← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

🍏 Chapter 117

စက္ကူငှက်လေးကို အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီးနောက် ဝမ်သိုက်က နို့နှင့် ဆန်းဒဝစ် စားထားသည်မှာ မကြာသေးသော သူမ၏ အစာအိမ်လေးကို ပွတ်သပ်လိုက်သည်။ သူမက ချီယာ၏ နောက်သို့ လိုက်သွားကာ မီးဖိုချောင်ရှေ့တွင် တားလိုက်ပြီး အားနာသည့် အမူအရာဖြင့် ပြောလိုက်သည်။

"အားနာလိုက်တာ၊ ကျွန်မ ထမင်းမစားတော့ဘူး၊ ခုနကတင် မနက်စာ စားထားလို့ မဆာသေးဘူး၊ ဒါနဲ့ အန်တီချီက တကယ်ဂရုစိုက်တတ်တာပဲ၊ ချန်စစ်ကျယ်ကိုတောင် မနက်စာ ပြင်ခိုင်းလိုက်သေးတယ်၊ ကျေးဇူးတင်ပါတယ်နော်"

သို့သော် ရှေ့မှ ချီယာမှာမူ အလိုအလျောက်ပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

"ဘာမနက်စာလဲ"

ပတ်ဝန်းကျင်မှာ ခဏမျှ တိတ်ဆိတ်သွားသည်။ နောက်မှ အခြေအနေကို ရိပ်မိသွားသော ချီယာက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ကြောင်အမ်းအမ်းဖြစ်နေသော ဝမ်သိုက်အား ရှင်းပြသည့်ဟန်ဖြင့် ပြောလိုက်သည်။

"အန်တီက ကျန့်ဖူရောက်နေပြီလို့ သူ့ကို ဖုန်းဆက်ပြောပြီး နိုးတာနဲ့သမီးကို သွားခေါ်ခိုင်းလိုက်တာပါ၊ အခုတော့ အန်တီလည်း မှတ်ဉာဏ် သိပ်မကောင်းတော့ဘူး ထင်တယ်၊ ဖုန်းဆက်တုန်းက မနက်စာပါ တစ်ခါတည်း ဝယ်သွားဖို့ပြောလိုက်မိတာလည်း ဖြစ်မှာပါ"

ဆိုဖာပေါ်တွင် ထိုင်နေသော ချန်စစ်ကျယ်မှာ သူတို့ ရှိရာဘက်သို့ ဝေ့ကြည့်လိုက်သည်။ မကောင်း သော အငွေ့အသက်ကို ခံစားမိသည့်အလား သူက ထိုင်ရာမှထကာ သူတို့ဆီသို့ လျှောက်လာသည်။

ဝမ်သိုက်ဘေးတွင် ရပ်လိုက်သော ချန်စစ်ကျယ်၏မြေခွေးမျက်လုံးများသည် ဝမ်သိုက်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ချီယာ မျက်နှာသို့ ရွှေ့လိုက်သည်။

"ကျွန်တော် အခု ပြန်တော့မယ်၊ ရှေ့နေရုံးမှာ အလုပ်တွေပိုနေလို့ သွားလုပ်ရဦးမယ်"

ချီယာအား တားခွင့်ပင် မပေးဘဲ ဝမ်သိုက်ဘက်သို့ လှည့်ကာ စကားကို အတိုချုံးပြောလိုက်သည်။

"မင်း ပြန်မလား"

မနက်စာဟူသော စကားလုံးကို သူတို့နှစ်ဦးစလုံးက နားလည်မှုရှိရှိဖြင့် ထုတ်မပြောကြချေ။ ဝမ်သိုက် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ချီယာနှင့် အကြည့်ချင်းဆုံပြီးနောက် ချန်စစ်ကျယ်ဘက် လှည့်ကာ "ပြန်မယ်လေ" ဟု တိုးတိုးလေး ပြောလိုက်သည်။

ကျန့်ဖူ၊ လီချမ်နှင့် ဖန့်ယန်တို့ကို နှုတ်ဆက်ပြီးနောက် ဝမ်သိုက် အခြားအိတ်ကပ်ထဲမှ အဆောင်တစ်ခုကို နှိုက်ယူကာ ကျန့်ဖူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူမက ခါးကို ကိုင်းကာ ကျန့်ဖူ နဖူးပေါ်မှ ဆံပင်လေးများကို သပ်ပေးလျက် ပြုံးရွှင်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒါ မင်းကို ကာကွယ်ပေးဖို့ပါ၊ ကျန့်ဖူရေ၊ နောက်ဆို ပိုပြီးတော့ကံကောင်းလာမှာပါ၊ စက္ကူငှက် ချိုးတဲ့သူဟာ မျှော်လင့်ချက်ကို အရင်ဆုံးဆုံစည်းရမှာပေါ့၊ နောက်မှ အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့"

သူမ၏လက်တစ်ဝက်ခန့်သာ ရှိသော လက်ကလေးဖြင့် အဆောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ကျန့်ဖူက သူမကိုစေ့စေ့ကြည့်နေသည်။ သူ့မျက်ဝန်းအိမ်လေးများမှာ နီမြန်းလာကာ

"ကျေးဇူးတင်ပါတယ် အစ်မ၊ အစ်မလည်း သွားတော့နော်"

နှုတ်ဆက်ချိန်တွင် အပြုံးများကိုသာ လဲလှယ်ခဲ့ကြပြီး ဝမ်သိုက်မှာ ချန်စစ်ကျယ်၏နောက်မှ လိုက်လာခဲ့သည်။

ဓာတ်လှေကားထဲ ဝင်ချိန်မှ ထွက်ချိန်အထိ သူတို့ကြားတွင် တိတ်ဆိတ်ခြင်းများသာ ကြီးစိုးနေသည်။ ကားရှေ့သို့ ရောက်သောအခါ သူ ကားတံခါးကို ဖွင့်ပေးသည်။

တံခါးရှေ့တွင် ရပ်နေသော ဝမ်သိုက်မှာ နှုတ်ခမ်းကို တင်းတင်းစေ့လျက် တစ်ကိုယ်လုံး ခဏမျှ တောင့်တင်းသွားသည်။ သူမက ကားတံခါးနောက်မှ မခွာသေးသော လူကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

အလုပ်ချိန်မဟုတ်ပါက သူသည် ဆံပင်များကို ပုံမသွင်းဘဲ အုပ်ထားတတ်ရာ နူးညံ့သော ဆံနွယ်လေးများက သူ၏ထက်မြက်သော အငွေ့အသားများကို အနည်းငယ်ဖုံးကွယ်ပေးထားသည်။ မှောင်ရီပျိုးစ မြေအောက်ကားပါကင်တွင် သူ့ မြေခွေးမျက်လုံးထဲမှ သူငယ်အိမ်မှာ ပိုနက်မှောင် နေသကဲ့သို့ ရှိရာ ကြည့်မိသူကို ရင်ခုန်သွားစေနိုင်သည်။

မည်သူမျှ စကားမစကြချေ။

ဝမ်သိုက် ကားထဲသို့ ဝင်ထိုင်လိုက်ရာ ကားတံခါး ပိတ်သွားသည်။ ကားထဲတွင် အိုင်းရစ်ပန်းနှင့် အာရဇ်နံ့ ရောယှက်နေသည့် အေးမြသော ရနံ့လေးက သင်းပျံ့နေသည်။ သူမသည် ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီးနောက် ကားရှေ့မှန်မှတစ်ဆင့် သူ ကားကို ပတ်ကာ မောင်းသူနေရာသို့ တက်လာသည်ကို ကြည့်နေမိသည်။ မျက်လုံးကို ပြန်ငုံ့လိုက်သည့်အခါ သူမ အကြည့်များမှာ ဝေဝါးနေချေပြီ။

တံခါးပိတ်သံ တစ်ချက်နှင့်အတူ ချန်စစ်ကျယ်ကားထဲ ဝင်လာကာ ထိုင်ခုံခါးပတ် ပတ်လိုက်သည့် အသံလေး ထွက်ပေါ်လာသည်။

ထိုအေးစက်သော အသံများက အာရုံကြောကို လာရောက် လှုံ့ဆော်သကဲ့သို့ ဖြစ်ရာ ဝမ်သိုက်က မျက်လုံးကို ပင့်ကြည့်လိုက်သည်။ ခါးပတ်ပေါ်မှ လက်ကို တင်းတင်းဆုပ်ကာ သူ့ကို ဘေးတိုက် ကြည့်ရင်း

"မနက်စာက… ရှင်ကိုယ်တိုင် လုပ်ထားတာလား၊ ဆန်းဒဝစ်ကို ပြောတာပါ"

အင်ဂျင်ကို နှိုးနေသော ထိုလူက သူမဘက်သို့လှည့်မကြည့်ဘဲ "သိရက်နဲ့ မေးနေတာက သိပ်စိတ်ဝင်စားဖို့ ကောင်းလို့လား" ဟု အေးစက်သော လေသံဖြင့် ပြန်ပြောသည်။

"ရှင်က လက်ရာ ကောင်းသားပဲ ဟားဟား…"

အနေရခက်မှုကို ပြေပျောက်စေရန် ရယ်လိုက်သော်လည်း သူမကို စိုက်ကြည့်လာသည့် ချန်စစ်ကျယ်၏အကြည့်နှင့် ဆုံသွားသောအခါ ရယ်သံမှာ ရုတ်တရက်ရပ်တန့်သွားသည်။

ဝမ်သိုက် လက်မှာ ခါးပတ်ပေါ်မှ ခွာကာ ပေါင်ပေါ်တွင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ နှုတ်ခမ်းသားလေးကို သွားဖြင့် ဖိထားမိသည်။

ရုတ်တရက် လက်သီးကို ပိုမိုတင်းကျပ်စွာ ဆုပ်လိုက်ပြီး ကိုယ်ကိုမတ်ကာ ရင်ထဲရှိ စကားလုံးများကို တစ်ပြိုင်နက်တည်း အကုန်သွန်ချလိုက်သည်။

"ကျွန်မတို့က သာမန် ပါတနာတွေပဲလေ၊ ရှင် ကျွန်မအပေါ် မကောင်းတဲ့ စိတ်ကူးတွေ မထားပါနဲ့၊ ကျွန်မတို့ စတွေ့တုန်းက ရှင့်အမြင်ကို မမေ့နဲ့ဦး၊ ကျွန်မမှာ အကျင့်ဆိုးတွေ အများကြီးရှိတယ်၊ ကျွန်မကပိုက်ဆံလည်း သိပ်မက်တာ၊ တစ်ခါတလေဆို ကိုယ်ကျင့်တရားတောင် မရှိချင်တော့ဘူး”

“ကိုယ့်မှာလည်း အရည်အချင်းမရှိဘဲနဲ့ သူများကိစ္စကို ဝင်ပါချင်တာမျိုးပေါ့၊ ပြီးတော့ ကျွန်မက ကျွန်မ မိဘတွေရဲ့ အမှုကိုပြန်လှန်ရဦးမှာ၊ ဒါဟာ သေချာပေါက် အန္တရာယ်ရှိတယ်၊ ရှင့် အသက်ကို နှမြောတယ်ဆိုရင်တော့ ပါတနာ ဆက်ဆံရေးကလွဲလို့ ကျန်တာ ဘာမှမစဉ်းစားတာ အကောင်းဆုံးပဲ၊ ဒါပေမဲ့ သူငယ်ချင်းတော့ လုပ်လို့ရပါတယ်၊ သာမန် သူငယ်ချင်းပေါ့"

သူမက လက်ချောင်းလေးများကို ချိုးလျက် သူမ၏အားနည်းချက်များကို တစ်ခုချင်း ရေတွက်ပြနေသည်။

"ကျွန်မက ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ တစ်ခါတလေ သန်းခေါင်ယံမှာ စိတ်ဖောက်ပြီး ကမ်းခြေသွားကာ ဘဝအကြောင်းတွေ လျှောက်တွေးတတ်သေးတာ၊ စကားပြောရင်လည်း အတော်လေး နားမခံသာဘူးနော်”

“ဒါပေမဲ့ အဲဒီအချက်ကတော့ ရှင့်ကို မမီဘူး ထင်တာပဲ၊ အို၊ ကျွန်မမှာ အကြမ်းဖက်ချင်တဲ့ စိတ်လည်း ရှိတယ်၊ တစ်ခါတလေ ဒေါသထွက်လာရင် ကျွန်မကို စိတ်ဆိုးအောင် လုပ်တဲ့သူကို သတ်ပစ်ချင်စိတ်တောင် ပေါက်တာ"

ကိုယ့်ကိုကိုယ် အပြစ်ရှာ ပြောဆိုခြင်းများ ရပ်တန့်သွားသော်လည်း တိတ်ဆိတ်ခြင်းကသာ ပြန်လည် နေရာယူလာသည်။ ဝမ်သိုက်က သူမ၏အကျင့်ဆိုးများကို စဉ်းစားကာ ကိုယ့်ကိုယ်ကိုယ် နာမည်ဖျက်၍ ဆက်ပြောရန် ပြင်နေစဉ်မှာပင် ကားလေးမှာ အိမ်ရာဝင်းထဲမှ ထွက်လာသည်။

လမ်းကွေ့တစ်ခုတွင် ပြင်းရှသော နေရောင်ခြည်က မျက်လုံးထဲသို့ တိုးဝင်လာသဖြင့် အလိုအလျောက် မျက်လုံးမှိတ်လိုက်စဉ် ဘေးမှ သူ့အသံကို ကြားလိုက်ရသည်။

"ပိုက်ဆံမမက်တဲ့သူ ဆိုတာ ခပ်ရှားရှားပဲ၊ လူဆယ်ယောက်မှာ တစ်ယောက်တောင် ရှာရခက်တယ်၊ အခက်အခဲထဲမှာ အခွင့်အရေးတွေ့တဲ့အခါ စိတ်မလှုပ်ရှားတဲ့သူကလည်း မရှိသလောက်ပဲ၊ အဲဒီအခွင့်အရေးမှာ ပြဿနာရှိနေရင်တောင်ပေါ့”

“လုံးဝ ဂရုမစိုက်ဘဲ နေတာထက်စာရင် အရည်အချင်းမရှိဘဲ ဝင်ပါတတ်တာက အားသာချက်လို့တောင်ပြောလို့ရတယ်၊ အနည်းဆုံးတော့ အဲဒီလူရဲ့ နှလုံးသားက နွေးထွေးနေသေးတယ်ဆိုတာ သက်သေပြနေတာပဲ”

“ဆေးလိပ်နဲ့ အရက်ကတော့ အသင့်အတင့်ဆို ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ဆေးလိပ်တော့ ဖြတ်တာ အကောင်းဆုံးပဲ၊ နေပါဦး၊ ငါ မင်း ဆေးလိပ်သောက်တာကို လက်ချိုးရေလို့ရတဲ့အထိ မတွေ့ဖူးပါဘူး၊ လူမှုပတ်ဝန်းကျင်မှာ စကားတတ်တာက အားသာချက်ပဲ၊ ဒါက ဦးနှောက် လုပ်ဆောင်ချက် ကောင်းမွန်တယ်ဆိုတာကို ပြနေတာ၊ အကြမ်းဖက်ချင်တဲ့ စိတ်ကတော့ အခုထိ မတွေ့မိသေးဘူး"

မီးပွိုင့်နီနေသဖြင့် ကားလေးမှာ ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ ချန်စစ်ကျယ်က လက်တစ်ဖက်ဖြင့် စတီယာရင်ကို ကိုင်ကာ သူမကို ဘေးတိုက်ကြည့်နေသည်။ သူ့မြေခွေးမျက်လုံးများထဲတွင် ထူးခြားသည့် ခံစားချက်မျိုး မတွေ့ရချေ။

"မင်းပြောတဲ့ မိဘတွေရဲ့ အမှုကို ပြန်လှန်ဖို့ ကိစ္စနဲ့ ပတ်သက်ရင်တော့ ပါတနာ တစ်ယောက်အနေနဲ့ ဖြစ်ဖြစ်၊ မင်းပြောတဲ့ သာမန်သူငယ်ချင်းအနေနဲ့ ဖြစ်ဖြစ် ငါ ဘေးထွက်မနေပါဘူး၊ ဒါဟာ ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းပဲ၊ အလွယ်တကူ ပိတ်သိမ်းခဲ့တဲ့ အမှုတွေကို ပြန်လည် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပိုင်ခွင့် မင်းမှာ ရှိတယ်”

“တကယ်လို့ လူတစ်ယောက်ဟာ တရားခံအစစ်ကိုဖော်ထုတ်ဖို့ ကြိုးစားရုံနဲ့ အသက်အန္တရာယ် ကြုံရမယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းဟာ မကြာခင် ပျက်သုဉ်းတော့မှာပဲ၊ ငါ ရှေ့နေတစ်ယောက်အနေနဲ့ အဖြူရောင်ရဲ့ အောက်မှာ အမည်းရောင်တွေ ပုန်းအောင်းနေတာကို ခွင့်မပြုနိုင်ဘူး"

စကားလုံးတိုင်းက နှလုံးသားထဲသို့ တိုးဝင်သွားရာ ဝမ်သိုက်မှာ ထိုင်ခုံကို မှီလျက် ဘေးတိုက် လှည့်ကြည့်လိုက်မိသည်။ သူမ မျက်ဝန်းအိမ်လေးများထဲတွင် သူ့ ပုံရိပ်မှာ ထင်ဟပ်လျက်ရှိတော့သည်။

All Chapters