← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

🍏 Chapter 139

သူက တည်ငြိမ်စွာဖြင့် ဥပဒေပုဒ်မများကို ရွတ်ဆိုပြပြီးနောက် မိမိလက်ထဲက ဖုန်းကို အသာအယာ မြှောက်ပြလိုက်ရာ မျက်နှာပြင်ပေါ်တွင် အသံဖမ်းစက် လည်ပတ်နေသည်ကို တွေ့လိုက်ရသည်။

“ရဲအရာရှိကြီး... ကျွန်မဟာ ကျွန်မရဲ့ပါတနာ ခုနက ရွတ်ပြခဲ့တဲ့ ဘယ်ဥပဒေကိုမှ ချိုးဖောက်တာမျိုး မလုပ်ခဲ့ဘူးလို့ ထင်ပါတယ်၊ ဒါပေမဲ့ ရှင်ကတော့”

အလွန်ခန့်ညားလှသော ထိုအမျိုးသား၏ နှုတ်ခမ်းထောင့်တွင် မရိုးသားသော အပြုံးတစ်ခု ပေါ်လာပြီး လေသံကို ဆွဲကာ ဆိုသည်။

“ခင်‌ဗျား တာဝန်ဝတ္တရား ပျက်ကွက်မှု ပုဒ်မတွေကိုကော နားထောင်ချင်သေးလား၊ ပြီးတော့ ခင်ဗျားက ဘာသက်သေမျှ မရှိဘဲ ကျွန်တော့်ရဲ့ ပါတနာကို လူကုန်ကူးသူအဖြစ် သံသယဝင်ပြီး စစ်ဆေးမေးမြန်းနေတာဟာ... ခင်‌ဗျားရဲ့ အပြုအမူကသာ မတရားစွပ်စွဲမှု ဥပဒေတွေနဲ့ ပိုပြီး ကိုက်ညီနေသလိုပဲ”

မြို့နယ်အဆင့် ရဲအသေးလေးတစ်ယောက်အနေဖြင့် ထိုဝဖြိုးဖြိုး အမျိုးသားသည် မြို့ပေါ်တွင် အေးအေးဆေးဆေး နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ လူတိုင်းက သူ၏ယူနီဖောင်းကို မြင်လျှင် ကြောက်ရွံ့ရိုသေကြသော်လည်း အခုလိုမျိုး လူနှစ်ယောက်ထံမှဆက်တိုက် ဖိအားပေးခြင်းကို ခံရပြီး စကားဆွံ့သွားရသည့် အခြေအနေမျိုးကို သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဤကား၏တံဆိပ်ကိုလည်း သူ ကောင်းကောင်း သိသည်။ တခြား ကားတံဆိပ်တွေကို မသိရင်တောင် ဤကားကိုတော့ ဘယ်သူက မသိဘဲ နေပါ့မလဲ။

ပြီးတော့ မောင်းသူခုံရှိ အမျိုးသား၏ဝတ်စားဆင်ယင်မှုနှင့် အရှိန်အဝါကို ကြည့်ရုံဖြင့် မိမိ မထိရဲသော လူမျိုးဖြစ်ကြောင်း ကောင်းကောင်း သိသာလှသည်။ ထိုလူက သူကိုယ်တိုင်ပင် မေ့လျော့နေသော ဥပဒေပုဒ်မများကို သေသေချာချာရွတ်ပြနေသေးသည်။

အထူးသဖြင့် ထိုလူ၏လက်ထဲက ဖုန်းမျက်နှာပြင်ပေါ်က အသံဖမ်းစက်ကိုမြင်လိုက်ရသည့်အခါ ထိုဝဖြိုးဖြိုး ရဲအရာရှိမှာ တစ်ကိုယ်လုံးချွေးပြန်သွားတော့သည်။

သူ့ မျက်လုံးများ မသိစိတ်ဖြင့် ပြူးကျယ်သွားပြီး တုတ်ခိုင်သော လည်ပင်းက အသားများမှာ တုန်ယင်သွားရှာသည်။

အသံဖမ်းစက်၏စက္ကန့်ဂဏန်းများက ဆက်လက် ပြောင်းလဲနေဆဲဖြစ်ပြီး ထိုပြောင်းလဲနေသော ဂဏန်းများက ရဲအရာရှိကို စိတ်လှုပ်ရှားသွားစေသဖြင့် သူက မျက်နှာက အသားများကို အတင်းညှစ်ကာ အပြုံးတစ်ခုကို ဖန်တီးလိုက်ရသည်။

“ကျွန်တော်က သာမန်အတိုင်း မေးကြည့်တာပါ၊ သူမမှာ တကယ်ပဲ ပြဿနာရှိတယ်လို့ မပြောပါဘူး၊ ကျွန်တော်တို့တွေက ရဲလုပ်ရတာဆိုတော့ သတိကြီးကြီးထားရတာ သဘာဝပဲ မဟုတ်လား၊ ခင်ဗျား တို့လည်း အများကြီးမတွေးပါနဲ့တော့”

ထိုအချိန်တွင် ဟို သံသယရှိသူ နှစ်ဦး၏ဘေးတွင် ရပ်နေသော ကျန်ရဲအရာရှိများက ဤနေရာက အခြေအနေကို သတိပြုမိသွားကြပြီး ရဲနှစ်ဦး သုံးဦးခန့် လျှောက်လာကာ ထိုဝဖြိုးဖြိုး ရဲအရာရှိ၏ ဘေးတွင် ရပ်လိုက်ကြသည်။

“မင်း ဒီမှာ ဘာလာလုပ်နေတာလဲ၊ ဟိုအမျိုးသမီးက အများကြီးကူညီပေးခဲ့တာလေ၊ အထက်က လူတွေ လာတုန်းကလည်း ပြောသွားတယ် မဟုတ်လား၊ ဒီထဲက ညီမလေး ဒုက္ခခံပြီး ကယ်ထုတ်လာလို့ တော်သေးတာပေါ့၊ မင်းက ဘာလို့ ဒီမှာ လာပြီးစကားများနေရတာလဲ၊ သူတို့လည်း ပင်ပန်းနေလောက်ပြီကို မင်းက လာဆူညံနေတယ်၊ သူတို့ကို နားပါစေဦး”

ရဲစခန်းအတွင်း ရဲအချင်းချင်းနောက်ပြောင်ကြသည်မှာ ထုံးစံဖြစ်သော်လည်း ထိုဝဖြိုးဖြိုး ရဲအရာ ရှိ၏စိတ်နေစိတ်ထားက ထူးဆန်းလှသည်။ သို့သော် အခုအချိန်တွင် သူ့ စိတ်ပုပ်မှုကို ထိုင်ပြီး ငြင်းခုံနေမည့် အချိန် မဟုတ်ချေ။

သူ့ပုခုံးကို ပုတ်လိုက်သော ရဲအရာရှိက သူ့ကို အတင်းဆွဲခေါ်သွားပြီး ထိုအချိန်တွင် သူတို့ တိုးတိုးလေး ပြောလိုက်သော စကားကို ကားထဲက နားပါးသော လူနှစ်ယောက်က အထင်အရှား ကြားလိုက်ရသည်။

“မင်းရဲ့ ဒီလို စရိုက်ဆိုးကို နည်းနည်းလောက်ပြင်လို့ မရဘူးလား၊ အာဏာပြပြီး ဗိုလ်ကျတာလည်း အတိုင်းအတာ ရှိရမယ်လေ၊ စခန်းထဲမှာတင် အားမရလို့ အခုအပြင်မှာပါ လာလုပ်နေတယ်...”

ထိုဝဖြိုးဖြိုး ရဲအရာရှိသည် ပုံမှန်အားဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် ဘယ်လို ပတ်သက်နေလဲဆိုတာ မသိရသော်လည်း ကျန်တဲ့ရဲများကပင် သူသည် ဤနေရာတွင် လာပြီး အာဏာပြချင်နေမှန်း ရိပ်မိကြသည်။

ချန်စစ်ကျယ်က ကားမှန်ကို ပြန်တင်လိုက်ရာ ကားရှေ့ခန်းက ဝမ်သိုက် သူ့ကို လှည့်ကြည့်ပြီး စကားနာထိုးသည်။

“ရှင် တကယ်ပဲ ကျီးကန်းပါးစပ် လုပ်လို့ရတဲ့ သတ္တိရှိတာပဲ၊ တစ်ခွန်းတည်းနဲ့ အရှိုက်ကို မှန်သွားတာပဲ”

သူမ လေသံထဲတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။

ချန်စစ်ကျယ် နှာခေါင်းရှုံ့ရုံသာ တုံ့ပြန်ပြီး ဖုန်းကို မူလနေရာတွင် ပြန်ချထားလိုက်သည်။

နောက်ခန်းတွင် ငြိမ်သက်နေသော လူသုံးဦးထဲမှ ဝမ်ဝေ့ဝေ့သည် ဝမ်သိုက်နှင့် မိခင်ဖြစ်သူက သိကျွမ်းကြောင်း သိထားပြီး ငယ်စဉ်ကလည်း စကားပြောဖူးသည့် အတွေ့အကြုံ ရှိခဲ့သဖြင့် ဝမ်သိုက်ကို စကားလှမ်းပြောရန်သတ္တိရှိလာသည်။

သူမက ကိုယ်ကို ရှေ့သို့ အနည်းငယ်တိုးလိုက်ပြီး ကားရှေ့ခန်းထိုင်ခုံနောက်မှီပေါ်သို့ လက်တင်လိုက်ကာ မေးသည်။

“ဒါဆို စောစောက ရဲအရာရှိမှာ တကယ်ပြဿနာရှိတာပေါ့”

အိပ်ပျော်တော့မည့် ဝမ်သိုက်သည် မျက်လုံးကိုပြန်ဖွင့်ကာ ခေါင်းကို လှည့်၍ ဝမ်ဝေ့ဝေ့ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်လေ”

“လူ့အဖွဲ့အစည်းက... ကျွန်မ ထင်ထားတာထက် အများကြီး ပိုပြီး ရှုပ်ထွေးတာပဲ၊ ကျွန်မ အရင်က အမြဲတမ်း ထင်ခဲ့တာက အားကိုးရဆုံး အရာဟာ ရဲတွေပဲပေါ့၊ အန္တရာယ်နဲ့ ကြုံရရင်တောင် ရဲတွေကို တွေ့လိုက်ရပြီး အကူအညီတောင်းလိုက်ရင် လုံခြုံသွားလိမ့်မယ်လို့ ထင်ခဲ့တာ”

သူမက တိုးတိုးလေး ဆိုသည်။

ဝမ်ဝေ့ဝေ့သည် ကိုယ်ကို နောက်သို့ ပြန်မှီချလိုက်ပြီး တစ်ကိုယ်လုံးကို တွန့်လိပ်ထားသော ပုံစံမျိုးဖြင့် မိမိ၏လက်ချောင်းများကိုသာ ဆိတ်ဆွဲနေမိသည်။

သူမ ဘေးတွင် ထိုင်နေသော ရှောင်ဟွေ့၏ပေါင်ပေါ်တွင် ရွှမ်ရွှမ်လေး ရှိနေသည်။ ရှောင်ဟွေ့သည် ရွှမ်ရွှမ် လက်ကို ကိုင်ထားပြီး အလွန် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ကျွန်မကတော့ ဒါကို စောစောကတည်းက သိပြီးသားပါ၊ ဒီက ရဲတွေက ဘာမှ မလုပ်ပေးဘူး၊ ဘာမှ မတတ်နိုင်ကြဘူး၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က အကူအညီတောင်းသံတွေကို ပိတ်ဆို့ထား လိမ့်မယ်”

ထိုင်ခုံနောက်မှီပေါ် မှီထားသော ဝမ်သိုက်၏ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး သူမသည် မိမိ၏အတိတ်ကို ပြန်လည် တွေးတောမိသွားသည်။ ဝေဝါးလှသော အတိတ်ထဲတွင် အသက် ၁၀ နှစ်အရွယ် ဝမ်သိုက်လေးကို မြင်လိုက်ရသလိုပင်။ ထိုစဉ်က အပြစ်ကင်းစင်သော ကလေးမလေး လုပ်နိုင်ခဲ့သည်မှာ ငိုကြွေးခြင်းသာ ဖြစ်ပြီး၊ အကူအညီ တောင်းသော်လည်း ဘယ်သူ့ထံမှ အကူအညီ မရရှိခဲ့ချေ။

“အင်း... ရှောင်ဟွေ့ပြောတာ မှန်ပါတယ်၊ ရဲဆိုတာ အလုပ်အကိုင် တစ်ခုပဲလေ၊ အစ်မတို့တွေ အားကိုးလို့ရတယ်လို့ ထင်ထားတဲ့သူတွေဟာ အခြေခံအားဖြင့် လူသားတွေပဲလေ၊ လူဆိုတာ အမြဲတမ်း ပြောင်းလဲလွယ်တတ်တာပဲ၊ အလုပ်အကိုင်ရဲ့ တောက်ပတဲ့ ဂုဏ်ကျက်သရေဟာ ယုတ်မာတဲ့ လူတစ်ယောက်ပေါ် ရောက်သွားရင်လည်း ပျောက်ကွယ်သွားတာပဲ”

“ဒါပေမဲ့ အစ်မတို့က လူအားလုံးကိုတော့ အပုပ်ချလို့ မရဘူးပေါ့၊ အလုပ်အကိုင်တိုင်းမှာ လူကောင်းနဲ့ လူဆိုး ဆိုတာ ရှိကြတာပဲ၊ ပြည်သူ့အတွက် တကယ်ကို စိတ်ရင်းမှန်နဲ့ အနစ်နာခံပေးတဲ့ ရဲတွေလည်း ရှိပါတယ်၊ တချို့လူတွေကတော့ ရည်မှန်းချက် အပြည့်နဲ့ နိုင်ငံတော် အေးချမ်းဖို့၊ ပြည်သူတွေ ဘေးကင်းဖို့အတွက် ကြိုးစားနေကြတုန်းပဲ”

ဝမ်သိုက်သည် ပေါင်ပေါ်က လက်သီးကို တဖြည်းဖြည်း တင်းတင်းဆုပ်လိုက်ပြီး ဝေဝါးနေသော မျက်လုံးများထဲတွင် အလင်းရောင် ပြန်လည် ပေါ်လာကာ သူမသည် ချိုက်ချီ ကို ပြန်လည် တွေးတောမိလိုက်သည်။

ထိုရဲမေသည် မိမိကို ယုံကြည်ပေးခဲ့ပြီး သေးငယ်သော အခွင့်အရေးတိုင်းကို လက်မလွှတ်ဘဲ ပြည်သူ့အသံကို နားထောင်ပေးခဲ့သည်။

ဝမ်သိုက်အနေဖြင့် သူမ၏အနာဂတ်သည် အကန့်အသတ်မရှိ တောက်ပလိမ့်မည်ဟု ယုံကြည်သည်။

ပြီးတော့ ဒီကမ္ဘာပေါ်မှာ ဆိုက်ချီလိုလူမျိုး တစ်ယောက်တည်းသာ ရှိနေမည် မဟုတ်ကြောင်းကိုလည်း သူမ ယုံကြည်သည်။

ကားမှန်ကတစ်ဆင့် ဝေးရီသော နေရာသို့ လှမ်းကြည့်လိုက်သည့်အခါသေးငယ်သော လူရိပ်လေးများမှာ တဖြည်းဖြည်း ထင်ရှားလာပြီး အတန်းလိုက် လျှောက်လှမ်းလာကြသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းတို့သည် ဖုံးကွယ်ခြင်း ခံထားရသော... လူကုန်ကူးခံရသူများဖြစ်ကြသည်။

All Chapters