အခန်း ၁၁၈
Vol. 12 Ch. 118
🍏 Chapter 118
အရည်ပျော်နေသော ရွှေရည်ကဲ့သို့ နေရောင်ခြည်သည် ပါးပြင်တစ်ဖက်ပေါ်သို့ ဖြာကျနေပြီး နွေးထွေးမှုကလေးက နွယ်ပင်ကဲ့သို့ တဖြည်းဖြည်း ပျံ့နှံ့လာသည်။
ဝမ်သိုက်၏ နှလုံးသားထဲတွင် တစ်ခါဖူးမျှ မခံစားဖူးသည့် ခံစားချက်အသစ်တစ်ခု ဖြစ်ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူမ နှလုံးသားကို ခပ်ဖွဖွလေး ဆွဲညှစ်လိုက်သကဲ့သို့ပင်။
သူမ ငိုင်နေသည့် အချိန်တွင်ပင် မီးပွိုင့်စိမ်းသွားသဖြင့် ကားလေးမှာ ရှေ့သို့ ဆက်လက် ထွက်ခွာသွားသည်။ ရှေ့ကိုသာ စိုက်ကြည့်နေသော အမျိုးသားက စကားတစ်ခွန်း ထပ်ဖြည့်လိုက်ပြန်သည်။
"ငါ အခုလိုပြောတာက မင်းကို သဘောကျလို့ ပြောတာ မဟုတ်ဘူး၊ အရှိကို အရှိအတိုင်း ပြောပြတာပဲ၊ အစက မနက်စာကို ငါပြင်ထားတာလို့ မပြောခဲ့တာကလည်း ငါ မင်းကို ကြိုက်နေတယ်လို့ မင်းအထင်လွဲမှာ စိုးလို့ပဲ”
“အဲဒီအချိန်တုန်းက ငါ မနက်စာ ပြင်နေတာနဲ့ အတော်ပဲ ဖြစ်သွားလို့၊ တိုစ့်နဲ့ လုပ်ထားတဲ့ ဆန်းဒဝစ်ကို လှီးလိုက်တော့ နှစ်ပွဲစာရလာတယ်၊ ငါ တစ်ယောက်တည်း မကုန်နိုင်တာနဲ့ မင်းအတွက်ပါ တစ်ခါတည်း ယူလာပေးလိုက်ရုံပါပဲ၊ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာမျိုး မလုပ်တာ အကောင်းဆုံးပဲ၊ ဘာလို့လဲဆိုတော့"
သူက သူမကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ မျက်မှဲ့လေးပါသော သူ၏မြေခွေးမျက်လုံးထဲတွင် ပြောင်ချော်ချော် အမူအရာများ ပြည့်နှက်နေပြီး အသံကို ဆွဲကာ ပြောလိုက်သည်မှာ
"အတော်လေး အနေရခက်လို့လေ"
ဝမ်သိုက်မှာ သူ့ကို ပြန်ပြီးဟောက်ပစ်ရမည့် အချိန်ဖြစ်သော်လည်း ဦးနှောက်ထဲတွင် ရုတ်တရက် ဖြတ်ခနဲ ပေါ်လာသော ပုံရိပ်လွှာများကြောင့် အတွေးတို့မှာ ရပ်တန့်သွားသည်။
ရေကန်ငယ်လေးတစ်ခု၊ ကျောက်ဆောင်အတုအောက်တွင် ကြာပန်းလေးများရှိနေပြီး ပထမလူ မြင်ကွင်းမှတစ်ဆင့် ဖြူစင်နုနယ်သော လက်ကလေးတစ်ဖက်က ရေကန်ထဲတွင် ရေကစားနေသည်ကို မြင်နေရသည်။
အခြားသူတစ်ဦး၏စိုးရိမ်တကြီး ပြောဆိုနေသော အသံကိုလည်း ကြားနေရသည်။
"သခင်မလေးရယ်၊ အအေးဒဏ်ကို သိပ်မမက်ပါနဲ့တော့၊ နေမကောင်းဖြစ်လို့ ခုမှ ပြန်သက်သာကာစ ရှိသေးတာကို ဒီကိုလာပြီး ရေကစားနေတယ်၊ အဖေကြီးနဲ့ အမေကြီးတို့ မြင်သွားရင် စိတ်ဆိုး ကြပါလိမ့်မယ်၊ သခင်မလေး၊ အပြစ်ပေးခံရမှာက သခင်မလေး မဟုတ်ဘဲ ကျွန်မ ဖြစ်နေမှာပါ"
"ဘာကြောက်နေတာလဲ၊ ငါ နင့်ကို ကာကွယ်ပေးမှာပေါ့၊ ကိုယ်လုပ်တဲ့ ကိစ္စကို အပြစ်မရှိတဲ့သူကို ခံခိုင်းစရာ အကြောင်းမှ မရှိတာ"
ထိုခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အသံမှာ ပဲ့တင်ထပ်သွားသည်။ ဝေဝေဝါးဝါး ဖြစ်နေသော မြင်ကွင်းထဲတွင် သူမ၏ အမြင်အာရုံမှာ ထိုခန္ဓာကိုယ်နှင့်အတူ လိုက်ပါလှုပ်ရှားနေသည်။ ထိုင်ရာမှ ထရပ်လိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ ဝေဝါးနေသော အမျိုးသားတစ်ဦး၏ပုံရိပ်မှာ ရုတ်တရက် ပေါ်လာသည်။
သူ၏လှုပ်ရှားမှုနှင့်အတူ နက်မှောင်သော ဝတ်ရုံရှည်မှာ လွင့်ခါနေပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။ ကျယ်ပြန့်သော အင်္ကျီလက်ပွကြီးများမှာ အောက်သို့ တွဲကျနေပြီး အနည်းငယ် စိတ်ပျက်နေပုံရသည့် သူ့အသံမှာ အလွန်ပင် နားယဉ်နေသည်။
"ဟင်း.....အပြစ်မရှိတဲ့သူကို အပြစ်မပေးခိုင်းဘူးလို့ ပါးစပ်ကတော့ ပြောတတ်သားပဲ၊ တကယ်တမ်း အပြစ်ပေးခံရတော့မယ့် အချိန်ကျရင် မင်းရဲ့ အကာအကွယ်နဲ့ တားဆီးမှုတွေက ထိရောက်ပါ့မလား၊ ခဏတာ လေလုံးထွားနေတာပဲ ဖြစ်မှာပါ"
အလိုလိုက်ခံထားရသည့် စိတ်ကြီးဝင်နေသော အမူအရာဖြင့် သူမ ထိုအမျိုးသားရှေ့သို့ အပြေးအလွှား သွားလိုက်ပြီး မေးကလေးကို မော့ကာ ရန်တွေ့လိုက်သည်။
"အဲ့ဒါ ရှင့်အပူပါလား၊ ရှင့်မှာ အရည်အချင်းမရှိတာနဲ့ သူများကိုလည်း အရည်အချင်း မရှိဘူးလို့ မထင်နဲ့၊ ကျွန်မက ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တယ်"
"တကယ်ကို ယဉ်ကျေးသိမ်မွေ့မှု နည်းနည်းလေးတောင် မရှိတာပဲ"
အမျိုးသား၏ပြောင်ချော်ချော် လေသံက လူကို ဒေါသထွက်စေသည်။
နုနယ်သော လက်မောင်းကလေးမှာ အပြာနုရောင် ဝတ်စုံလက်ထဲမှ ထွက်ပေါ်လာပြီး ထိုအမျိုးသား ၏ရင်ဘတ်ကို လက်သီးဖြင့် အချက်ပေါင်းများစွာ ထုရိုက်လိုက်သည်။ သူမက နှာခေါင်းရှုံ့ကာ
“ကျွန်မ ယဉ်ကျေးတာ မယဉ်ကျေးတာက ရှင်နဲ့ ဘာဆိုင်လဲ၊ ရှင်က သူစိမ်းယောက်ျားတစ်ယောက် ဖြစ်နေပြီးတော့ သူများအိမ်ထဲကျူးကျော်ဝင်ရောက်ပြီး အိမ်တွင်းက မိန်းမပျိုနဲ့စကားလာပြောနေတာ၊ စည်းကမ်းဖောက်ဖျက်တာက ရှင်ပဲ ဖြစ်သင့်တာပေါ့၊ အခုတော့ ကျွန်မကိုပါ ရောချနေသေးတယ်"
သူက တစ်လှမ်းချင်း တိုးကပ်လာရာ မြင်ကွင်းထဲရှိ အမျိုးသား၏မျက်နှာမှာ တဖြည်းဖြည်း ကြီးမားလာသည်။ ထိုမျက်နှာပေါ်တွင် ဖုံးလွှမ်းနေသော မြူနှင်းကဲ့သို့ ဝေဝါးမှုများမှာလည်း ကင်းစင်စပြုလာသည်။
ရုတ်တရက် သူမ ခြေထောက်မှာ ထိုအမျိုးသား၏ခြေထောက်နှင့် တိုက်မိသွားသကဲ့သို့ ဖြစ်ရာ အရှိန်မထိန်းနိုင်ဘဲ ရှေ့သို့ ယိုင်လဲသွားကာ ထိုအမျိုးသားရင်ဘတ်ထဲသို့ အရှိန်ဖြင့် တိုးဝင်မိတော့သည်။
အလိုအလျောက်ပင် အမျိုးသား၏ပုခုံးပေါ်သို့ လက်တင်ကာ အားပြုလိုက်သော်လည်း ထိုလက်မှာပင် အားကို ပြောင်းပြန်ဖြစ်စေကာ အမျိုးသားကို တွန်းလှဲလိုက်သကဲ့သို့ ဖြစ်သွားသည်။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် ခံစားချက်မှာ သိပ်မကောင်းသော်လည်း နောက်ဆက်တွဲ ခံစားချက်ကမူ ပိုမထင်မှတ်ထားစရာ ကောင်းလှသည်။
သူမအတွက် အောက်ကနေ ခံပေးသည့် အမျိုးသားမှာ နောက်သို့ လှဲကျသွားခြင်း ဖြစ်ပြီး သူမမှာမူ ရှေ့သို့ မှောက်လျက် ပြုတ်ကျသွားခြင်း ဖြစ်သည်။
အမျိုးသား၏ပုခုံးကို တွန်းလိုက်သည့် လက်မှာ ပုခုံးပေါ်တွင် ရှိနေဆဲ ဖြစ်သဖြင့် အလိုအလျောက်ပင် သူ့ပုခုံးကို အောက်သို့ ဖိချလိုက်သကဲ့သို့ ဖြစ်ကာ သူမသည် သူ့ကိုယ်ပေါ်သို့ တက်မှောက်သွားသည့် အနေအထား ဖြစ်သွားသည်။ ရှေ့သို့ အရှိန်ဖြင့် ပါသွားသဖြင့် သူမ ခန္ဓာကိုယ်မှာ အမျိုးသား၏ မျက်နှာပေါ်သို့ ကွက်တိ ဖိမိသွားတော့သည်။
အမျိုးသား၏မျက်နှာကို ဖိမိသွားသည်မှာ သူမ မျက်နှာ မဟုတ်ဘဲ သူမ ရင်ဘတ်ဖြစ်လို့နေသည်။ ဖိမိသွားသည့် မျက်နှာမှာလည်း တစ်မျက်နှာလုံး မဟုတ်ဘဲ မျက်နှာ၏အောက်ဘက် အစိတ်အပိုင်း ဖြစ်နေပေသည်။
"အမလေး"
ဝမ်သိုက်မှာ ရုတ်တရက် သတိဝင်လာပြီး ကိုယ်ကို ရှေ့သို့ အမြန်တိုးလိုက်သော်လည်း သူမကို ပတ်ထားသည့် ထိုင်ခုံခါးပတ်က ပြန်ဆွဲထားသဖြင့် နောက်သို့ပြန်ကပ်သွားသည်။
"ဟင်း… အစ်…"
မထင်မှတ်ထားသော အော်သံကြောင့် ချန်စစ်ကျယ်၏လက်ချောင်းများမှာ တင်းကျပ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် လီဗာကို နင်းမမိဘဲ သူက သူမဘက်သို့ အကြည့်ကို ပစ်လိုက်ကာ မကျေမနပ်ဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။
"မင်း ဘာဖြစ်တာလဲ"
လက်ဖြင့် မိမိရင်ဘတ်ကို ဖိထားရင်း ဝမ်သိုက်မျက်လုံးများမှာ ပြူးကျယ်နေဆဲ ဖြစ်သည်။ သူမသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မျက်နှာကို ချန်စစ်ကျယ်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်ရာ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများက ဖုံးကွယ်မရဘဲ ရှိနေသည်။
"…ဘာ… ဘာမှမဟုတ်ပါဘူး၊ အားနာပါတယ်"
လွင့်ပါးနေသော အသံဖြင့် သူမ ပြန်ဖြေလိုက်သည်။
ထိုရင်ဘတ်ကို ဖိမိသွားသည့် ခံစားချက်မှာ တကယ်ကို စစ်မှန်လွန်းလှသဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပုံတူကူးချထားသကဲ့သို့ ခံစားနေရသည်။
ဝမ်သိုက်သည် သူမ၏ရင်ဘတ်ကို အနေရခက်စွာ ပွတ်သပ်လိုက်သည်။ တွန့်ကွေးနေသော မျက်မှောင်အောက်တွင် ဇဝေဇဝါ ဖြစ်နေသော မျက်ဝန်းများ ရှိနေသည်။
ထိုမျက်နှာကို အမြဲတမ်း ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ထိုလူနှင့် ပတ်သက်သည့် ပုံရိပ်များကသာ ထပ်ခါတလဲလဲ ပေါ်လာတတ်သည်။ မိမိအစောင့်အရှောက်များကို မေးမြန်းလျှင်လည်း "လျှို့ဝှက်ချက်ကို ထုတ်မပြောရ" ဟူသော ဝေဝါးသည့် စကားလုံးများကိုသာ အမြဲတမ်း ရရှိတတ်သည်။
"ဟေး၊ ချန်စစ်ကျယ်၊ ရှင့်မှာရော… အဲဒီလိုမျိုး အမြဲတမ်း အိပ်မက်မက်တာ ဒါမှမဟုတ် လူတစ်ယောက်တည်းကိုပဲ ရုတ်တရက် မြင်ယောင်တာမျိုး ရှိဖူးလား"
မေးမြန်းမည့် ပစ်မှတ်ကို ချန်စစ်ကျယ်ထံသို့ ပြောင်းလိုက်သည်။ ဆရာကိုယ်တိုင် ကိုယ့်ရောဂါကိုယ် ပြန်မကုနိုင်သည့် အခြေအနေမျိုး ဖြစ်နေသဖြင့် ဘေးနားရှိ အဆင်သင့်ရှိသော ဗေဒင်ဆရာကိုသာ ဝမ်သိုက်မေးရန် ဆုံးဖြတ်လိုက်သည်။
သူမက ခေါင်းလေးကို အနည်းငယ် စောင်းလျက် မျက်မှောင်ကြုတ်ကာ နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"အပြင်က လူမဟုတ်ဘူးနော်၊ မြင်ရတာကလည်း အပြင်မှာ မြင်ရတာ မဟုတ်ဘူး၊ ဦးနှောက်ထဲမှာ ဘာကြောင့်မှန်း မသိဘဲ အဲဒီပုံရိပ်တွေ ပေါ်လာတာ၊ မှတ်ဥာဏ်ဟောင်းတွေလိုပဲ၊ ဒါပေမဲ့ ကိုယ်တိုင် ကြုံတွေ့နေရတဲ့ ခံစားချက်မျိုးလေ၊ အဲဒါ အောက်လမ်းကိစ္စမျိုးလည်း မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အတော်လေး ထူးဆန်းတယ်"
ကားမောင်းနေသော ဒရိုင်ဘာ ချန်မှာ ဘာကြောင့်မှန်း မသိဘဲ ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူမ ဖော်ပြနေသည့် အချိန်တွင် သူမကို တစ်ချက်နှစ်ချက် ဝေ့ကြည့်တတ်သည့် သူ၏ မြေခွေး မျက်လုံးများသည် ယခုတွင်မူ အကြည့်ကလေးပင် လှည့်မလာတော့ချေ။
သူသည် တိတ်ဆိတ်စွာပင် စတီယာရင်ကို လှည့်ကာ လမ်းကွေ့လိုက်ပြီး အတော်ကြာမှ ပြန်ဖြေသည်။
"မင်း မြင်ရတဲ့သူက ဘယ်လိုပုံစံမျိုးလဲဆိုတာ အရင်ပြောပြဦးလေ"
ချန်စစ်ကျယ်၏ မျက်ဝန်းထဲမှ အတွေးများကို မမြင်နိုင်သော ဝမ်သိုက်မှာ ဘာမှ သံသယ မဝင်ဘဲ ပြန်လည် စဉ်းစားရင်း ပြောလိုက်သည်။
"ရှေးခေတ် ပုံစံမျိုးပါ၊ အကြိမ်ပေါင်း တော်တော်များနေပြီ၊ ဒါပေမဲ့ ခဏခဏတော့ မဟုတ်ဘူးပေါ့၊ အဆက်မပြတ် ပေါ်လာတာမျိုးလည်း မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒီလူတစ်ယောက်တည်းနဲ့ပဲ အမြဲ ပတ်သက်နေတာ”
“ပြီးတော့ တစ်ဖက်လူရဲ့ မျက်နှာကိုလည်း သေချာ မမြင်ရဘူး၊ သိပ်ဝေဝါးတယ်၊ တစ်ခါတလေကျမှ မျက်နှာအစိတ်အပိုင်းလေးတွေ ရှင်းသွားတာမျိုး ရှိတယ်၊ ဥပမာ မျက်လုံးလိုမျိုးပေါ့၊ အသံကလည်း အတော်လေး နားယဉ်နေတယ်၊ ရင်းနှီးတယ်လို့ ခံစားရပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားလို့ မရဘူး"
"သူ့မျက်လုံးက ဘယ်လိုပုံစံမျိုးလဲဆိုတာ မင်း မှတ်မိသေးလား"
"အဲဒါက... ကျွန်မ ရှာပြမယ်"
နှိုင်းယှဉ်ပြရန်အတွက် လက်ကိုင်ဖုန်းကို ထုတ်ယူကာ ဓာတ်ပုံမှတ်တမ်းထဲတွင် အလိုအလျောက် ရှာဖွေမိသော်လည်း သူမ ဖုန်းထဲတွင် သူမ ဓာတ်ပုံတောင် မရှိချေ။ ထို့နောက် သရုပ်ဆောင်များနှင့် အဆိုတော်များစွာကို ရှာဖွေကြည့်သော်လည်း တူညီသူ မတွေ့ရချေ။
ဖုန်းဖြင့် ရှာဖွေခြင်းကို လက်လျှော့လိုက်သော ဝမ်သိုက်က ခေါင်းမော့လိုက်သည်။ သူမက ခေါင်းကို စောင်းလျက် သူ့ကိုကြည့်ကာ စကားဖြင့် ဖော်ပြရန် ပြင်လိုက်သော်လည်း သူ၏ မျက်မှဲ့ကလေးကို မြင်လိုက်ရသည့်အခါ ရုတ်တရက် တန့်သွားရသည်။