အခန်း ၁၃၃
Vol. 14 Ch. 133
🍏 Chapter 133
စက္ကူညှပ်ကလစ် တစ်ခုသည် ဝမ်သိုက်၏ ဖြူနုနု လက်ချောင်းများကြားတွင် ရှည်လျားသော ဝါယာကြိုးတစ်မျှင်အဖြစ် ပြောင်းလဲသွားပြီး ချွန်ထက်သော အပိုင်းမှာ သော့အိမ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"အစ်မဝမ်သိုက်... အစ်မဆီမှာ ဘာလို့ ကလစ်တွေ ရှိနေတာလဲ"
အသံကို တိုးတိုးလေး နှိမ့်ထားသော ဝမ်ဝေ့ဝေ့သည် သော့ကို အသေအချာ ဖွင့်နေသော ဝမ်သိုက်အနားတွင် ကပ်ကာ သူမ၏ လက်လှုပ်ရှားမှုများကို ကြည့်ရင်း တံတွေးမျိုချလိုက်သည်။
"အစ်မ... သော့ပါ ဖွင့်တတ်တာလား၊ ဒါက 'အတက်ကြူးတော့ အရူးဖြစ်' ဆိုတဲ့ စကားနဲ့ ပြောင်းပြန်ပဲနော်၊ အစ်မမှာ ပညာတွေ အစုံရှိတာပဲ"
ဝမ်သိုက်သည် သော့အိမ်ကိုသာ အာရုံစိုက်ထားရင်း ပြန်ဖြေလိုက်သည်။
"ဒါကလည်း ပညာတစ်မျိုးပေါ့၊ အစ်မက ကလစ်တွေကို အမြဲ ဆောင်ထားတတ်တယ်၊ ဘယ်အချိန်မှာ အသုံးတည့်မလဲ မသိဘူးလေ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ကံကောင်းသွားတယ်၊ သူတို့က ဒီလို ခေတ်မီတဲ့ သော့အမျိုးအစားကို သုံးထားလို့ပေါ့၊ အကယ်၍ ရှေးဟောင်း သစ်သားတံခါး မင်းတုံးကြီးတွေသာ ဆိုရင်တော့ ငါလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
သူမသည် ကလစ်၏ ထိပ်ဖျားဖြင့် အတွင်းပိုင်းရှိ အဖုအထစ်များကို စမ်းသပ်ကာ အားပြုရမည့် နေရာကို ရှာဖွေပြီး လှည့်လိုက်ရာ တစ်မိနစ်ခန့်အကြာတွင် သော့မှာ "ဂွပ်" ကနဲ အသံနှင့်အတူ ပွင့်သွားတော့သည်။ သူမသည် တံခါးလက်ကိုင်ကို ဆွဲကာ အပြင်ကို အသာအယာ ချောင်းကြည့်လိုက်သည်။
လူကုန်ကူးသူများ "ပစ္စည်းသစ်ခန်း" ဟု ခေါ်သော ထိုအခန်းသည် ဗီလာအိမ်၏ ပထမထပ် ထောင့်ချိုးတွင် ရှိသည်။ ဝမ်သိုက် အပြင်ကို ချောင်းကြည့်သည့်အခါ လျှောက်လမ်းမှာ လူသူကင်းမဲ့နေသည်။
သူမ အပြင်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ထွက်ပေါ်လာသော ခြေသံများကြောင့် သူမ အခန်းထဲသို့ အမြန်ပြန်ဝင်လိုက်ရသည်။ တံခါးကို လုံးဝ မပိတ်ဘဲ အနည်းငယ် ဟထားရင်း ဝမ်သိုက်သည် မျက်လုံးကို မှိတ်ကာ သူမ၏ အကြားအာရုံနှင့် အာရုံခံစားမှုများကို အသုံးပြု၍ အပြင်ဘက် ပတ်ဝန်းကျင်ကို အကဲခတ်နေမိသည်။
ဧည့်ခန်းထဲတွင် လူတစ်ယောက်သာ ရှိသည်။ ကတုံးဆံပင်နှင့် သားရေဂျာကင် ဝတ်ထားသော ထိုအမျိုးသားသည် လက်ဖက်ရည်ပန်းကန်ကို ကိုင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး လက်ဖက်ရည် ဖျော်နေပုံရသည်။
အနားသို့ တိုးကပ်လာသော မိန်းကလေးတစ်ဦးက တိုးတိုးလေး မေးသည်။
"ဘာဖြစ်လို့လဲ အစ်မ"
ဝမ်သိုက် မျက်လုံးဖွင့်လိုက်ပြီး ထိုမိန်းကလေးကို ပြုံးပြကာ
"ခဏလေး စောင့်ဦး၊ အပြင်မှာ လူတစ်ယောက် ရှိနေသေးတယ်"
သူမသည် မျက်လုံးကို ပြန်မှိတ်လိုက်ပြီး စိတ်ထဲတွင် ဗီလာအိမ်၏ မြေပုံကို ပုံဖော်လိုက်သည်။
အစက သူမ ဝင်လာသည့်လမ်းမှာ အိမ်ရှေ့တံခါးမကြီး ဖြစ်သော်လည်း ထိုနေရာမှာ လူမရှိလျှင်တောင် အပြင်ထွက်လိုက်သည်နှင့် ရွာလမ်းမ ဖြစ်သဖြင့် အမိခံရဖို့ ရာခိုင်နှုန်း များလွန်းသည်။
အခြားထွက်ပေါက်တစ်ခုမှာ အိမ်နောက်ဖေးတံခါး ဖြစ်ပြီး သူမတို့ ရှိနေသည့် အခန်းနှင့် ပိုနီးသည်။ အိမ်နောက်ဖေးက ထွက်ပြီး ညာဘက်သို့ ကွေ့၊ ထို့နောက် တည့်တည့်သွားပြီး ဘယ်ဘက်သို့ ကွေ့လျှင် လွတ်မြောက်နိုင်သည်။
အိမ်နောက်ဖေးတံခါး၏ အပြင်ဘက်တွင် ခြံစည်းရိုး မရှိသော ကွင်းပြင်ရှိပြီး၊ အဝတ်လှန်းတန်းများတွင် အဝတ်အစားများ လွင့်နေသည်။ ထိုနေရာကို ကျော်လိုက်သည်နှင့် ထူထပ်သော တောအုပ်ရှိသည်။ အန္တရာယ်ရှိသော်လည်း ပုန်းအောင်းရန် အကောင်းဆုံး နေရာပင်။
အချိန်ကို ခန့်မှန်းကြည့်ပြီးနောက် ဝမ်သိုက်သည် မျက်လုံးဖွင့်ကာ တံခါးကို ပို၍ ဟလိုက်သည်။
သူမသည် အခန်းထဲက မိန်းကလေးများကို ကြည့်ကာ မှာကြားလိုက်သည်။
"အခု အစ်မတို့တွေ အပြင်ထွက်တော့မယ်၊ အားလုံး နောက်ကနေ ကပ်လိုက်ခဲ့ကြ၊ တစ်ယောက်နဲ့ တစ်ယောက် လက်ချင်း ချိတ်ထားကြနော်..... အမြန်ဆုံး သွားရမယ်၊ ခြေသံကို အတတ်နိုင်ဆုံး တိုးတိုးနင်း၊ အသံ လုံးဝ မထွက်စေနဲ့"
မိန်းကလေးများမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်ပြကြသည်။ ဝမ်သိုက်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဝမ်ဝေးဝေး၏ လက်ကို ဆွဲကာ ကျန်သူများကိုလည်း လက်ချင်း ချိတ်စေပြီးနောက် တံခါးကို အကုန်ဖွင့်လိုက်တော့သည်။
သူမသည် မိန်းကလေးများကို ဦးဆောင်ကာ သူမ စိတ်ထဲတွင် ပုံဖော်ထားသည့် လမ်းကြောင်းအတိုင်း ခြေဖွဖွနင်း၍ အမြန် လျှောက်လှမ်းသွားသည်။
အငယ်ဆုံး ကလေးမလေးကိုတော့ အကြီးဆုံး မိန်းကလေးက ချီထားသည်။ မိန်းကလေးမှာ ပိန်လှီနေသဖြင့် လက်တစ်ဖက်ဖြင့် ချီထားရခြင်းမှာ ပင်ပန်းလှသော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ ကြံ့ခိုင်သော ဇွဲကို မြင်နေရသည်။
သူမတို့ အိမ်နောက်ဖေးတံခါးမှတစ်ဆင့် တောအုပ်ထဲသို့ ပြေးဝင်သွားသည့် အချိန်မှာပင် ဗီလာအိမ်၏ လှေကားပေါ်မှ လူများ ဆင်းလာကြသည်။
ရွာထဲက ကျန်ရှိသော "ကုန်ပစ္စည်း" များကို ဘယ်လို စီမံမလဲဆိုသည့် အစည်းအဝေး ပြီးသွားသည့်နောက် အနီရောင် ကုတ်ဝတ် အမျိုးသမီးက အလယ်မှာ လျှောက်လာသော အမျိုးသားကို ဖားသည့် လေသံဖြင့် ပြောနေသည်။
"ထျန်းစုံ စိတ်ချပါ၊ ကျွန်မတို့တွေ အဖမ်းမခံရစေရဘူး၊ ရဲတွေက လူကုန်ကူးတယ်လို့ စွပ်စွဲချင်ရင် သက်သေရှိဖို့ လိုတာပေါ့၊ အခု အဲဒီ 'ပစ္စည်း' တွေကို တခြားနေရာကို အမြန် ပြောင်းလိုက်မယ်၊ ရဲတွေ ရောက်လာရင် ဘာမှ ရှာမတွေ့စေရဘူး"
အမျိုးသားမှာ ရိုးရှင်းသော ဂျာကင်နှင့် အားကစားဖိနပ်ကို ဝတ်ထားပြီး တည်ငြိမ်သော မျက်နှာရှိသော်လည်း ဆံပင်များမှာ အနည်းငယ် ဖြူနေပြီ ဖြစ်သည်။
သူက ခပ်အက်အက် အသံဖြင့် ဆိုသည်။
"မင်းတို့ဘာသာ ဆင်ခြင်ပြီး စီမံကြ၊ နောက်ဆိုရင် ကိုယ်တိုင် အသုံးမချနဲ့၊ ဒါတွေက ဝယ်မယ့်သူဆီ ရောင်းရမှာတွေ၊ မင်းတို့ ကစားစရာ မဟုတ်ဘူး၊ ဝယ်မယ့်သူကို အမြန်ရှာပြီး ပို့လိုက်တာ အကောင်းဆုံးပဲ၊ ဒီရွာမှာ တစ်ရက် ပိုထားလေ၊ ငါတို့ အမိခံရဖို့ အန္တရာယ် ပိုများလေပဲ"
ထိုအချိန်တွင် "ပစ္စည်းသစ်ခန်း" ဆီသို့ အရင်ပြေးသွားသော ကတုံးဆံပင်နှင့် အမျိုးသားက ရုတ်တရက် အော်ဟစ်လိုက်သည်။
သူက လှေကားခြေရင်းသို့ အပြေးအလွှား ရောက်လာပြီး ထိတ်လန့်တကြား အော်ပြောတော့သည်။
"မကောင်းတော့ဘူး၊ 'ပစ္စည်းသစ်ခန်း' တံခါး ပွင့်နေတယ်၊ အထဲမှာ ဘယ်သူမှ မရှိတော့ဘူး၊ အကုန် ထွက်ပြေးကုန်ပြီ"
အနီရောင် ကုတ်ဝတ် အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားပြီး သူမသည် အခန်းဆီသို့ အပြေးသွားကာ ကြည့်လိုက်သည်။
သူမသည် အခန်းလွတ်ကြီးကို စိုက်ကြည့်ရင်း အံကြိတ်ကာ အပြင်သို့ အော်ဟစ်လိုက်သည်။
"အားလုံး ဘာရပ်ကြည့်နေကြတာလဲ၊ အမြန် လိုက်ရှာကြလေ၊ ဒီတောင်ကြီး တစ်ခုလုံးကို ဖြန့်ပြီး ရှာကြစမ်း၊ သူတို့ကို ပြန်မရရင် နင်တို့အားလုံး သေပြီသာ မှတ်တော့"
လိုက်လာသော လူငယ်အချို့သည် အမျိုးသမီး၏ နီရဲနေသော မျက်လုံးများကို မြင်ပြီး ကြောက်လန့်သွားကြသည်။
"တောက်...အစကတည်းက သူ့ကို သေသေချာချာ ရှာဖွေခဲ့သင့်တာ"
အမျိုးသမီးမှာ နောင်တများဖြင့် ရင်တွင်း၌ ပေါက်ကွဲနေတော့သည်။ ခဏတာ ပေါ့ဆလိုက်မိခြင်းက သူမတို့ တစ်အုပ်စုလုံး အဖမ်းခံရဖို့ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
"ထျန်းစုံ" ဟု ခေါ်သော အမျိုးသား၏ မျက်နှာမှာလည်း အေးစက်နေသည်။ သူက အမျိုးသမီး၏ အနားသို့ လျှောက်လာပြီး
"Butterfly Effect ဆိုတာ ကြားဖူးလား၊ မင်း ဘာလုပ်လိုက်လို့ ဒီလိပ်ပြာလေးက တောင်ပံခတ်သွား တာလဲ ငါမသိဘူး... ဒါပေမဲ့ ရဲတွေ မကြာခင် ရောက်လာတော့မယ်၊ အဲဒီအချိန်ကျရင် ငါ့ကိုတော့ ဆွဲမထည့်ကြနဲ့၊ မဟုတ်ရင် အဲဒီ 'ကုန်ပစ္စည်း' တွေရဲ့ အဆုံးသတ်က မင်းတို့ ကလေးတွေရဲ့ အဆုံးသတ်ပဲ ဖြစ်သွားလိမ့်မယ်"
သူက ပြောပြီးသည်နှင့် သူမကို လှည့်မကြည့်တော့ဘဲ အပြင်သို့ ထွက်သွားတော့သည်။
အမျိုးသမီးမှာ အားအင်များ ကုန်ခမ်းသွားသလို နံရံကို မှီကာ မြေကြီးပေါ်သို့ လျောကျသွားသည်။ သူမသည် ဆံပင်များကို ဆွဲကာ တိုးတိုးလေး ငိုကြွေးနေမိသည်။ သူမ၏ သားနှင့် သမီးကို သတိရသွားသည်။ သူမမှာ အပြစ်ရှိသည်။ ဒါ သူမ ခံရမှာပင်။
သို့သော် သူမ မျက်လုံးထဲတွင် ယုတ်မာသော အကြည့်များ ပြန်လည် ပေါ်လာပြန်သည်။ သူမသည် ထိုထွက်ပြေးသွားသော "ကုန်ပစ္စည်း" များကို ပြန်ရှာရမည်၊ သူမ၏ ကလေးတွေကို ဘာမှအထိခိုက် မခံနိုင်ချေ။
တောလမ်းမှာ လျှောက်ရသည်မှာ အလွန် ခက်ခဲလှသည်။ ချုံနွယ်ပိတ်ပေါင်းများက ခြေထောက်ကို ငြိနေပြီး မြွေများနှင့် တိုးမည်ကိုလည်း စိုးရိမ်ရသည်။
"အင့်" ဟူသော အသံနှင့်အတူ တစ်စုံတစ်ယောက် လဲကျသွားသဖြင့် ဝမ်သိုက် လှည့်ကြည့်လိုက်ရာ ကလေးမလေးကို ချီထားသော အကြီးဆုံး မိန်းကလေးမှာ မြေကြီးပေါ် လဲကျနေသည်။
သူမ၏ နာမည်မှာ ရှောင်ဟွေ့ ဖြစ်သည်။ သူမသည် အသက် ၁၆ နှစ်ရှိပြီး လူကုန်ကူးခံရသော ညီမလေးကို ရှာရန်အတွက် လူကုန်ကူးသူများထံ အဖမ်းခံကာ တမင် လိုက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤနေရာတွင် သူမ၏ ညီမလေး မရှိသဖြင့်၊ သူမသည် မိဘမဲ့ ကလေးမလေး ရွှမ်ရွှမ် ကို သူမ၏ ညီမလေးကဲ့သို့ ဂရုစိုက် စောင့်ရှောက်နေခြင်း ဖြစ်သည်။
ဝမ်သိုက်သည် ရှောင်ဟွေ့ထံသို့ လျှောက်သွားပြီး သူမ၏ ဇွဲနပဲကြီးမှုကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားသည်။
"ဒါကို အစ်မကို ပေး၊ အစ်မ ချီထားပေးမယ်၊ မင်းက နောက်က လူတွေကို လက်တွဲပေးရဦးမှာ၊ အစ်မက ရှေ့က ဦးဆောင်ရမှာဆိုတော့ ကလေးကို ချီထားလို့ ရတယ်"
ဝမ်သိုက်သည် ၇ နှစ်အရွယ် ရွှမ်ရွှမ်လေးကို ချီကာ ရှေ့မှ ဦးဆောင်၍ ဆက်လက် ထွက်ပြေးကြသည်။
တောင်ကုန်းမှာ အလွန် မတ်စောက်လှသည်။ ၇၀ ဒီဂရီခန့် မတ်စောက်သော လျှောစောက် တစ်နေရာသို့ ရောက်သည့်အခါ ဝမ်သိုက်က ရပ်လိုက်ပြီး မှာကြားလိုက်သည်။
"အားလုံး လျှောစီးသလိုမျိုး ဆင်းကြရအောင်၊ ဒီနေရာမှာ လမ်းလျှောက်လို့ မရဘူး၊ ထိုင်ပြီးတော့ ဖြည်းဖြည်းချင်း လျှောဆင်းကြမယ်"
ဝမ်သိုက်က ကလေးမလေးကို ချီပြီး အရင်ဆုံး လျှောဆင်းပြလိုက်သည်။ ကျောက်ခဲများနှင့် မြေကြီးများက သူမ၏ ဖိနပ်နှင့် အဝတ်အစားများကို ပွတ်တိုက်သွားသော်လည်း သူမ ဂရုမစိုက်နိုင်ချေ။
သူမ၏ နောက်တွင်တော့ မိန်းကလေးများမှာ တစ်ယောက်ပြီး တစ်ယောက် ကြောက်ရွံ့ခြင်း မရှိဘဲ လျှောဆင်းလာကြသည်။ အားလုံး၏ မျက်လုံးထဲတွင်တော့ လွတ်မြောက်လိုသော ဆန္ဒများ တောက်ပြောင်နေသည်။
သူတို့သည် မတ်စောက်သော လျှောစောက် သုံးခုကို ကျော်ဖြတ်ပြီးနောက် တောင်ခြေသို့ ရောက်ရှိသွားကြသည်။
"သမီးတို့တွေ... သမီးတို့တွေ လွတ်သွားပြီလား"
မိန်းကလေးတစ်ယောက်က တုန်ရီနေသော အသံဖြင့် မေးသည်။
ဝမ်သိုက် ကလေးမလေးကို ပြန်ချီရင်း တည်ငြိမ်စွာ ဖြေလိုက်သည်။
"မလွတ်သေးဘူး၊ လွတ်မြောက်ဖို့က အများကြီး လိုသေးတယ်"သူမ ရှေ့ကို ကြည့်လိုက်သည့်အခါ ကတ္တရာလမ်းမကြီးမှာ နောက်ထပ် တောင်ကုန်းတစ်ခုဆီသို့ ဦးတည်နေသည်။ ထိုတောင်ကုန်းပေါ်တွင် အဘိုးကြီးနှင့် အဘွားကြီးတို့၏ အိမ်ရှိပြီး၊ ထိုနေရာကို ကျော်မှ မြို့ထဲသို့ ရောက်မည် ဖြစ်သည်။
သူတို့သည် လမ်းမပေါ်သို့ ထွက်လာကြရာ၊ ရုတ်တရက် Cullinan အမျိုးအစား ဇိမ်ခံကားတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။
ဝမ်သိုက်က မိန်းကလေးများကို ကာကွယ်ရန် ပြင်လိုက်သော်လည်း ကားမောင်းသူကို မြင်လိုက်ရသည့်အခါတွင်တော့ သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
ကားမှာ သူမတို့၏ ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားပြီး တံခါးပွင့်လာကာ လူတစ်ယောက် ဆင်းလာသည်။
ဝမ်သိုက်သည် သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်ရင်း
"ဒါ အစ်မရဲ့ ပါတနာပဲ၊ တို့တွေ ဘေးကင်းသွားပြီ"
ကားပေါ်မှ ဆင်းလာသူမှာ ချန်စစ်ကျယ်ဖြစ်သည်။ သူသည် ဝတ်စုံပြည့် ဝတ်ထားဆဲဖြစ်ပြီး သူ၏ ရှည်လျားသော ခြေတံများဖြင့် ဝမ်သိုက်တို့ဆီသို့ အပြေးအလွှား လျှောက်လှမ်းလာတော့သည်။