အခန်း ၁၁၉
Vol. 12 Ch. 119
🍏 Chapter 119
အကြည့်ကို ဖြည်းဖြည်းချင်း ရွှေ့လိုက်ပြီးနောက် သူမက ထိုင်ခုံခါးပတ်ကို ရှေ့သို့ ဆွဲထုတ်ကာ ကိုယ်ကိုပါ ယိုင်လျက် သူ မျက်လုံးများကို သေချာ စေ့စေ့ကြည့်လိုက်သည်။
နက်ရှိုင်းသော မျက်ခွံနှစ်ထပ်နှင့် အထက်သို့ အနည်းငယ် စောင်းတက်နေသော မျက်ဝန်းများမှာ ပေါင်းစပ်သွားသည်။ ရှည်လျားသော်လည်း မကျဉ်းမြောင်းသော မြေခွေးမျက်လုံးများသည် သူမ၏ မျက်နှာသို့ လှည့်လာပြန်သည်။ မျက်လုံးပိုင်ရှင်သည် သူမ၏ကြောင်အမ်းအမ်း အကြည့်နှင့် ဆုံမိသောအခါ အရင်ဆုံး အကြည့်လွှဲသွားသည်။
ချန်စစ်ကျယ်မှာ အနေရခက်စွာ ထိုင်ပုံပြင်လိုက်ပြီး နှုတ်ခမ်းကို တစ်ချက်နှစ်ချက် စေ့လိုက်ပြီးမှ ပြောလိုက်သည်။
"မင်းက ဒီပုံစံကြီးနဲ့ ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ"
ဘာလို့လဲဆိုတော့ သူ့မျက်လုံးတွေက ရှင့်မျက်လုံးတွေနဲ့ သိပ်တူနေလို့ပဲ။
စကားလုံးများက လည်ချောင်းထဲတွင် တစ်နေပြီး အပြင်သို့ထွက်ခါနီးမှ ဝမ်သိုက်က သတိပြန်ဝင်လာကာ ဆွဲထားသော ခါးပတ်ကို လွှတ်လိုက်သည်။ သူမ ခန္ဓာကိုယ်မှာ ခါးပတ်၏ဆွဲအားနှင့်အတူ နောက်သို့ ပြန်ကပ်သွားသည်။
သူမ မျက်ဝန်းများမှာ ဝေဝါးသွားပြီး အေးစက်စက် လေသံဖြင့်
"ဘာမှမဟုတ်ပါဘူး၊ ခုနက သူ့မျက်လုံးနဲ့ တူတဲ့သူ ရှာမတွေ့လို့ပါ၊ ဘာပဲဖြစ်ဖြစ် အတော်လေး ထူးခြားတယ်" ဟု အလောတကြီး ရှင်းပြလိုက်သည်။
လက်ချောင်းများက အလိုအလျောက် ခါးပတ်ကို ပွတ်သပ်နေမိပြီး သူမက ခေါင်းငုံ့ထားရာ ကျဆင်းနေသော ဆံနွယ်လေးများက ပါးပြင်ကို အနည်းငယ် ဖုံးကွယ်ထားသည်။
အမှန်အတိုင်း မပြောမိခြင်းမှာ အလိုအလျောက် ဖြစ်ပေါ်လာသည့် ပင်ကိုယ်အသိပင်။
သူမ၏ဆဋ္ဌမအာရုံက ပြောနေသည်မှာ သူမ ဇဝေဇဝါ ဖြစ်နေရသော အိမ်မက်ထဲကမျက်ဝန်းပိုင်ရှင် သည် ချန်စစ်ကျယ်နှင့် ပတ်သက်နေမည်ကို စိုးရိမ်မိသည်။
လမ်းအခြေအနေကိုသာ အာရုံစိုက်နေသော ချန်စစ်ကျယ်က မတော်တဆကဲ့သို့ မေးလိုက်သည်။
"မင်းမှာ အစောင့်အရှောက်တွေ ရှိတာပဲ၊ သူတို့ကို ဘာလို့ မမေးကြည့်တာလဲ"
"မေးလို့ မရဘူးလေ၊ အရာအားလုံးက အဖြေရတာမှမဟုတ်တာ၊ မေးခွန်း တော်တော်များများက တူညီတဲ့ အဖြေပဲ ပြန်ရတတ်တယ်"
ရှုပ်ထွေးနေသော စိတ်အစဉ်ကြောင့် စိတ်မအေးဖြစ်နေရရာ ဝမ်သိုက်သည် ကျဆင်းနေသော ပုခုံးနှင့် ကွေးနေသော ကျောပြင်ကို ပြန်လည် မတ်လိုက်သည်။ သူမက လက်ကို ဖြန့်လိုက်ပြီး လေသံကို ပြောင်းကာ ပြောလိုက်သည်။
"လျှို့ဝှက်ချက်ကို ထုတ်မပြောရ"
သူမက စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး လက်ချောင်းလေးများကို ကစားနေရင်း ရုတ်တရက် သူ့ကို ဝေ့ကြည့်လိုက်ပြန်သည်။
"ကျွန်မလည်း အရာအားလုံး သိနေတာမှ မဟုတ်တာ… ဟေး၊ ရှင့်မှာလည်း ဆရာရှိတာပဲ၊ ရှင့်ဆရာကို မေးကြည့်ပေးလို့ ရမလား၊ ကျွန်မလို 'သာမန် သူငယ်ချင်း' တစ်ယောက်ကို ကူညီတဲ့အနေနဲ့ပေါ့"
မှိန်ဖျော့သွားသော မျက်ဝန်းအိမ်ထဲတွင် ကြယ်ကလေးများ ပြန်လည် တောက်ပလာပြီး သူ့ကို ကြည့်လိုက်သည်။
ဝေ့ကြည့်လိုက်သော အကြည့်တစ်ချက်ထဲတွင် သူမ၏ မျက်ဝန်းအစုံကို ထည့်သွင်းထားလျက် ချန်စစ်ကျယ်သည် အနည်းငယ် စောင်းနေသော မျက်နှာကို ပြန်တည့်လိုက်သည်။ မျက်တောင်လေးများ တုန်ခါသွားပြီး မျက်ဝန်းထဲမှ ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။
သူက ပြုံးလျက် ပြောလိုက်သည်။
"အချိန်ရရင်တော့ ရပါတယ်၊ ဒါပေမဲ့ လူချင်းတွေ့ပြီး မေးတာက ပိုကောင်းလိမ့်မယ်"
အကူအညီ တောင်းသည့်သူက အလွန်ပင် သွက်လက်စွာ သဘောတူလိုက်သည်။
"ရတာပေါ့"
ထို့နောက်တွင်တော့ ချန်စစ်ကျယ်၏ အကြွေးစာရင်း တွက်ချက်မှုက ကပ်ပါလာသည်။
"ဒါဆို မင်း ငါ့ကို ကျေးဇူးတစ်ခု တင်သွားပြီနော်"
လည်ချောင်းထဲတွင် ဂွမ်းလုံး တစ်လုံး တစ်နေသကဲ့သို့ ဖြစ်သွားရာ ဝမ်သိုက်မှာ စောစောက ဟနေသော ပါးစပ်ကို မပိတ်နိုင်ခင်မှာပင် ပုံစံ ပြောင်းသွားတော့သည်။ အထက်သို့ ကွေးနေသော နှုတ်ခမ်းထောင့် များမှာ ဘေးသို့ ပြဲသွားပြီး လျှာဖြင့် သွားဖုံးကို လှန်လိုက်မိသည်။
သူမက အရာအားလုံးကို သဘာဝကျသယောင် လုပ်ဆောင်နေသည့် ထိုလူကို စောင်းကြည့်လိုက်ပြီး အေးစက်စက် ရယ်သံဖြင့် ပြောလိုက်သည်။ "ကောင်းပြီလေ၊ ရှင် ကျွန်မကို လိုအပ်တဲ့အခါ ကြိုက်တာပြောပါ" ဟု 'ကြိုက်တာ' ဆိုသော စကားလုံးကို အားထည့်ကာ မကျေမနပ် ပြောလိုက်သည်။
ကံမကောင်းသည်မှာ ချန်စစ်ကျယ်၏ဆရာနှင့် တွေ့ဆုံရန် ချိန်းဆိုချိန် မတိုင်မီမှာပင် မထင်မှတ်ထားသော လူတစ်ယောက်၏ ဖုန်းခေါ်ဆိုမှုက အရင် ရောက်လာခဲ့သည်။
တစ်ညလုံး တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ထားသော ဝမ်သိုက်မှာ ကွန်ပျူတာ စားပွဲရှေ့ရှိ ထိုင်ခုံပေါ်တွင် မှီလျက် ရှိသည်။ ခြေထောက် နှစ်ဖက်ကို ရင်ဘတ်နားအထိ ကွေးထားချင်သော်လည်း အားမရှိတော့သော လက်မောင်းများက ဘေးသို့ ကျနေချေပြီ။
ထိုင်ခုံနောက်မှီပေါ်သို့ စောင်းကျနေသော ခေါင်း၊ လည်ပင်းနှင့် ပုခုံးတို့မှာ ထောင့်ချိုးတစ်ခု ဖြစ်နေပြီး ဖရိုဖရဲ ကျနေသော ဆံနွယ်များက မျက်နှာကို ဖုံးအုပ်ထားရာ ငိုက်မြည်းနေသော သရဲမတစ်ကောင်နှင့် တူနေသည်။
အသက်ရှူသံနှင့်အတူ နိမ့်ချည် မြင့်ချည် ဖြစ်နေသော ခန္ဓာကိုယ်မှာ မီးပိတ်ထားသော အခန်းထဲတွင် ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် တုံ့ခနဲ ဖြစ်သွားသည်။ ဖုန်းမြည်သံမှာ အခန်းထဲတွင် ပဲ့တင်ထပ်နေရာ ဝမ်သိုက်၏ လက်မှာ အရင်ဆုံး မျက်နှာကို ရိုက်မိပြီးမှ စားပွဲပေါ်ရှိ ဖုန်းကို စမ်းမိသည်။
သူမက ဖုန်းကို ဆွဲယူကာ မျက်လုံးမှိတ်လျက်ပင် ဖုန်းလက်ခံမှုကို နှိပ်လိုက်ပြီး အားမရှိသော အသံဖြင့် "ဟယ်လို၊ ရှင်" ဟု ထူးလိုက်သည်။
"ဝမ်သိုက်… ငါပါ"
စကားလုံးများ ကြားတွင် ရှိုက်သံများ ဝင်လာသည်။ သူမက အသံပျောက်သွားသည်အထိ ရှိုက်ကြီးတငင် ငိုကြွေးနေပြီး လည်ချောင်းထဲမှ အသံထွက်လာသည့်အခါတွင်လည်း စူးရှသော လေသံကလေးသာ ထွက်လာသည်။
"တောင်းပန်ပါတယ်၊ ငါ့ကို ကူညီပါဦး၊ အရင်က ငါ့အမှားတွေပါ၊ ငါ အဲဒီလောက်အထိ အတ္တမကြီးသင့်ဘူး… ငါ့သမီးလေး၊ ငါ့သမီးလေး ဘယ်လိုလုပ်ရမလဲ၊ သူ ဘာဖြစ်နေမလဲဆိုတာ ငါ မသိတော့ဘူး၊ လူအများကြီးကို ငါ လိုက်မေးတယ်၊ သူတို့ ပြောတာတွေကလည်း မတိမကျတွေမို့ နားမလည်နိုင်ဘူး…"
မျက်နှာပေါ်မှ ရှုပ်ထွေးနေသော ဆံပင်များကို ဝမ်သိုက်က နောက်သို့ သပ်လိုက်ပြီး ဖုန်းကို ကိုင်ကာ ကိုယ်ကို မတ်လိုက်သည်။
"အရင်ဆုံး စိတ်ကို အေးအေးထားပါဦး၊ ဘာတွေ ဖြစ်ကုန်တာလဲဆိုတာ သေချာ ပြောပြလို့ ရမလား။ ဖုန်းကို အရင်ချလိုက်မယ်၊ ဒေါ်လေး စိတ်ကို အရင် ပြင်ဆင်လိုက်ဦး၊ အသေးစိတ်ကို We Chat ကနေ လှမ်းပြောပါ"
သူမက သနားညှာတာမှု ကင်းမဲ့စွာပင် ဖုန်းကို ချလိုက်သည်။ ဖုန်းထဲမှ ကြားနေရသော ရှိုက်သံများမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဝမ်သိုက်က လက်ဖြင့် မျက်နှာကို အုပ်ကာ မျက်လုံးနှင့် အာရုံကို ပြန်လည် စုစည်းလိုက်သည်။ လက်တစ်ဖက်ဖြင့် ပြတင်းပေါက် လိုက်ကာကို ဆွဲဖွင့်လိုက်ရာ ပြင်ပမှ စူးရှသော နေရောင်ခြည်များ တိုးဝင်လာသည်။
ရင်ထဲမှ ထွက်ပေါ်လာသော စကားတစ်ခွန်းမှာ
"သူ့သမီးလေး လူကုန်ကူးသူတွေဆီ ဖမ်းခေါ်ခံလိုက်ရပြီ"
သူမ၏ စရိုက်အရ ဆိုလျှင်တော့ ဒါဟာ ဝဋ်လည်တာပဲဟု သေချာပေါက် ယူဆမိလိမ့်မည်။ မိမိကိုယ်ကိုသာ ကာကွယ်တတ်သော်လည်း ပင်ကိုယ်စိတ်ထား နူးညံ့သူများမှာ အမြဲတမ်း ဤသို့ပင် ဖြစ်သည်။
အရင်က မိမိအမှား လုပ်ခဲ့ဖူးသော ကိစ္စများကို မှတ်ဉာဏ်ထဲတွင် စွဲထင်နေစေပြီး မိမိတွင် ဖြေရှင်း မရသော ပြဿနာ ကြုံလာရကာ မိမိ အမှားလုပ်ခဲ့ဖူးသူထံ အကူအညီ တောင်းရတော့မည် ဆိုလျှင် ဝဋ်လည်ခြင်းဟုသာ ထင်မှတ်တတ်ကြသည်။
ဝမ်သိုက်သည် ထိုင်ခုံပေါ်တွင် ကွေးကွေးလေး ထိုင်နေမိသည်။ သူမ၏ ကျောပြင်မှာ ကိုင်းနေပြီး လည်ပင်းက ကွေးလျက် ခေါင်းငုံ့ထားသည်။
"ဘာတွေ တွေးနေတာလဲ"
"စဉ်းစားနေတာက… ချန်စစ်ကျယ်ဆီ ဖုန်းဆက်ပြီး သူ့ဆရာနဲ့ တွေ့မယ့်အချိန်ကို နောက်ဆုတ်ရမယ်လို့ ပြောဖို့ပဲ၊ ဘယ်တော့မှ ပြန်တွေ့နိုင်မလဲဆိုတာတော့ ငါလည်း မသိဘူး"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမ ရရှိလိုက်သည်မှာ အစောင့်အရှောက်၏ နှာခေါင်းရှုံ့သံပင် ဖြစ်သည်။
ဝမ်သိုက်သည် ထိုင်ခုံမှ ထလိုက်သည်။ နှစ်နာရီခန့်သာ အိပ်စက်ထားရသော ခန္ဓာကိုယ်မှာ မနက်ခင်း မျက်နှာသစ် သန့်စင်ခြင်းကို အတင်းအကျပ် လုပ်ဆောင်နေရသည်။ ဆံပင်ကို သားရေကွင်းဖြင့် စည်းလိုက်ချိန် ဖုန်းသံက အခန်းထဲမှ ပြန်လည် ထွက်ပေါ်လာပြန်သည်။
အနားမရနိုင်သည့်အလား ဝမ်သိုက်က အခန်းထဲသို့ အပြေးအလွှား ပြန်ဝင်လာကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်မှ နာမည်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လျင်မြန်စွာပင် ဖုန်းလက်ခံလိုက်သည်။
"ရှင်ဖုန်းဆက်တာနဲ့ အတော်ပဲ၊ ရှင့်ဆရာနဲ့ ချိန်းထားတဲ့ အချိန် မသေချာသေးဘူး မဟုတ်လား၊ တကယ်လို့ ချိန်းပြီးပြီဆိုရင်လည်း ရှင့်ဆရာကို နောက်ဆုတ်ပေးဖို့ ပြောပေးပါဦး၊ အခု ဖြေရှင်းစရာ ကိစ္စတစ်ခု ပေါ်လာလို့၊ ရှင် အားရင်တော့ အတူ သွားလို့ရတယ်"
"ငါ့ဆရာက လီကျိုးကို ပြန်မရောက်သေးဘူး၊ မင်း သိသွားပြီလား"
ချန်စစ်ကျယ်သည် တိုတိုနှင့် လိုရင်း ပြောရာတွင် အတော်ဆုံး ဖြစ်သော်လည်း အခြားသူများအတွက်မူ ပဟေဠိ ဖော်နေရသကဲ့သို့ ရှိသည်။
သူ့စကားလမ်းကြောင်း အပြောင်းကြောင့် ဝမ်သိုက်မှာ ကြောင်သွားပြီး ခဏကြာမှ ပြန်လည် တုံ့ပြန်လိုက်သည်။
"ဘာကို သိတာလဲ၊ အို...... သိတယ်လေ၊ ခုနတင် သူ ကျွန်မဆီ ဖုန်းဆက်တယ်၊ ကျွန်မ ထင်တာတော့ အန်တီချီက ကျွန်မဖုန်းနံပါတ်ကို ပေးလိုက်တာ ထင်တယ်၊ ရှင်ကကော ဘယ်လို သိတာလဲ"
"မနေ့ညက ငါ့အဖေနဲ့ အမေတို့ဆီမှာ အိပ်တာ၊ မနက်ကျတော့ အမေ့ဆီက ကြားလိုက်တာ၊ ဒီကိစ္စက အချိန်အတော်လေး ပေးရလိမ့်မယ်၊ ငါ့လက်ထဲမှာ အမှုတွေ ရှိနေတော့ နှောင့်နှေးလို့ မဖြစ်ဘူး၊ ငါ အားလုံး ရှင်းပြီးမှ မင်းဆီ လာခဲ့မယ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး၊ ကိုယ်တိုင် အန္တရာယ်ထဲ ဝင်ပါတာမျိုး မလုပ်နဲ့"
အတော်လေး တင်းမာသော လေသံပင် ဖြစ်သည်။ အတူတူ ပတ်သက်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိလာပြီ ဖြစ်သဖြင့် ချန်စစ်ကျယ်သည် ဝမ်သိုက်၏ လုပ်ရပ်များကို ကြိုတင် ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
သို့သော် ကာယကံရှင်မှာမူ ဂရုမစိုက်သည့် အမူအရာဖြင့်ပင်
"ရပါတယ်၊ မနှစ်က ဖူလိုင်ထီးခါးကို သွားတုန်းကလည်း ကျွန်မ တစ်ယောက်တည်း သွားခဲ့တာပဲလေ"
"ဟက်"