အခန်း ၁၁၆
Vol. 12 Ch. 116
🍏 Chapter 116
လေထုမှာ ထူးဆန်းစွာ ငြိမ်သက်နေပြီး ပြင်ပမှ နေရောင်ခြည်သည် ပြင်ညီမှန်တံခါးမှတစ်ဆင့် အခန်းထဲသို့ တိုးဝင်လျက်ရှိရာ ကျောက်သားကြမ်းပြင်ပေါ်တွင် တောက်ပသော အစက်အပြောက် ကလေးများ ဖြာကျနေသည်။
ကြမ်းပြင်သည် နွေးထွေးမှုကို ခံစားရနိုင်သော်လည်း ဝမ်သိုက်၏ အရေပြားမှာမူ အေးစိမ့်နေပြီး အင်္ကျီအောက်ရှိ လက်မောင်းသားများတွင် ကြက်သီးမွေးညင်းများပင် ထနေချေပြီ။ အကြောင်းမှာ အခြားမဟုတ်၊ အနေရခက်လှသည့် ရှက်စိတ်ကြောင့်သာ ဖြစ်ပေသည်။
ဆိုဖာပေါ် ဖင်ထိုင်ရုံရှိသေး စိတ်မမှန်သည့် မိန်းကလေးဟု ကင်ပွန်းတပ်ခံရသည့် ခံစားချက်ကို လက်ရှိတွင် ဝမ်သိုက်ထက် ပိုသိသူ မရှိနိုင်တော့ချေ။ သူမ မျက်နှာပေါ်မှ လုပ်ယူထားရသည့် အပြုံးတုမှာလည်း မကြာမီ ပြိုကွဲတော့မည့်အတိုင်း ဖြစ်နေသည်။
ဘေးမှ လူကို ဝေ့ကြည့်လိုက်ရာ သူမအား ပြောင်ချော်ချော် အကြည့်ဖြင့် ကြည့်နေသည်ကိုသာ တိုးဝင်မိတော့သည်။
‘ဒီသေသင့်တဲ့ ချန်စစ်ကျယ်’
ဝမ်သိုက်မှာ အောင့်သက်သက်ဖြင့် အံကြိတ်ထားမိသည်။ သူမမှာ အမှိုက်ပုံးထဲ အခုလေးတင် ပစ်ထည့်ခဲ့သည့် နို့ဗူးထဲမှ ဆန်းဒဝစ်ပတ်စက္ကူလေးအဖြစ် ပြောင်းလဲသွားချင်မိသည်။ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားနိုင်မည့် အကာအကွယ် အိတ်ကလေး တစ်ခုရှိသည် မဟုတ်ပါလား။
သူတို့နှင့် အနည်းငယ် ပိုနီးသောနေရာတွင် ထိုင်နေသည့် ချီယာ၏မျက်နှာမှာ အတော်လေးပျက်ယွင်းနေချေပြီ။ သူမသည် မျက်မှောင်ကြုတ်လျက် မကျေမနပ်ဖြစ်ကာ တင်းမာသော အသံဖြင့်
"နင်တို့နှစ်ယောက် သူများအိမ်ကိုလာလည်တဲ့ ယဉ်ကျေးမှုက ဒီလိုပဲလား၊ လူတစ်ယောက်ကို စိတ်မမှန်ဘူးလို့ လက်ညှိုးထိုးပြောရအောင် နင်တို့ လူကြီးတွေက ယဉ်ကျေးမှုအကြောင်း မသင်ပေးလိုက်ကြဘူးလား”
“နင်တို့ရဲ့ အဆင့်အတန်းက ဒီလောက်ပဲဆိုရင်တော့ ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်မယ့် အရည်အချင်း နင်တို့မှာ ရှိမယ်မထင်ဘူး"
ထိုစကားကြောင့် တုံ့ကနဲဖြစ်သွားသော လင်မယားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏အမှားဝန်ခံပုံမှာလည်း တစ်ပုံစံတည်း ဖြစ်နေပြီး နှစ်ယောက်သား ထိုင်ရာမှထကာ ခါးညွတ်လျက်
"တကယ် အားနာပါတယ်၊ ခုနက ကျွန်မတို့ စကားပြောတာ ဆင်ခြင်မှုကင်းမဲ့သွားလို့ပါ"
"ရပါတယ်၊ အမှားကို သိပြီး ပြင်နိုင်ရင် အကောင်းဆုံးပါပဲ"
ချီယာ၏ဘေးတွင် ထိုင်နေသော ချန်ဝမ်ခန်းမှာ လက်ပိုက်လျက် ဆိုဖာနောက်မှီကို မှီထားသည်။ သူက ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်သော ကျန့်ဖူကိုကြည့်ကာ ပြောလိုက်သည်။
"ကျန့်ဖူ၊ မင်း အဖေနဲ့ အမေကို အတုယူရမယ်၊ အမှားလုပ်မိတဲ့အခါ အမှားကို ဝန်ခံပြီးပြင်လိုက်ရင် ရပြီ၊ ဘယ်သူမဆို အမှားနဲ့မကင်းနိုင်ဘူး၊ အမှားဆိုတာ အသက်အရွယ် ဒါမှမဟုတ် အတွေ့အကြုံနဲ့ ဘာမှမဆိုင်ဘူး"
ချန်ဝမ်ခန်း၏ဆုံးမစကားကို ကျန့်ဖူက လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ဆိုဖာပေါ်သို့ အနေရခက်စွာ ပြန်ထိုင်လိုက်သည့် လင်မယားနှစ်ယောက်မှာ တစ်ဖန် ပြန်ပြုံးလိုက် ကြပြန်သည်။ လီချမ်၏လေသံမှာ အတော်လေး ပျော့ပျောင်းသွားကာ
"ကျွန်မတို့ ဒီကို လာတာလည်း ကျန့်ဖူလမ်းပြလို့ပါ၊ ဒီမှာ သူ့အတွက် သိပ်အရေးကြီးတဲ့ ဦးဦး ဒေါ်ဒေါ်နဲ့ အစ်ကိုအစ်မတွေ ရှိတယ်လို့ သူက ဇွတ်ပြောနေတာ၊ ဒီအိမ်ရာဝင်းထဲမှာလို့ သူပြောတုန်းက ကျွန်မဖြင့် ယုံတောင် မယုံနိုင်ဘူး”
“ကျွန်မတို့လည်း ဒီထဲကို ဝင်ခွင့်ရလိမ့်မယ်လို့ မထင်ထားပါဘူး၊ တကယ်ကို တိုက်ဆိုင်လွန်းလို့ပါပဲ၊ တံခါးဝရောက်တော့ ဝင်ရခက်နေတုန်းမှာ ဒီကမစ္စတာချန်က ကွက်တိ ရောက်လာတာလေ၊ သူ့ဒရိုင်ဘာကို ဆင်းမေးခိုင်းလို့ လူချင်းတွေ့မှ မစ္စတာချန်ဟာ ကျွန်မတို့ ရှာနေတဲ့သူမှန်း သိရတာပါ"
ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ သိစေရန်အတွက် ဖြစ်ပျက်သမျှကို တစ်ခေါက် ပြန်ပြောပြနေခြင်း ဖြစ်သည်။
"လူနဲ့လူကြားမှာ ရေစက်ဆိုတာ ရှိတယ်၊ တွေ့ချင်တဲ့စိတ်သာ ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ပြန်တွေ့ကြမှာပဲ၊ တစ်ခါတလေ မတွေ့ချင်ဘူးဆိုရင်တောင် မထင်မှတ်ဘဲ ဆုံမိတတ်ကြတာမျိုးပေါ့"
ချန်ဝမ်ခန်း ပါးစပ်ဖျားတွင် အပြုံးနုနုကို ဆင်မြန်းလျက် ခေါင်းညိတ်ကာ ဆက်ပြောသည်။
"ဥပမာ ငါဆိုရင် အခုတလော ခရီးသွားနေတာ၊ အခုမှ လေယာဉ်ပေါ်က ဆင်းပြီး အိမ်ပြန်လာတာကို အိမ်ရှေ့တင် မင်းတို့နဲ့ ဆုံတာပဲ"
ဆိုဖာပေါ်တွင် ငြိမ်သက်စွာထိုင်နေသော ကျန့်ဖူမှာ ရုတ်တရက် ကိုယ်ကို မတ်လိုက်ပြီး ချန်ဝမ်ခန်း ရှိရာဘက်သို့ ယိုင်လျက် ရှိသည်။ ကလေးငယ်မှာ သူ၏ဝမ်းသာအားရမှုကို မဖုံးကွယ်တတ်သေးဘဲ တောက်ပ ကြည်လင်သော မျက်ဝန်းများဖြင့် သူ အလေးထားသည့် အချက်ကို ပြောလိုက်သည်။
"ကျွန်တော်နဲ့ ဦးဦးနဲ့က ရေစက်ရှိတယ်"
သူ့ဘေးသို့ တိုးကပ်လာသော ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန့်ယန် လက်ဖြင့် ကလေး၏ခေါင်းကို ပွတ်သပ်ပေးကာ မျက်လုံးပင့်လျက် ချန်ဝမ်ခန်း၏မျက်နှာကို ကြည့်လိုက်သည်။
"ကျန့်ဖူက တကယ်လိမ္မာတဲ့ ကလေးပါ၊ တံခါးဝမှာ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်းက သူက 'ရပါတယ် အဖေ၊ ကျွန်တော် တံခါးဝကနေပဲ ကြည့်ရရင်ရပါပြီ၊ ကြည့်ရရုံနဲ့တင် ကျေနပ်ပါပြီ' တဲ့၊ ပြီးတော့ 'ကျေးဇူးတင်ပါတယ် အဖေနဲ့အမေ' လို့ ပြောသေးတာ”
“ကျွန်တော်နဲ့ ကျွန်တော့် ဇနီးမှာ ကလေးမရှိသေးဘူး၊ အခုတော့ သူက ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသော ကလေးပေါ့၊ ကျွန်တော် အရင်တွေ့ဖူးတဲ့ အမျိုးတွေဆီက ကလေးတွေတောင် သူ့လောက် မလိမ္မာကြဘူး၊ တကယ်ကို သနားဖို့ ကောင်းပါတယ်"
လီချမ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန့်ဖူ၏ပိန်လှီသော ပုခုံးလေးပေါ်သို့ လက်တင်ကာ ဆုပ်နယ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။
"အဲဒီစကားကို ကြားလိုက်ရတော့ ဒီထဲမှာနေတဲ့ အမျိုးတွေဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းလိုက်ရင် ကောင်းမလားလို့တွေးမိသေးတယ်၊ ကျွန်မကလေ၊ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတချို့ကြောင့် အသိအကျွမ်းတွေဆီက အကူအညီ တောင်းရမှာကို သိပ်ဝန်လေးတာ”
“လူချင်း အကူအညီတောင်းရတာကို မကြိုက်ဘူး၊ ကျေးဇူးပြန်ဆပ်ဖို့ ခက်တာက တစ်ကြောင်း၊ အထူးအခွင့်အရေး ရယူတာမျိုးကိုလည်း မကြိုက်တာက တစ်ကြောင်းပေါ့၊ ဒါပေမဲ့ အဲဒီအချိန်မှာတော့ အမျိုးတွေကို အကူအညီတောင်းချင်စိတ် ပေါက်သွားမိတယ်၊ အရင်က အလုပ်မှာ ပြဿနာ တက်တုန်းကတောင် ဘယ်သူ့ကိုမှ အကူအညီမတောင်းခဲ့ဖူးဘူး"
စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်ပြီး လီချမ် အားလုံးကို ဝေ့ကြည့်ကာ စမ်းသပ်သည့် လေသံဖြင့် မေးလိုက်သည်။
"ဒါနဲ့ ရှင်တို့ ဘယ်လို သိကျွမ်းခဲ့ကြတာလဲဆိုတာ ကျွန်မတို့ သိချင်မိတယ်၊ ပြောပြလို့ အဆင်ပြေမလား၊ ဒီကလေးက လုံးဝမပြောဘူးလေ၊ ဒါဟာ လျှို့ဝှက်ချက်ပဲတဲ့"
မိခင်ဆုံးပါးပြီး ဖခင်ဖြစ်သူက စွန့်ပစ်ထားသည့် လေလွင့်နေသော ကလေးငယ်တစ်ယောက်သည် သူဌေးရပ်ကွက်ရှိ ထိပ်တန်းအိမ်ရာဝင်းထဲမှ လူများနှင့် မည်သို့ ပတ်သက်နေသည်ကို သိချင်စရာ ကောင်းလှပေသည်။
ချီယာနှင့် ချန်ဝမ်ခန်းတို့မှာ ဝမ်သိုက်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး ဝမ်သိုက်မှာမူ ချန်စစ်ကျယ်နှင့် အလိုအလျောက် မျက်လုံးချင်းဆုံမိကာ မျက်စိဖြင့်သာ အချင်းချင်း တိုင်ပင်လိုက်ကြသည်။
သဘောတူညီမှု ရပြီးနောက် ဝမ်သိုက်က ဖန့်ယန်နှင့် လီချမ်တို့ဘက်သို့ လှည့်ကြည့်ကာ စကားအပိုများဖြင့် ဖုံးဖိလိုက်သည်။
"အသေးစိတ် ပြောရရင်တော့ အတော်လေး ရှုပ်ထွေးသွားလိမ့်မယ်၊ ပြီးတော့ သိပ်လည်း အရေးမကြီးပါဘူး၊ ဖြစ်စဉ်ကို ထည့်မတွေးပါနဲ့၊ အဓိကကတော့ ကျွန်မတို့နဲ့ ကျန့်ဖူနဲ့အဆက်အသွယ်ရသွားတာပဲလေ၊ ကျန့်ဖူ ပြောသလိုပါပဲ၊ ဒါ ကျွန်မတို့ကြားက လျှို့ဝှက်ချက်ပေါ့”
“လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ရင် ပျော်စရာမကောင်းတော့ဘူးလေ၊ မိဘတွေအနေနဲ့ ကလေးရဲ့ စိတ်ကူးယဉ် ကမ္ဘာလေးကို စောင့်ရှောက်ပေးဖို့နဲ့ ကလေးရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို မကျူး ကျော်ဖို့ မမေ့ပါနဲ့ဦး"
"အို"
အဖြေမရဘဲ ဆုံးမစကားသာ ရလိုက်သဖြင့် လီချမ်မှာ အနေခက်စွာ ပြုံးလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူမအား ဆုံးမလိုက်သူမှာ သူမ အရင်က စိတ်ဝေဒနာရှင်ဟု သတ်မှတ်ခဲ့ဖူးသည့် မိန်းကလေး ဖြစ်နေသောကြောင့်ပင်။
ခေါင်းငုံ့ကာ စကားနည်းနေသည့် ကျန့်ဖူမှာ ရုတ်တရက် ဆိုဖာပေါ်မှ ဆင်းကာ အင်္ကျီအိတ်ကပ်ထဲသို့ လက်နှစ်ဖက် နှိုက်လိုက်သည်။ ထို့နောက် စက္ကူချိုးငှက် (၄) ကောင်ကို ထုတ်ယူကာ လက်တစ်ဖက်လျှင် နှစ်ကောင်စီ ကိုင်ထားသည်။
စက္ကူငှက်များကို ချီယာ၊ ချန်ဝမ်ခန်း၊ ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ထံ တစ်ကောင်စီ ပေးအပ်လိုက်သည်။
ကိုယ်လုံးသေးသေးလေးဖြင့် ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ ကြားတွင် ရပ်လျက် ချန်စစ်ကျယ်ကို တစ်လှည့်ကြည့်ကာ ဝမ်သိုက်၏မျက်ဝန်းများကို စေ့စေ့ကြည့်ရင်း ပြောလိုက်သည်။
"လက်မှုပညာသင်ပေးတဲ့ ဆရာမက ပြောတယ်၊ စက္ကူငှက်လေးတွေက မျှော်လင့်ချက်ကို ကိုယ်စားပြုသတဲ့၊ အကောင်ရေတစ်ထောင် ပြည့်အောင် ချိုးရင် ဆန္ဒတစ်ခု ပြည့်နိုင်တယ်တဲ့၊ ဒါပေမဲ့ ကျွန်တော် အကြာကြီး ချိုးတာတောင် အကောင် လေးထောင်မပြည့်နိုင်သေးဘူး”
“အခု အိမ်မှာ အကောင်တစ်ရာကျော်ပဲ ရှိသေးတယ်၊ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒီငှက်ကလေးတွေ ကိုတော့ စက္ကူအသစ်တွေဝယ်ပြီး ချိုးထားတာပါ၊ ကျွန်တော် သေချာဂရုစိုက်ပြီးရွေးထုတ်ထားတဲ့ အလှဆုံး ငှက်ကလေးတွေပါ"
ကျန့်ဖူ အင်္ကျီလက်နားလေးကို ဆွဲညှစ်ရင်း သက်ပြင်းတစ်ချက် ချကာ ဆက်ပြောသည်။
"မျှော်လင့်ချက်ရဲ့ အဓိပ္ပာယ်က ဘယ်လောက်အထိ ရှိမလဲဆိုတာ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ မျှော်လင့်ချက်တွေဟာ ဒီစက္ကူငှက်လေးတွေလိုပဲ အစ်မတို့ရဲ့ လက်ဖဝါးထဲကို ပျံသန်းရောက်ရှိ သွားစေချင်ပါတယ်"
လက်ဖဝါးထဲရှိ ပန်းရောင်စက္ကူငှက်လေးကို ငုံ့ကြည့်လိုက်ရာ မိမိလက်ဖဝါး၏တစ်ဝက်နီးပါးခန့် ရှိနေသည်ကို ဝမ်သိုက် တွေ့လိုက်ရသည်။ ခဏမျှ ငြိမ်သက်သွားပြီးနောက် သူမက ပြုံးလိုက်သည်။ နူးညံ့သော အကြည့်ဖြင့် ရှေ့မှ ကျန့်ဖူကို စိုက်ကြည့်လျက် သာယာစွာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ကျေးဇူးတင်ပါတယ်နော်၊ ကျန့်ဖူပေးတဲ့ ငှက်အကြီးကြီးတွေ ရှိနေတော့ မျှော်လင့်ချက်တွေက ပျံသန်းလာမှာ အသေအချာပဲ"
ချီယာနှင့် ချန်ဝမ်ခန်းတို့မှာလည်း အချင်းချင်းကြည့်လိုက်ကြပြီး မတတ်သာသည့်ကြားမှပင် ကျေနပ်သည့် အပြုံးကို မပြုံးဘဲ မနေနိုင်ကြချေ။ သူတို့ လက်ဖဝါးထဲရှိ စက္ကူငှက်လေးများသည် ကလေးငယ်၏ လက်ဖြင့် ချိုးထားသည့် အဖြူစင်ဆုံး ဆုတောင်းများပင် ဖြစ်သည်။
ချီယာ နာရီကို တစ်ချက် ကြည့်လိုက်ပြီး ထိုင်ရာမှထကာ လက်ဟန်ပြလိုက်သည်။
"အို၊ ထမင်းစားချိန်တောင် ရောက်တော့မယ်၊ နေ့လယ်စာစားပြီးမှ ပြန်ကြတာပေါ့"