အခန်း ၁၂၈
Vol. 13 Ch. 128
🍏 Chapter 128
ဝါးကုတင်ဘေးတွင် ထိုင်နေသော ဦးလေးကြီးက အိတ်ထဲမှ ဆေးလိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။ မီးခြစ်သံက "ချောက်ခနဲ" ဟု မြည်နေပြီး ထွက်ပေါ်လာသော မီးတောက်မှာ အိမ်ထဲက မီးရောင်နှင့် အရောင်တူလှသည်။
သူက ဆေးလိပ်ကို အားရပါးရ တစ်ချက် ရှိုက်လိုက်ပြီးနောက် နှာခေါင်းမှတစ်ဆင့် မီးခိုးများကို ပြန်မှုတ်ထုတ်လိုက်သည်။ ဆေးလိပ်သောက်ပြီးနောက် သူ၏ အသံမှာ ပို၍ ဩသွားကာ
"ညည်း မသိပါဘူး၊ ငါတို့က ဒီရွာမှာပဲ ကြီးပြင်းလာပြီး ဒီမှာပဲ ဆယ်စုနှစ်ပေါင်းများစွာ နေလာကြတာ၊ ဒီလောက်ကြာအောင် နေလာတာတောင် ဟိုလူတွေက လူတွေကို တစ်သုတ်ပြီး တစ်သုတ် ခေါ်လာတာ မြင်နေရပေမဲ့ ရဲတစ်ယောက်မှ ရောက်လာတာ မမြင်ဖူးဘူး၊ ဘယ်သူမှ မကူညီကြဘူး"
"ဒါပေမဲ့ ကြည့်လေ၊ ကျွန်မ ရောက်လာပြီ မဟုတ်လား၊ ကျွန်မကို ယုံပါ၊ အမြန်ဆုံးဆိုရင် မနက်ဖြန် ရဲတွေ ရောက်လာပါလိမ့်မယ်"
ဝမ်သိုက်က ခေါင်းလှည့်ကာ စိတ်ပျက်နေသော ထိုဦးလေးကြီးကို စိုက်ကြည့်ရင်း ခိုင်မာသော လေသံဖြင့် ပြောလိုက်ရာ သူတို့မှာ ဘာမှ ထပ်မပြောနိုင်တော့ချေ။
စီစဉ်ထားသမျှကတော့ အမြဲတမ်း လက်တွေ့နဲ့ လွဲချော်တတ်သည်မှာ ဓမ္မတာပင်။
မိတ်ကပ်ဖျက်ပြီးနောက် ဝမ်သိုက်သည် အသံဖိုင်၊ တည်နေရာနှင့် ဓာတ်ပုံ သက်သေများကို ချိုက်ချီနှင့် ချန်စစ်ကျယ်ဆီသို့ ပေးပို့လိုက်သည်။ တောင်ပေါ်မှာ အင်တာနက်လိုင်း မကောင်းသဖြင့် မက်ဆေ့ခ်ျတွေ ရောက်သွားသည်ကို မြင်ရတော့မှ သူမ စိတ်အေးလက်အေး အိပ်ပျော်သွားတော့သည်။
ညဘက်က ပင်ပန်းထားသဖြင့် ဝမ်သိုက် နိုးလာသည့်အချိန်မှာ နောက်တစ်နေ့ မနက် ၁၀ နာရီ ရှိနေပြီ ဖြစ်သည်။
ကုတင်ဘေးက သစ်သားဗီဒိုပေါ်တွင် ပန်းပွင့်လေးတွေပါတဲ့ အင်္ကျီအပေါ်ဖုံးတစ်ထည်နှင့် ထိုအရောင်ဆန်းလှသော ဖောင်ဒေးရှင်းဘူး ရှိနေပြီး၊ စာရွက်လေးတစ်ရွက်ကို ဖောင်ဒေးရှင်းဘူး အောက်တွင် ဖိထားသည်။
ဝမ်သိုက်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ပွတ်ကာ ထထိုင်လိုက်ပြီး စာရွက်လေးကို လှမ်းယူလိုက်သည်။ စာရွက်ပေါ်က စာလုံးတွေကတော့ ကြီးကြီးမားမားနှင့် စာလုံးပေါင်းမှားနေသော စာလုံးအချို့ ပါဝင်နေသည်။
ကံကောင်းသည်မှာ ဝမ်သိုက်က စာရေးသူ ပြောချင်သည်ကို ခန့်မှန်း၍ ရခြင်း ဖြစ်သည်။
[ နိုးရင် အနောက်ဘက်မှာ သွားတိုက် မျက်နှာသစ်၊ မျက်နှာကို မိတ်ကပ် လိမ်း၊ ငါပေးထားတဲ့ အင်္ကျီကို ဝတ်ပြီး အပြင်မထွက်နဲ့ ]
ဝမ်သိုက်က စာရွက်ကို ချလိုက်ပြီး ထိုအင်္ကျီကို လှမ်းကြည့်လိုက်သည်။ အင်္ကျီကို ဖြန့်ကြည့်လိုက်သည့် အခါ အပြာရင့်ရောင်နှင့် အစိမ်းနုရောင် ပန်းပွင့်လေးတွေ ပါသော်လည်း နောက်ခံအရောင်မှာ အဝါရင့်ရောင် ဖြစ်နေသည်။ ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တောင်ပေါ်ရွာလေးတစ်ရွာဆီကို ရောက်သွားသလိုပင်။
အဘွားအို ပြင်ဆင်ပေးသော အခန်းမှာ ဒီအိမ်ရဲ့ အနောက်ဘက်တွင် ရှိပြီး ညဘက်က ဦးလေးကြီး တိုးဝင်လာသော ပြတင်းပေါက်ရှိသည့် အခန်းပင် ဖြစ်သည်။ အခန်းက နှစ်ပိုင်း ခွဲထားပြီး ပြတင်းပေါက်ရှိသည့်ဘက်က အတွင်းခန်း ဖြစ်ကာ အပြင်ဘက် ထွက်လိုက်လျှင် မျက်နှာသစ်ရန် နေရာ ရှိသည်။ မျက်နှာသစ်စင်၏ တစ်ဖက်တွင်တော့ နံရံကို မှီထားသော ပစ္စည်းဟောင်းများစွာ ရှိသည်။
ဝမ်သိုက်သည် အင်္ကျီလဲပြီးနောက် မျက်နှာသစ်ရန် အပြင်သို့ ထွက်လာသည့်အခါ စကားပြောသံများကို ကြားလိုက်ရသဖြင့် သွားတိုက်နေတာကို ရပ်လိုက်သည်။
သူမက အပြင်ခန်း တံခါးကြားလေးတွင် နားကို ကပ်လိုက်ရာ အေးစက်သော လေထုနှင့်အတူ ဆူညံနေသော စကားသံများကို ကြားလိုက်ရသည်။
"ရှင်တို့လည်း အသက်ကြီးကုန်ပြီ၊ ရန်မဖြစ်ကြပါနဲ့တော့၊ ဒီအသက်အရွယ်ကြီးကျမှ လင်မယားအိပ်ရာကိစ္စကို နေ့တိုင်း စဉ်းစားနေကြတာလား၊ ဒါမှမဟုတ် ဦးလေးကမ်းအတွက် မြေးတစ်ယောက် ထပ်မွေးပေးမလို့လား၊ အစောကြီးကတည်းက မမွေးဘဲ အခုမှ လာပြီး ချွဲနွဲ့နေကြတယ်"
အသံစူးစူးနှင့် အမျိုးသမီး အသံမှာ သူစိမ်းတစ်ယောက် ဖြစ်ပြီး အသက် ၅၀ ဝန်းကျင်လောက် ရှိမည်ဟု ခန့်မှန်းရသည်။
"ဒါပေါ့၊ အပြင်မှာ တခြားလူ ရှိရင်လည်း ရှိပါစေပေါ့၊ သူက ညည်းကို ကွာရှင်းပါ့မလား၊ မဖြစ်နိုင်တာ၊ ငါတို့တွေကို ကြည့်လေ၊ ငါတို့တွေက နေ့တိုင်း အပြင်က လှလှပပ မိန်းကလေးတွေနဲ့ ထိတွေ့နေရတာပဲ၊ ငါတို့တွေက အဲဒီလို လှလှလေးတွေကို ခေါ်လာပြီး သူတို့နဲ့ တစ်ခုခု လုပ်ဖြစ်ကြပေမဲ့ ငါတို့တွေ ကွာရှင်းကြလို့လား၊ ဒါက မတူဘူးလေ"
ဒီစကားကို ပြောတဲ့ အမျိုးသားကတော့ တစ်ခုခုကို ဝါးနေပုံရပြီး သူ့အသံက ဘဲအော်သံလို အက်ကွဲနေသည်။
ဒါကတော့ နားမလည်နိုင်စရာ စကားဝိုင်းပဲ…။ ဝမ်သိုက်သည် ညဘက်က ဦးလေးကြီး စီစဉ်ခဲ့သော အစီအစဉ်ကို သတိရသွားတော့မှ နားလည်သွားသည်။ သူမက အသာအယာ မျက်နှာသစ်ပြီး အခန်းထဲကို အမြန် ပြန်ဝင်ကာ မျက်နှာကို တစ်ခါ ထပ်ပြီး ဝါကျင့်ကျင့် အရောင်တွေ လိမ်းလိုက်ပြန်သည်။
WeChat ထဲမှာ မက်ဆေ့ခ်ျတွေ တက်နေသဖြင့် ဝမ်သိုက်က ချိုက်ချီ၏ Chat box ကို အရင်ကြည့်လိုက်ရာ စိတ်အေးစရာ သတင်းကို ရလိုက်သည်။
[ချိုက်ချီ- နင်ပို့လိုက်တဲ့ အချက်အလက်တွေကို အထက်လူကြီးကို တင်ပြလိုက်ပြီ၊ ငါတို့တွေ အစည်းအဝေး လုပ်ပြီး လူလွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ မှားပြီး ဖမ်းမိရင်တောင် လက်လွတ် မခံနိုင်ဘူး၊ နင့်ရဲ့ ဓာတ်ပုံက ငါတို့ရဲ့ တည်ကြည်လှတဲ့ လူကြီးတွေကိုတောင် ရယ်မိအောင် လုပ်လိုက်နိုင်တယ်]
ဝမ်သိုက်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ စာကို ကြည့်နေမိပြီး သူမ၏ နားရွက်လေးတွေမှာ နီရဲလာတော့သည်။
လူဆိုတာ ညဘက် စိတ်မကြည်တဲ့အချိန်မှာ တစ်ခုခုကို ဇွတ်မလုပ်သင့်ဘူးဆိုတာ တကယ်ပဲ။ အိပ်ရေးမဝဘဲ ဆုံးဖြတ်ချက်တွေ မချသင့်ဘူးဆိုတာကို အခုမှ လက်ခံလိုက်ရသည်။
နောက်ထပ် မက်ဆေ့ခ်ျတစ်ခုကတော့ လွန်ခဲ့တဲ့ နာရီဝက်က ဖြစ်သည်။
[ချိုက်ချီ- ငါလည်း လာနေပြီ၊ လမ်းမှာ ရောက်နေပြီ၊ မင်း သေသေချာချာ တောင့်ခံထားနော်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ]
ဝမ်သိုက်က "ဟုတ်ကဲ့" ဟု ပြန်ပို့ပြီး ချန်စစ်ကျယ်၏ Chat box ထဲ ဝင်လိုက်သည်။
ပထမဆုံး မြင်လိုက်ရသည်ကတော့ သူမ ပို့လိုက်သော ဓာတ်ပုံနှင့် ပတ်သက်သည့် တုန့်ပြန်မှုပင်
[ချန်စစ်ကျယ်- ?]
[ချန်စစ်ကျယ်- ငါ့ကို ဘာပြန်ပြောစေချင်တာလဲ]
[ချန်စစ်ကျယ်- ရွှံ့ပုတ်မလေး]
ဝမ်သိုက်က စိတ်ပျက်လက်ပျက်ဖြင့် နဖူးကို လက်နှင့် ရိုက်လိုက်သည်။ နောင်တဆိုတာ ဒါမျိုးလားဟု သူမ နားလည်သွားသည်။
သူက သူမရဲ့ ဓာတ်ပုံကို သုံးကြိမ်လောက်ပဲ ပြန်ရည်ညွှန်းထားပြီး ကျန်တဲ့ စာတွေကတော့ သူ သိပြီဆိုတဲ့ အကြောင်းနှင့် နောက်ဆုံးစာကတော့ လူပီသသော စာတစ်စောင် ဖြစ်သည်။
[ချန်စစ်ကျယ်- ဂရုစိုက်ပါ၊ ကိုယ့်ဘေးကင်းရေးကို အဓိကထား၊ ငါ အလုပ်တွေ ပြီးတာနဲ့ လာခဲ့မယ်၊ ညနေမတိုင်ခင် အရောက်လာဖို့ ကြိုးစားမယ်]
ဝမ်သိုက်ကတော့ "OK" ဆိုတဲ့ လက်ဟန်လေးနဲ့ပဲ ပြီးစလွယ် ပြန်ပို့လိုက်သည်။ သူမ အသက်ရှင်နေသေးတယ်ဆိုတာကို သိစေရုံသက်သက်ပင်။
အလုပ်တွေ ပြီးတာနဲ့ ညနေမတိုင်ခင် ရောက်လာဖို့ဆိုလျှင် သူ ကားကို အမြန်နှုန်း ကျော်ပြီး မောင်းမှပဲ ရလိမ့်မည်။
သူမ မနေ့က မနက် ၈ နာရီကတည်းက ထွက်လာတာဖြစ်ပြီး ဒီမြို့နယ်ထဲ ရောက်ဖို့တင် တစ်နာရီခွဲ ကြာခဲ့ကာ အဲဒီနောက်မှာ သူမ ခြေထောက်နဲ့ တစ်နေကုန် လမ်းလျှောက်ခဲ့ရတာကိုး။
သူမသည် ဖုန်းကို အင်္ကျီအပေါ်ဖုံးအောက်က အတွင်းအိတ်ထဲကို ထည့်လိုက်ပြီး ပြတင်းပေါက်နားသို့ သွားကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
ညဘက်ကတော့ အမှောင်ထဲမှာ ဘာမှ မမြင်ရပေမဲ့ အခု နေ့ခင်းဘက်မှာ ကြည့်လိုက်မှ ညက သူမနဲ့ ဦးလေးကြီး သွားခဲ့တဲ့လမ်းက ဘယ်လောက် အန္တရာယ်များသလဲဆိုတာ သိလိုက်ရသည်။
နောက်ဖေးက ကုန်းစောင်းပေါ်မှာ သစ်ပင်တွေက စိပ်စိပ်လေး ပေါက်နေပြီး ကျောက်တုံးတွေနဲ့ မြက်ရိုင်းတွေကြားမှာ မြွေတွေ နေဖို့ သိပ်ကောင်းတဲ့ နေရာမျိုး ဖြစ်နေသည်။
ဝမ်သိုက်မှာ ကြက်သီးတောင် ထသွားမိသည်။ ညက မြွေအကိုက်မခံရတာ ကံကောင်းလှပြီ။
မြက်ရိုင်းတွေကြားမှာ မြွေတွေ ရှိနေနိုင်သလို လူတွေ ပုန်းနေဖို့လည်း ကောင်းသည်။ ဝမ်သိုက်သည် သူမ၏ ရင်ဘတ်ပေါ် လက်တင်လိုက်ရာ တဒိတ်ဒိတ် ခုန်နေသော နှလုံးသံက မကြာခင်မှာ အန္တရာယ် တစ်ခုခု ရောက်လာတော့မည်ကို အချက်ပြနေသလိုပင်။
အိမ်ဟောင်း ဖြစ်သဖြင့် အသံလုံခြင်း မရှိရာ အပြင်က တားဆီးသံနှင့် ခြေသံများကို ဝမ်သိုက် အတိုင်းသား ကြားနေရသည်။
"အထဲမှာ ပစ္စည်းဟောင်းတွေပဲ ရှိတာပါ၊ ဝင်မကြည့်ပါနဲ့တော့၊ ဘာဝင်လုပ်မှာလဲ၊ မင်းတို့ကို ပေးစရာ ဘာမှ မရှိဘူး"
"ငါ ခဏဝင်ကြည့်ရုံတင်ပါ၊ တစ်ရွာလုံးမှာ မင်းတို့အိမ်ပဲ အသစ်မဆောက်ရသေးတာ၊ ငါတို့တွေ ချမ်းသာလာပြီဆိုရင်တော့ မင်းတို့ကို ဒီလိုပဲ ဆင်းဆင်းရဲရဲနဲ့ ကြည့်မနေနိုင်ပါဘူး၊ ရွာသားချင်း တွေပဲလေ၊ မင်းတို့ အခန်းထဲမှာ ဘယ်လိုနေလဲဆိုတာ ကြည့်ချင်လို့ပါ၊ ပစ္စည်းတွေ အများကြီး ရှိနေရင် အိမ်အသစ် ဆောက်တာ ပိုကောင်းတာပေါ့၊ ငါတို့တွေ ပိုက်ဆံ စိုက်ထုတ်ပေးပါ့မယ်"
"ပစ္စည်းတွေ ထားလို့ ရပါသေးတယ်… အိုး... ဘာလုပ်တာလဲ မထိနဲ့"
တံခါးကို တွန်းတိုက်သံနှင့် "ဘုန်း… ဘုန်း…" မြည်သံများ ထွက်လာသည်။
"ဘာလို့ အထဲကို အဝင်မခံတာလဲ၊ အထဲမှာ လူဝှက်ထားလို့လား၊ တံခါးဖွင့်စမ်း"
ထိုစကားပြောသံတွေထဲမှာ ဦးလေးကြီးနဲ့ အန်တီကြီးရဲ့ အသံမှန်း ခွဲခြားနိုင်သလို ကျန်တဲ့ အမျိုးသား အသံကတော့ ဒီရွာက လူကုန်ကူးသူတွေထဲက တစ်ယောက် ဖြစ်ရမည်။
အတွင်းခန်းထဲမှာ ရှိနေသော ဝမ်သိုက်သည် လက်ကို တင်းတင်းဆုပ်ကာ ကုတင်ပေါ်က ကျောပိုးအိတ်ကို လှည့်ကြည့်လိုက်သည်။
အပြင်ခန်း တံခါးဝမှာတော့ ဦးလေးကြီးနဲ့ အန်တီကြီးက ဝမ်သိုက်ကို ကာကွယ်ပေးဖို့ ကြိုးစားနေကြသည်။ ခုနကတင် ရန်ဖြစ်နေကြတဲ့ လင်မယားနှစ်ယောက်က အခုတော့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားပြီး အန်တီကြီးက သူမရဲ့ ခန္ဓာကိုယ်နဲ့ တံခါးကို ပိတ်ထားကာ အဘိုးကြီးကလည်း တစ်ဖက်က အမျိုးသားရဲ့ လက်ကို အတင်း ဆွဲထားသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ရောက်လာသည်။ သူမ၏ မျက်နှာက ရက်စက်မည့်ပုံစံရှိပြီး မျက်လုံးများကလည်း ကျဉ်းမြောင်းလှသည်။
အနီရောင် ကုတ်အင်္ကျီကို ဝတ်ထားသော ထိုအမျိုးသမီးက "အိုး… ဒါ ဘာလုပ်နေကြတာလဲ၊ အရင်ကတော့ ဒီအခန်းလေးကို အဝင်မခံတာမျိုး မရှိပါဘူး၊ ဘာလဲ.... အထဲမှာ လူဝှက်ထားလို့လား" ဟု ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ဘယ်က လူဝှက်ရမှာလဲ၊ လျှောက်မပြောနဲ့၊ ငါက လူဝှက်မှာ မဟုတ်ဘူး၊ ဝှက်ရင်လည်း ဒီလူသတ်သမားပဲ ဝှက်မှာ" အန်တီကြီးက အော်ဟစ်လိုက်ရာ သူမ၏ မျက်နှာမှာ နီမြန်းလာပြီး ဒေါသကြောင့် ရင်ဘတ်မှာလည်း နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။
ဦးလေးကြီးကလည်း သရုပ်ဆောင်ကောင်းလှသည်။ သူက အရပ်ပုပု အမျိုးသားရဲ့ လက်ကို အတင်းဆွဲထားရင်း အန်တီကြီးကို လှည့်အော်သည်။