အခန်း ၁၄၁
Vol. 15 Ch. 141
🍏 Chapter 141
အလွန် အေးစက်လှသော အမူအရာ ဖြစ်သော်လည်း ဤစကားလုံးများက ချန်စစ်ကျယ်၏ ခေါင်းပေါ်တွင် မြင့်မြတ်သော အလင်းရောင်တစ်ခု ဖြာကျနေသလိုပင်။ သို့သော် အနောက်က ထွက်လာသော စကားများကတော့ ထိုအလင်းရောင်ကို အနည်းငယ် ပြန်လည် ဖျော့တော့သွားစေသည်။
“ငါက သူမရဲ့ ပါတနာ တစ်ယောက်အနေနဲ့ သူမရဲ့ ဘေးကင်းမှုကို စိုးရိမ်တာ သဘာဝပဲလေ၊ ငါက သူမရဲ့ ပါတနာ မဟုတ်ခဲ့ရင်တောင်၊ လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့အတွက် အန္တရာယ်ကြားထဲ စွန့်စားဝင်ရောက်ရဲတဲ့ လူတစ်ယောက်ရဲ့ ဘေးကင်းမှုကို စိုးရိမ်မိမှာပဲ”
“သူမမှာ ဒီလိုလုပ်ဖို့ ဘာတာဝန် ဝတ္တရားမျှ မရှိဘူး၊ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ဖို့အတွက် ဆိုရင် တိကျတဲ့ တည်နေရာ သတင်းအချက်အလက်ကို ပေးရုံနဲ့တင် လုံလောက်နေပြီ၊ ကိုယ်တိုင် အန္တရာယ်ကြားထဲ ဝင်သွားစရာ မလိုဘူး၊ သူမက အရမ်း သတ္တိရှိတယ်၊ ဒီခရီးစဉ်အတွင်းမှာ သူမကို သူရဲကောင်းလို့ ခေါ်ဆိုနိုင်ပါတယ်”
တည်ငြိမ်လေးနက်သော လေသံမှာ အခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ သူက အေးစက်သော အမူအရာကို ဆောင်ထားသော်လည်း စကားလုံးများကတော့ နားထောင်ရသူ၏ နှလုံးသားကို နွေးထွေးစေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရင်ထဲကလာသော အစစ်အမှန် ချီးမွမ်းစကား ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ဝမ်ဝေ့ဝေ့သည် အဓိကအချက်ကို ကောင်းကောင်း ဆွဲထုတ်နိုင်သူ ဖြစ်သဖြင့် အံ့သြတုန်လှုပ်စွာ မေးတော့သည်။
“အလုပ်လား... တိကျတဲ့ တည်နေရာ သတင်းအချက်အလက် ဟုတ်လား”
“သူမ သမီးကို မပြောပြဘူးလား”
“ဒါတွေကိုတော့ သေသေချာချာမပြောပြဘူး၊ အစ်မဝမ်သိုက်က ကျွန်မအမေရဲ့ အကူအညီတောင်းတာကြောင့် လာခဲ့တာလို့ပဲပြောတာ၊ ဒါပေမဲ့ ဦးလေးရဲ့ စကားကို နားထောင်ရသလောက်တော့ ဝမ်သိုက်အစ်မမှာ တခြား ထူးခြားတဲ့ စွမ်းရည်တွေရှိနေပုံပဲ... ကျွန်မကို ပြောပြလို့ ရမလား”
“မရဘူး”
အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တွင် မသိသေးသော အရာများအပေါ် စူးစမ်းလိုစိတ် ရှိနေသော်လည်း ကံမကောင်းစွာဖြင့် သူမ တွေ့လိုက်ရသည်မှာ သွေးအေးလှသော ချန်စစ်ကျယ်ဖြစ်နေသည်။
သူမသည် နှုတ်ခမ်းလေးစူကာ ထိုင်ခုံနောက်သို့ မှီချလိုက်ပြီး ငြိမ်သက်သွားကာ ကားမှန်ပြင်ပြင်ပသို့ လှမ်းကြည့်နေမိသည်။
ဘေးပတ်ပတ်လည်ကရှုခင်းများက အလွန် သာယာလှသည်။ လာစဉ်ကတော့ သဘာဝအလှတရားကို ခံစားရန် အချိန်မရှိခဲ့သော်လည်း အခုပြန်သည့်အချိန်တွင် ခံစားခွင့် ရသော်လည်း ဤနေရာသို့ ထပ်မံ ခြေမချချင်တော့ချေ။ ကျေးလက်ဒေသ၏ရိုးသားမှုဆိုသည်မှာပင် အစစ်နှင့် အတု ခွဲခြားနေရသည် မဟုတ်ပါလား။
လီကျိုးမြို့ပြသို့ ပြန်လည် ရောက်ရှိသည့်အချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ မိုးကုပ်စက်ဝိုင်းသည် အပြာရောင်နှင့် ခရမ်းရောင်တို့ ရောယှက်ကာ လှပစွာ မှေးမှိန်နေသည်။
ရောက်ရှိသည်နှင့် ဝမ်သိုက်သည် မျက်လုံးကို ချက်ချင်းဖွင့်လိုက်ပြီး စိတ်အာရုံများ မကြည်လင်သေးခင်မှာတင် ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ကားပေါ်က ဆင်းခဲ့သည်။
ကားရပ်ထားသည်မှာ ရဲစခန်း၏အပြင်ဘက် ဖြစ်သည်။ ဤနေရာသည် လီကျိုးမြို့၏ ဗဟိုချက် ဖြစ်သဖြင့် အနီးအနားတွင် ပန်းခြံတစ်ခုရှိပြီး မလှမ်းမကမ်းတွင်လည်း စျေးဝယ်စင်တာများရှိသော ကြောင့် လမ်းသွားလမ်းလာ အလွန် များပြားလှသည်။
လမ်းသွားလမ်းလာများထံမှ စူးစိုက်ကြည့်နေသော အကြည့်များကို ခံစားမိသည့်အခါ ဝမ်သိုက်သည် ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်မိသည်။ လူများ၏တီးတိုး ရယ်မောသံများက နားထဲသို့ ဝင်လာသော်လည်း သူမ ဦးနှောက်ကတော့ အလုပ်မလုပ်သေးချေ ။
ခဏအကြာတွင် သူမသည် မိမိကိုယ်ပေါ်က ကျေးလက်စတိုင် ရောင်စုံအဝတ်အစားကြီးကို သတိပြုမိသွားသည်။
“အမလေး... သေစမ်း”
သူမသည် ချက်ချင်းလန့်သွားတော့သည်။
ဝမ်သိုက်၏အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများမှာ ချက်ချင်းပြူးကျယ်သွားပြီး အလွန်အမင်း အရှက်ရကာ စိတ်ပျက်လက်ပျက်ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
ချန်စစ်ကျယ် ကားပေါ်ကနေ အေးအေးဆေးဆေး ဆင်းလာပြီး သူမ ဘေးသို့ လျှောက်လာသည်။ တစ်ဖက်တွင်တော့ ဝမ်ဝေ့ဝေ့လည်း ရှိနေသည်။
လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားသော ချန်စစ်ကျယ်က ခေါင်းကို အသာစောင်းပြီး ဝမ်သိုက်ကို ငုံ့ကြည့်ကာ ဆိုသည်။
“မင်း အပြုအမူကို နည်းနည်းလောက် ယဉ်ကျေးလို့ မရဘူးလား၊ မမေ့နဲ့ဦး၊ မင်းဘေးမှာ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက် ရှိသေးတယ်”
“အစ်မ... ဘာဖြစ်လို့လဲဟင်”
ဝမ်ဝေ့ဝေ့ကတော့ ဝမ်သိုက်၏ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားရသည့် အကြောင်းရင်းကို မရိပ်မိသေးသဖြင့် အပြစ်ကင်းစင်စွာ မေးရှာသည်။
သို့သော် ဝမ်သိုက်ကိုယ်တိုင် ရှင်းပြစရာမလိုဘဲ လမ်းသွားလမ်းလာများက ချက်ချင်းသက်သေပြလိုက်ကြသည်။
လမ်းဘေးကနေ ဖြတ်လျှောက်သွားသော မိသားစုသုံးယောက်တွင် မိဘများ၏လက်ကို ကိုင်ထားသော ကောင်လေးက ဝမ်သိုက်ကိုမြင်လိုက်ရသည့်အခါ လက်ကို ချက်ချင်း ရုန်းထွက်ပြီး ဝမ်သိုက်ကို လက်ညှိုးထိုးကာ အော်တော့သည်။
“ဖေဖေ....... မေမေ ကြည့်ဦး၊ ဟို ကျေးလက်တောသူကြီးက အရမ်းရုပ်ဆိုးတာပဲ၊ သူမရဲ့ မျက်နှာကလည်း ထူးဆန်းနေတယ်၊ ဘာလို့ အရောင်တွေနဲ့ဖြစ်နေတာလဲ”
ကလေးက ရုတ်တရက် ဤကဲ့သို့ လုပ်လိမ့်မည်ဟု ထင်မထားသဖြင့် ထိုကလေး၏မိခင်သည် ချက်ချင်းငုံ့ကာ ကောင်လေး၏ပါးစပ်ကို အုပ်လိုက်ပြီး ပါးကို ခပ်ဖွဖွလေးငါးချက် ရိုက်လိုက်သည်။
သူမက သွားကြိတ်ကာ ကလေးကို တိုးတိုးလေး ဆူပူလိုက်ပြီးနောက် ဝမ်သိုက်ကို အားနာစွာဖြင့် ကြည့်ကာ တောင်းပန်တော့သည်။
“တကယ်ကို အားနာပါတယ်ရှင်၊ စိတ်မရှိပါနဲ့နော်၊ ကျွန်မ ကလေးကို သေသေချာချာ မဆုံးမရသေးလို့ပါ၊ တောင်းပန်ပါတယ်၊ စိတ်မရှိပါနဲ့ရှင်”
ပါးစပ်ကို အရိုက်ခံလိုက်ရသဖြင့် ငိုချင်နေသော ကောင်လေး၏ရှေ့တွင် ဖခင်ဖြစ်သူ၏ ကြီးမားသော လက်ဝါးကြီး ပေါ်လာပြန်သည်။
“မင်း ငိုရဲငိုကြည့်စမ်း၊ ငါ ဒီမှာတင် မင်းကို ရိုက်သတ်ပစ်မယ်၊ အခုချက်ချင်း အဲဒီ အန်တီကြီးကို သွားတောင်းပန်စမ်း”
တစ်ရက်တည်းမှာတင် “အစ်မ” ရာထူးကနေ “အန်တီကြီး” ရာထူးသို့ တိုးမြှင့်ခြင်း ခံလိုက်ရသဖြင့် နှလုံးသားတွင် ဒဏ်ရာထပ်ရသွားသော ဝမ်သိုက်သည် မျက်နှာပျက်ပျက်ဖြင့် စိတ်ထဲကနေ ရေရွတ်မိသည်။
‘အဖေလုပ်တဲ့သူကော ကျွန်မကို လာတောင်းပန်ရင် မကောင်းဘူးလား’
သူမသည် ထိုကောင်လေးက ဖခင်ဖြစ်သူ၏ဖိအားကြောင့် ခြေလှမ်းအငယ်လေးများဖြင့် လျှောက်လာပြီး လိမ္မာယဉ်ကျေးစွာဖြင့် ၉၀ ဒီဂရီကုန်း၍ တောင်းပန်သည်ကို စောင့်ကြည့်နေမိသည်။
“အန်တီကြီး တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော် အန်တီကြီးရဲ့ ရုပ်ရည်ကို မလှောင်ပြောင်သင့်ပါဘူး၊ အန်တီကြီးလည်း စိတ်ညစ်နေမှာပဲ၊ နောက်နောင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါစေနော်”
ဝမ်သိုက် ဘာမှပြန်မပြောရသေးခင်မှာတင် ထိုကောင်လေးက အပြေးအလွှား ပြန်ပြေးသွားတော့သည်။
မိမိကိုယ် မိမိ ရုပ်ရည်ကြောင့် စိတ်ဓာတ်ကျမနေပါဘူးဟု အော်ပြောချင်လှသော ဝမ်သိုက်သည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုနေရာတွင် တောင့်တင်းစွာကျန်ရစ်ခဲ့သည်။
“ဟဟ”
ခေါင်းပေါ်ကနေ ထွက်ပေါ်လာသော ပျော်ရွှင်စရာ ရယ်မောသံကြောင့် စိတ်မကြည်မလင် ဖြစ်နေသော ဝမ်သိုက်မှာ ပို၍ စိတ်ညစ်သွားတော့သည်။ သူမသည် လက်ကို မြှောက်ကာ မိမိမျက်နှာကို ပွတ်သပ်နေစဉ် ပုခုံးပေါ်သို့ လက်ကလေးတစ်ဖက် အသာအယာကျရောက်လာသည်။
ဝမ်ဝေ့ဝေ့က သူမ လက်မောင်းကို ကိုင်ကာ နှစ်သိမ့်ပေးရှာသည်။
“အစ်မဝမ်သိုက်... အစ်မက အရမ်းလှပါတယ်လို့ ကျွန်မ ယုံကြည်ပါတယ်၊ အစ်မရဲ့ မျက်နှာပေါက်က အရမ်းကောင်းတာပဲဥစ္စာ၊ အဓိကပြဿနာက မျက်နှာပေါ်က မိတ်ကပ် ဖောင်ဒေးရှင်းတွေ ကြောင့်မို့လို့ပါ၊ မိတ်ကပ်ကွက်သွားတာ ဘာမှမတတ်နိုင်ဘူးလေ၊ ပြီးတော့ ကိုယ်ပေါ်က အဝတ်အစားတွေကလည်း နည်းနည်း... အင်း...”
မိမိကို ထပ်ပြီး စိတ်ဒဏ်ရာ မရစေရန် စကားလုံးများကို အတင်းရွေးချယ်နေသော ဝမ်ဝေ့ဝေ့ကို ကြည့်ပြီး ဝမ်သိုက်ပင် မနေနိုင်ဘဲရယ်မောလိုက်မိသည်။ သူမက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ရပါတယ်၊ အစ်မက ဒါမျိုးတွေကို သိပ်ပြီး ဂရုမစိုက်ပါဘူး၊ ရုပ်ခန္ဓာဆိုတာ အပေါ်ယံ အရေပြားတစ်ခုပဲလေ”
အလွန်ပေါ့ပါးသော လေသံနှင့် မေးစေ့ကို မြှောက်ကာ ကိုယ်ကို မတ်လိုက်သည့် အပြုအမူကြောင့် စကားလုံးများ၏ သစ္စာရှိမှုက တိုးတက်လာသော်လည်း သူမ၏ နောက်တစ်ခွန်းကတော့
“ဒါပေမဲ့ အစ်မ အခုမျက်နှာသွားသစ်ပြီး မိတ်ကပ်အရင်ဖျက်ရမယ်၊ တကယ် ရှက်စရာကြီး”
ဝမ်ဝေ့ဝေ့၏လက်ကို ဖယ်ကာ ဝမ်သိုက်သည် ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့ပမာ ရဲစခန်းတံခါးထဲသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
ရေဖြင့် မျက်နှာသစ်နေသည့် အချိန်တွင် ဝမ်သိုက်သည် အလွန်အရေးကြီးသော အချက်တစ်ခုကို သတိရသွားသည်။
သူမ ကျောပိုးအိတ်... မယူခဲ့ရချေ။
ရေကိုလက်ဖြင့် ခံထားသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားရင်း သူမသည် ကုန်းကုန်းကြီး တောင့်တင်းသွားသည်။ အိမ်သာတက်ရန် လာသော ရဲမေသည် စောစောက ဝမ်သိုက်ကို လမ်းညွှန် ပေးခဲ့ဖူးသော ရဲမေဖြစ်ပြီး ဝမ်သိုက်၏ “ကိုယ်ကျိုးစွန့် အနစ်နာခံမှု” အဆင့်အတန်းကိုလည်း သိထားသူ ဖြစ်သည်။
သူမ ဤနေရာတွင် တောင့်တင်းနေသည်ကို မြင်လိုက်ရသည့်အခါ ရဲမေသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဝမ်သိုက်ကို လှည့်ကြည့်ကာ မေးသည်။
“ဘာဖြစ်လို့လဲဟင်....ဘာအကူအညီ လိုအပ်လို့လဲ”
“အော်... ကျွန်မရဲ့ ကျောပိုးအိတ်ဟိုရွာမှာ ကျန်ခဲ့တာကို ရုတ်တရက် သတိရသွားလို့ပါ”
“အင်း .....ဒါဆို ဘယ်လိုလုပ်မလဲ၊ မနက်ဖြန်ကျမှ အဲဒီနေရာကို တစ်ခေါက်ပြန်သွားပြီး အိတ်သွားယူမလား”
“ရပါတယ်၊ ကျောပိုးအိတ် အစုတ်လေး တစ်လုံးပဲဥစ္စာ၊ အဲဒီအိတ်က ကျွန်မ အထက်တန်းကျောင်းတုန်းက ကျောင်းလွယ်အိတ်လေ... ပြီးတော့ ထဲမှာလည်း လဲလှယ်ဝတ်မယ့် အတွင်းခံအဝတ်အစားတွေပဲ ရှိတာ၊ ဘာမှမဖြစ်ပါဘူး”
ကုန်းနေသော ခန္ဓာကိုယ်သည် ကျောက်ရုပ်ဘဝမှ ပြန်လည် နိုးထလာပြီး ဝမ်သိုက်သည် ခါးကို မတ်ကာ ရဲမေကို သွားဖြဲ၍ ပြုံးပြလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ပါးချိုင့်နေရာတွင် မိတ်ကပ်ကွက်ကြီးများကပ်နေဆဲဖြစ်ပြီး ဖြူဖွေးလှသော သွားကြီးများကို ဖြဲပြလိုက်သည့်အခါ ဤအချိန်တွင် သူမ ပုံစံမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။