အခန်း ၁၂၅
Vol. 13 Ch. 125
🍏 Chapter 125
"ကဲ၊ အမြန်လိမ်းလိုက်၊ ငါ ညည်းကို တစ်နာရီစောပြီး နှိုးလိုက်တာ၊ ငါ့သမီး ပြောတာတော့ မိတ်ကပ်လိမ်းရင် အကြာကြီး ကြာတတ်တယ်ဆိုလို့လေ၊အရင်က သူမ ငါ့ကို မိတ်ကပ်လိမ်းပေး တုန်းကဆိုရင် ထိုင်နေရတာ ဖင်တောင် နာတယ်"
အစက "ဝါကျင့်ကျင့်" ဆိုတာကို ဝမ်သိုက်က သဘောမပေါက်သော်လည်း ဘူးထဲက အရောင်ကို မြင်လိုက်ရသည့်အခါတွင်တော့ မျက်မှောင်ကြုတ်သွားမိသည်။
အညိုရောင်လည်း မဟုတ်၊ အဝါရောင်ကလည်း တစ်မျိုးပဲ… ကြည့်ရတာ မြေကြီးနဲ့ သစ်ခွံအရောင် ရောထားသလိုမျိုးပင်။
သူမက ဝါးကုတင်ပေါ်တွင် ထိုင်ကာ မှန်ထဲကြည့်ရင်း အန်တီကြီး ကူညီပေးသည့်အတိုင်း မိတ်ကပ်လိမ်းတော့သည်။
ဝမ်သိုက်သည် နေကာခရင်မ် လိမ်းပြီးမှ ထို ဝါကျင့်ကျင့် ဖောင်ဒေးရှင်းကို လိမ်းလိုက်သည်။
မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အသွင်ပြောင်းသွားတာကို ကြည့်ရတဲ့ ခံစားချက်က ပြောမပြ တတ်အောင်ပဲ။ အရင်က ဖြူဝင်းနေတဲ့ အသားအရည်က အခုတော့ ရွှံ့ပုတ်ရောင် ဖြစ်သွားပြီး မျက်နှာ အစိတ်အပိုင်းတွေကလည်း သိပ်မပေါ်လွင်တော့ချေ။
သူမက အခုတော့ အာဖရိကက ရောက်လာတဲ့ ဒုက္ခသည်တစ်ယောက်နဲ့ တူနေပြီ။ မဟုတ်သေးဘူး၊ ဒီပုံစံနဲ့ဆိုရင် နတ်ဆရာမကြီး တစ်ယောက်နဲ့ ပိုတူသည်။
အန်တီကြီး က သူမကို ပိုပြီး ရုပ်ဖျက်ပြီးသားဖြစ်အောင် အိတ်ထဲမှ ပန်းပွင့်လေးတွေပါတဲ့ ခေါင်းစည်းပုဝါ တစ်ခုကို ထုတ်လိုက်သည်။
သူမက ဝမ်သိုက်၏ ဆံပင်ရှည်များကို စုထုံးပေးပြီး ကလစ်ဖြင့် ညှပ်ကာ ထိုပုဝါဖြင့် စည်းပေးလိုက်သည်။
မှန်ထဲက ပုံရိပ်ကို ကြည့်ရင်း ဝမ်သိုက်မှာ နှုတ်ခမ်းကလေး တုန်ရီလာသည်။
ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ဟားတိုက် ရယ်မောလိုက်သည့်အခါ ဖြူဖွေးသော သွားများက ပေါ်လာသည်။ အစိမ်းရင့်ရောင် ပုဝါအောက်က ဝါကျင့်ကျင့် မျက်နှာက သွားဖြူဖြူတွေကြောင့် ပိုပြီးတော့တောင် မည်းသလိုလို ဝါသလိုလို ဖြစ်နေတော့သည်။
အန်တီကြီး က နောက်သို့ ဆုတ်ကာ ဝမ်သိုက် ရယ်နေတာကို ကြည့်ပြီး
"ကောင်မလေး၊ ညည်းမှာ စိတ်ရောဂါ တစ်ခုခု ရှိနေတာတော့ မဟုတ်ဘူး မဟုတ်လား၊ ငါက တခြားသဘောနဲ့ မေးတာ မဟုတ်ပါဘူး၊ ညည်း ရယ်နေတာ ကြည့်ရတာ နည်းနည်း ကြောက်ဖို့ ကောင်းလို့"
ရယ်လွန်းလို့ ဗိုက်တွေတောင် နာလာသော ဝမ်သိုက်က သူမ၏ ဗိုက်ကို နှိပ်ကာ ထရပ်လိုက်ပြီး အဘွားကြီးကို သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ကိုယ့်ကိုကိုယ် ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးလို့ ထူးဆန်းလို့ပါ"
ထိုအချိန်တွင် ဦးလေးကြီးက အိတ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ရင်း
"ဒါတွေကို ယူသွားရင် ဘယ်လိုလဲ၊ အိမ်မှာ နှစ်သစ်ကူးတုန်းက ကျန်ခဲ့တဲ့ လက်ဆောင်တွေ ရှိသေးတယ်၊ ဒီနို့ဘူးတွေကို မင်းအဖေနဲ့ အမေအတွက် ပေးလိုက်…"
သူက စကားပြောရင်း ခေါင်းမော့လိုက်ရာ ဝမ်သိုက်၏ မျက်နှာကို မြင်လိုက်ရသည့်အခါတွင်တော့ လက်ထဲမှ နို့ဘူးများ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
အဖြူရောင် မီးရောင်အောက်တွင် ထို ထူးထူးဆန်းဆန်း ဝါနေသော မျက်နှာနှင့် တောက်ပနေသော မျက်လုံးအစုံ၊ သွားဖြူဖြူကြီးများ…
ရုပ်ဆိုးတာတော့ မဟုတ်ပေမဲ့၊ အရင်က ပုံစံကို မြင်ဖူးထားပြီးမှ အခုလို တွေ့လိုက်ရတော့…။
ဦးလေးကြီးက ရင်ဘတ်ကို ပုတ်ကာ
"ငါ့မှာ နှလုံးရောဂါ မရှိလို့ တော်သေးတာပေါ့… မိတ်ကပ်လိမ်းတာဟာ မှော်အတတ်ပဲလို့ ပြောကြတာ မမှားဘူး၊ ညည်းက လူတစ်ယောက်လုံး ပြောင်းသွားတာပဲ"
"ဒီလိုမှ သူများတွေ သတိမထားမိမှာလေ၊ အားလုံးက ကျွန်မရဲ့ လက်ရာတွေပဲ" ဟု အန်တီကြီး က ပြောကာ နို့ဘူးများကို ကောက်ယူပြီး သူတို့နှစ်ဦးကို အပြင်သို့ ခေါ်ထုတ်သွားသည်။
သုံးဘီးဆိုင်ကယ်လေးပေါ်တွင် ဦးလေးကြီးနှင့် အန်တီကြီး က ရှေ့တွင် ယှဉ်ထိုင်ကြပြီး ဝမ်သိုက်ကတော့ နောက်ဘက်တွင် လက်ဆောင်ပစ္စည်းများနှင့်အတူ ထိုင်လိုက်သည်။
ဝမ်သိုက်က ဖုန်းကို ထုတ်ကာ အနီးအနား ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်လိုက်သည်။
လမ်းဘေးတွင် လယ်ကွင်းများ ရှိပြီး ရှေ့သို့ မျှော်ကြည့်လိုက်လျှင် တောအုပ်ကြီးကို မြင်ရသည်။ တောင်ခါးပန်းပေါ်တွင် ရွာငယ်လေးများ ပြန့်ကျဲနေသည်ကိုလည်း တွေ့ရသည်။
ဓာတ်ပုံအားလုံးကို သူမက ချိုက်ချီ ဆီသို့ ပေးပို့လိုက်သည်။ အခုက မနက် ၁ နာရီကျော်ပဲ ရှိသေးသော်လည်း နောက်ပိုင်းတွင် အခွင့်အရေး မရတော့မှာ စိုးသဖြင့် အမြန်ပို့ထားလိုက်ခြင်း ဖြစ်သည်။
ဆိုင်ကယ်က တောင်ခြေသို့ ရောက်သည့်အခါ ဝမ်သိုက်က တည်နေရာကို ထပ်ပို့လိုက်သည်။ ထို့နောက် ဖုန်းပိတ်တော့မည့် အချိန်တွင် စနောက်ချင်စိတ် ပေါ်လာသည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် Selfie တစ်ပုံ ရိုက်လိုက်သည်။ ပါးစပ်ကို အစွမ်းကုန် ဖြဲကာ ရယ်ပြထားပြီး ထိုပုံကို ချိုက်ချီနှင့် ချန်စစ်ကျယ်ဆီသို့ ပေးပို့လိုက်သည်။
ချိုက်ချီဆီကိုတော့ သူမက ရုပ်ဖျက်ထားသည့်အကြောင်း သတင်းပို့ခြင်း ဖြစ်သည်။
ချန်စစ်ကျယ်ဆီ ပို့တာကတော့ ရိုးရှင်းပါသည်။ သူ့ကို ခြောက်ချင်ရုံသက်သက်ပင်။ ထို့ကြောင့် ဓာတ်ပုံမှလွဲ၍ ဘာစာမှ မရေးလိုက်ချေ။
အိပ်ရာနိုးနိုးချင်း အချိန်မှာ ဒီဓာတ်ပုံကို မြင်ရမည့် ချန်စစ်ကျယ်၏ မျက်နှာကို တွေးကြည့်ကာ ဝမ်သိုက်သည် နောက်ဘက်တွင် တစ်ယောက်တည်း ပြုံးပျော်နေတော့သည်။
ဦးလေးကြီး ဆိုင်ကယ်မောင်းနေစဉ် အန်တီကြီးက ဝမ်သိုက်၏ ရယ်သံကို ကြားသဖြင့် လှည့်ကြည့်ကာ "ဘာတွေ ဒီလောက်တောင် ပျော်နေတာလဲ၊ ရည်းစားကို လွမ်းနေတာလား" ဟု စနောက်လိုက် လေသည်။
"ရည်းစား" ဆိုသည့် စကားလုံးက ဝမ်သိုက်၏ ရယ်သံကို ချက်ချင်းပင် ရပ်တန့်သွားစေသည်။
သူမ၏ အမူအရာ ပြောင်းလဲသွားပုံမှာ ပြဇာတ်ကျောင်းက စာမေးပွဲတွင် အမှတ်ပြည့်ရနိုင် လောက်အောင်ပင် မြန်ဆန်လှသည်။ သူမက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဝန်ခံရန် စဉ်းစားခြင်းပင် မရှိဘဲ ငြင်းဆိုလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ ရည်းစားကို လွမ်းနေတာ မဟုတ်ပါဘူး၊ ကျွန်မမှာ ရည်းစား မရှိပါဘူး"
အန်တီကြီး ကလည်း သိပ်အလေးမထားဘဲ မတော်တဆ ပြောမိသလိုပင် ဆိုသည်။
"အော်… ညည်း ခုနက ရယ်နေပုံကလေ၊ ဟို အပျိုဖော်ဝင်စ ကောင်မလေးတွေ ချစ်ရေးဆိုစမှာ ပြုံးနေသလိုမျိုး ဖြစ်နေလို့ ညည်း ရည်းစားကို လွမ်းနေတာ နေမှာပါလို့ ငါက တွေးမိတာပါ"
ပြောသူက သတိမထားမိဘဲ ပြောလိုက်သော်လည်း နားထောင်သူ၏ စိတ်မှာတော့ လှုပ်ခတ်သွားသည်။
ဝမ်သိုက်သည် မေးစေ့ကို မော့ကာ တိမ်ပါးလေးများ လွင့်မျောနေသည့် ညကောင်းကင်ယံကို ကြည့်လိုက်မိသည်။ ပေါင်ပေါ်တွင် တင်ထားသော သူမ၏ လက်နှစ်ဖက်မှာ တစ်ခုနှင့်တစ်ခု ဆုပ်ကိုင်ထားမိပြီး ရင်ဘတ်၏ ဘယ်ဘက်ခြမ်းမှ နှလုံးသားမှာ ထူးဆန်းစွာ ခုန်လှုပ်နေသည်။
တစ်ခါမှ ယောကျာ်းလေး၊ မိန်းကလေး အချစ်ရေးကို မစဉ်းစားဖူးသော ဝမ်သိုက်သည် ပထမဆုံးအကြိမ်အဖြစ် စိတ်ခံစားမှု ကြိုးမျှင်လေး တစ်ခုကို ဆွဲဆန့်မိသလို ဖြစ်သွားသည်။
သေစမ်း… သူမ ချန်စစ်ကျယ်ကို တကယ်ပဲ ကြိုက်နေတာလား။
သို့သော် ထိုမေးခွန်းကို ဆက်လက်စဉ်းစားရန် သူမတွင် အချိန်မရှိတော့ချေ။
သုံးဘီးဆိုင်ကယ်မှာ ရွာထဲသို့ ဝင်ခါနီးတွင် အန်တီကြီး က ရုတ်တရက် ကိုယ်ကို လှည့်ကာ ထိုင်ခုံနောက်ကျောကို ပုတ်လျက် လေသံကို နှိမ့်ကာ နှိုးဆော်လိုက်သည်။
"ဝပ်နေ၊ ဝပ်နေ.... ကောင်မလေး၊ အမြန် ဝပ်နေပြီး အသံမထွက်နဲ့၊ အို… ရွာအဝင်မှာ လူတွေ စကားပြောနေကြတာပဲ၊ တို့တွေ ဒီအမှောင်ထဲမှာ ပုန်းပြီး သွားရအောင်"
ဦးနှောက်ကို အမြန်ဆုံး အလုပ်ပေးလိုက်သော ဦးလေးကြီးက ဆိုင်ကယ်ကို ဘရိတ်အုပ်လိုက်သည်။ သူက လက်ကိုင်ကို လွှတ်လိုက်ကာ ဆုံးဖြတ်ချက်ကို ချက်ချင်း ချလိုက်သည်။
"မင်းက ဆိုင်ကယ်ကို မောင်းပြီး ဝင်သွား၊ ငါက ဒီကောင်မလေးကို ခေါ်ပြီး လမ်းကြားကနေ မင်းအဖေတို့ အိမ်ဆီကို ခိုးဝင်သွားမယ်၊ မင်းကို သူတို့ မေးရင် တို့နှစ်ယောက် ရန်ဖြစ်လာလို့လို့ ပြော”
“ရန်ဖြစ်တဲ့ အကြောင်းရင်းက… ငါတို့တွေ ဇနီးမောင်နှံ အိပ်ရာကိစ္စ အဆင်မပြေလို့၊ ငါက မင်းကို မထိချင် မကိုင်ချင် ဖြစ်နေလို့၊ ဒါကြောင့် မင်းက ငါ့မှာ တခြားမိန်းမ ရှိနေပြီလို့ ထင်ပြီး စိတ်ဆိုးပြီး ပြန်လာတာလို့ ပြောလိုက်"
ဝပ်နေသော ဝမ်သိုက်သည် မယုံကြည်နိုင်စွာဖြင့် ခေါင်းကို မော့ကြည့်လိုက်သည်။ ဒါကို ဘယ်လို ခေါ်ရမလဲ။ ဒါဟာ ပြည်သူ့အတွက် ကိုယ့်ဂုဏ်သိက္ခာကို စတေးပြီး အနစ်နာခံတာပဲ။
"ဟမ်.. ဘာလို့လဲ"
အမှောင်ထုနှင့် အိပ်ရေးမဝသေးသော ဦးနှောက်တို့ ပေါင်းစပ်သွားသည့်အခါ အန်တီကြီး ၏ အတွေးများမှာ ခဏမျှ ရပ်တန့်သွားကာ ဦးလေးကြီးကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။
ဦးလေးကြီးက သူတို့နှင့် အနည်းငယ် ဝေးကွာသော ရွာကို လှမ်းကြည့်လိုက်ပြီး အန်တီကြီး ၏ မျက်နှာကို စိုက်ကြည့်ကာ အသံကို ထိန်းပြီး ပြောသည်။
"စဉ်းစားကြည့်ဦးလေ၊ မင်းက မိဘအိမ်ကို ပြန်လာတာ၊ ငါတို့အိမ်နဲ့ ဒီရွာနဲ့ကလည်း သိပ်မဝေးဘူး၊ အဲဒါကို ဒီလောက် ညကြီးမင်းကြီး ဘာကိစ္စနဲ့ အတင်းပြန်လာမလဲ"
"ပြီးတော့ ဒီကောင်မလေးက နောက်မှာ ဝပ်နေလို့ရော ဘာထူးမှာလဲ၊ ဟိုလူတွေက လက်နှိပ်ဓာတ်မီးနဲ့ လာထိုးကြည့်ရင် ဘယ်လိုလုပ်မလဲ၊ အဲဒါဆို ငါတို့တွေ အကုန် သေကုန်မှာပေါ့၊ ဒါကြောင့် တစ်ခုတည်းသော နည်းလမ်းကတော့ မင်းက ငါနဲ့ ရန်ဖြစ်ပြီး ကွာရှင်းဖို့ ပြန်လာတယ်လို့ ဟန်ဆောင်ရမယ်၊ နောက်မှ မင်းကအဖေတို့ကို သေချာ ပြန်ရှင်းပြလိုက်"
နားလည်သလိုလို ဖြစ်သွားသော အန်တီကြီးက ခေါင်းညိတ်လိုက်သည်။ ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် သူမက တစ်ခုခုကို စဉ်းစားမိသွားဟန်တူသည်။ အမှောင်ထဲတွင် သူမ၏ မျက်ဝန်းများမှာ ခိုင်မာသွားသည်။
အန်တီကြီး သည် လက်ကို ဆန့်ထုတ်ကာ အမျိုးသားဖြစ်သူ လွှတ်လိုက်သော ဆိုင်ကယ်လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို တစ်ချက် ခါလိုက်ကာ ပြတ်သားစွာ ဆိုသည်။
"ကောင်းပြီ! ဒီကိစ္စကို ကျွန်မတာဝန် ထားလိုက်၊ ရှင်တို့က နောက်လမ်းကနေ သွားကြ၊ ဂရုစိုက်နော်"
ဝမ်သိုက်သည် ဆိုင်ကယ်ပေါ်မှ လျင်မြန်စွာ ဆင်းလိုက်ပြီး ဦးလေးကြီးကလည်း ခြေလှမ်းကျဲကျဲဖြင့် ဆင်းလာသည်။
သူက လက်ကို ဆန့်ကာ နောက်ဘက်ရှိ နို့ဘူးများကို ဆွဲယူလိုက်ပြီး အန်တီကြီး ကို လေသံတိုးတိုးဖြင့် မှာကြားသည်။
"နို့ဘူးတွေကို ငါ ယူသွားမယ်၊ မင်းက ငါနဲ့ ရန်ဖြစ်လာတာဆိုတော့ နို့ဘူးတွေ သယ်လာဖို့ စိတ်ကူးရှိမှာ မဟုတ်ဘူး၊ အင်္ကျီကို သေသေချာချာ ဝတ်လာနိုင်တာတောင် ကံကောင်းလှပြီ…"
"ဒါနဲ့ သူတို့က မင်း ဘာလို့ အဝတ်အစားတွေ မပါလာတာလဲလို့ မေးရင် အရေးတကြီး ထွက်လာလို့လို့ ပြောလိုက်၊ ပြီးတော့ မျက်ရည်လေး ဘာလေးလည်း နည်းနည်း ထွက်အောင် လုပ်ဦး၊ မင်း နေ့တိုင်း အိမ်မှာ ကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေထဲကအတိုင်း လုပ်ပေါ့၊ အဲဒီအတိုင်းပဲ လုပ်"