← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

🍏 Chapter 121

စုဝေးနေသော နွားအုပ်ကလေးကို ဖြတ်ကျော်ပြီးနောက် ခေါင်းထဲတွင် မူးနောက်နေသော ဝမ်သိုက်က ခြေလှမ်းများကို ရပ်လိုက်သည်။

သူမက ခါးကို လက်တစ်ဖက်ဖြင့် ထောက်ကာ ဘေးနားရှိ နွားတစ်ကောင်ကို လှည့်ကြည့်လိုက်ပြီး ထိုနွား၏ မျက်လုံးအစုံကို စိုက်ကြည့်လိုက်သည်။

သူမဆင်ခြင်တုံတရားက အနားယူနေသည့်အလား သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် နွားနှင့် စတင် စကားပြောတော့သည်။

"နင့်မျက်လုံးတွေက သိပ်ကြည်တာပဲ၊ နင့်ရဲ့ သခင်က လူကောင်းတစ်ယောက် ဖြစ်မှာ သေချာတယ်၊ ငါ့ကို အိမ်အထိ လိုက်ပိုပေးလို ရမလား"

အစောင့်အရှောက်များ၏ အကူအညီ မပါသော်လည်း သူမတွင် ပင်ကိုယ်ပါလာသော အာရုံခံစားမှုက ရှိနေဆဲ ဖြစ်သည်။

ကံမကောင်းသည်မှာ ထိုနွားအုပ်ထဲမှ တစ်ကောင်မျှ သူမကို ဂရုမစိုက်ကြချေ။

"နွားတွေကလည်း အေးစက်စက်နိုင်လိုက်တာ" ဟု ဗလုံးဗထွေး ညည်းတွားလိုက်ပြီးနောက် အမောဖြေပြီးသော ဝမ်သိုက်မှာ ရှေ့သို ဆက်လျှောက်သည်။ ကျောပိုးအိတ်မှာ သူမ ကျောကို လာရိုက်နေသဖြင့် ညောင်းညာနေသော ပုခုံးကို လှုပ်ရှားလိုက်သည်။

လမ်း၏အဆုံးသို့ ရောက်သောအခါ ဝမ်သိုက်သည် (၆၀) ဒီဂရီခန့် စောင်းနေသော ကုန်းတက်ကြီးကို ရင်ဆိုင်ရတော့သည်။ သူမသည် အသက်ကို ပြင်းပြင်းရှူကာ ကျောပိုးအိတ်ကြိုးကို တင်းတင်းဆုပ်ပြီး ရှေ့သို ပြေးတက်လိုက်သော်လည်း မအောင်မြင်ချေ။

ပြေးတက်တာ မြန်သွားသဖြင့် ခြေချော်ကာ အောက်သို ပြန်လျှောကျသွားရာ ဒူးခေါင်းပင် ပွန်းသွားလုနီးပါး ဖြစ်သွားသည်။

ကုန်းပေါ်သို ခက်ခဲစွာ တက်လာပြီးနောက် လမ်းဘေးရှိ ကောင်းကင်သို ထိုးတက်နေသော သစ်ပင်ကြီးကို မော့ကြည့်လိုက်ပြီး သစ်ရိပ်အောက်တွင် ခဏရပ်ကာ လမ်းဘေးရှိ ဝါးရုံတန်းကို ကြည့်လိုက်သည်။

သူမက မျက်တောင်လေးများ မှိတ်လျက် ခဏမျှ စဉ်းစားပြီးနောက် ဝါးရုံရှေ့သို့ သွားလိုက်သည်။

မြေပြင်ပေါ်သို့ ကြွေကျနေသော သစ်ရွက်သုံးရွက်ကို ကောက်ယူကာ 'ယင်' နှင့် 'ယန်' ကို သတ်မှတ်လိုက်ပြီးနောက် လွတ်နေသော နေရာတစ်ခုတွင် ထိုသစ်ရွက် သုံးရွက်ကို ပစ်လိုက်သည်။ ထို့နောက် မြေပေါ်သို့ ကျသွားသော အနေအထားကို ကြည့်ကာ မှတ်သားထားပြီး ယင်းကဲ့သို့ ခြောက်ကြိမ်တိုင်တိုင် ပြုလုပ်လိုက်သည်။

သူမသည် သစ်ပင်အောက်သို့ ပြန်လာကာ ကျိုးနေသော သစ်ကိုင်းကလေး တစ်ခုကို ကောက်ယူပြီး မြေကြီးပေါ်တွင် သူမ မှတ်ထားသော အကွက်များကို အောက်မှ အထက်သို့ စီတန်းကာ ရေးဆွဲလိုက်သည်။

"ကျွန်းကွက်ပါလား…"

မျက်မှောင်ကြုတ်သွားသော ဝမ်သိုက်က ဗေဒင်၏ အဓိက အစိတ်အပိုင်းများကို ရှာဖွေလိုက်သည်။ သူမက အောက်နှုတ်ခမ်းကို မသိမသာ ကိုက်လျက် ဗလုံးဗထွေး ရေရွတ်နေသည်။

"ကိုယ့်အကွက်က အားကောင်းတယ်၊ ငါ ဘာမှမဖြစ်ဘူး၊ လက်ရှိ တည်နေရာကလည်း မမှားဘူး… ဒါပေမဲ့ (၆-၂) က ကျပ်တည်းနေတဲ့ သဘော၊ မြင်းစီးလာပေမဲ့ ရှေ့ဆက်မရဘဲ လှည့်ပတ်နေရသလိုပဲ”

“ရန်သူ မဟုတ်ရင်တော့ အိမ်ထောင်ဘက်ဖြစ်လိမ့်မယ်၊ မိန်းကလေးက အိမ်ထောင်မပြုသေးဘူး၊ ဆယ်နှစ်ကြာမှ ပြုလိမ့်မယ်၊ (၉-၅) ကျတော့… အဆီအသားတွေ စုနေတာ၊ သေးငယ်ရင် ကံကောင်းမယ်၊ ကြီးမားရင်တော့ အန္တရာယ်ရှိတယ်၊ အမလေး"

လက်ထဲမှ သစ်ကိုင်းကလေးကို ပစ်ချလိုက်ပြီး ဝမ်သိုက်က သူမ နဖူးကို လက်ဖြင့် ရိုက်လိုက်ကာ ရှေ့သို့ မျှော်ကြည့်လိုက်သည်။

ကုန်းအောက်တွင် ရွာငယ်ကလေး တစ်ရွာ ရှိနေပြီး လမ်း၏တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ အခု သူမက ကုန်းပေါ်သို့ ရောက်နေပြီ ဖြစ်သလို လက်ရှိ လမ်းကြောင်းမှာလည်း မမှားကြောင်း အတည်ပြုနိုင်သဖြင့် ရှေ့သို့ ဆက်လျှောက်ရဦးမည် ဖြစ်သည်။

သို့သော် ကံဆိုးသည်မှာ ဟောကိန်းအရ အန္တရာယ်ရှိနေခြင်းပင်… ဗေဒင်အရ ဆိုလျှင် သူမသည် အကူအညီ တောင်းရမည်ဖြစ်ပြီး ထိုအကူအညီပေးမည့်သူမှာလည်း ဤနေရာကို ကောင်းကောင်း သိကျွမ်းသူဖြစ်ရပေမည်။

လမ်းဘေး ဝဲယာတွင် မြက်နုလေးများ ပေါက်နေသော မြေကုန်းများ ရှိပြီး ထိုမြေကုန်းများ ပေါ်တွင်လည်း အမည်မသိ သစ်ပင်ကြီးများ စိမ်းစိုစွာပေါက်ရောက်နေကြသည်။

ရှေ့သို့ မျှော်ကြည့်လိုက်ရာ ကီလိုမီတာ အနည်းငယ် အကွာအဝေးရှိ တောအုပ်ကြီး ရှေ့တွင် ရွာတစ်ရွာကို တွေ့လိုက်ရသည်။ ထိုရွာမှာ သူမ ရောက်နေသော အမြင့်နှင့် ပိုမြင့်သော နေရာတွင် ရှိနေသဖြင့် ထိုနေရာသို့ ရောက်ရန် တောင်တက်ရဦးမည် ဖြစ်ကြောင်း သိသာလှသည်။ ဝေးလံသော နေရာမှ အိမ်ကလေးများသည် မျက်လုံး ဝေဝါးလာသည့်အခါတွင်တော့ ပုံရိပ်လွှာကလေးများအဖြစ် ပြောင်းလဲသွားတော့သည်။

သေချာသလောက်ကတော့ သူမ သွားရမည့် နေရာမှာ ထိုဘက်မှာပင် ဖြစ်သည်။ အကူအညီ မပါဘဲ ထိုနေရာသို့ သွားမည်ဆိုလျှင် သူမ၏ ခြေထောက် နှစ်ဖက်လုံး ကျိုးသွားနိုင်ပေသည်။

‘ဒါပေမဲ့ ဘယ်သူ့ကို အကူအညီ တောင်းရမလဲ’

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဝမ်သိုက်၏ ဘေးတွင် ကောင်းကင်ပြာ၊ မြေပြင်နီနှင့် စိမ်းစိုသော သစ်ပင်များသာ ရှိသည်။

ဗေဒင်ကွက်အရ ပြင်ပမှ အကူအညီက သုံးမရကြောင်းပြနေသည်။ ထို့အပြင် ချန်စစ်ကျယ်မှာလည်း အလုပ်များနေသဖြင့် တစ်နာရီလျှင် ရှစ်ထောင်ပေးရသော ထိုရှေ့နေကြီး၏ အိတ်ထဲသို့ သူမ၏ ပိုက်ဆံများကို ထည့်ပေးရန် ဝန်လေးနေမိသည်။

ဝမ်သိုက် အားတင်းကာ ထရပ်လိုက်သည်။ အချိန်အတော်ကြာ အားအင် သုံးစွဲထားရသဖြင့် ရပ်နေရင်းမှပင် မူးနောက်လာကာ မျက်စိထဲတွင် ခရမ်းရောင်၊ အစိမ်းရောင် ပုံရိပ်များဝေဝါးလာသည်။

သူမက နောက်သို့ နှစ်လှမ်းခန့် ဆုတ်ကာ သစ်ပင်ကို ကျောမှီလိုက်ပြီး မြေကြီးကို ခြေထောက်ဖြင့် ပွတ်ရင်း ညည်းတွားလိုက်သည်။

"မြေစောင့်နတ်မင်းကြီး ရှိလား၊ ကူညီပါဦးရှင်၊ Help "

တိုးတိတ်သော ရေရွတ်သံကလေးမှာ 'ကျွီ… ကျွီ…' ဟူသော အသံအောက်တွင် ပျောက်ကွယ်သွားရာ ဝမ်သိုက်က အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

လမ်းဘေးမှ မကြည့်လျှင် မမြင်နိုင်သော ထိုကုန်းတက်ကြီးပေါ်သို့ သံချေးတက်နေသော သုံးဘီးဆို င်ကယ် တစ်စီးတက်လာချေပြီ။ ဆိုင်ကယ်မောင်းလာသော အန်တီကြီးမှာ အညိုရောင် သိုးမွေး အင်္ကျီကို ဝတ်ဆင်ထားပြီး အနက်ရောင် ဘောင်းဘီအောက်မှ ခြေထောက်တစ်ဖက်ကို ဘေးသို့ ထုတ်ထားသည်။ ခြေထောက်မှ အဝတ်ဖိနပ်တွင် ရွှံ့အချို့ ပေကျံနေပြီး မြေကြီးကို တစ်ချက်ချင်း ကန်ကျောက်ကာ မောင်းနှင်လာခြင်း ဖြစ်သည်။

သုံးဘီးဆိုင်ကယ် နောက်မှ ဖြည်းဖြည်းချင်း ပေါ်လာသည်မှာ ဝမ်သိုက်ကို ဂရုမစိုက်ခဲ့ကြသော ထိုနွားအုပ်ကလေးများပင်။

'ကျွီ… ကျွီ…' ဟူသော အသံနှင့်အတူ အန်တီကြီးက ဆိုင်ကယ်ကို သစ်ပင်ကြီးရှေ့တွင် ရပ်လိုက်သည်။ သားရေကွင်းဖြင့် စည်းထားသော ဆံပင်များမှာ သူမက ဝမ်သိုက်ဘက်သို့ လှည့်ကြည့် လိုက် သည့်အခါတွင် လှုပ်ခါသွားသည်။ မြေနီရောင်နှင့် တူသော သူမ၏ မျက်နှာအသားအရေမှာ နေရောင်အောက်တွင် ဆီဝေ့နေသကဲ့သို့ တောက်ပနေသည်။

သူမက မျက်မှောင်ကြုတ်ကာ မျက်လုံးများကို မှေးလျက် ဝမ်သိုက်ကို အကဲခတ်ပြီး ဒေသန္တရ လေသံဖြင့် မေးလိုက်သည်။

"ညည်း ဘယ်သွားမလို့လဲ"

ဝမ်သိုက်မှာမူ ကြောင်အမ်းအမ်းဖြင့်သာ ရှိနေဆဲဖြစ်သည်။

ရှေ့မှ အန်တီကြီးမှာ လက်နှစ်ဖက်ဖြင့် ဆိုင်ကယ်လက်ကိုင်ကို ကိုင်ထားပြီး ဝမ်သိုက်ကို စကားပြောရန် ရပ်လိုက်သည့်အခါတွင် လက်ဝဲဘက်လက်ကို လွှတ်ချထားသည်။ မြေကြီးပေါ်တွင် ထောက်ထားသော ခြေထောက်မှာလည်း အပြင်ဘက်သို ကားထွက်နေသည်။

ထိုသိုသော သဘာဝကျလှသည့် အမူအရာများကြောင့် ဝမ်သိုက်မှာ ဤအန်တီကြီးကို ကျေးလက် ဗားရှင်း အမှုဆောင်အရာရှိချုပ် တစ်ယောက်အလား၊ မဟုတ်သေးပါ၊ ဒါဟာ ဥက္ကဋ္ဌ အဆင့်အတန်းမျိုးပဲဟု ထင်မှတ်သွားမိသည်။

ဘာပဲဖြစ်ဖြစ် ထိုသို ကယ်တင်ရှင်ပေါ်လာသည့် ခံစားချက်မှာ စကားဖြင့် ဖော်ပြရန် ခက်လှပေသည်။

သူမက ကမန်းကတန်း မတ်မတ်ရပ်လိုက်ပြီး အန်တီကြီးရှေ့သို နှစ်လှမ်းခန့် တိုးသွားကာ အခက်တွေ့နေသည့် အမူအရာကို လုပ်ပြလိုက်သည်။ မေးကလေးကို ငုံလျက် မျက်နှာကို ဘေးသို အနည်းငယ် စောင်းကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒါက ပြောရရင် အရှည်ကြီးပဲ၊ စကားနှစ်ခွန်း သုံးခွန်းနဲ့ပြောရခက်ပါတယ်၊ တကယ်တော့ ကျွန်မက…"

ပြင်ဆင်ထားသော သနားစရာ ဇာတ်လမ်းများကို မပြောရသေးခင်မှာပင် အခြားသော ဇာတ်ဆောင်က ကန့်ကွက်လိုက်သည်။

အန်တီကြီးက လက်နှစ်ဖက်လုံးကို လက်ကိုင်မှ လွှတ်လိုက်ပြီး သူမကို ကြည့်ကာ ခေတ်မီစွာဖြင့် 'ရပ်' (Stop) ဟူသော လက်ဟန်ကို လုပ်ပြလိုက်သည်။ ထိုနောက် မပီမသ လေသံဖြင့် အော်လိုက်သည်မှာ

"စတော့ပ်"

အဲဒီအမူအရာက ပိုပြီးတော့တောင် ဩဇာရှိနေသလိုပဲ… ဝမ်သိုက်ကတော့ သူမ ကိုယ်သူမ အခုထိ အိပ်မက်မက်နေတုန်းလားဟု ထင်နေမိသည်။

သုံးဘီးဆိုင်ကယ်နောက်မှ နွားအုပ်မှာလည်း အလွန်ပင် လိမ္မာပါးနပ်ပြီး လူစကားကို နားလည်ကြသည်။ နိုင်ငံခြားဘာသာစကားကိုတောင် သိနေကြသလား မသိချေ။

လမ်းဘေးတွင် ဟိုဟိုဒီဒီလျှောက်သွားနေသော နွားကလေးများမှာ မြက်ခင်းထဲမှ ခေါင်းကို ပြန်ဖော်ကာ နွားအုပ်ထဲသို ငြိမ်သက်စွာ ပြန်ဝင်သွားကြသည်။

"အရှည်ကြီး ပြောရမယ်ဆိုရင်လည်း မပြောနဲ့တော့၊ နေပူထဲမှာ ဒီအတိုင်းကြီး ရပ်ပြောနေမှာလား၊ ညည်းလို ရုပ်ရည်လေး သန့်သန့်ပြန့်ပြန့်နဲ့ မိန်းကလေးက ဘာလို ဒီလောက်တုံးနေရတာလဲ"

အန်တီကြီးက လက်ကိုင်ကို ပြန်ကိုင်လိုက်သည်။သူမက ဆိုင်ကယ်နောက်ဘက်သို မေးထိုးပြကာ ရဲရင့်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

"တက်ခဲ့၊ ငါတိုအိမ် ခဏလိုက်ခဲ့၊ အဲဒီကျမှ ဖြည်းဖြည်းချင်း ပြောပေါ့၊ ငါ ကူညီနိုင်တာ ရှိရင် အကုန် ကူညီပေးမယ်"

ရင်းနှီးမှုကို ပေးစွမ်းနိုင်သော ထိုဒေသန္တရ လေသံကြောင့် ဝမ်သိုက်သည် ကောင်းကင်ဘုံကို တစ်ဖန် ပြန်လည် ချီးကျူးမိပြန်သည်။ အစက ဗေဒင်တွက်လိုက်တော့ ကယ်တင်ရှင် လိုအပ်ကြောင်း ပြနေပြီး ထိုသူကလည်း သူမကို လက်ခံသူ ဖြစ်ရမည်ဟု ဆိုထားရာ ယခုတွင်မူ ဒေသခံ တစ်ဦးနှင့် ကွက်တိ ဆုံတွေ့ရချေပြီ။ တကယ်ကို အချိတ်အဆက် မိလှပေသည်။

သူမက လက်ကို မြှောက်ကာ ရင်ဘတ်ကို တစ်ချက် ပုတ်လိုက်ပြီး အန်တီကြီးကို ဦးညွှတ်လျက် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အန်တီ"

ထိုနောက် သူမက ဆိုင်ကယ်နောက်ဘက်သို ပတ်သွားကာ ဘေးမှ အကာအရံများကို ဖွင့်လိုက်ပြီး ဆိုင်ကယ်ပေါ်သို တက်လိုက်သည်။

အန်တီကြီးက လူတက်လာသည်ကို သိရှိသွားသည့်အလား အသံကို မြှင့်ကာ မေးလိုက်သည်။

"ရပြီလား"

အကာအရံများကိုပြန်လည် ပိတ်လိုက်သော ဝမ်သိုက်က "ရပါပြီရှင်" ဟု ပြန်ထူးလိုက်သည်။

All Chapters