← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

🍏 Chapter 113

တည်ငြိမ်လှသော ကောင်လေးကို ကြည့်ကာ ရဲဝန်ထမ်းက မိဘများကို ပြောလိုက်သည်။

"ရှင်တို့သားလေးက တကယ်ကို တော်တာပဲ၊ အနာဂတ်မှာ စုံထောက်ဘက်ကို လေ့ကျင့်ပေးမယ်ဆိုရင် အရမ်းကောင်းမှာပဲ"

ချန်စစ်ကျယ်နှင့် ဝမ်သိုက်တို့ ထွက်လာသည့်အခါ ချန့်ရှီ မှာ မိဘများ၏ အဖော်ကိုပင် မလိုအပ်ဘဲ အထဲသို့ ဝင်ရန် အဆင်သင့် ဖြစ်နေသည်။ သို့သော်လည်း မိဘနှစ်ပါးမှာ စိုးရိမ်စိတ်ဖြင့် အတူတူ လိုက်ဝင်သွားကြသည်။

ရဲဝန်ထမ်းက ချန့်ရှီ ကို ကြည့်ကာ မေးသည်။

"သား ဘယ်လို ထွက်ပြေးခဲ့လဲဆိုတာ မှတ်မိလား"

"သူတို့ ကျွန်တော့်ကို အရင်က သွားဖူးတဲ့ နေရာတစ်ခုဆီ ခေါ်သွားပြီး ပိုက်ဆံတောင်းခိုင်းတယ်၊ အဲဒီနေရာမှာ လူတွေအများကြီးရှိတယ်၊ လွန်ခဲ့တဲ့ သုံးရက်ခန့်က သူတို့ ကျွန်တော့်ကို အဲဒီနေရာကို ပြန်ခေါ်သွားတယ်”

“ကျွန်တော် လူအုပ်ကြားထဲမှာ ပိုက်ဆံတောင်းရင်း လမ်းလျှောက်ရင်းနဲ့ ကုန်တိုက်တံခါးဝကို ရောက်သွားတယ်၊ အန်တီတစ်ယောက်က ကျွန်တော့်ကို စကားပြောပြီး ပိုက်ဆံပေးမလို့ လုပ်တဲ့အချိန်မှာ ကျွန်တော် ကုန်တိုက်ထဲကို ဝုန်းခနဲ ပြေးဝင်သွားလိုက်တယ်"

ချန့်ရှီ စားပွဲပေါ်တွင် လက်နှစ်ဖက်ကို တင်ကာ လက်ချောင်းများကို ဆုပ်ကိုင်ထားရင်း ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။

"ကျွန်တော် အရင်ဆုံး အပေါ်ထပ်ကို ပြေးတက်သွားတယ်၊ အဲဒီမှာ ဓာတ်လှေကား ပွင့်နေတာနဲ့ အထဲကို အမြန်ဝင်ပြီး ထောင့်တစ်နေရာမှာ ကပ်ပုန်းနေလိုက်တယ်၊ သူတို့တွေက ဓာတ်လှေကားကို မယုံကြဘူးဆိုတာ ကျွန်တော်သိတယ်”

“ဘာလို့လဲဆိုတော့ ဓာတ်လှေကားထဲမှာ ပုန်းနေရင် ကျွန်တော် ဘာလုပ်နေလဲဆိုတာကို သူတို့ အပြင်ကနေ မမြင်နိုင်တော့လို့ပဲ၊ အဲဒီနောက် ဓာတ်လှေကားနဲ့ မြေအောက်ထပ်ကို ဆင်းသွားခဲ့တယ်၊ အဲဒီမှာ အပြင်ဘက်ကို တန်းထွက်လို့ရတဲ့ လျှောက်လမ်းတစ်ခု ရှိနေတာနဲ့ အဲဒီကနေပဲ အဝေးဆုံးကို ရောက်အောင် ပြေးခဲ့တာပါ"

"ကျွန်တော် ဘယ်ဘက်ကို ပြေးနေလဲဆိုတာ မသိဘူး၊ သူတို့ ကျွန်တော့်ကို ခေါ်လာတုန်းက မျက်စိကို ပိတ်ထားတတ်ကြလို့၊ ဒါပေမဲ့ ကွေ့တာလား၊ တည့်တည့်သွားတာလား ဆိုတာတော့ ကျွန်တော် ခံစားလို့ရတယ်၊ လမ်းမှာ ကျွန်တော် လမ်းဆိုင်းဘုတ်တွေကိုပဲ ခိုးကြည့်ခဲ့ရတယ်”

“အဖမ်းခံရမှာ ကြောက်လို့ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး၊ အရင်က အစ်မတစ်ယောက် အကူအညီတောင်းတာကို ဘယ်သူမှ ဂရုမစိုက်ခဲ့ဘူး၊ အဲဒါကြောင့် သူ အဖမ်းခံရပြီးတော့ အဲဒီလူ တွေက သူ့ကို..."

သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ချန့်ရှီ ၏ လက်နှစ်ဖက်မှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး လက်မောင်းများမှာလည်း တုန်ယင်နေသည်။

သူသည် သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ကာ စိတ်ကို ထိန်းချုပ်နေသော်လည်း နီရဲနေသော မျက်ဝန်းများနှင့် တုန်ယင်နေသော လက်သီးများက သူ မြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ် မြင်ကွင်းကို သက်သေပြနေသည်။

ခဏအကြာတွင် သူက ဆက်ပြောသည်။

"ကျွန်တော် ဆက်ပြေးရင်းနဲ့ ဟောင်းနွမ်းနေတဲ့ အိမ်ရာဝင်းတစ်ခုကို တွေ့တယ်၊ အဲဒီမှာ လူနည်းတယ်လို့ ထင်တာနဲ့ အထဲကို ဝင်ပုန်းလိုက်တယ်၊ ခြောက်ထပ်မြောက်မှာ ပုံးခွံတွေနဲ့ ပုလင်းခွံတွေ အများကြီးရှိတဲ့ အခန်းတစ်ခန်း တွေ့တယ်၊ မျက်နှာချင်းဆိုင်မှာ ရေချိုးခန်းရှိတော့ ရေရတယ်၊ ကျွန်တော် အဲဒီအခန်းထဲမှာ ပုံးခွံတွေနဲ့ ဖုံးပြီး အိပ်ခဲ့တယ်၊ ဗိုက်ဆာရင် ရေသွားသောက်တယ်"

ချန့်ရှီ မှာ တည်ငြိမ်နေသော်လည်း သားဖြစ်သူ၏ ဒုက္ခများကို ကြားရသည့် ဖခင်ဖြစ်သူမှာ မျက်ရည်များ ကျဆင်းနေပြီဖြစ်သည်။ မိခင်ဖြစ်သူမှာလည်း ပါးစပ်ကို ပိတ်ကာ ရှိုက်သံကို ထိန်းထားရသည်။

ရဲဝန်ထမ်းက ဆက်မေးသည်။

"သား အဲဒီလူတွေရဲ့ ရုပ်ကို မှတ်မိလား၊ အဲဒီမှာ သားလိုမျိုး အဖမ်းခံထားရတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ၊ သူတို့ စီးတဲ့ကားက ဘယ်လိုမျိုးလဲ"

ချန့်ရှီ က ခေါင်းညိတ်သည်။

"အကုန်လုံးနီးပါး မှတ်မိပါတယ်၊ ဘယ်နှစ်ယောက်လဲဆိုတာတော့ အတိအကျ မသိဘူး၊ တချို့က ကျွန်တော်တို့နဲ့ တစ်အိမ်တည်း မဟုတ်ဘူး၊ တစ်ခါတလေ သူတို့က အချင်းချင်း ခွဲထုတ်လိုက်၊ ပြန်ပေါင်းလိုက် လုပ်တတ်တယ်”

“တစ်ခါတလေ မနာခံတဲ့သူတွေကို ဘယ်လို အပြစ်ပေးလဲဆိုတာ ကျွန်တော်တို့ကို အတင်း ကြည့်ခိုင်းတယ်၊ သူတို့နဲ့အတူ အပြစ်ပေးဖို့ ရွေးခံရတဲ့သူက မလုပ်ဘူးဆိုရင် သူလည်း အပြစ်ပေးခံရတယ်"

"ကျွန်တော်တို့ မနက် ၅ နာရီကနေ ၇ နာရီအထိ အခန်းကျဉ်းလေးထဲမှာ ဘုရားရှိခိုးရတယ်၊ သူတို့ကို လိုလိုလားလား လိုက်လာတာပါလို့ ပြောရတယ်၊ မပြောရင် အပြစ်ပေးခံရတယ်၊ ကားက အမည်းရောင်၊ နည်းနည်း ရှည်ပြီး ကြီးတယ်"

"ဘယ်လို အပြစ်ပေးတာလဲ"

ရဲဝန်ထမ်းက မေးလိုက်သည်။

ထိုအချိန်တွင်တော့ အရာအားလုံးကို ဖြေကြားနေသည့် ချန့်ရှီ မှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းငုံ့သွားတော့သည်။

ရဲဝန်ထမ်းက အသံကို နူးညံ့စွာဖြင့်

"ဘယ်လို အပြစ်ပေးတာလဲ၊ မှတ်မိသေးလား၊ မပြောချင်ရင်လည်း ရပါတယ်၊ ဒါပေမဲ့ သူတို့ကို မြန်မြန်ဖမ်းနိုင်ဖို့ အချက်အလက်တွေ အများကြီး လိုအပ်တယ်လေ"

"...ခြေထောက်တွေ ဖြတ်ပစ်တယ်၊ လက်တွေ ဖြတ်ပစ်တယ်၊ ရွံစရာကောင်းတဲ့ အသံတွေ ကြားရတယ်" ဟု ပြောပြီးနောက်တွင်တော့ ချန့်ရှီမှာ ထပ်မပြောတော့ဘဲ ခုံပေါ်တွင် တုန်ယင်ကာ ရှုံ့တွသွားတော့သည်။

ရဲဝန်ထမ်းက ထွက်ဆိုချက်ပေးခြင်းကို ခဏရပ်ကာ စိတ်ပညာရှင်တစ်ဦးကို ခေါ်ခိုင်းလိုက်သည်။ မိခင်ဖြစ်သူက ချန့်ရှီ ကို ပွေ့ချီကာ "မကြောက်နဲ့တော့နော်၊ မေမေ ရှိတယ်" ဟု ချော့မြူနေတော့သည်။

မိုးကြိုးသံများက လျှပ်စီးလက်ပြီးနောက် မကြာမီမှာပင် မြည်ဟည်းလာကာ မိုးသည်းထန်စွာ ရွာသွန်းတော့သည်။ ဝမ်သိုက်မှာ ရဲစခန်းတံခါးဝတွင် ရပ်ကာ မိုးရွာနေသည်ကို ကြည့်နေသည်။

"ပြန်လို့ မရတော့ဘူးပဲ... နေ့လယ်စာတောင် မစားရသေးဘူး၊ ငါတော့ ဗိုက်ဆာလို့ သေတော့မယ်"

ဝမ်သိုက် ဗိုက်ကို ကိုင်ကာ ညည်းတွားနေသည်။

သူမသည် ချန်စစ်ကျယ် ဘေးနားရှိ ခုံပေါ်တွင် ပစ်ထိုင်လိုက်ပြီး

"ဒီလိုမှန်းသိရင် ချန့်ရှီကို ခေါက်ဆွဲပြုတ်ပေးတုန်းက ငါပါ တစ်ခါတည်း ပြုတ်စားလိုက်ပါတယ်" ဟု ပြောသည်။

ချန်စစ်ကျယ် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး

"ငါ အပြင်ကနေ မှာထားတယ်၊ ခဏနေ ရောက်တော့မယ်" ဟု ဆိုသည်။

ဝမ်သိုက် ချက်ချင်းပင် စိတ်အားတက်ကြွသွားကာ "တကယ်လား.... ဝါး၊ ရှင်က တကယ် တော်တာပဲ၊ ကျွန်မကတော့ မှာဖို့တောင် မစဉ်းစားမိဘူး၊ ဘာမှာထားတာလဲ" ဟု ဖားယားသည့်လေသံဖြင့် မေးလိုက်သည်။

ချန်စစ်ကျယ် သူမကို ကြည့်ကာ အေးစက်စွာဖြင့်

"မင်းအတွက် မပါဘူး"

ဝမ်သိုက် မျက်နှာမှာ ချက်ချင်းပင် ပြန်ပျက်သွားပြီး "ရှင့်ကို အထင်ကြီးမိတာ မှားသွားတယ်" ဟု ဆိုကာ ဖုန်းထုတ်ပြီး ကိုယ့်ဘာသာ မှာရန် ကြည့်နေတော့သည်။

ထိုအချိန်တွင် ချန်စစ်ကျယ် မှာထားသည့် အစားအသောက်များ ရောက်လာသည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ထီးအမည်းရောင်ကြီးကို ဆောင်းကာ အစားအသောက်များကို လာပို့ပေးခြင်းဖြစ်သည်။

ဝမ်သိုက်မှာ အံ့သြသွားပြီး "ရှင်က ဘာ VIP မို့လို့ အစားအ သောက် လာပို့တဲ့သူကတောင် ဝတ်စုံပြည့်နဲ့လဲ" ဟု မေးရာ ချန်စစ်ကျယ်က "အကုန်အတူတူပါပဲ" ဟုသာ ပြန်ဖြေသည်။

အစားအသောက်နံ့များက ဝမ်သိုက်၏ နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် သူမ တံတွေး မျိုချမိသည်။ သူမ မှာဖို့ ကြည့်နေသော်လည်း မိုးသည်းနေခြင်းကြောင့် ပို့ဆောင်ချိန်မှာ ၂ နာရီခန့် ကြာမြင့်မည်ဟု ပြနေသဖြင့် သူမမှာ ငတ်သေရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ခုံပေါ်တွင် အားအင်မရှိသလို လှဲနေသည့် ဝမ်သိုက်ကို ကြည့်ကာ ချန်စစ်ကျယ်က အစားအသောက်ဘူးကို ကမ်းပေးလိုက်ပြီး မျက်နှာလွှဲကာ ပြောလိုက်သည်။

"အများကြီးမှာမိလို့ ကုန်အောင် မစားနိုင်ဘူး၊ ကျန်တာတွေ မင်း စားလိုက်"

All Chapters