အခန်း ၁၁၄
Vol. 12 Ch. 114
🍏 Chapter 114
သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကြောင့် လှေကား ထစ်များပေါ်သို့ ရေများလျှံတက်တော့မည့် အခြေအနေတွင် ရှိနေသော်လည်း အခန်းတွင်းရှိ လူများမှာမူ ထိုအချက်ကို ဂရုမစိုက်နိုင်ကြပေ။
ဝမ်သိုက်သည် ဝလင်စွာ စားသောက်ထားရသော သူမ၏ ဝမ်းဗိုက်ကလေးကို ပွတ်သပ်ရင်း ကုလားထိုင်ပေါ်တွင် ပျော့ခွေစွာ မှီထိုင်နေကာ ကျေနပ်အားရစွာဖြင့် ရေရွတ်လိုက်သည်။
"သစ်သားဘူးနဲ့ ပါဆယ်ထုတ်ပေးတဲ့ ဆိုင်ဆိုတော့လည်း တကယ်ကို အရသာရှိတာပဲ၊ ဈေးနှုန်းကတော့ သိပ်ပြီး သင့်တင့်မှာ မဟုတ်ဘူးထင်တယ်
ဒါနဲ့ ရှင်နဲ့ ကျွန်မရဲ့ အရသာကြိုက်ပုံခြင်း တော်တော် တူတာပဲနော်၊ ရှင်ချန်ထားတဲ့ ဟင်းတွေက ကျွန်မကြိုက်တဲ့ အချိုကဲတဲ့ ဟင်းတွေချည်းပဲ
ပြီးတော့ ချန်စစ်ကျယ်၊ ရှင်က သရက်သီးနို့အေး သောက်တတ်လိမ့်မယ်လို့ ကျွန်မ တကယ်မထင်ထားဘူး"
ပါးချိုင့်ကလေးနှင့် သွားတက်ကလေးများ ပေါ်လွင်နေသော သူမ၏ မျက်နှာလေးအား ဘေးတိုက်ကြည့်နေသည့် အမျိုးသားဘက်သို့ လှည့်ကာ လက်ထဲတွင် တစ်ဝက်ခန့် ကျန်ရှိနေသေးသော သရက်သီးနို့အေးဘူးကို မြှောက်ပြလိုက်သည်။
သူမ၏ မျက်နှာက မိမိရှေ့သို့ တိုးကပ်လာသည်ကို မြင်သော အခါ ချန်စစ်ကျယ်သည် စိတ်မသက် မသာဖြင့် အခြားတစ် ဖက်သို့ မျက်နှာလွှဲလိုက်ပြီး ပေါင်ပေါ်တွင် ချထားသော လက်များဖြင့် အလုပ်ရှုပ်ဟန်ဆောင်ကာ ဝမ်သိုက် ချထားခဲ့သည့် ထမင်းဘူး အကန့်များကို နေရာရွှေ့နေရင်း ပြောလိုက်သည်။
"ငါက အရသာတစ်ခုတည်းကိုပဲ စွဲလမ်းနေတဲ့လူ မဟုတ်ဘူး၊ နောက်ပြီး သရက်သီးနို့အေးက မင်းထင်သလို မဟုတ်ပါဘူး၊ ငါ အမှတ်မထင် မှားနှိပ်မိလို့ ပါလာတာ"
"အော်၊ အရင်က ရှင်အချိုစားတာ တစ်ခါမှမမြင်ဖူးပါဘူး၊ ဒါဆို ဒီတစ်ခါတော့ ရှင်က အချိုဟင်းတွေကို စမ်းကြည့်ချင်လို့ပေါ့ ဟုတ်လား၊ အားနာစရာကြီး၊ ကျွန်မပဲ အကုန်စားလိုက်ရတယ်၊ စောစော ကတည်းက သိရင် ရှင့်အတွက် နည်းနည်းဖယ်ပေးထားပါတယ်"
ဝမ်သိုက်သည် သူကျွေးသော အစားအစာကို စားထားရသဖြင့် လေသံလေးကို လျှော့ကာ ပျော်ရွှင်စွာ ပြောနေရှာသည်။
နှုတ်ခမ်းကို တင်းတင်းစေ့ထားသော ချန်စစ်ကျယ်မှာမူ သူမကို ဂရုမစိုက်ဟန်ပြုကာ ဘေးတိုက်အနေအထားဖြင့်ပင် ဆက်လက် ရှိနေသည်။
ကံမကောင်းစွာဖြင့်ပင် အကဲခတ်ကောင်းလှသော ဝမ်သိုက်သည် ကျေးဇူးသိတတ်သည့် စိတ်ဖြင့် သူ၏ အခြေအနေကို စိုးရိမ်တကြီး မေးမြန်းပြန်သည်။
"ဟေး၊ ရှင့်နားရွက်တွေ ဘာလို့ နီနေတာလဲ၊ ရာသီဥတုကလည်း သိပ်မအေးပါဘူး၊ မိုးလည်း မမိထားဘူး မဟုတ်လား၊ ရှင် နေမကောင်းဖြစ်နေတာလား"
ကုလားထိုင်နောက်မှီပေါ်သို့ ခါးဆန့်ချလိုက်သော ချန်စစ်ကျယ်သည် အံကြိတ်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်ရာ သူ့ မြေခွေးမျက်လုံးများထဲတွင် ရှက်ရမ်းရမ်းနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
"မင်းရဲ့ ပါးစပ်က ပိတ်လို့မရဘူးလား၊ အစားတွေစားနေတာတောင် မင်းပါးစပ်ကို ပိတ်မထားနိုင်ဘူးလား"
သူမ အကြည့်များကို သူ့ မျက်နှာပေါ်မှ ဖြည်းညှင်းစွာ ခွာလိုက်ရင်း ဝမ်သိုက်က မကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ၊ ရှင် ကျွန်မကို ကျွေးတဲ့ အစားအစာတွေအတွက်ကြောင့်သာ ရှင့်ရဲ့ ရိုင်းစိုင်းတဲ့ အမူအရာကို ကျွန်မ အပြစ်မတင်တော့တာ"
သူမကို ပြန်လည် ဖြေကြားလိုက်သည့် အရာမှာ ပြင်းထန်သော နှာခေါင်းရှုံ့သံ တစ်ချက်သာ။
ကောင်းကင်ကြီး မှောင်အတိကျလာချိန်တွင် ချန့်ရှီကို သူ့မိဘများက ခေါ်ထုတ်လာကြသည်။
ဘေးတွင် လျှောက်လာသော တာဝန်ရှိသူက ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ထံ အကြည့်တစ်ချက် ပို့လိုက်ပြီး အသံမြှင့်ကာ ပြောလိုက်သည်။
"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ ပြန်လို့ရပါပြီ"
ထိုင်လွန်းသဖြင့် ညောင်းညာနေသော ခန္ဓာကိုယ်ကို အားယူကာ ထလိုက်စဉ် ပြင်းထန်သော အကြည့်တစ်ချက်ကို ခံစားလိုက်ရသဖြင့် ဝမ်သိုက်သည် အလိုအလျောက် ကြည့်မိသွားရာ ချန့်ရှီ၏ မျက်လုံးများနှင့် ဆုံသွားသည်။
ထိုကောင်လေး မျက်လုံးများမှာ နီရဲနေဆဲ ဖြစ်ပြီး မျက်လုံးထဲမှ သွေးကြောကလေးများကို မြင်နေရသည်။ အပေါ်မှ ထိုးနေသော မီးရောင်အောက်တွင် သူ့ မျက်နှာလေးမှာ သနားစဖွယ် ဖြစ်နေသည်။
ဝမ်သိုက် ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး လက်ထဲမှ ခွက်အလွတ်ကို တင်းတင်းဆုပ်ကိုင်မိကာ အောက်နှုတ်ခမ်းတစ်ဖက်ကို သွားဖြင့် မသိမသာ ကိုက်ထားမိသည်။ အတိတ်ကို ပြန်လည် အမှတ်ရမိသည်။
အတိတ်က သူမကိုလည်း အခြားသူများ၏မျက်လုံးထဲတွင် ဤကဲ့သို့ မြင်ခဲ့ကြမည်လော။
ဖြစ်နိုင်သည်မှာ သူမက ပိုသနားစဖွယ်ကောင်းပြီး ပိုသနားစရာ ကောင်းခဲ့ပေလိမ့်မည်။
အကြောင်းမှာ အသက် ၁၀ နှစ်အရွယ်တွင် သူမ၏ ဘေးနား၌ မိဘများ မရှိတော့ဘဲ မိဘများ ဆုံးပါးသွားခဲ့ကာ အိမ်လည်းမရှိ၊ သူမကို စောင့်ရှောက်မည့် ဆွေမျိုးသားချင်းလည်း မရှိခဲ့သောကြောင့် ဖြစ်သည်။
သူမ မျက်နှာပေါ်ရှိ ကြွက်သားများက သူ့အလိုလို လှုပ်ရှားသွားကာ ချန့်ရှီကို ပြုံးပြလိုက်သည်။
ဝမ်သိုက်သည် သူမကို မော့ကြည့်နေသော ချန့်ရှီကို ပြုံးလျက် စိုက်ကြည့်ကာ လက်တစ်ဖက်ဖြင့် နှုတ်ဆက်လိုက်သည်။
"အခွင့်အရေးရရင် ပြန်ဆုံကြတာပေါ့၊ အစ်မပြောခဲ့တဲ့ စကားတွေကိုလည်း မှတ်ထားဦးနော်"
ချန့်ရှီ သူမ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ အလေးအနက် ခေါင်းညိတ်လိုက်ပြီး ညင်သာသော အသံလေးဖြင့် ပြောလိုက်သည်။
"ကျွန်တော် အစ်မကို မှတ်ထားပါ့မယ်၊ ပြောခဲ့တဲ့ စကားတွေကိုလည်း မှတ်ထားပါ့မယ်"
နှုတ်ဆက်ခြင်း၏နောက်ဆုံး မြင်ကွင်းမှာ အပြုံးတစ်ခုသာ ဖြစ်သည်။
ဝမ်သိုက်သည် လှည့်ထွက်လာပြီး ရဲစခန်းအပြင်ဘက်သို့ လျှောက်လှမ်းသွားရာ နောက်ကွယ်မှ ချန့်ရှီက လက်သီးကို တင်းတင်းဆုပ်ကာ သတ္တိမွေးပြီး ဝမ်သိုက်၏ ကျောပြင်ကို လှမ်းအော်ပြောလိုက်သည်။
"အစ်မ၊ အစ်မရဲ့ ဘဝက ပိုပိုပြီး ကောင်းမွန်လာပါစေ၊ နေ့တိုင်း ခေါက်ဆွဲခြောက်တွေ စားစရာမလိုတော့ဘဲ တစ်ထည်ကို ဆယ်ဂဏန်းလောက်ရှိတဲ့ အင်္ကျီတွေကိုလည်း ဈေးကြီးတယ်လို့ မထင်ရတော့ပါစေနဲ့"
သူ့ ဆုတောင်းပေးမှုကြောင့် ဝမ်သိုက်မှာ ဘယ်ခြေနှင့် ညာခြေ ငြိကာ မြေပြင်ကိုပွေ့ဖက်မိတော့မလို ဖြစ်သွားသည်။ မဟုတ်သေး။ ရေအိုင်ကို ပွေ့ဖက်မိတော့မလို ဖြစ်သွားခြင်း ဖြစ်သည်။
တံခါးကို အားပြုလိုက်ရင်း ဝမ်သိုက်သည် သူမကို ကြည့်နေသော ချန့်ရှီကို လှည့်ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ကျေးဇူးပါပဲနော်"
စိတ်ပန်းလူပန်းဖြစ်ရသော ခံစားချက်ဖြင့် အောက်သို့ ဆင်းလာစဉ် လှေကားထစ် ရှေ့ရှိ ရေအိုင်ကြီးကို ကြည့်ကာ ဝမ်သိုက် ငြိမ်သက်သွားသည်။
ရဲစခန်းသို့ ဝင်သည့် ဤလမ်းပိုင်းသည် လှေကားထစ် အောက်ဘက်တွင် နိမ့်ဆင်းနေသဖြင့် မိုးရေများ အိုင်နေကာ ရေမြောင်းငယ်လေးကဲ့သို့ ဖြစ်နေသည်။
ဝမ်သိုက်အနေဖြင့် အဝေးခုန် ခုန်ရမည် ဖြစ်ကာ သူမ၏ ဘောင်းဘီနှင့် ဖိနပ် မစိုစေရန် တစ်မီတာကျော်ကျော်ခန့် ခုန်နိုင်မှသာ ဖြစ်မည်။ သူမအနေဖြင့် ခုန်ကူးရမည်လော သို့မဟုတ် ခြေလှမ်းကျယ်ကျယ်ဖြင့် လှမ်းကူးရမည်လောဟု စဉ်းစားနေစဉ် ဘယ်ဘက်ဘေးမှ အသံထွက်လာသည်။
"မင်းက အရှေ့ကိုပဲ ကြည့်နေဖို့ လိုတာလား"
ဘေးတွင် ရပ်နေသော ချန်စစ်ကျယ်မှာ လှေကားမှ ဆင်းကာ မြေပြင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် ရဲစခန်းမှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် သူ၏ နှာခေါင်းရှုံ့နေသော အကြည့်ကို ဝမ်သိုက် ခံစားလိုက်ရသည်။
သူမသည် ကိုယ်ကိုလှည့်ကာ ညာဘက်ရှိ လှေကားဘေးကို ကြည့်လိုက်ရာ ထိုဘက်ရှိ ရေအိုင်မှာ ပိုသေးသည်ကို တွေ့လိုက်ရသည်။
သူမသည် ခြေလှမ်းကို အတတ်နိုင်ဆုံး ကျယ်ကျယ်လှမ်းကာ ရေအိုင်ပြင်ပသို့ တည်ငြိမ်စွာ ခုန်ထွက်လိုက်သည်။
သူမသည် အမြန်ပင်ကိုယ်ကိုလှည့်ကာ ချန်စစ်ကျယ်နှင့် ပူးပေါင်းပြီး မနီးမဝေးတွင် ရပ်ထားသော ကားဆီသို့ လျှောက်သွားရင်း လေသံအေးအေးဖြင့် ပြောလိုက်သည်။
"အင်း၊ ကျွန်မတို့ ဖုန်အန်းခရိုင်ကို ဘယ်သူများ အုပ်ချုပ်ပေးမှာလဲ၊ ရဲစခန်းမှာတောင် ဆင်းရဲတဲ့ အငွေ့အသက်တွေ ရှိနေတယ်၊ လှေကားထစ်ကနေ အောက်ကို နိမ့်ဆင်းသွားတာ ရေပေါ်ရဲစခန်း ဆောက်တော့မလိုပဲ”
“ရှင်တို့ကျတော့ ကောင်းတာပေါ့၊ ချောင်ဖူခရိုင်က ဘယ် လောက်တောင် ချမ်းသာသလဲ၊ မြို့တစ်မြို့တည်းမှာတောင် ခရိုင်တွေအလိုက် လူတန်းစား ကွာဟချက် ရှိနေတာ တကယ်ကို ဝမ်းနည်းစရာပဲ"
"ဒါဆိုရင်လည်း မင်း နယ်မြေအုပ်ချုပ်ရေးမှူးကို သွားပြောလေ၊ ဆင်းရဲချမ်းသာ ကွာဟချက်က ဘယ်နေရာမှာမဆို ရှိတာပဲ
ချောင်ဖူခရိုင်မှာလည်း ဆင်းရဲနွမ်းပါးသူတွေ ရှိတာပဲ၊ ဖုန်အန်း ခရိုင်မှာလည်း ကြယ်သုံးပွင့်အဆင့်ရှိတဲ့ စားသောက် ဆိုင်တွေ ရှိသလိုပေါ့"
ချန်စစ်ကျယ် ကားသော့ကို နှိပ်လိုက်သည်။ သူက ဘေးနားရှိ လူကို မေးစေ့ဖြင့် အချက်ပြကာ ကားပေါ်တက်ရန် အချက်ပြရင်း
"ကားပေါ်တက်၊ အိမ်ပြန်လိုက်ပို့ပေးမယ်"