← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

🍏 Chapter 127

သူ့အသံတွင် ဂုဏ်ယူနေသော အရိပ်အယောင် ပါနေသည်။

"ဒါပေါ့၊ အရင်က ငါနဲ့ ညည်းအန်တီနဲ့ လက်မထပ်ခင်တုန်းက၊ ငါက ဒီလို အမှောင်ထဲမှာပဲ သူမအိမ်ကို ခိုးလာခဲ့တာ၊ အဲဒီတုန်းကဆိုရင် နံရံတွေပေါ်တောင် ပြေးတက်နိုင်သေးတာ၊ အခုတော့ နှစ်တွေ ကြာလာပြီဆိုတော့ နေရာတွေက နည်းနည်း ပြောင်းသွားပြီး သွားရလာရတာ ခက်လာတာပေါ့"

ထိုဦးလေးကြီး ကိုင်သွားသော သစ်ပင်ကို အားပြုကိုင်ရင်း ဝမ်သိုက်သည် သူ့နောက်မှ တရွေ့ရွေ့ လိုက်ပါလာခဲ့သည်။ နောက်ထပ် အကြိမ်အချို့ လဲကျပြီးနောက်တွင်တော့ သူတို့နှစ်ယောက်မှာ မောမောပန်းပန်းဖြင့် လိမ္မော်ရောင် မီးလင်းနေသော အိမ်တစ်လုံး၏ နောက်ဖေးတံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။

ဒီရွာက တခြားအိမ်တွေကတော့ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်ထားကြသော်လည်း၊ ဒီအိမ်ကတော့ နိမ့်နိမ့်ပါးပါး သစ်သားအိမ်လေးသာ ဖြစ်သည်။ အိမ်ဝိုင်းလေးကိုတော့ ကွန်ကရစ်ဖြင့် ကာရံထားသည်။

ဦးလေးကြီးက သံပန်းတံခါးလေးကို ဆွဲကြည့်သော်လည်း သော့ခတ်ထားသဖြင့် ဖွင့်မရချေ။ ထိုအခါ သူသည် ဝမ်သိုက်ရှေ့မှာတင် "လူအိုပေမဲ့ စိတ်မအို" သည့် စွမ်းဆောင်ရည်ကို ပြသတော့သည်။

သူသည် နိမ့်သော နံရံပေါ်သို့ လက်ထောက်ကာ အားပြုပြီး ညာဘက်ခြေထောက်ကို အရင်တင်လိုက်သည်။ တစ်ကိုယ်လုံး နံရံပေါ်တွင် ဝပ်လျက်သား ဖြစ်သွားပြီးနောက်မှ အထဲသို့ လိမ့်ဝင်သွားသည်။ သို့သော်လည်း အထဲရောက်သည့်အခါတွင်တော့ ခြေလှမ်းအနည်းငယ် ယိုင်သွားသေးသည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း မတ်မတ်ရပ်ကာ ဝမ်သိုက်ကို ကြည့်လိုက်သည်။

ဝမ်သိုက်က သူမ၏ ရင်ဘတ်လောက်မြင့်သော နံရံရှေ့သို့ သွားကာ လေသံတိုးတိုးဖြင့် မြှောက်ပင့်ပေးလိုက်သည်။

"ဦးလေးက ငယ်ငယ်ကတည်းက နံရံပေါ် ပြေးတက်နိုင်တယ်ဆိုတာ တကယ်ပဲနော်၊ အခုထိ စွမ်းတုန်းပဲ"

အမှောင်ထဲမှာ အမြင်အာရုံက သိပ်မကောင်းလှချေ။ ဝမ်သိုက် နံရံပေါ်ကနေ ခုန်ချလိုက်မှ သိလိုက်ရသည်မှာ နံရံအတွင်းဘက်က မြေပြင်က အပြင်ဘက်ထက် ပိုနိမ့်နေခြင်း ဖြစ်သည်။

ဘာမှ ပြင်ဆင်မထားဘဲ ခုန်ချလိုက်သဖြင့် ခြေထောက်မှာ တုန်ခါပြီး နာကျင်သွားသည်။ ဝမ်သိုက်သည်လည်း စောစောက ဦးလေးကြီးကဲ့သို့ပင် ခြေလှမ်းအနည်းငယ် ယိုင်သွားခဲ့သည်။

ဦးလေးကြီးက အိမ်တံခါးကို ခေါက်လိမ့်မည်ဟု ဝမ်သိုက် ထင်ထားသော်လည်း သူက ဘယ်ဘက်နံရံကပ် ပြတင်းပေါက်ဆီသို့ သွားသည်။ သူ ဘာလုပ်လိုက်သလဲ မသိရသော်လည်း ပြတင်းပေါက်ကို အားစိုက်ပြီး တွန်းလိုက်သည့်အခါ သစ်သားပြတင်းပေါက်မှာ ပွင့်သွားတော့သည်။

သူက ဝမ်သိုက်ကို လှည့်မကြည့်ဘဲ ပြတင်းပေါက်ကနေ ကိုယ်ကို လျှိုဝင်သွားရင်း "ညည်း အပြင်မှာ ခဏစောင့်၊ ငါ အထဲဝင်ပြီး တံခါးဖွင့်ပေးမယ်" ဟု ပြောသည်။

ပြတင်းပေါက်နှင့် နောက်ဖေးတံခါး၏ တည်နေရာအရ ထိုပြတင်းပေါက်သည် အထဲက အခန်းတစ်ခု၏ ပြတင်းပေါက် ဖြစ်ရမည်။ ဝမ်သိုက်က "ဟုတ်ကဲ့" ဟု ပြန်ထူးလိုက်သည့် အချိန်မှာပင် နောက်ဖေးတံခါး အပေါ်က အပေါက်ငယ်လေးမှ လိမ္မော်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ခဏအကြာတွင် တံခါးပွင့်သွားသည်။

အလင်းရောင်အောက်တွင် ရပ်နေသော အန်တီကြီး၏ မျက်လုံးများမှာ ဖောင်းအစ်နေပြီး နီရဲနေဆဲပင်။ သူမက အိမ်နောက်ဖေးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဝမ်သိုက်ကို မြင်သည့်အခါ လက်ယပ်ခေါ်လိုက် တော့သည်။

အန်တီကြီး၏ ခေါ်သံကြောင့် ဝမ်သိုက် နိုးနိုးကြားကြား ဖြစ်သွားပြီး အသိစိတ်ပြန်ဝင်လာသည်။ သူမက ပြတင်းပေါက်ကနေ အတင်းတိုးဝင်ဖို့ ကြိုးစားနေဆဲဖြစ်တဲ့ ဦးလေးကြီးကို တစ်ချက်ကြည့်လိုက်ပြီးမှ အန်တီကြီးဆီ သွားကာ ဘယ်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဦးလေးက ပြတင်းပေါက်ကနေ ဝင်နေတာ"

အန်တီကြီးကတော့ ဒါကို ထူးဆန်းတယ်လို့ မထင်တဲ့ပုံစံနဲ့ ဝမ်သိုက်ရဲ့ လက်မောင်းကို ဆွဲပြီး အထဲကို ဆွဲသွင်းလိုက်သည်။ ထို့နောက် တံခါးကို အသာအယာ ပြန်ပိတ်လိုက်ပြီး "သူ့ကို ထားလိုက်၊ သူက အမြဲတမ်း အဲဒီလို ခိုးဝင်ရတာကိုပဲ ဝါသနာပါတာ" ဟု ဆိုသည်။

ထို့ကြောင့် ဧည့်ခန်းထဲသို့ ဝမ်သိုက်တစ်ယောက်တည်းသာ ရောက်သွားတော့သည်။

အိမ်ရှေ့တံခါးကို အထဲကနေ သစ်သားတံကျင် ထိုးထားသည်။ ဧည့်ခန်းထဲတွင် အဘိုးအိုတစ်ဦးနှင့် အဘွားအိုတစ်ဦး ရှိနေကြပြီး ဆံပင်ဖြူပုံချင်းကတော့ ဆင်တူလှသည်။ ပိန်လှီသော ခန္ဓာကိုယ်များကို ထူထဲသော ဂွမ်းအင်္ကျီများဖြင့် ထုပ်ပိုးထားကြပြီး၊ တုတ်ကောက်ကို ကိုင်ထားသော အဘိုးအိုကတော့ အန်တီကြီးတို့ အိမ်မှာလိုပဲ ဝါးကုတင်လေးပေါ်မှာ ထိုင်နေသည်။

လက်တုန်တုန်ယင်ယင်ဖြင့် ရေငှဲ့ပေးနေသော အဘွားအိုက ခါးကြီးကုန်းနေပြီး ဝမ်သိုက်ဆီ ရေခွက်ကမ်းပေးကာ အက်ကွဲသောအသံဖြင့် "သောက်… ရေသောက်ပါဦး"

ဝမ်သိုက်က ရေခွက်ကို လှမ်းယူကာ ရှေ့က အဘွားအိုကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။ နောက်လက်တစ်ဖက်ကတော့ အင်္ကျီအိတ်ထဲသို့ နှိုက်ကာ ဖုန်းထဲက အသံဖမ်းဆော့ဖ်ဝဲလ်ကို အမြန်ဖွင့်လိုက်သည်။

ရေသောက်ပြီး လည်ချောင်းကို ရှင်းလိုက်ပြီးနောက် ဝမ်သိုက်သည် အန်တီကြီး ဆွဲခေါ်ရာသို့ လိုက်သွားကာ ဝါးကုတင်ပေါ်တွင် ထိုင်လိုက်ပြီး အဖြစ်အပျက် အစအဆုံးကို ရှင်းပြလိုက်သည်။

သို့သော်လည်း အဘိုးအိုနှင့် အဘွားအိုကတော့ ခေါင်းညိတ်ရုံသာ ရှိသည်။

အန်တီကြီးက ဝမ်သိုက်၏လက်မောင်းကို ပုတ်ကာ သူမနားသို့ တိုး၍ တိုးတိုးလေး ပြောသည်။

"ဘာမှမဖြစ်ဘူး၊ သူတို့က တုန့်ပြန်ဖို့ အချိန်နည်းနည်း ကြာတတ်လို့ပါ"

သူမ ပြောသလိုပင်၊ ပြတင်းပေါက်ကနေ တိုးဝင်လာသော ဦးလေးကြီး အမောတကောနှင့် ရောက်လာသည့် အချိန်မှာပင် အဘိုးအိုနှင့် အဘွားအိုတို့ကလည်း ထိုကိစ္စကို နားလည်သွားကြသည်။

တုတ်ကောက်ကို ကိုင်ထားသော အဘိုးအိုက ပိုပြီး တုန့်ပြန်မှု နှေးလိမ့်မည်ဟု ထင်ထားသော်လည်း၊ သူက ပထမဆုံး စကားပြောသူ ဖြစ်လာသည်။

"အင်္ကျီ… လဲရမယ်၊ သိပ်သိသာလွန်းတယ်၊ ကြည့်လိုက်တာနဲ့ အပြင်လူမှန်း သိသာနေတာပဲ၊ ညည်း ဒီမှာပဲ နေ၊ ငါ့သမီးနဲ့အတူတူ နေပြီး အပြင်မထွက်နဲ့၊ ဟိုလူတွေက သိပ်ရက်စက်တာ"

သူ၏ တရုတ်စကား မှာ သိပ်မပီပြင်သော်လည်း နားလည်နိုင်စွမ်း ရှိသည်။

"ဟိုလူတွေကို ပိတ်လှောင်ထားတဲ့ အိမ်က သုံးလေးလုံး ရှိတယ်၊ အိမ်တစ်လုံးမှာ လူနည်းနည်းပဲ ရှိပေမဲ့ စောင့်ကြည့်တဲ့သူတွေက များတယ်၊ ညည်းရှာနေတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးဆိုတာ ရှိနိုင်ပါတယ်၊ အဲဒီအရွယ်လောက်တွေ ငါ မြင်ဖူးတယ်၊ ဒါပေမဲ့ ညည်းရှာနေတဲ့သူ ဟုတ်မဟုတ်တော့ မသိဘူး" ဟု အဘွားအိုက သူမ၏ ဆံပင်များကို ကုတ်ရင်း ပြောသည်။

တိုတောင်းသော စကားအချို့က ဝမ်သိုက်၏ စိတ်ကို လေးလံသွားစေသည်။ သူမက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ရှေ့က လူကြီးနှစ်ယောက်ကို ကြည့်ကာ

"ကျွန်မရှာနေတဲ့သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒီကိစ္စတွေ အမှောင်ထဲမှာ ဆက်ပြီး ပုန်းကွယ်နေဖို့ အခွင့်အရေး မရှိတော့ပါဘူး၊ လူကုန်ကူးမှုနဲ့ အကျဉ်းချထားမှုတွေမှာ ပါဝင်ပတ်သက်နေတာ သေချာပြီဆိုရင်တော့ သူတို့ လွတ်မှာ မဟုတ်ဘူး"

အဘိုးအိုက တုတ်ကောက်ကို မြေကြီးပေါ် နှစ်ချက်ပုတ်ကာ ခေါင်းခါလိုက်ပြီး ဝမ်သိုက်၏ စိတ်ဓာတ်ကို ရိုက်ချလိုက်သလို ပြောသည်။

"ဒီကိစ္စက အဲဒီလောက် မလွယ်ဘူး၊ တိုင်လို့သာ ရရင် သူတို့ ဒီလောက် နှစ်အကြာကြီး ဘယ်လုပ်နိုင်ပါ့မလဲ၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ လူကြီးလူကောင်းတွေလည်း ရှိနေလို့ပေါ့"

"မကြာသေးခင် နှစ်တွေအတွင်းမှာ နိုင်ငံတော်က ရာဇဝတ်မှု ခင်းနှိမ်နင်းရေးတွေမှာ လူအင်အား၊ ပစ္စည်းအင်အား၊ ငွေအင်အားတွေ အများကြီး သုံးစွဲနေတာပါ၊ အတိတ်က အတိတ်ပါပဲ၊ အမှောင်ထဲက အရာတွေဟာ တစ်နေ့ကျရင် အလင်းထဲကို ရောက်လာရမယ်လို့ ကျွန်မ ယုံကြည်တယ်၊ သူတို့ ပြေးမလွတ်ပါဘူး"

ထိုစကားမှာ သူတို့ကို ပြောပြနေခြင်းထက် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေခြင်းနှင့် ပိုတူသည်။ ဝမ်သိုက်၏ လက်သီးမှာ တင်းနေပြီး လက်သည်းနှင့် ဖိထားသော လက်ဖဝါးမှ နာကျင်မှုက သူမကို သတိဝင်စေသည်။

သူမလည်း သိပါသည်။ ကိုယ်ကျိုးစီးပွားအတွက် ပေါင်းရိုက်နေကြသော အာဏာရှိသူများမှာ နေရာတိုင်းတွင် ရှိနေတတ်သည်။

သို့သော်လည်း သူမ၏ မိဘများကို သေဆုံးစေခဲ့ပြီး သူမ၏အိမ်ကို ဖျက်ဆီးခဲ့သော ထိုမီးတောက်ကိုတော့ ငြှိမ်းသတ်ရမည် ဖြစ်သည်။ ယခုနှစ်မှာ ထိုမီးလောင်မှု ဖြစ်ပွားခဲ့သည့် ၁၂ နှစ်မြောက် နှစ်ဖြစ်သည်။ သူမ ဒီကမ္ဘာက မထွက်ခွာခင်မှာ ထိုမီးကို ငြှိမ်းသတ်ဖို့ အခွင့်အရေး ရှိနေသည်။ သူတို့ ပြေးမလွတ်နိုင်ပါ။

ဧည့်ခန်းထဲတွင် ဘယ်သူမှ စကားပြန်မပြောဘဲ တိတ်ဆိတ်သွားပြီး သက်ပြင်းချသံအချို့သာ ကြားရသည်။

All Chapters