အခန်း ၁၁၀
Vol. 11 Ch. 110
🍏 Chapter 110
“အဲ့ဒါတွေကို လက်မလွှတ်လိုက်ပါနဲ့၊ မင်းရဲ့ မိဘတွေက မင်းကို စောင့်မျှော်နေသလား၊ မမျှော်ဘူးလားဆိုတာကိုတော့ အစ်မ အဖြေမပေးနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အစ်မက မင်းလည်း မဟုတ်သလို မင်းရဲ့ မိဘတွေလည်း မဟုတ်လို့လေ”
“တကယ်လို့ မင်း သူတို့ကို မမေးဖူးသေးဘူး၊ သူတို့ကလည်း မင်းကို ကြိုမနေဘူးလို့ မပြောဖူးဘူးဆိုရင် အိမ်ပြန်ရောက်တဲ့အခါ ဒီမေးခွန်းကို ကိုယ်တိုင် သွားမေးလိုက်ပါ၊ ကိုယ့်ဘာသာကိုယ် အဖြေထုတ် မနေပါနဲ့ဦး"
ရေချိုးခန်းအတွင်းမှ ရေကျသံ တတောက်တောက် ထွက်ပေါ်နေသည်။
ဆိုဖာပေါ်တွင် ထိုင်နေသော ချန်စစ်ကျယ်သည် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုင်းညွှတ်ထားပြီး လက်နှစ်ဖက်ကို ဒူးဆစ်အနီးရှိ ပေါင်ပေါ်တွင် တင်ထားကာ ဆုပ်ကိုင်ထားသော လက်ချောင်းများမှာ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေပေသည်။
ရေချိုးခန်းအတွင်းမှ ရေကျသံ မရပ်တန့်မီမှာပင် တံခါးသော့လှည့်သံက အရင်ထွက်ပေါ်လာသည်။
အထုပ်အပိုးအချို့ကို ကိုင်ဆောင်ထားသော ဝမ်သိုက်သည် အခန်းထဲသို့ အတင်းတိုးဝင်လာပေသည်။ သူမသည် တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် အိမ်တွင်းစီး ဖိနပ်ကိုလဲကာ ရေချိုးခန်းဆီသို့ တန်းတန်း မတ်မတ် လျှောက်သွားသည်။
ရေချိုးခန်း၏ တစ်ဝက်တစ်ပျက် မြင်နေရသော မှန်တံခါးကို ကြည့်ရင်း သူမက တံခါးကို ခေါက်ကာ အသံမြှင့်၍ ပြောလိုက်သည်။
"ချန့်ရှီ၊ အစ်မ အင်္ကျီတွေကို တံခါးဝမှာ တင်ထားပေးမယ်နော်၊ မင်း ရေချိုးပြီးရင် ကိုယ့်ဘာသာ ကိုယ် ထွက်ယူပြီး လဲဝတ်လိုက်ပါ၊ ဖိနပ်ကတော့ မင်းပြောတဲ့ ဆိုဒ်ထက် တစ်ဆိုဒ် ပိုကြီးတာကို ဝယ်လာခဲ့တယ်”
“ကလေးတွေက အရွယ်ရောက်ဖို့ အရမ်းမြန်တယ်လေ၊ မင်း အဲဒီလူကုန်ကူးတဲ့သူတွေဆီမှာ အဖမ်းခံထားရတာ ခြောက်လကျော်ပြီဆိုတော့ ခြေထောက်ဆိုဒ်လည်း နည်းနည်းတော့ ပြောင်းသွားလောက်ပြီ"
"ဟုတ်"
ရေထဲမှ ခေါင်းပြူထွက်လာပြီး မပီမသ ပြန်ထူးလိုက်သည့် အသံမျိုး ထွက်ပေါ်လာပေသည်။
ချန့်ရှီ လဲလှယ်ဝတ်ဆင်ရန် ကျန်ရှိသော အင်္ကျီအစုံလိုက်များကို ဝမ်သိုက်က အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်သည်၏။ ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ဆိုဖာပေါ်တွင် အတွေးနယ်ချဲ့နေသော ပညာရှိကြီးတစ်ဦးကဲ့သို့ ထိုင်နေသည့် ချန်စစ်ကျယ်က မော့ကြည့်လာသည်။
သူ ဝမ်သိုက် မျက်လုံးများကို စိုက်ကြည့်ကာ ရုတ်တရက် ဆိုလိုက်သည်။
"မင်း တကယ်ပဲ သူ့ကို မွေးထားဖို့ ကြံနေတာလား၊ တစ် ယောက်တည်းနေရတာက မင်းကို အထီးကျန်စေလို့လား၊ ဒါမှမဟုတ် မိခင်စိတ်တွေ ပေါက်ဖွားလာတာလား၊ မင်းရဲ့ စာနာစိတ်တွေ ယိုဖိတ်နေမယ်ဆိုရင်တော့ ငါ အခုပဲ တိုင်ချက်ဖွင့်လိုက်တော့မယ်"
ဝမ်သိုက်မှာ ထိုစကားကြောင့် နေရာတွင်တင် ကြောင်အမ်း အမ်းဖြစ်ကာ ရပ်တန့်သွားသည်။ သူမသည် မေးစေ့ကို စောင်းလိုက်ပြီး အထက်အောက် သွားချင်းစေ့ကာမျက် မှောင်ကြုတ်လျက် အံ့အားသင့် နေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။
သူမသည် မေးစေ့ကို ပြန်တည့်လိုက်ပြီး ပါးစပ်ကို တစ်ချက် နှစ်ချက် စေ့လိုက်ကာပြောလိုက်သည်။
"ချန်စစ်ကျယ်၊ ရှင့်ရဲ့ ပါတနာကို ဒီလောက်တောင် ဆင်ခြင်ဥာဏ်မဲ့တဲ့သူလို့ မထင်ပါနဲ့လား၊ ကျွန်မတို့ အတူတူ လက်တွဲလာတာ တစ်နှစ်နီးပါးရှိနေပြီလေ၊ ကျွန်မရဲ့ စရိုက်ကို ခုထိ သေချာ မသိသေးဘူးလား"
ရေပန်းမှ ရေကျသံက မရပ်တန့်သေးချေ။ ချန်စစ်ကျယ်သည် ဆိုဖာပေါ်မှ ထိုင်ရာမှ ထလိုက်သည်။ သူသည် မေးစေ့ကို နှိမ့်ကာ ဝမ်သိုက်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်ပြီး တိုးတိုးလေး ဆိုလိုက်သည်။
"အခု မင်း လုပ်သင့်တာက သူ့ကို ရေနွေးနဲ့ ရေချိုးခိုင်းဖို့ မဟုတ်ဘူး၊ အင်္ကျီအသစ်တွေ ဝယ်ပေးဖို့လည်း မဟုတ်ဘူး၊ နေစရာ ပေးဖို့လည်း မဟုတ်ဘူး၊ မင်း အခု အမြန်ဆုံးလုပ်ရမှာက သူ့ကို ရဲစခန်းဆီပို့ပေးပြီး သူ့ကိုတွေ့ခဲ့တဲ့ အခြေအနေတွေကို အမှန်အတိုင်းထွက်ဆိုပေးဖို့ပဲ”
“သူက အိမ်က ဆင်းလာပြီး အဲဒီမှာပုန်းနေတာပဲဖြစ်ဖြစ်၊ လူကုန်ကူးသူတွေဆီက ထွက်ပြေးလာတာပဲဖြစ်ဖြစ်၊ ဒါတွေ အားလုံးက မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး"
ကလေးသူငယ်ကာကွယ်ရေးဥပဒေ အရဆိုရင် ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေမယ့်ကိစ္စ ဒါမှမဟုတ် ကလေးရဲ့ အခွင့်အရေးကို ထိပါးလာမယ့် ဘယ်လိုအခြေအနေမျိုးကိုမဆို တွေ့ရှိခဲ့ရင် မည်သူမဆို တားဆီးပိုင်ခွင့်ရှိသလို၊ ရဲစခန်းနဲ့ သက်ဆိုင်ရာဌာနတွေကို တိုင်ကြားအကြောင်းကြားဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်”
“ဒါကို အကျဉ်းချုပ်ပြီး နားလည်လွယ်အောင် ပြောရရင်တော့ မင်းအနေနဲ့ ဒီကလေးကို ဒီအတိုင်း လက်ခံထားလို့မရဘူး၊ သက်ဆိုင်ရာ အာဏာပိုင်တွေကို မဖြစ်မနေ သတင်းပို့ရမယ်”
သူသည် ရေချိုးခန်းထဲရှိ ချန့်ရှီ မကြားစေရန် အသံကိုထိန်းပြောနေသော်လည်း ဝမ်သိုက်ကို စိုက်ကြည့်နေသော သူ့ မျက်လုံးများက ကိစ္စ၏အရေးကြီးပုံကို ဖော်ပြနေသည်။
"မင်း သူ့ကို ခေါ်ထားလိုက်ခြင်းအားဖြင့် ဘယ်လိုနောက် ဆက်တွဲတွေဖြစ်လာနိုင်လဲဆိုတာ သိရဲ့လား၊ မင်းမှာ ကလေး သူငယ် လူကုန်ကူးမှု သံသယအမှု ရှိလာနိုင်တယ်”
“တကယ်လို့ အကြောင်းကြားတာ နောက်ကျလို့ သူက သူ့ရဲ့ အုပ်ထိန်းသူဆီ အချိန်မီ မရောက်သွားဘူးဆိုရင် သူ့မိသားစုက တရားမကြောင်းအရ လျော်ကြေးတောင်းနိုင်တယ်၊ သူ့ကို ခေါ်ထားတာက မင်းအတွက် ဒုက္ခတွေပဲ သယ်ဆောင်လာလိမ့်မယ်”
“အစစ်ဆေးခံရတဲ့ ခံစားချက်က သိပ်မကောင်းဘူးနော်၊ အထူးသဖြင့် သူတို့က တရားခံအစစ်ကို ရှာမတွေ့တဲ့အခါမျိုးမှာပေါ့"
ဝမ်သိုက် ဘာမှ ပြန်မပြောဘဲ မေးစေ့ကို မော့ကာ သူ့ကို ကြည့်နေရုံသာ ကြည့်နေသည်။
ချန်စစ်ကျယ် စုတ်သပ်လိုက်ပြီး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ သူသည် နှုတ်ခမ်းကို စေ့လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ တည်ငြိမ်လေးနက်စွာဖြင့် သူမ၏ မျက်လုံးများကို စိုက်ကြည့် လိုက်သည်။
"သူတို့က မင်းကို တရားမဝင် ချုပ်နှောင်ထားမှုနဲ့ စွဲချက်တင်နိုင်တယ်၊ ပြီးတော့ မင်းက ကလေးကို စိတ်ပိုင်းဆိုင်ရာလှည့်ဖျားထားလို့ သူက မင်းကို တရားခံမဟုတ်ဘူးလို့ ပြောတာပါဆိုပြီးတော့လည်း ပြောနိုင်သေးတယ်”
“သူတို့က ချန့်ရှီ မင်းကို သံယောဇဥ်ဖြစ်နေလို့ ကာကွယ်ပြောပေးတာလို့ အတင်းအကျပ် စွပ်စွဲနိုင်တယ်၊ ဘာလို့လဲဆိုတော့ သူက အသက် ၁၀ နှစ်ပဲ ရှိသေးတယ်၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက မပြည့်စုံ သေးဘူးလေ၊ ဒါကြောင့် မင်း အခု လုပ်သင့်တာက တိုင်ချက်ဖွင့်ဖို့နဲ့ သူ့ကို ရဲစခန်းဆီ ပို့ဖို့ပဲ "
ဝမ်သိုက်သည် နှုတ်ခမ်းကို သွားဖြင့် ကိုက်လိုက်ပြီး မျက် တောင်တစ်ချက် ခတ်ကာ “အင်း” ဟု ဆိုလိုက်သည်။
"ကျွန်မ သိပါပြီ၊ သူ ရေချိုးပြီးထွက်လာရင် သူ့ကို ရဲစခန်းဆီ ပို့လိုက်မယ်၊ ဒါမှမဟုတ် အခုပဲ တိုင်ချက်ဖွင့်ရမလား၊ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် သူ့ကို အရမ်းအားနာစရာ ကောင်းနေသလို ခံစားရတယ်"
သူမသည် ပခုံးများ တွဲကျသွားပြီး စိတ်ရှုပ်ထွေးမှုများက သူမကို လွှမ်းမိုးသွားသည်။ သူမသည် ခြေထောက်များကို တရွတ်တိုက်ဆွဲကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
နေရာတွင် ရပ်နေသော ချန်စစ်ကျယ်က နောက်လှည့်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ အေးစက်စွာ လှောင်ရယ်လိုက်သည်။
"သူက အိမ်မပြန်ချင်ဘူးလို့ ပြောတာနဲ့ မင်းက လိုက်လျောနေတာလား၊ တကယ်လို့ သူ့မိဘတွေက အခု အရမ်းပူပန်နေရင်ကော၊ မင်းက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာချင်တယ်ဆိုရင်တော့ ငါ မတားတော့ဘူး”
“သူများကိစ္စ စပ်စုတာလည်း အတိုင်းအတာ ရှိသင့်တာပေါ့၊ အချုပ်ထဲ ရောက်မှပဲ အသိတရား ရမှာလား၊ ၆၀၇ အခန်းက အလောင်းကို တွေ့ခဲ့တဲ့ ကိစ္စမှာတုန်းက မင်းမှာ အခင်းဖြစ်ချိန် တခြားနေရာမှာ ရှိနေတဲ့ သက်သေရှိလို့ တော်သေးတာ”
“ဒါပေမဲ့ မင်း အဲဒီမှာ အစစ်ဆေးခံနေရတာလည်း သိပ်တော့ သက်သောင့်သက်သာ မရှိခဲ့ဘူး မဟုတ်လား၊ အခု ကိစ္စမှာတော့ မင်းက သံသယရှိသူ ဖြစ်နေတယ်၊ မင်းကိုသာ ဆက်ပြီး လွှတ်ထားမယ်ဆိုရင်တော့ နောက်ဆုံးမှာ မင်းပဲ အပြစ် ပေးခံရလိမ့်မယ်"
ထိုလူ၏မြေခွေးမျက်လုံးများက အေးစက်စက်ဖြင့် သူမကို ကြည့်နေပြီး အပြောအဆိုများမှာလည်း အလွန်ခါးသီးလှပေသည်။
ဝမ်သိုက်သည် စိတ်တိုတိုဖြင့် ဆံပင်များကို ဖွလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပါးစပ်ကို ဆူလိုက်ရင်း အရှုံးပေးသည့်ပုံစံဖြင့် ပြောလိုက်သည်။
"အင်းပါ... ကျွန်မသိပါပြီ၊ ရှင်ပြောသလိုပဲ လုပ်မယ်၊ အခုပဲ တိုင်ချက်ဖွင့်လိုက်တော့မယ်၊ မဟုတ်ရင် ခဏနေ ချန့်ရှီ ကို ရဲစခန်းဆီ ပို့တဲ့လမ်းမှာ သူ ထွက်ပြေးသွားရင် ကျွန်မကတော့ သူ့ကို လိုက်မဖမ်းနိုင်ဘူး"
ချန့်ရှီကို အားနာနေသည့်ကြားမှပင် ဝမ်သိုက်သည် တိုင်ချက်ဖွင့်ခဲ့သည်။ သူမသည် ရဲဝန်ထမ်းအား အဖြစ်အပျက်နှင့် လက်ရှိတည်နေရာကို ရှင်းပြလိုက်သည်။ သူတို့ ချက်ချင်း ရောက်လာမည်ဟု သိလိုက်ရသောအခါမှ ဖုန်းချလိုက်သည်။
သူမသည် ဖုန်းကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်ပြီး ပေါင်ကို အားပြုကာ ထလိုက်သည်။ အားအင်မရှိသော ခန္ဓာကိုယ်ကို ဆွဲကာ မီးဖိုချောင်ထဲမှ ခေါက်ဆွဲခြောက်ဘူးကို ယူ၍ ရေနွေးထည့်လိုက်ပြီး ဒယ်အိုးထဲတွင် ကြက်ဥတစ်လုံးကိုလည်း ကြော်လိုက်သည်။
ရေချိုးခန်းအတွင်းမှ ရေကျသံ ရပ်တန့်သွားပြီး တံခါးတွန်းဖွင့်သံက ဧည့်ခန်းအထိ ပျံ့လွင့်လာသည်။ ဝမ်သိုက်သည် ကြက်ဥကြော် တင်ထားသော ခေါက်ဆွဲခြောက်ဘူးကို ကိုင်၍ ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ သူမ အကြည့်က ရေချိုးခန်းထဲမှ ထွက်လာသော ချန့်ရှီ ဆီသို့ ရောက်သွားသည်။
အဆီနှင့် ဖုန်မှုန့်များကို ဆေးကြောသန့်စင်လိုက်ပြီးနောက် ချန့်ရှီ ၏ ဆံပင်များမှာ စိုစွတ်ကာ နောက်သို့ လန်နေသည်။ ဆံပင်ကို နောက်လှန်ထားသော ထိုကောင်လေးမှာ တန်ဖိုးနည်းသော အဝတ်အစားများကို ဝတ်ထားသော်လည်း မြင့်မြတ်သော အရှိန်အဝါမျိုးထွက်ပေါ်နေသည်။ လှပသော မျက်နှာပေါက်နှင့် နူးညံ့လှသော အသားအရေက ပေါ်လွင်လို့နေသည်။