← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

🍏 Chapter 120 တိုတောင်းသော ရယ်သံမှာ ဒေါသကြောင့် ထွက်လာခြင်း ဖြစ်ကြောင်း သိသာလှသည်။ ချန်စစ်ကျယ် မှာ ရှေ့နေတစ်ယောက်ပီပီ ပြတ်သားသော မေးခွန်းများကို ဖုန်းထဲမှ ပစ်ပေါက်လိုက်သည်။

"မင်း ဒီတစ်ခါ ရင်ဆိုင်ရမှာက ဘယ်လိုလူတွေလဲဆိုတာ သိရဲ့လား၊ ကိုယ်တိုင် အန္တရာယ်ထဲ ဝင်ပါချင်တယ် ဟုတ်လား၊ လူကုန်ကူးသူတွေ ဆိုတာ ဘာလဲဆိုတာ မင်း သိရဲ့လား၊ မင်း သတိဝင်လာတဲ့ အချိန်ကျရင် ခါးမူရွာထက် ပိုပြီး လူသူမနီးတဲ့ ရွာထဲကို ရောက်နေလောက်ပြီ၊ အဲဒီအချိန်ကျရင် ဘယ်သူ့ကိုမှ အကူအညီ တောင်းလို့ ရမှာ မဟုတ်ဘူး၊ အဲဒီလို ခံစားချက်မျိုးကို မင်း စမ်းကြည့်ချင်လို့လား"

ကံကောင်းထောက်မစွာဖြင့် ချန်စစ်ကျယ် ပြောနေသည်မှာ စိုးရိမ်စိတ်ကြောင့် ဖြစ်ကြောင်း သိနေသဖြင့် ဝမ်သိုက်က ပြန်မအော်မိခြင်း ဖြစ်သည်။ သို့သော် သူမ၏ စကားများမှာလည်း ပြန်အော်သည်နှင့် သိပ်မခြားလှပေ။

"ရှင်က ဘယ်လိုလုပ်ပြီး ကျွန်မ အန္တရာယ်ထဲ ဝင်ပါမယ်လို့ သိနေတာလဲ၊ ကျွန်မ အဲဒီလို လုပ်မယ်လို့လည်း မပြောရသေးဘူးလေ၊ ပြီးတော့ ကျွန်မ အန္တရာယ်ထဲ ဝင်ပါမယ် ဆိုရင်တောင် လူကုန်ကူးသူတွေဆီ သွားပြီး အဖမ်းခံရအောင်အထိ ကျွန်မက နုံနုံအအ မဟုတ်ပါဘူး”

“စိတ်ချပါ၊ ကိုယ့်ဘာသာကိုယ် သွားအဖမ်းခံရလောက်အောင်အထိ ကျွန်မ မအပါဘူး၊ လူကုန်ကူးမှု ဆိုတာ ရဲတိုင်ဖို့က ပထမပဲ၊ ကျွန်မ လုပ်မှာကတော့ ရဲတွေ မယုံကြည်တဲ့ ပညာရပ်တွေကို သုံးပြီး သူတို့အတွက် နယ်မြေ ကျဉ်းသွားအောင် ကူညီပေးရုံပါပဲ"

"သူ ရဲတိုင်ပြီးပြီလေ၊ လူ့အဖွဲ့အစည်းက နတ်ဆရာလို့ သတ်မှတ်ထားတဲ့သူရဲ့ စကားကို ရဲတွေက ယုံမယ်လို့ မင်း ထင်နေတာလား"

"ကျွန်မ သိတာပေါ့၊ ဒါပေမဲ့ ကျွန်မ ခန့်မှန်းတာကတော့ အရင်တစ်ခါ ချန့်ရှီ ကိစ္စ ဖြစ်ထားတာ မကြာသေးဘူး၊ ချန့်ရှီကို ခိုးသွားတဲ့ ဂိုဏ်းကလည်း အခုထိ မဖမ်းမိသေးဘူး၊ အခု နောက်တစ်ယောက် ထပ်ပျောက်ပြန်ပြီ”

“လီကျိုးက နယ်မြေခံ ရဲစခန်းတွေဟာ အချင်းချင်း ပူးပေါင်း စုံစမ်းကြမှာပဲ၊ ဖုန်အန်းနယ်မြေက ရဲတွေထဲမှာ ကျွန်မကို ယုံတဲ့သူ ရှိတယ်၊ ကျွန်မက တည်နေရာကိုပဲ အတည်ပြုပေးပြီး သတင်းပေးမှာ၊ ကျွန်မကို ယုံပြီး လောင်းကစားမယ့်သူ တစ်ယောက်တော့ ရှိမှာပါ"

ပြတင်းပေါက်ရှေ့တွင် ရပ်နေသော ဝမ်သိုက်မှာ နေရောင်ခြည် အောက်တွင် သူမ၏ ယုံကြည်ချက် များကို အခိုင်အမာ ပြောဆိုနေသည်။

အခြားရဲတွေကိုတော့ သူမ မသေချာသော်လည်း အရင်က သူမနှင့် စကားပြောဖူးသည့် အမျိုးသမီးရဲနှင့် အမျိုးသားရဲတို့မှာ သူမကို ယုံကြည်ရန် အခွင့်အလမ်း ရှိပေသည်။ အရင်က အထီးကျန်စွာ သေဆုံး သွားသော အဘိုးအိုကို ရှာဖွေတွေ့ရှိခဲ့သည်မှာ သူမ၏ သိပ္ပံနည်းမကျသော နည်းလမ်းကြောင့် မဟုတ်ပါလား။

ဧည့်ခန်းထဲတွင် ဝါကျင့်ကျင့် နေရောင်ခြည်များ ဖြာကျနေပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက် ထဲတွင်လည်း လက်ဖက်ရည်ကြမ်းများက အညိုနုရောင် သန်းလျက် ရှိသည်။

နှပ်ချေးညှစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် တစ်ရှူးစကလေးများကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည့် အသံကလေးများက ခပ်စိပ်စိပ် ထွက်ပေါ်လာသည်။

ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသမီး၏ မျက်လုံးများမှာ မက်မွန်သီးကဲ့သို့ ဖောင်းအစ်နေပြီး မျက်ခွံနှစ်ထပ်မှာလည်း ထူထဲနေချေပြီ။ သူမသည် လက်နှစ်ဖက်ဖြင့် တစ်ရှူးကို ကိုင်ကာ နှာခေါင်းဝတွင် တေ့လျက် နှပ်ညှစ်နေပြီး နှာသံကြီးဖြင့် ဗလုံးဗထွေး ပြောလိုက်သည်။

"ရဲတွေက ပြောတာတော့ အဲဒီဂိုဏ်းက လီကျိုးမှာ မရှိတော့ဘဲ အခြားပြည်နယ်ကို ရောက်သွားလောက်ပြီတဲ့၊ သူတို့ရဲ့ စခန်းက နယ်စပ်နားမှာ ရှိနေနိုင်တယ်လို့ ခန့်မှန်းပြီး စုံစမ်းဖို့ အချိန်လိုသေးတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ကျွန်မသမီးလေးက ဘယ်လိုလုပ် စောင့်နိုင်မှာလဲ"

ထုံးထားသော ဆံပင်များကို ဖြည်ချလျက် သားရေကွင်းဖြင့်သာ စည်းထားရာ နဖူးပေါ်မှ ဆံပင်စလေး များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။ နဖူးပေါ်တွင် ချွေးစကလေးများ စို့နေပြီး ဆံပင်များနှင့် ကပ်နေရာ စွေ့လင်၏ ထံမှ ယဉ်ကျေးသိမ်မွေ့သော အငွေ့အသက်များကို မည်သို့မျှ ရှာမတွေ့နိုင်တော့ချေ။

ချီယာက သူမ၏ ကျောပြင်ကို ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။

"မကြောက်ပါနဲ့၊ ခုနက ဝမ်သိုက် ပြောပြတယ် မဟုတ်လား၊ မကြာသေးခင်ကမှ လူကုန်ကူး သူတွေလက်ထဲက ထွက်ပြေးလာတဲ့ ကလေးလေးတစ်ယောက်နဲ့ သူ ဆုံခဲ့တယ်တဲ့၊ အဲဒီကလေးက အသက် (၁၀) နှစ်ပဲ ရှိသေးတာ၊ (၆) လလောက် ပျောက်သွားတာတောင် ပြန်တွေ့သေးတာပဲ၊ တကယ်လို့ ဝေ့ဝေ့ကို ခိုးသွားတဲ့သူက အဲဒီကလေးကို ခိုးတဲ့သူနဲ့ တစ်ယောက်တည်း ဖြစ်နေမယ်ဆိုရင် ဝေးဝေးက အခုထိ လီကျိုးမှာပဲ ရှိနေဦးမှာပါ"

အသုံးပြုပြီးသား တစ်ရှူးများကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီးနောက် စွေ့လင်က ဝမ်သိုက် ကမ်းပေးသော တစ်ရှူးအသစ်ဖြင့် မျက်ရည်များကို သုတ်ကာ ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး… မဟုတ်ဘူး…… ယောကျာ်းလေးနဲ့ မိန်းကလေးက မတူဘူးလေ၊ အဲဒီကလေးက ပိုက်ဆံတောင်းခိုင်းဖို့ ခိုးခံရတာဆိုတော့ ပိုက်ဆံတောင်းပေးရုံပဲ၊ အဆိုးဆုံး ဖြစ်လှမှ သားသမီးမရှိတဲ့ အိမ်ကို ရောင်းစားခံရမှာပဲလေ၊ အဲဒီလိုဆိုရင်တော့ ဘဝက သိပ်မဆိုးလှပါဘူး"

"ဒါပေမဲ့ မိန်းကလေးကျတော့ မတူဘူးလေ၊ အထူးသဖြင့်… ကျွန်မရဲ့ ဝေ့ဝေ့က အသက် (၁၄) နှစ် ရှိနေပြီ၊ အဲဒီ တိရစ္ဆာန်တွေက ဘာတွေလုပ်ကြမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ကျွန်မ ကြောက်တယ်… သိပ်ကြောက်တာပဲ…… ကျွန်မသမီးလေးရဲ့ ဘဝကြီး ဒီလိုနဲ့ ပျက်စီးသွားမှာကို သိပ်ကြောက်တယ်"

စွေ့လင်မှာ နှုတ်ခမ်းကလေး တုန်ရီနေပြီး မည်သို့ နှစ်သိမ့်ရမည်ကို မသိတော့သဖြင့် ချီယာက ဝမ်သိုက်ဘက်သို့ အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ဝမ်သိုက်က သူမ၏ ပေါင်ပေါ်တွင် လက်နှစ်ဖက်ကို ယှက်တင်ထားရာမှ လက်ချောင်းလေးများကို ကစားနေခြင်းကို ရပ်တန့်လိုက်သည်။ သူမက ဘေးမှ မျက်ရည်များ ဝဲနေသော အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

"တကယ်တော့ ကွဲပြားခြားနားမှုက အဲဒီလိုကြီးတော့ မဟုတ်ပါဘူး၊ တချို့ အသက်ငယ်တဲ့ ယောကျာ်းလေးတွေကလည်း အန္တရာယ် ရှိတာပါပဲ၊ ရုပ်ရည်သန့်ပြန့်တဲ့ ယောကျာ်းလေးတွေက မိန်းကလေးတွေလိုပဲ အန္တရာယ် ကြုံနိုင်တာပါ”

“အထူးသဖြင့် ရုပ်ချောတဲ့ ကလေးလေးတွေဆိုရင် ကာမဂုဏ်ဆိုင်ရာ စော်ကားမှုတွေ ကြုံရနိုင်တဲ့ အန္တရာယ် ရှိပါတယ်၊ ကျွန်မ တွေ့ခဲ့တဲ့ ကလေးလေးကလည်း အတော်လေး ရုပ်ချောတာပဲ၊ ဒါပေမဲ့ သူ ကြုံတွေ့ခဲ့ရတာတွေကတော့ တော်သေးတယ် လို့ ပြောလို့ရတာပေါ့"

"အခုတော့ အခြေအနေကို သိပ်ဆိုးဆိုးရွားရွားကြီး မတွေးပါနဲ့ဦး၊ အဆိုးဆုံး အခြေအနေတွေကို မဖြစ်နိုင်ဘူးလို့ပဲ သတ်မှတ်ထားကြရအောင်လေ၊ ဒေါ်လေးက အဆိုးဆုံး ရလဒ်တွေကိုပဲ တွေးနေရင် ဝေ့ဝေ့ကို ပြန်တွေ့တဲ့ အချိန်မှာ ဒေါ်လေးက လူမမာ ဖြစ်နေလိမ့်မယ်၊ အဲဒီလိုဆိုရင် ဝေ့ဝေ့လည်း စိတ်မကောင်း ဖြစ်မှာပေါ့"

ဝမ်သိုက်က လက်ကို မြှောက်ကာ စွေ့လင်၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်လေးများကို သပ်ပေးလိုက်ပြီးနောက် သူမ၏ နီမြန်းဖောင်းအစ်နေသော မျက်ဝန်းများကို စေ့စေ့ကြည့်လိုက်သည်။

ယှက်ထားသော လက်များကို ဖြည်လိုက်ပြီး ဝမ်သိုက်က သူမ၏ လက်ကို လှမ်းအုပ်ကိုင်လိုက်သည်။ နွေးထွေးသော လက်ဖဝါးဖြင့် စွေ့လင်၏ အေးစက်နေသော လက်ချောင်းလေးများကို ဆုပ်ကိုင်ထားပြီး သူမ၏ မျက်ဝန်းများထဲတွင် ယုံကြည်ချက်များ ပြည့်နှက်နေသည်။

"သူမ ဘယ်မှာ ရှိနေသလဲဆိုတာကို သိရဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားပေးပါ့မယ်၊ ရလာတဲ့ သတင်းတွေကိုလည်း ရဲတွေဆီ ပေးပို့မှာပါ"

ဓာတ်ပုံပေါ်သို့ အလင်းတန်းများ ကျရောက်နေပြီး တောက်ပနေသော ထိုဓာတ်ပုံထဲတွင် မက်မွန်ပန်း လေးကဲ့သို့ ပြုံးနေသည့် မိန်းကလေးတစ်ဦး၏ ပုံရိပ် ရှိနေသည်။ ပျိုဖော် ဝင်စအရွယ်၏ နုနယ်သော မျက်နှာလေးသည် လှပသော မျက်နှာအစိတ်အပိုင်းလေးများဖြင့် ပေါင်းစပ်ထားသည်။ ဓာတ်ပုံထဲတွင် သူမသည် နေရောင်အောက်တွင် ရပ်နေပြီး တောက်ပမှုများက မြင်သာထင်သာ ရှိလှသည်။

သို့သော် ယခုအချိန်တွင်မူ သူမ၏ တောက်ပမှုများကို လုယူခံလိုက်ရချေပြီ။

လက်ထဲမှ ဓာတ်ပုံကို ကိုင်ကာ ခရီးအတော်ဝေးဝေးကို လမ်းလျှောက်လာခဲ့ပြီးနောက် ဝမ်သိုက်သည် လယ်ကွင်းများကြားရှိ ကွန်ကရစ်လမ်းမပေါ်တွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။

သူမက ဘယ်ညာ ဝေ့ကြည့်လိုက်ရာ အရင်ဆုံး မြင်လိုက်ရသည်မှာ စပါးခင်းများ ဖြစ်ပြီး ဝေးကွာသော နေရာတွင်မူ စိမ်းစိုနေသော တောအုပ်ကြီး ရှိနေသည်။

နွားအုပ်အချိုမှာ လမ်းဘေးတွင် လျှောက်လှမ်းနေကြပြီး တစ်ခါတစ်ရံတွင် သုံးဘီးဆိုင်ကယ် စီးလာသော လယ်သမားအချိုမှာ ရှေ့မှ ရွာဆီသို မောင်းနှင်သွားကြသည်။

ဆရာဖြစ်သူ၏ စကားသံမှာ စိတ်ထဲမှ မဟုတ်ဘဲ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာသည်။

"နင် ဒါကို လက်လျှော့လိုက်စမ်းပါ၊ အရင်ကတည်းက အရှေ့အနောက် တောင်မြောက်ကိုတောင် ဝေခွဲမရတဲ့သူက ဘာလို ကိုယ်နဲ့မဆိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပုခုံးပေါ် တင်နေရတာလဲ၊ ကိုယ်နဲ့ မဆိုင်တဲ့ တာဝန်တွေကို ထမ်းပြီး လျှောက်ရှာနေတာ၊ နင် မပင်ပန်းရင်တောင် ငါက နင့်ကိုယ်စား ပင်ပန်းနေပြီ"

"ရှင်တိုက သူမ ရှိတဲ့ တည်နေရာကို တိုက်ရိုက် ပြောပြလိုက်ရင် ကျွန်မလည်း မပင်ပန်းတော့ဘူး မဟုတ်လား"

ဖုန်းအား ငါးဆယ်ရာခိုင်နှုန်းကျော် ကျန်နေသော ဖုန်းကို ကိုင်လျက် ဝမ်သိုက်က ဖုန်းထဲမှ မြေပုံကို ကြည့်ကာ လမ်းကြောင်း ရှာနေသည်။ သူမက အားပြတ်ပြီး လဲကျတော့မည့် ခြေထောက်များကို အတင်းအားတင်းကာ ရှေ့သို ဆက်လျှောက်နေသည်။

အစောင့်အရှောက်များကမူ သူမအား ဆက်လက် ဖျောင်းဖျနေဆဲ ဖြစ်သည်။

"လျှိဝှက်ချက်ကို ထုတ်မပြောရဘူးလို ငါတို ပြောပြီးပြီလေ၊ ဒီကိစ္စက နင့်နဲ့ ဘာမှမဆိုင်ဘူး၊ နင်က ဘာလို ဇွတ်ဝင်ပါနေရတာလဲ၊ ဘာအကျိုးရှိမှာမိုလိုလဲ၊ နင့်ရဲ့ ကံကြမ္မာဟောခလေး အတွက်လား၊ မထိုက်တန်ပါဘူး"

"တကယ်လို နင် ရှာတွေ့သွားတယ်ပဲ ထားဦး၊ နင်ကကော အဲဒီကနေ လွတ်အောင် ပြေးနိုင်မယ် ထင်နေသလား၊ မှန်ထဲမှာ နင့်မျက်နှာကို ပြန်ကြည့်ဦး၊ နင်ကလည်း လူကုန်ကူးသူတွေ သဘောကျမယ့် အမျိုးအစားပဲဆိုတာ သိရဲ့လား"

နွေးထွေးသော လေနုအေးက ပါးပြင်ကို ဖြတ်တိုက်သွားပြီး စည်းထားသော ဆံပင်စလေးများက တစ်ခါတစ်ရံတွင် ဝမ်သိုက်၏ မျက်နှာကို လာမှန်တတ်သည်။

ကောင်းကင်ယံရှိ တောက်ပနေသော နေမင်းကြီး၏ အလင်းရောင်အောက်တွင် သူမ၏ မျက်လုံးများမှာ သိပ်မဖွင့်နိုင်တော့ချေ။

"ကျွန်မ အမြဲတမ်း ခံယူထားတာကတော့ ကျွန်မ တစ်ခုခု လုပ်လိုက်ပြီ ဆိုရင် အဲဒီကိစ္စဟာ ကျွန်မနဲ့ ဆိုင်သွားပြီ ဆိုတာပဲ၊ ကျွန်မ ဘယ်လိုကိစ္စမျိုးနဲ့ ကြုံရမလဲဆိုတာက အဲဒီကိစ္စရဲ့ နိဂုံးပဲလေ၊ တကယ်လို အဲဒီနိဂုံးက ကျွန်မ ဘဝရဲ့ နိဂုံး ဖြစ်သွားမယ် ဆိုရင်တောင် ဂိမ်းတစ်ခုမှာ ရနိုင်တဲ့ နိဂုံးပေါင်းများစွာထဲက တစ်ခုလိုပဲ သတ်မှတ်လိုက်မယ်၊ ကျွန်မ ရွေးချယ်ခဲ့တဲ့ လမ်းအတွက် ကျွန်မ နောင်တမရဘူး"

"ကျွန်မ ဆုံးဖြတ်ချက်အတွက်လည်း နောင်တမရဘူး၊ လျှောက်လှမ်းနေတာကိုလည်း နောင်တမရဘူး"

သူမ၏ အစောင့်အရှောက်များမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အတော်ကြာမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။

"လျှိဝှက်ချက်ကို တကယ်ပဲ ထုတ်ပြောလို မရဘူး၊ ငါတိုလည်း နင့်ကို သတင်းအချက်အလက်တွေ မပေးနိုင်ဘူး၊ ဒါပေမဲ့ နင် နောက်ပိုင်းမှာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကိုတော့ ငါတို တတ်နိုင်သမျှ ကာကွယ်ပေးပါ့မယ်၊ နင်က ငါတို လက်ပေါ်မှာ ကြီးပြင်းလာတဲ့ ကလေးပဲ၊ ငါတို နင့်ကို မသနားဘဲ မနေနိုင်ပါဘူး၊ ပစ်လည်း မထားနိုင်ဘူး"

အသံမှာ အတော်လေး လေးလံနေပြီး ဝမ်သိုက်က စိတ်ထဲမှနေ၍ ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။

All Chapters