေးလိုက်တာလည်း ဖြစ်နိုင်သလို မင်းကို အပြစ်ပေးတဲ့ အနေနဲ့ လုပ်တာလည်း ဖြစ်နိုင်တယ်"

ဝမ်သိုက်သည် ကလေး၏မျက်လုံးများမှ အကြည့်ကို မလွှဲဘဲ သူ့ အမူအရာ ပြောင်းလဲမှုကို သေချာစွာ စောင့်ကြည့်နေသည်။

အစပိုင်းတွင် ရန်လိုနေသော ကလေးငယ်မှာ ယခုအခါတွင်မူ ဝေခွဲမရ ဖြစ်သွားသည်။ သူသည် ထွက်ပြေးရန် ကြိုးစားနေသော ခန္ဓာကိုယ်ကို လျှော့ချလိုက်ပြီး သွားစေ့ထားခြင်းကိုလည်း ရပ်လိုက်သည်။

သူသည် သူမကို ကြည့်နေသော်လည်း ပါးစပ်ကိုမူ တင်းတင်းစေ့ထားဆဲပင်။

ဝမ်သိုက်သည် ရုတ်တရက် အမူအရာ ပြောင်းလဲလိုက်ပြီး ကလေးကို နှာခေါင်းရှုံ့ကာကြည့်လိုက်သည်။ သူမသည် ကလေး၏ဆံပင်နှင့် အဝတ်အစားများကို ညွှန်ပြသော်လည်း ထိတွေ့ခြင်းတော့ မပြုချေ။

"ကြည့်လိုက်ဦး၊ မင်းရဲ့ အခုပုံစံက တော်တော်လေး ညစ်ပတ်နေတာပဲ၊ ခေါင်းမလျှော်တာ ဘယ်လောက်ကြာပြီလဲ”

“မင်းပုံစံကို ကြည့်ရတာ မင်းရဲ့မိသားစုက အခြေအနေ မဆိုးလောက်ဘူးလို့ ထင်တယ်၊ မင်းရဲ့ အဖေနဲ့ အမေက မင်းကို သေချာပေါက် ရှာနေမှာပေါ့၊ မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ"

ထိုခဏ၌ ကလေး၏မျက်လုံးများမှာ မှေးမှိန်သွားပြီး ခေါင်းကို ငုံ့လိုက်ကာ အက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်မှာ အဖေနဲ့ အမေ မရှိပါဘူး"

ဝမ်သိုက်၏အပြစ်တင်နေသော အမူအရာများမှာ ချက်ချင်း ရပ်တန့်သွားသည်။

သူမသည် အံ့အားသင့်စွာဖြင့် ကလေး၏မျက်လုံးများကို ကြည့်လိုက်သည်။

သူမ နားထဲတွင် ကလေးငယ်၏ ပြတ်သားသော စကားလုံးများ ထပ်မံထွက်ပေါ်လာသည်။

"ကျွန်တော့်မှာ အဖေနဲ့ အမေ မရှိပါဘူး"

ကလေးငယ်သည် မျက်တောင်ရှည်ကြီးများကို အောက်သို့ ချလိုက်ပြီး အားနည်းသော လေသံဖြင့် ဆက်ပြောလိုက်သည်။

"သူတို့က နိုင်ငံခြားမှာ၊ အလုပ်တွေ အရမ်းများတယ်၊ ကျွန်တော့်ကို ဂရုစိုက်ဖို့ အချိန်မရှိဘူး၊ အိမ်ဖော်က ကျွန်တော့်ကို ရိုက်တယ်၊ လူကုန်ကူးတဲ့သူတွေ လက်ထဲ ရောက်သွားတာ၊ အစ်မ ခန့်မှန်းတာ အားလုံးမှန်ပါတယ်၊ ဘယ်သူမှ ကျွန်တော့်ကို စောင့်ကြိုမနေကြပါဘူး၊ ပြန်မသွားလည်း ကိစ္စမရှိပါဘူး"

'ဘယ်သူမှ ကျွန်တော့်ကို စောင့်ကြိုမနေကြပါဘူး၊ ပြန်မသွားလည်း ကိစ္စမရှိပါဘူး' ဆိုသည့် စကားကြောင့် ဝမ်သိုက်၏ ရင်ထဲတွင် စူးခနဲ ခံစားလိုက်ရသည်။

သူမသည် လက်ကို ဆန့်ထုတ်ကာ ကလေး၏ညစ်ပတ်နေသော ပါးပြင်လေးကို အုပ်ကိုင်လိုက်ပြီး လက်မဖြင့် ဖုန်မှုန့်လေးများကို သုတ်ပေးလိုက်သည်။ သူမသည် စိတ်မကောင်းစွာဖြင့် ကလေး၏မျက်လုံးများကို ကြည့်ကာ လေသံကို လျှော့၍ပြောလိုက်သည်။

"မင်းရဲ့ နာမည်ကို အစ်မ မသိသေးပေမဲ့ မင်းကို တစ်ခုတော့ ပြောပြချင်တယ်၊ တကယ်လို့ ကိုယ့်ကို စောင့်ကြိုနေတဲ့သူ မရှိဘူးဆိုရင်တောင် ကိုယ့်ဘာသာ ကိုယ်တော့ အရှုံးမပေးပါနဲ့၊ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ”

“ကိုယ့်ရဲ့ စိတ်ထဲမှာ စည်းကမ်းရှိဖို့၊ လူ့အဖွဲ့အစည်းကို ဒုက္ခမပေးဖို့နဲ့ ဥပဒေကို မချိုးဖောက်ဖို့ပဲ လိုပါတယ်၊ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ့် အခြေအနေမျိုးကို ရအောင် ယူတာဟာ ဘာမှ မမှားပါဘူး"

"မျှော်လင့်ချက်ဆိုတာ ကိုယ်တိုင် ဖန်တီးယူရတာပါ၊ မျှော် လင့်ချက် ရှိနေလို့ စိတ်ပျက်ရမှာ မဟုတ်သလို မျှော်လင့်နေလို့ လက်ဗလာ ဖြစ်သွားမှာလည်း မဟုတ်ပါဘူး၊ အဲ့ဒါတွေက မင်း ရှေ့ဆက်သွားဖို့အတွက် ခွန်အားတွေပဲ”

All Chapters