အခန်း ၁၁၂
Vol. 12 Ch. 112
🍏 Chapter 112
သူသည် ချန့်ရှီ ကို စိုက်ကြည့်ကာ တစ်လုံးချင်းစီ လေးနက်စွာ ပြောလိုက်သည်။
မိမိ၏ စိတ်တွင်းဖြစ်ရပ်ကို အမှန်အတိုင်း အပြောခံလိုက်ရသဖြင့် ရှက်ရွံ့နေသော စိတ်များမှာ ချန်စစ်ကျယ်၏စကားများအဆုံးတွင် ပျောက်ကွယ်သွားပြီး ချန့်ရှီ မှာ သူ့ကို အံ့အားသင့်စွာ မော့ကြည့်နေမိသည်။
ရှေ့မှ အရပ်ရှည်သော ထိုလူသည် သူ့အတွက် တောင်ကြီးတစ်လုံးကဲ့သို့ပင်။ ချောမောသော်လည်း နူးညံ့မှုမရှိသည့် မျက်နှာပေါက်နှင့် အေးစက်စက် လေသံများက သူ့ကို ရိုက်ခတ်နေသည်။
ထိုလူ၏ မျက်လုံးထဲတွင် မည်သည့် ခံစားချက်ကိုမှ ရှာမတွေ့သော်လည်း ပြောသမျှ စကားတိုင်းမှာ နှလုံးသားထဲမှ လာသည်ဟု ထင်ရပေသည်။
ချန့်ရှီလည်ချောင်းထဲတွင် တစ်ခုခု ပိတ်နေသကဲ့သို့ ခံစားရပြီး မည်သို့ တုံ့ပြန်ရမည်မှန်း မသိသော်လည်း သူ့ လက်သီးများမှာမူ တင်းတင်းဆုပ်ထားမိသည်။
ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ချိန်မှာပင် ရဲကားဥဩသံများ ထွက်ပေါ်လာသည်။
အဝေးမှ နီးကပ်လာသော ဥဩသံနှင့် ဘရိတ်အုပ်သံများက အသံလုံခြင်းမရှိသော အခန်းထဲသို့ ပျံ့လွင့်လာပြီး ခဏအကြာမှာပင် ချန့်ရှီ ပြေးမထွက်နိုင်လိုက်သော တံခါးမှာ ခေါက်သံ ထွက်ပေါ်လာတော့သည်။
ချန့်ရှီ အပါအဝင် အခြားစောင့်ဆိုင်းနေသူများကြားတွင် သိသိသာသာ ထူးခြားသော အရှိန်အဝါရှိသည့် လူနှစ်ဦးလည်း ရှိနေသည်။ မိုးက ဘယ်အချိန်က စရွာချင်နေမှန်း မသိသော်လည်း ကံကောင်းထောက်မ စွာ အခန်းထဲတွင်တော့ မှောင်မည်းမနေပေ။
ငွေရောင် စောင့်ဆိုင်းခုံတန်းပေါ်တွင် ထိုင်နေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးမှာ ရုပ်ရည်အားဖြင့် အိုမင်းခြင်းမရှိသော်လည်း ရင့်ကျက်တည်ငြိမ်သည့် အငွေ့အသက်များက သူတို့မှာ အသက် ၃၀ ကျော်ဖြစ်ကြောင်း ဖော်ပြနေသည်။
အမျိုးသားဝတ်ထားသည့် ဝတ်စုံမှာ တွန့်ကြေနေပြီး အမျိုး သမီး၏ဂါဝန်ရှည် အနားသတ်မှာလည်း သူမ၏လက်ထဲတွင် ဆုပ်ခြေထားခြင်းကြောင့် တွန့်လိပ်နေသည်။
သူတို့နှစ်ဦး၏ အကြည့်များက ရဲစခန်းအပြင်ဘက်သို့သာ စိုက်ကြည့်နေကြပြီး နီရဲနေသော မျက်ဝန်း များမှာလည်း အတူတူပင်။
ရဲကားနောက်မှ အခြားကားတစ်စီး လိုက်ပါလာပြီး ကားပေါ်မှ ကောင်လေးတစ်ယောက် ဆင်းလာသည့် အချိန်တွင်တော့ သူတို့၏ နီရဲနေသော မျက်လုံးများမှ မျက်ရည်များမှာ တားမရဆီးမရ ကျဆင်းလာ တော့သည်။
သူတို့ ထိုင်ခုံမှ ထလိုက်ကြပြီး ဒေါက်ဖိနပ်စီးထားသည့် အမျိုးသမီးမှာ ရဲစခန်းတံခါးဝသို့ ယိုင်တိုင်တိုင် လျှောက်သွားသည်။
သူမလက်ဖြင့် ပါးစပ်ကို ပိတ်ထားသော်လည်း ငိုရှိုက်သံများကတော့ လက်ချောင်း များကြားမှ တိုးထွက်နေဆဲဖြစ်ကာ မျက်ရည်များကလည်း သူမ၏ လက်ချောင်းများကို စိုစွတ် စေသည်။ ဝေဝါးနေသော အကြည့်များက တဖြည်းဖြည်း နီးကပ်လာသည့် ကောင်လေးဆီမှာသာ ရှိနေသည်။
ချန့်ရှီ ခြေလှမ်းကျဉ်းလေးများဖြင့် ရှေ့သို့ ရောက်လာသည့်အခါတွင်တော့ ထိုအမျိုးသမီးမှာ ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
သူမသည် မည်သူ့ကိုမျှလည်း ဂရုမစိုက်နိုင်တော့သလို သူမ၏ အပြုအမူက အခြားသူများ အဝင်အထွက်ကို ပိတ်ဆို့နေသည်ကိုလည်း သတိမထားမိတော့ပေ။
သူမသည် ချန့်ရှီ ၏ ပခုံးကြားတွင် မျက်နှာအပ်ကာ ငိုကြွေးနေတော့သည်။
ပညာသင်ကြားရမည့်အရွယ်သာရှိသေးသည့် ချန့်ရှီ မှာ မိခင်၏ အပြုအမူကြောင့် "ရှိုက်ကြီးတငင် ငိုကြွေးခြင်း" ဆိုသည့်စကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။
သူသည် လည်ချောင်းကို တစ်ချက် မျိုချလိုက်ပြီး စေ့ထားသော နှုတ်ခမ်းများမှာလည်း တုန်ယင်နေသည်။
အိမ်က ထွက်ခွာခဲ့ရသည့် ဤခြောက်လအတွင်း သူသည် အကြိမ်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ရသည်၊ ရဲရင့်ခဲ့ရသည်။
နှာခေါင်းထဲသို့ တိုးဝင်လာသည့် မိခင်၏ ကိုယ်သင်းနံ့သဲ့သဲ့မှာ သူ အမြဲလွမ်းဆွတ်ခဲ့ရသည့် အနံ့ပင်။
ထိုအနံ့ကို ရလိုက်သည်နှင့် ခန္ဓာကိုယ်က အလိုလိုပင် ဤသူ့ကို အားကိုးနိုင်သည်၊ ကာကွယ်မှုများကို လျှော့ချနိုင်သည်၊ မိမိကိုယ်ပေါ်ရှိ ဆူးခက်များကို ဖယ်ရှားနိုင်သည်ဟု သိလိုက်သည်။
သူသည် လက်ကို မြှောက်ကာ ထိုအမျိုးသမီးကို ပြန်လည်ပွေ့ဖက်လိုက်ပြီး မျက်ရည်များကလည်း စီးကျလာသည်။ အက်ကွဲနေသော အသံလေးဖြင့် ရှိုက်ကာ ခေါ်လိုက်သည်။
"မေမေ"
ထိုအသံမှာ လေထဲက ဒုတ္ထလီပန်းလေးများထက်ပင် ပို၍ ပေါ့ပါးနေမလား မသိပေ။
သူမ၏ ပြန်လည်ဖြေကြားသံမှာ ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်ရသည့် အသံဖြင့်
"ချန့်ရှီ..."
ထို့နောက်တွင်တော့ ရှိုက်သံများနှင့်အတူ ပခုံးပေါ်တွင် စိုစွတ်နေသည့် မျက်ရည်များသာ ကျန်ရှိတော့သည်။
နေရာတွင် ရပ်တန့်နေသည့် အမျိုးသားမှာလည်း နှာခေါင်းကို ရှုံ့ကာ မျက်ရည်များကို ထိန်းထားသော်လည်း နောက်ဆုံးတွင်တော့ မထိန်းနိုင်တော့ဘဲ စီးကျလာခဲ့သည်။
ကွဲကွာနေသော မိသားစုမှာ ပြန်လည် ပြည့်စုံသွားခဲ့ပြီး ရဲဝန်ထမ်း၏ သတိပေးချက်ကြောင့် သူတို့ အခန်းထဲသို့ ပြန်ဝင်ထိုင်ကြသည်။
နွမ်းနယ်နေသော အမျိုးသားက ချန့်ရှီ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပွတ်သပ်ပေးနေသည်။ သူသည် မတွေ့ရသည် မှာ ကြာပြီဖြစ်သော သားဖြစ်သူကို ကြည့်ကာ နှာသံပါပါဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ဖေဖေ မင်းကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့လို့ တောင်း ပန်ပါတယ်"
မိဘနှစ်ပါးကြားတွင် ထိုင်နေသည့် ချန့်ရှီက ခေါင်းခါပြလိုက်ပြီး မိဘနှစ်ပါး၏ လက်ကို တစ်ဖက်စီဆုပ်ကိုင်ကာ မော့ကြည့်ရင်း
"ကျွန်တော် အရမ်းတော်တယ်၊ အရမ်းလည်း ကြံ့ခိုင်တယ်၊ ပြီးတော့ ရဲရင့်ခဲ့တယ်"
သူ၏ အကြည့်က မိမိဒူးပေါ်မှာသာ ရှိနေပြီး သူဝတ်ထားသည့် ဂျင်းဘောင်းဘီမှာ ဝမ်သိုက် ဝယ်ပေးထားသည့် အနွေးသားပါသော ဘောင်းဘီပင်။
အခုအချိန်တွင် ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့မှာလည်း ထွက်ဆိုချက် ပေးရန် ခေါ်ဆောင်ခြင်း ခံထားရသည်။
ရဲစခန်းသို့ တစ်ခါမှ မရောက်ဖူးသည့် ချန့်ရှီ မှာ ပတ်ဝန်းကျင်ကို ဝေဝါးစွာ ကြည့်နေသည်။ မိုးအုံ့နေခြင်းကြောင့် မျက်နှာကျက်ရှိ မီးချောင်းများမှာ လင်းနေပြီး မိဘများ၏ လက်ကို ဆုပ်ကိုင်ထားသည့် သူ့ လက်ချောင်းများမှာ ရုတ်တရက် လျော့ကျသွားသည်။
"ဘာလို့ ဦးဦးနဲ့ အစ်မကို အထဲခေါ်သွားတာလဲ၊ သူတို့ကို ဖမ်းမှာလား၊ သူတို့က လူကောင်းတွေပါ"
အလုပ်စားပွဲတွင် ထိုင်နေသည့် အမျိုးသမီး ရဲဝန်ထမ်းက လှည့်ကြည့်ကာ ချန့်ရှီ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး နူးညံ့စွာ ပြောပြသည်။
"သူတို့က လူကောင်းတွေဆိုတာ ငါတို့ သိပါတယ်၊ သူတို့ကို မဖမ်းပါဘူး၊ အချက်အလက်အချို့ မေးစရာရှိလို့ပါ၊ ဒါကို 'ထွက်ဆိုချက်ပေးတာ' လို့ ခေါ်တယ်
ခဏနေရင် သားလေးလည်း ထွက်ဆိုချက် ပေးရမယ်နော်၊ ဒါမှ သားကို ခိုးသွားတဲ့ လူဆိုးတွေကို ဖမ်းလို့ရမှာ"
ချန့်ရှီ မျက်တောင်ချလိုက်ပြီး မိဘများ၏လက်ကို လွှတ်ကာ မိမိပေါင်ပေါ် ပြန်တင်လိုက်သည်။ သူ့ မျက်လုံးထဲတွင်တော့ ထွက်ပြေးခဲ့ရသည့် အဖြစ်အပျက်များက မြင်ယောင်လာသည်။
သူသည် အမျိုးသမီး ရဲဝန်ထမ်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် သိပါပြီ"