← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

🍏 Chapter 111

ခေါက်ဆွဲခြောက်ဘူးကို စားပွဲပေါ် တင်လိုက်သောအခါ အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ဝမ်သိုက်သည် ခြေထောက်ဖြင့် ခုံပုလေးတစ်လုံးကို စားပွဲရှေ့သို့ ဆွဲယူလိုက်ပြီး ချန့်ရှီ ကို လက်ယပ်ခေါ်လိုက်သည်။

"လာ၊ ဒီမှာ ထိုင်၊ အစ်မအိမ်မှာ ဟင်းတွေ မရှိတော့ဘူး၊ ချက်ကျွေးစရာလည်း ဘာမှ မရှိလို့ ဒီခေါက်ဆွဲခြောက်နဲ့ပဲ ဗိုက်ဖြည့်လိုက်ပါဦး၊ ကြက်ဥကြော်လည်း ထည့်ပေးထားတယ်"

"ကျေးဇူးတင်ပါတယ် အစ်မ"

ချန့်ရှီ၏ အသံမှာ အနည်းငယ် အက်ကွဲနေဆဲ ဖြစ်သည်။ သူက နှုတ်ခမ်းကို စေ့ကာ လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ သူနှင့် အတော်ကြီးနေသော လူကြီးစီး ဖိနပ်ကို တရွတ်တိုက်စီးလျက် ခုံပုလေးပေါ်တွင် ထိုင်လိုက်သည်။

ခေါက်ဆွဲစားရန် ငုံ့လိုက်သောအခါ ပေါ်ထွက်လာသည့် ကောင်လေး၏ လည်ပင်းနောက်ဘက်မှ ထိုးထွက်နေသော အရိုးများကို ကြည့်ရင်း ဝမ်သိုက်မှာ မည်သည့်အတွက်ကြောင့်မှန်းမသိ စိတ်မကောင်း ဖြစ်သွားရသည်၏။

သူမသည် အကြည့်ကို လွှဲလိုက်ပြီး အပေါ်ဘက်ရှိ ဖန်ပန်း ကန်လုံးထဲမှ လည်ချောင်းနာပျောက်ဆေးကို သွားယူလိုက်သည်။

မကြာမီမှာပင် ရေနွေးတစ်ခွက်နှင့် လည်ချောင်းနာပျောက်ဆေးမှာ ခေါက်ဆွဲစားနေသော ချန့်ရှီ၏ လက်အနီးသို့ ရောက်ရှိလာသည်။ သူသည် ခေါက်ဆွဲပန်းကန်ထဲမှ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သောအခါ စားပွဲဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော ဝမ်သိုက်၏ မျက်နှာနှင့် ဆုံသွားသည်။

ဝမ်သိုက်က ပြုံးပြလိုက်ရာ ပါးချိုင့်လေးများ ပေါ်လာသော သူမ မျက်ဝန်းများတွင် ချန့်ရှီ၏ ပုံရိပ်က ကြည်လင်စွာ ထင်ဟပ်နေသည်၏။ သူမ နူးညံ့စွာ ပြောလိုက်သည်။

"အသံက လူကုန်ကူးသူတွေဆီမှာ အဖမ်းခံရပြီးနောက်ပိုင်း တဖြည်းဖြည်း အက်သွားတာ မဟုတ်လား၊ ထိခိုက်နေတဲ့ လည်ချောင်းကို ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် နောက်ပိုင်းမှာ ပြန်ကောင်းဖို့ ခက်သွားလိမ့်မယ်”

“ချန့်ရှီကလည်း လူကြီးဖြစ်လာတဲ့အခါ အသံက ဒီလိုပဲ အက်ကွဲနေတာကို မလိုချင်ဘူး မဟုတ်လား၊ ဖြစ်နိုင်ရင်တော့ နာကျင်မှုတွေကို အမှတ်အသား မကျန်ရစ်ပါစေနဲ့၊ အတင်း အဓမ္မ ဖျောက်ဖျက် ပစ်ဖို့လည်း မလိုပါဘူး၊ အတိတ်မှာပဲ ထားခဲ့ပြီး ပိတ်လှောင်ထားလိုက်ရုံပါပဲ"

သူမ၏ ပါးချိုင့်လေးကို စိုက်ကြည့်နေသော ချန့်ရှီ၏ မျက်ဝန်းများမှာ ရုတ်တရက် ဝေဝါးသွားပြီး မြင်ကွင်းများမှာလည်း မှုန်ဝါးလာသည်။ တစ်ခါမှ မခံစားဖူးသော်လည်း ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုး စိမ့်ဝင်လာကာ သူက မသိစိတ်ဖြင့် ဆိုလိုက်သည်။

"အစ်မတို့ကသာ ကျွန်တော့်ရဲ့ အဖေနဲ့ အမေ ဖြစ်ရင် သိပ်ကောင်းမှာပဲ"

"ဟင်"

ကလေးကိုချော့မြူရန်သာ ကြံရွယ်ထားသော ဝမ်သိုက်မှာ ထိုစကားကြောင့် ကြောင်အမ်းသွားရသည်။

မိမိဘာပြောလိုက်သည်ကို သိရှိသွားသော ချန့်ရှီသည် မျက် လုံးများကို အနည်းငယ် ပြူးသွားပြီး နှုတ်ခမ်းကို စေ့ကာ မျက်နှာကို လွှဲလိုက်သည်။ သူသည် ခေါက်ဆွဲပန်းကန်ကိုသာ စိုက်ကြည့်နေပြီး ပလတ်စတစ် ခက်ရင်းကို ကိုင်ထားသော လက်ချောင်းများမှာလည်း တင်းကျပ်နေကာ အကြောတင်းစွာဖြင့် ဆင်ခြေပေးလိုက်သည်။

"ကျွန်တော် အဖေနဲ့ အမေကို လွမ်းလို့ပါ၊ ကျွန်တော့်ကို တွေ့တဲ့ သူက ကျွန်တော့် မိဘတွေ ဖြစ်စေချင်လို့ပါ"

မိခင်တစ်ယောက် ဖြစ်တော့မည့်အရေးမှ လွတ်မြောက်သွားသဖြင့် ဝမ်သိုက်က စိတ်အေးသွားကာ ပခုံးများကို လျှော့ချလိုက်သည်။ သူမသည် ဆိုဖာရှေ့တွင် ရပ်နေဆဲဖြစ်သော ချန်စစ်ကျယ်ကို လှမ်းကြည့်လိုက်သည်။

ချန်စစ်ကျယ်က ချန့်ရှီ ကိုတစ်ချက်ကြည့်ကာ မျက်တောင် ခတ်ပြလိုက်သည်ကို မြင်သောအခါ ဝမ်သိုက်က ချန့်ရှီ ဘက်သို့ ပြန်လှည့်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"မိဘတွေကို လွမ်းလို့ကိုး၊ ဒါဆိုရင် မကြာခင် မင်း လွမ်းနေစရာမလိုတော့ဘူး၊ ဘာမှ အဆင်မပြေတာ မရှိရင် သူတို့နဲ့ ချက်ချင်း တွေ့ရတော့မှာ "

သို့သော် ချန့်ရှီ ၏ တုံ့ပြန်မှုမှာ ဝမ်သိုက် ထင်ထားသည်နှင့် လွဲချော်နေသည်။

ခေါက်ဆွဲများကို ကုန်အောင် စားလိုက်သော ချန့်ရှီ သည် ဟင်းရည်သောက်ခြင်းကို ရပ်တန့်လိုက်သည်။ သူက အံ့အားသင့်စွာဖြင့် ဝမ်သိုက်ကို လှည့်ကြည့်ကာ မယုံကြည်နိုင်သလို ပြန်မေးလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

"ဥပဒေအရ အစ်မက မင်းကို အစ်မအိမ်မှာထားပြီး စောင့် ရှောက်လို့ မရဘူး၊ ရဲစခန်းကို အကြောင်းကြားရမယ်၊ မဟုတ်ရင် အစ်မလည်း လက်ထိပ်ခတ်ခံရလိမ့်မယ်၊ စောစောက မင်း ရေချိုးနေတုန်း အစ်မ တိုင်ချက်ဖွင့်လိုက်တယ်"

ဝမ်သိုက်မှာ စိတ်ထဲတွင် အားနာနေသောကြောင့် ချန့်ရှီ၏ မျက်လုံးများကို တည့်တည့် မကြည့်ရဲပေ။

ချန့်ရှီက လက်ထဲမှ ခေါက်ဆွဲဘူးကို ချလိုက်သည်။ သူ၏ နီရဲလာသော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် သူ ခေါက်ဆွဲဘူးကို စားပွဲပေါ်သို့ ပစ်မပေါက်လိုက်ခြင်းမှာ သူ၏ စိတ်ကို အတော်လေး ထိန်းထားနိုင်ခြင်းကြောင့် ဖြစ်သည်ကို သိနိုင်သည်။

"အစ်မ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ၊ အစ်မ ကျွန်တော့်ကို အဲဒီနေရာကနေ ခေါ်လာတုန်းက အိမ်မှာ ခဏနေလို့ ရတယ်၊ ဘယ်နေ့ ပြန်ချင်လဲဆိုတာ စဉ်းစားလို့ရတယ်လို့ ပြောခဲ့တာ မဟုတ်လား"

ချန့်ရှီ၏ လက်များက ခေါက်ဆွဲဘူးပေါ်မှ လျှောကျသွားပြီး သူ့နီရဲနေသော မျက်ဝန်းများကို ကြည့်ရသည်မှာ ရင်နာစရာ ကောင်းလှပေသည်။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေသံနှိမ့်ကာ ပြောလိုက်သည်။

"ကျွန်တော် အစ်မကို မယုံခဲ့သင့်ဘူး၊ ကတိမတည်နိုင်ဘဲနဲ့ ဘာလို့ ပြောခဲ့တာလဲ၊ အစ်မတို့ တိုင်ချက်ဖွင့်မယ်ဆိုတာ သိရင် ကျွန်တော် အစ်မတို့နောက်ကို လိုက်မလာဘူး"

သူသည် ခုံပေါ်မှ ဝုန်းခနဲ ထလိုက်ပြီး ဝမ်သိုက်၏ ဘေးမှ ဖြတ်ကာ ပြေးထွက်ရန် ကြိုးစားသော်လည်း တံခါးဝသို့ မရောက်မီမှာပင် ချန်စစ်ကျယ်၏ လက်ထဲသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်သည်။

"ပထမအချက်၊ မင်း တစ်ယောက်တည်း အပြင်မှာ လေလွင့်နေတာဟာ လူကုန်ကူးသူတွေဆီ ပြန်ဖမ်းခံရနိုင်တဲ့ အန္တရာယ် ရှိတယ်၊ ဒုတိယအချက်၊ မင်းကို အိမ်မှာ ထားပြီး မွေးထားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းရဲ့ ဆန္ဒတစ်ခုအတွက်နဲ့ တခြားသူတွေမှာ ငွေကြေးဆုံးရှုံးမှုတွေ၊ လွတ်လပ်ခွင့် ထိခိုက်မှုတွေ ဖြစ်လာအောင် လုပ်တာက မင်း တကယ်ကို အတ္တကြီးတယ်လို့ မထင်ဘူးလား"

“တကယ်လို့ သူမက မင်းကို အိမ်မှာ ထားထားရင် သူမက တရားခံအစစ်အဖြစ် သတ်မှတ်ခံရနိုင်ခြေ ရှိတယ်၊ ဒီလိုကိစ္စမျိုးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အများကြီး ဖြစ်ခဲ့ဖူးတယ်၊ မင်းက မင်းရဲ့ မိဘတွေကို အာခံဖို့အတွက် ကိုယ့်ရဲ့ အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ဒီလို ကလေးကလားဆန်တဲ့ အပြုအမူမျိုး လုပ်တာကို ငါ ဘာမှ မပြောလိုပေမဲ့ တခြားသူတွေကိုတော့ ဒုက္ခမပေးသင့်ဘူး"

သူ့ကို ဆွဲထားသည့်ကြားမှ ချန့်ရှီက အတင်းရုန်းကန်နေဆဲ ဖြစ်သည်။ သူ၏ဖြူစင်သော မျက်နှာလေးမှာ နီမြန်းနေပြီး မျက်ရည်များကလည်း တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်းလာသည်။

"ကျွန်တော်က အစ်မတို့ကို ကူညီပေးပါလို့ မတောင်းဆိုခဲ့ပါဘူး၊ ကျွန်တော့်ရဲ့ အန္တရာယ်က ကျွန်တော့်ကိစ္စပဲ၊ အစ်မတို့နဲ့ ဘာမှ မဆိုင်ဘူး၊ ကျွန်တော့်ရဲ့ ရွေးချယ်မှုအတွက် နောက် ဆက်တွဲတွေကို ကျွန်တော်ဘာသာ တာဝန်ယူမယ်၊ အစ်မတို့ရဲ့ ဒီလို စပ်စုမှုတွေကပဲ ကျွန်တော့်ကို ဒုက္ခပေးနေတာ" ဟု အော်ဟစ်ကာ ပြောလိုက်သည်၏။

"ချန့်ရှီ"

ဝမ်သိုက် ရုတ်တရက် လှမ်းခေါ်လိုက်ရာ ရုန်းကန်နေသော ကောင်လေးမှာ ခဏတာ ငြိမ်သွားသည်။ သူမက ဒူးကို အားပြုကာ မတ်တတ်ထရပ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။

"အစ်မအိမ်ရဲ့ ပတ်ဝန်းကျင်ကို ကြည့်ရုံနဲ့ အစ်မရဲ့ ဘဝက ဘယ်လောက်တောင် ကျပ်တည်းလဲဆိုတာ မင်း သိနိုင်မှာပါ၊ မင်းအတွက် အင်္ကျီဝယ်ပေးလိုက်တဲ့ ပိုက်ဆံက တခြားသူတွေအတွက် ဘာမှ မဟုတ်ပေမဲ့ အစ်မအတွက်တော့ ရှိစုမဲ့စုလေးထဲက တစ်ဝက်လောက်ကုန်သွားတာ”

“မင်း စိတ်ထဲမှာ မကျေနပ်တာရှိရင် အစ်မ မင်းကို အပြစ်မတင်ပါဘူး၊ ဒါပေမဲ့ မင်း အဲဒီအင်္ကျီတွေကိုတော့ မဖျက်ဆီးပါနဲ့လား"

ချန့်ရှီသည် သူ့ ပခုံးကို ပြန်ကြည့်လိုက်ပြီး တွန့်လိမ်နေသော အင်္ကျီကို ကြည့်ကာ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြန်လည် တည့်မတ်လိုက်သည်။ သူသည် ခေါင်းငုံ့ကာ ဘာမှ ထပ်မပြောတော့ချေ။

ချန်စစ်ကျယ်က သူ့လက်ကို အနည်းငယ် လျှော့ပေးလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကောင်လေး၏ ပခုံးပေါ်သို့ တင်လိုက်သည်။ အရေပြားအောက်မှ ထိုးထွက်နေသော အရိုးများကို ခံစားလိုက်ရပြီး သူက မျက်တောင်ကို နှိမ့်ကာ ချန့်ရှီ ကို စိုက်ကြည့်လိုက်သည်။

"မင်း အိမ်မပြန်ချင်ဘူးလို့ ပြောတာက အိမ်မှာ မင်းကို မျှော်လင့်နေတဲ့သူ မရှိလို့ဆိုပါတော့၊ ဒါဆို မင်းကို မျှော်လင့်နေတဲ့သူမှ မရှိတာ၊ ဘာလို့ အပြင်မှာ လျှောက်သွားနေရတာလဲ"

ချန့်ရှီမှာ ပြန်လည် မဖြေကြားနိုင်သကဲ့သို့ ချန်စစ်ကျယ်ကလည်း ဖြေဆိုရန် အခွင့်အရေး မပေးဘဲ သူ့ စိတ်ထဲမှ အတွေးများကို ဖော်ထုတ်လိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းက သူတို့ရဲ့စောင့်ကြိုနေမှာကို လိုချင်နေလို့ပဲ၊ မင်းက သူတို့ မင်းကို မျှော်လင့်နေတယ်ဆိုတဲ့ သက်သေကို လိုချင်နေတာ၊ မင်းကို လိုက်ရှာနေတဲ့ သတင်းတွေ တစ်လမ်းလုံး ပျံ့နှံ့နေတာကို မင်း သိချင်တယ်၊ မင်းက အလေးထားခံရတာကို ခံစားချင်နေတာ"

အရပ်ရှည်သော ထိုလူသည် ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး လက်နှစ်ဖက်လုံးကို ချန့်ရှီ၏ ပခုံးပေါ်တွင် တင်ကာ တစ်ယောက်က ငုံ့ကြည့်၊ တစ်ယောက်က မော့ကြည့်ရင်း လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

"တကယ်လို့ မင်းသာ သူတို့ကို မမျှော်လင့်ဘူးဆိုရင်၊ မင်း တကယ်ပဲ အလေးမထားခံရဘူးလို့ ယုံကြည်နေတယ်ဆိုရင် မင်း လေလွင့်နေမှာ မဟုတ်ဘူး၊ လူသားတွေရဲ့ သဘာဝက အကျိုးရှိတာကို ရှာပြီး အန္တရာယ်ရှိတာကို ရှောင်ကြဉ်တတ်ကြတယ်”

“တကယ်လို့ မင်းကို ဘယ်သူမှ ဂရုမစိုက်ဘူးလို့ မင်း အပိုင်တွက်ထားရင် ဘာလို့ အိမ်မရှိ၊ ရာမရှိနဲ့ အသက်အန္တရာယ်ကို အထိခိုက်ခံပြီး လျှောက်သွားနေမှာလဲ”

“တကယ်လို့ မင်းကို ဘယ်သူမှ မမျှော်လင့်ဘူးလို့ ယုံကြည်ပြီး သူတို့ရဲ့ ဂရုစိုက်မှုကိုလည်း မလိုချင်ဘူးဆိုရင် မင်း လုပ်သင့်တာက အိမ်ပြန်ဖို့ပဲ၊ အထီးကျန်စွာနဲ့ လေလွင့်နေတာထက်စာရင် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ပြန်နေထိုင်တာက ပိုကောင်းတယ်လေ"

"ဘယ်သူမှ မင်းအပေါ် မကောင်းတဲ့အခါ၊ ဘယ်သူမှ မင်းကို ဂရုမစိုက်တဲ့အခါ၊ ဘယ်သူမှ မင်းကို မချစ်တဲ့အခါကျရင်၊ မင်းက ကိုယ့်ကိုကိုယ် ကောင်းအောင်ထားရမယ်၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်၊ ကိုယ့်ကိုကိုယ် ချစ်ရမယ်"

All Chapters