← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

🍏 Chapter 140

နွေဦးရာသီ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း ထိုလူများထဲတွင် တချို့က အဝတ်အစား ပါးပါးလေးတစ်ထည်သာ ဝတ်ထားကြပြီး တချို့မှာ အဝတ်များ စုတ်ပြတ်သတ်နေသဖြင့် ကိုယ်ပေါ်တွင် စောင်ကြမ်းများကိုသာ ပတ်ထားကြရရှာသည်။

သူတို့ထဲတွင် ဆံပင်စုတ်ဖွား ဖြစ်မနေသူဟူ၍ မရှိသလောက်ပင်။ ငိုကြွေးနေသူတစ်ဦးမျှပင် ရှာမတွေ့ တော့ဘဲ ဤလူအုပ်ကြီးသည် ဝမ်သိုက် စောစောက ကယ်ထုတ်လာခဲ့သော မျက်ရည်ကျရမှန်း သိသေးသည့် ပစ္စည်းအသစ်များနှင့် မတူတော့ချေ။

ဒုက္ခမျိုးစုံကြောင့် စိတ်ဝိညာဉ်များ ထုံထိုင်းကာထောက်တည်ရာမဲ့နေကြပြီဖြစ်ရာ လူတိုင်းနီးပါးဟာ လမ်းလျှောက်တတ်သည့် လူသေကြီးများကဲ့သို့ပင်။ မျက်နှာများက သေလူလို ဖြစ်နေသလို ရင်ထဲက နှလုံးသားလည်း သေဆုံးနေပြီ ဖြစ်လိမ့်မည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲက သွေးများကတော့ စီးဆင်းနေဆဲ။

အနောက်ဆုံးကနေ လျှောက်လာကြသော ချိုက်ချီနှင့် သူမဘေးက ရဲအရာရှိတို့၏ မျက်နှာများမှာ အလွန်ပင် တည်ကြည် မည်းမှောင်နေကြသည်။

သူတို့နှင့်အတူ ရှေ့ကနေ ဖမ်းဆီးခေါ်ဆောင်လာခြင်း ခံရသူမှာ အနီရောင် ဝတ်စုံဝတ် အမျိုးသမီး ဖိကျွမ်းဖြစ်သည်။ ကတုံးဆံပင်နှင့် အမျိုးသားမှာ အခြေအနေကိုလိုက်၍ ဖားတတ်သော လေယူရာယိမ်းသည့် မြက်ပင်တစ်ပင် လိုပင်။

သူက ပိကျွမ်း၏ လက်နှစ်ဖက်ကိုအနောက်သို့ အတင်းချုပ်နှောင်၍ ခေါ်လာပြီး ကျန်ရှိသော ကြံရာပါများကတော့ လက်ထိပ်မခတ်ထားရပေ။ ရဲများက အတင်းအကျပ် မလုပ်သော်လည်း အလိုက်တသိဖြင့် နောက်ကနေ လိုက်လာကြသည်။

ချိုက်ချီ၏အရိပ်အယောင်ကို မြင်လိုက်ရသည့်အခါ ဝမ်သိုက်သည် ကားတံခါးကိုဖွင့်ကာ အောက်သို့ ဆင်းခဲ့သည်။

ကယ်ထုတ်လာသော လူကုန်ကူးခံရသူများကို ဘတ်စ်ကားကြီးပေါ်သို့ တင်ပေးပြီးနောက် ချိုက်ချီသည် မြို့နယ်အဆင့် ရဲများနှင့် ခေတ္တမျှ စကားပြောဆိုကာ ညှိနှိုင်းနေသည်။

ဖမ်းဆီးခံထားရသော ဖိကျွမ်းသည် တိတ်ဆိတ်စွာ ရပ်နေရင်း တစ်စုံတစ်ယောက်က မိမိကို စိုက်ကြည့်နေသည်ကို ခံစားမိပုံရသဖြင့် မျက်လုံးကို မော့ကြည့်လိုက်သည်။

သူမသည် ဝါကျင့်ကျင့် မျက်နှာနှင့် ဝဖြိုးဖြိုး ရဲအရာရှိကိုတွေ့လိုက်ရသည့်အခါ အကြည့်ကို လုံးဝလွှဲမသွားတော့ချေ။

မူလကတော့ မျက်လုံးချင်းပြပြီး ခြိမ်းခြောက်ရန်ကြံစည်နေခဲ့သော ထိုဝဖြိုးဖြိုး ရဲအရာရှိမှာ ရုတ်တရက် ထိတ်လန့်သွားတော့သည်။

“ရဲအရာရှိတို့... ရှင့်တို့ ကျွန်မတို့ရဲ့ အနောက်က အကာအကွယ်ပေးထားတဲ့ အတွင်းလူကိုကော ဖမ်းမှာလား၊ အဲဒီအတွင်းလူရဲ့ လက်ပါးစေ တွေကိုကော... ဖမ်းမှာလား”

အမျိုးသမီး၏အက်ကွဲလှသော အသံသည် လည်ချောင်းထဲကနေ ဖြည်းဖြည်းချင်းထွက်ပေါ်လာပြီး သူမ မျက်လုံးများက ထိုဝဖြိုးဖြိုးရဲအရာရှိပေါ်တွင် ကပ်ငြိနေသည်။

ကိုယ်ကိုလှည့်ပြီး လုပ်ဖော်ကိုင်ဖက်များ၏အနောက်သို့ ပုန်းရန်ကြံစည်နေသော ထိုဝဖြိုးဖြိုး ရဲအရာရှိကို ချိုက်ချီဘေးက ရဲအရာရှိကရိပ်မိသွားသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မလှုပ်နဲ့”

အကြံအဖန် မိသွားသည့်အချိန်တွင် စိတ်လှုပ်ရှားမှုများ အရှိန်ပြင်းစွာ တက်လာပြီး ထိုဝဖြိုးဖြိုး ရဲအရာရှိသည် မသိစိတ်ဖြင့် ခါးကြားက သေနတ်ကို ကိုင်ရန်လက်လှမ်းလိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့ ဘေးက လုပ်ဖော်ကိုင်ဖက်များက ပိုမြန်ဆန်လှသဖြင့် ဘယ်ပြန်ညာပြန် ဖမ်းချုပ်လိုက်ကြသည်။

“မင်းတို့ ဘာလုပ်တာလဲ၊ လွှတ်စမ်း”

ထိုဝဖြိုးဖြိုး ရဲအရာရှိသည် မလျှော့သော ဇွဲဖြင့် ရုန်းကန်သော်လည်း နောက်ဆုံးတွင်တော့ လက်ထိပ်ကိုင်ထားသော ရဲများ၏လက်ထိပ်ခတ်ခြင်းကို ခံလိုက်ရတော့သည်။

သူ့ မျက်လုံးများမှာ သွေးကြောများ ယှက်သန်းကာ နီမြန်းနေပြီးအတင်းအော်ဟစ်တော့သည်။

“မင်းတို့က ဒီလူကုန်ကူးတဲ့ မိန်းမယုတ်ရဲ့ စကားကို နားထောင်တာလား၊ သူမပြောသမျှ ယုံနေကြ တာလား၊ သူမက လူကုန်ကူးတဲ့သူ၊ ငါက ရဲလေ၊ ငါက မင်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်၊ သူမက ငါတို့တွေကို သွေးခွဲနေတာ၊ မင်းတို့တွေ ရူးကုန်ကြပြီလား”

တစ်စုံတစ်ခုကို တွေးမိသွားပုံရသဖြင့် ထိုဝဖြိုးဖြိုးရဲအရာရှိသည် စောစောက သင်ယူထားသော ဥပဒေပုဒ်မများကို ပြန်လည် အသုံးချရန်ကြိုးစားပြန်သည်။

သူ ဖိကျွမ်းကို ရက်စက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ အံကိုကြိတ်၍ ဆိုသည်။

“မင်းရဲ့ ဒီလိုအပြုအမူဟာ အသရေဖျက်မှု၊ မတရားစွပ်စွဲမှုမြောက်နေပြီ၊ အခုချက်ချင်း စကားပြန်ပြင်ဖို့ ငါသတိပေးမယ်၊ မဟုတ်ရင် ပြစ်ဒဏ်တွေ အားလုံးပေါင်းပြီး မင်း ပိုပြီးထောင်ဒဏ် အပြင်းအထန် ခံရလိမ့်မယ်”

သူက ပါးစပ်ကို လှုပ်ရှားရုံမျှဖြင့် အသံမထွက်ဘဲ ပုံစံသွင်းကာ နှုတ်ခမ်းဖတ်ပြလိုက်သည်။

“မင်းရဲ့ ကလေးတွေ”

သို့သော်လည်း ပိကျွမ်းသည် သူထင်ထားသလို ကြောက်လန့်မသွားဘဲ ရုတ်တရက် ရယ်မောလိုက်တော့သည်။ သူမ ပုခုံးများ တုန်ယင်နေပြီး မျက်ဝန်းများ နီမြန်းလာသည်။

မျက်ရည်စများ ဝိုင်းလာခြင်းမှာ ရယ်လွန်း၍ ထွက်လာသော မျက်ရည်လား သို့မဟုတ် အခြားသော ခံစားချက်များကြောင့်လား မသိနိုင်ချေ။ သူမသည် ရူးသွပ်မတတ် ရယ်မောနေပြီး အလွန်အမင်း အက်ကွဲနေသော အသံကြောင့် ဆက်ပြီး ရယ်နေပါက အသံပါ ဆိတ်သွားမည့်အတိုင်းပင်။

“ရှင် ဘာကို ကြောက်နေတာလဲ၊ ကျွန်မ ပြစ်ဒဏ် ပိုပြီးအပြင်းအထန်ပေးမပေးဆိုတာ ရှင် အသိဆုံး ဖြစ်မှာပါ၊ အခု ဘာလို့ ကျွန်မကို လာပြီးခြိမ်းခြောက်နေရတာလဲ၊ ရှင့်စိတ်ထဲမှာ ကျွန်မကို မနူးမနပ်လေး ထင်နေလား”

“ကျွန်မရဲ့ ကလေးတွေကိုတော့... ရဲအရာရှိကြီးတွေက ပြောပြီးသား၊ သူတို့ ကျွန်မရဲ့ ကလေးနှစ်ယောက်စလုံးကို ဘာအန္တရာယ်မှ မရှိအောင် ကာကွယ်ပေးမယ်တဲ့၊ ပြီးတော့ အမြန်ဆုံး မွေးစားမယ့်သူ ရှာပေးမယ်တဲ့၊ ကျွန်မရဲ့ ကလေးတွေက ပိုပြီးကောင်းမွန်တဲ့ ဘဝကိုပိုင်ဆိုင်ရတော့မှာ၊ ရှင့်တို့လို တိရစ္ဆာန်တွေရဲ့ နှိပ်စက်တာကို ဘယ်တော့မှ ခံရမှာ မဟုတ်တော့ဘူး၊ စိတ်လျှော့လိုက်တော့”

သူမ ပါးစပ် စုတ်ပြဲမတတ် အော်ဟစ်လိုက်သည်။

“ကျွန်မက ထျန်းဖန်းကိုတောင် မကြောက်တော့တာ၊ ရှင့်လို ခိုင်းဖတ် ခွေးတစ်ကောင်ကို ကြောက်ရဦးမှာလား”

“ထျန်းဖန်း”

ဟူသော နာမည် ထွက်လာသည်နှင့် ထိုနေရာရှိ ရဲအရာရှိ အားလုံး၏ မျက်နှာအမူအရာများမှာ ထူးဆန်းစွာ ပြောင်းလဲသွားကြသည်။

ဖိကျွမ်းနှင့် မတူသည်မှာ ထိုဝဖြိုးဖြိုး ရဲအရာရှိသည် မိမိ၏မိသားစုကို တခြားသူထံ ပုံအပ်၍မရနိုင်ချေ။ သူ့တွင် ဇနီးသည်နှင့် အိုမင်းမစွမ်း အမေအိုကြီးရှိသေးသည် မဟုတ်ပါလား။ တခြားသူက ကြည့်ရှုစောင့်ရှောက်ပေးလိမ့်မည်ဟု မျှော်လင့်နိုင်ပါ့မလား။

သူမ အော်ဟစ်သံက လေထုထဲက ဖုန်မှုန့်များကိုပင် လွင့်စင်သွားစေမည့်အလား တစ်လောကလုံးကို တိတ်ဆိတ်သွားစေသည်။

ငိုလွန်း၍ ဖူးယောင်နေသော မျက်လုံးများဖြင့် လူကို စိုက်ကြည့်ရင်း ကိုယ်ကို ရှေ့သို့ အတင်းတိုးရန် ကြိုးစားနေသည်။ ကတုံးဆံပင်နှင့် အမျိုးသားက သူမကို အတင်းချုပ်ထားသော်လည်း ထိုဝဖြိုးဖြိုး ရဲအရာရှိမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်မိသွားတော့သည်။

“ဒီမိန်းမ... တကယ်ကို ရူးသွားပြီ”

ဆူညံသံများက အကြာကြီး မကြာလိုက်ပေ။ ထိုဝဖြိုးဖြိုး ရဲအရာရှိနှင့် ဖိကျွမ်းတို့၏ငြင်းခုံမှုကို ကျန်တဲ့ရဲများက အတင်းအကျပ်တားဆီးလိုက်ပြီ သူတို့နှစ်ဦးကို မတူညီသော ရဲကားများပေါ်သို့ ခွဲ၍ ဖမ်းဆီး တင်လိုက်ကြသည်။

ရှောင်ဟွေ့သည် ရွှမ်ရွှမ်လေးကို ခေါ်ကာ ဘတ်စ်ကားကြီးပေါ်သို့ တက်သွားပြီး ဝမ်သိုက်သည် ဝမ်ဝေ့ဝေ့ကို ရှာဖွေပေးရန် မိခင်ဖြစ်သူထံမှအပ်နှံခြင်း ခံထားရသဖြင့် ဝမ်ဝေ့ဝေ့သည် ချန်စစ်ကျယ်၏ Rolls-Royce Cullinan ကားကြီးပေါ်သို့ တက်ထိုင်ခဲ့သည်။

သို့သော် သူတို့အားလုံး ရဲစခန်းသို့ အတူတူသွားကြရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထွက်ဆိုချက်ပေးရန်လိုအပ်ပြီး သက်သေများကိုလည်း ထပ်မံ စနစ်တကျ ပြုစုရမည် ဖြစ်သောကြောင့်ပင်။

ရွာထဲက ထွက်လာသည့်အချိန်တွင် ရွာထိပ်လမ်းဘေး၌ စောင်း၍ ရပ်ထားသော သုံးဘီးဆိုင်ကယ် ကြီးက ဝမ်သိုက်၏အာရုံကို ဆွဲဆောင်သွားသည်။

အရှေ့ခုံတွင် ထိုင်နေသော အန်တီကြီးသည် ပထမဆုံးတွေ့ခဲ့ရသည့် ပုံစံအတိုင်း ခြေထောက် တစ်ဖက်ကို ဘေးသို့ထုတ်၍ ချိတ်ထားပြီး လက်နှစ်ဖက်ဖြင့် စတီယာရင်ကိုကိုင်ကာ ဤဘက်သို့ လှည့်ကြည့်နေသည်။

သုံးဘီးဆိုင်ကယ် အနောက်တွဲထဲတွင် ထိုင်နေသော ဦးလေးကြီးကတော့ ခေါင်းငုံ့ကာ ဆေးလိပ်သောက်နေပြီး မျက်နှာကိုသေချာမမြင်ရသော်လည်း သူ့ အရှိန်အဝါမှာ အလွန်စိတ်ပျက်အားငယ်နေပုံရသည်။

ဝမ်သိုက်သည် သူတို့ မိမိကို မြင်၊ မမြင်သေချာမသိသော်လည်း အကြည့်ကို ပြန်လည် လွှဲလိုက်တော့သည်။

မြို့ပြနှင့် ယှဉ်လျှင် ဤကဲ့သို့ ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသသို့ ကားအမြောက်အမြား ရောက်ရှိလာသဖြင့် တောင်ကုန်းကို ကျော်ဖြတ်သည့် အချိန်တွင် ရွာသူရွာသား အများအပြားသည် လမ်းဘေးတွင် ထွက်ရပ်ကာ စိတ်ဝင်တစားဖြင့် ငေးကြည့်နေကြသည်။

အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ဝမ်သိုက်သည် လမ်းခုလတ်မှာတင် သတိလစ်သလို အိပ်ပျော်သွားတော့သည်။ သူမသည် ထိုင်ခုံနောက်မှီပေါ်သို့ ခေါင်းအသာ စောင်းချကာ မှိန်းနေပြီး အိပ်ပျော်နေစဉ်အတွင်း အသက်ရှူသံမှာ အလွန် တိုးညင်းလှသဖြင့် အနီးကပ် နားထောင်လျှင်ပင် မကြားရချေ။

နောက်ခန်းတွင် ထိုင်နေသော ဝမ်ဝေ့ဝေ့သည် မျက်လုံးကို မော့၍ အရှေ့သို့ ကြည့်လိုက်သည့်အခါ နောက်ကြည့်မှန် ကို မလွှဲမရှောင်သာ မြင်ရသည်။ ချန်စစ်ကျယ်၏မျက်လုံးများက အရှေ့ခုံက လူဆီသို့ ခဏခဏရောက်သွားသည်ကို သတိပြုမိလိုက်သည့်အခါ သူမသည် အိပ်မောကျနေသော ဝမ်သိုက်ကို တစ်ချက်ကြည့်ပြီးနောက် တိုးတိုးလေးမေးလိုက်သည်။

“ဦးလေး... ဦးလေးက အစ်မဝမ်သိုက်ကို သဘောကျနေတာလား”

ကားရှေ့ခန်းက မိန်းမပျိုဆီသို့ မသိစိတ်ဖြင့် ထပ်မံရောက်ရှိတော့မည့် အကြည့်ကို ချန်စစ်ကျယ်က ချက်ချင်းဖြတ်တောက်လိုက်ပြီး အရှေ့သို့သာ စူးစိုက်ကြည့်ကာ စတီယာရင်ကို ကိုင်ထားသော လက်ကို တင်းကျပ်လိုက်ရင်း စဉ်းစားမနေဘဲငြင်းဆိုလိုက်သည်။

“မဟုတ်ပါဘူး၊ သမီးက ဘာလို့ အဲဒီလိုထင်ရတာလဲ”

သူ့လေသံက အနည်းငယ်တည်ငြိမ်အေးစက်နေသဖြင့် ဝမ်ဝေ့ဝေ့က မိမိစကားလွန်သွားပြီဟု ထင်ကာ ညည်းတွားလိုက်သည်။

“အော်... ဘာလို့လဲဆိုတော့ ဦးလေးက အစ်မဝမ်သိုက်ကိုပဲ ခဏခဏကြည့်နေပြီး သူမကို အရမ်း ဂရုစိုက်နေသလိုပဲမို့လို့ပါ၊ စောစောကလည်း အဲဒီလိုပဲ... ဦးလေးက အစ်မဝမ်သိုက်ကို အရမ်းစိုးရိမ်နေတယ်လို့ ခံစားရတယ်”

“ငါကတော့ အသက်ရှင်နေတဲ့ သက်ရှိမှန်သမျှကို ဂရုစိုက်တာပဲ”

All Chapters