← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

🍏 Chapter 142

သူမ ကားပေါ်မှာတင် ဆက်ပြီး အိပ်နေခဲ့ရမှာ။

“ရပါတယ်၊ မင်းထက်စာရင် သူမက ပိုပြီးထိတ်လန့်စရာကောင်းတာ အမှန်ပဲ”

ရဲမေကို ပထမဆုံး နားလည်ပေးလိုက်သော ချန်စစ်ကျယ်သည် ဝမ်သိုက်ကို တစ်ချက် နှိမ့်ချရန်လည်း မမေ့ချေ။

“ချန်စစ်ကျယ်... ရှင် စကားကောင်းကောင်း မပြောတတ်ရင် ပါးစပ်ကို အပ်နဲ့ ချုပ်ထားလိုက်ပါလား”

စကားအပြိုင်အဆိုင် ပြောသလိုမျိုး ဝမ်သိုက်သည် သွားကြိတ်ကာ သူ့ကို ဆူပူလိုက်ပြီး မိတ်ကပ်ဖျက်ခြင်းကို အရှိန်မြှင့်လိုက်သည်။

သူမ မျက်နှာကို “အရည်ပျော်” စေခဲ့သော မိတ်ကပ်ဖျက်ဆီများကို ရေဖြင့် ဆေးကြောလိုက်ပြီး မျက်နှာသစ်ဆေးဖြင့် သေသေချာချာ ထပ်မံ ဆေးကြောလိုက်သည်။

လေကာအင်္ကျီ၏လည်ပင်းကော အတွင်းအင်္ကျီ လည်ပင်းပါ ရေစိုကုန်သော်လည်း ဘာမှမတတ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် မျက်နှာကနေ နားရွက်၊ လည်ပင်း၊ လက်မောင်းများအထိ ထိုဝါကျင့်ကျင့် မိတ်ကပ်များကို အကုန်လိမ်းကျံထားခဲ့သောကြောင့် ဖြစ်သည်။

ခက်ခဲစွာဖြင့် မိမိကိုယ်ကို သန့်စင်အောင်ဆေးကြောပြီးနောက် ဝမ်သိုက်သည် မော့ကြည့်လိုက်ပြီး လက်ကို ရေဆေးကာ တစ်ရှူးဖြင့် သုတ်လိုက်သည်။ ထို့နောက် ခေါင်းပေါ်တွင် ပတ်ထားသော အဝတ်စည်းကို ဖြည်ချလိုက်ပြီး ဆံပင်ကလစ်လေးများကိုလည်းဖြုတ်လိုက်သည်။

နူးညံ့လှသော ဆံနွယ်နက်များသည် ပွပွလေးဖြင့် ပုခုံးပေါ်သို့ ဝဲကျလာပြီး မိတ်ကပ်များ ကင်းစင်သွားသော လက်ဝါးခန့်သာရှိသည့် ကလေးမျက်နှာလေးမှာ အဖြူရောင်ထဲတွင် ပန်းရောင်သန်းကာ လှပနေတော့သည်။ နီမြန်းနေရခြင်း၏ အဓိက အကြောင်းရင်းကတော့ သူမ စောစောက အရှိန်ပြင်းစွာ ပွတ်တိုက်ခဲ့သောကြောင့် ဖြစ်သည်။

မှန်ထဲက အသစ်စက်စက် ပြောင်းလဲသွားသော မိမိကိုယ်ကို ကြည့်ပြီး ဝမ်သိုက်သည် သက်ပြင်းချလိုက်သည်။

“အခုမှပဲ နေလို့ကောင်းတော့တယ်”

လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ကာ ဘေးတွင် ရပ်ကြည့်နေသော ချန်စစ်ကျယ်သည် ဤလုပ်ငန်းစဉ်တစ်ခုလုံးကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး ရုတ်တရက် မှတ်ချက်ချလိုက်သည်။

“မိတ်ကပ်မဖျက်ခင်တုန်းက ပိုပြီး မြေကြီးနဲ့ နီးစပ်တယ်”

ဒါက သူမ မိတ်ကပ်မဖျက်ခင်က ကျေးလက်တောသူနှင့် တူနေသည်ဟု စကားနာထိုးခြင်း ဖြစ်သည်။

ဝမ်သိုက်သည် ပါးစပ်အတွင်းပိုင်းကို ထောက်လိုက်ပြီး မျက်လုံးကို စောင်းကာ သူ့ကို စိုက်ကြည့်ရင်း မျက်နှာသစ်ဆေးများကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လက်ကို ရုတ်တရက် ဆန့်ထုတ်ကာ တိုက်ခိုက်လိုက်တော့သည်။

သူမ လက်သီးလေးများဖြင့် ချန်စစ်ကျယ်၏ လက်မောင်းကို ဆက်တိုက်ထုရိုက်လိုက်ပြီး ဝိုင်းစက်လှသော မက်မွန်ပွင့် မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ကာ လူဆိုးတစ်ယောက်ကဲ့သို့ သွားဖြဲပြလိုက်သည်။

ပါးစပ်ကို ဖွင့်လိုက်သည့်အခါ သွားစွယ်လေးများပေါ်လာသော်လည်း ကာယကံရှင်မလေးကတော့ မိမိ၏ ပါးချိုင့်နှင့် သွားစွယ်လေးများကြောင့် ရန်လိုသောအရှိန်အဝါများ လုံးဝ လျော့နည်းသွားသည်ကို မသိရှာဘဲ ဒေါသတကြီးဖြင့် အော်နေဆဲ ဖြစ်သည်။

“ရှင် ကျွန်မကို တစ်ခွန်းလောက် မပြောရရင် သေသွားမှာလား ချန်စစ်ကျယ်၊ ရှင့်လို ပါတနာမျိုး ကျွန်မတစ်ခါမှ မမြင်ဖူးဘူး၊ မသိတဲ့သူဆိုရင် ရှင်က ကျွန်မကို မုန်းနေတယ်လို့ ထင်ကြလိမ့်မယ်”

စစ်ဆေးမေးမြန်းခန်း တံခါးမှာ ပိတ်ထားဆဲဖြစ်ပြီး အချိန်အတော်ကြာဦးမည့် ပုံရသည်။ အပြင်ဘက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းဧရိယာတွင်တော့ ရဲအရာရှိများမှာ ဟိုဟိုဒီဒီ သွားလာနေကြပြီး သူတို့၏ ဆွေးနွေးငြင်းခုံသံများမှာ တစ်ယောက်ထက်တစ်ယောက် ပိုမိုကျယ်လောင်နေကြရာ ရန်ဖြစ်နေကြသည်ဟုပင် ထင်နိုင်ဖွယ်ရှိသည်။

အိမ်သာထဲတွင် မိတ်ကပ်ဖျက်ခြင်း အစီအစဉ်ကို အောင်မြင်စွာ အဆုံးသတ်ပြီး ထွက်လာသော ဝမ်သိုက်ကို မြင်လိုက်ရသည့်အခါ ချိုက်ချီ၏ ဖုန်းထဲကနေ သူမ၏ “သမိုင်းဝင် အမည်းစက်” မိတ်ကပ်များနှင့် ကျေးလက်တောသူ ပုံကြီးကို မြင်ဖူးထားကြသော ကျန်ရဲအရာရှိများမှာ ပါးစပ်အဟောင်း သားဖြစ်သွားကြတော့သည်။

လမ်းအဆုံးက ရုံးခန်းဧရိယာထဲသို့ တံခါးဝမှတစ်ဆင့် လေပြေအေးများ တိုးဝှေ့ဝင်ရောက်လာသည်။ စည်းနှောင်မထားသော ဆံနွယ်နက်များသည် လေထဲတွင် အသာအယာ ဝဲလွင့်နေပြီး ပွတ်တိုက်လွန်း၍ ပန်းရောင်သန်းနေသော ကလေးမျက်နှာလေးမှာ စင်ကြယ်သန့်ရှင်းကာ ချစ်စဖွယ် ကောင်းလှသည်။ မက်မွန်ပွင့် မျက်ဝန်းလေးများကလည်း အနည်းငယ် ကလေးဆန်သော ညုတုတု အရှိန်အဝါကို ဆောင်နေသည်။

နှုတ်ခမ်းနီနီ အသားဖြူဖြူနှင့် မိန်းမလှလေးတစ်ဦး ကျော့ကျော့မော့မော့ လျှောက်လာသည်မှာ လူအများ၏ အာရုံကို ဖမ်းစားသွားတော့သည်။ ထွက်ဆိုချက်ပေးရန် အထဲသို့ မဝင်ရသေးသော ဝမ်ဝေ့ဝေ့သည် အပြေးအလွှား ရောက်လာသော မိခင်ဖြစ်သူ စွေ့လင်၏ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်ထားခြင်း ခံနေရသည်။

သားအမိနှစ်ဦး ရင်ဖွင့်ကာ ငိုယိုနေကြသည်မှာ ဘယ်လောက်ကြာပြီလဲ မသိသော်လည်း ဝမ်သိုက် ပေါ်လာသည့်အခါ ဝမ်ဝေ့ဝေ့အကြည့်မှာ သူမထံတွင် ကွက်တိရပ်တန့်သွားသည်။

ထို့နောက် သူမသည် မိခင်ဖြစ်သူ၏ရင်ခွင်ထဲကနေ အသာအယာ ရုန်းထွက်ပြီး ဝမ်သိုက် ရှေ့သို့ မသိစိတ်ဖြင့် လျှောက်လာကာ ကာဆီးလိုက်သည်။ သူမသည် အံ့သြမှင်တက်နေသော မျက်လုံးများဖြင့် ဝမ်သိုက်ကို အပေါ်အောက် ကြည့်ကာ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

“အစ်မဝမ်သိုက်... အစ်မက တကယ်အရမ်းလှတာပဲနော်”

ပါးချိုင့်လေးနှင့် သွားစွယ်လေးများက အရင်ဆုံးပေါ်လာပြီး ဝမ်သိုက်သည် လခြမ်းကွေးပုံစံ မျက်ဝန်းလေးများဖြင့် သူမကို ကြည့်ကာ လက်ကို လေထဲတွင် နှစ်ချက်ခန့် ယမ်းပြလိုက်သည်။

“အိုကွယ်... အပေါ်ယံရုပ်ရည်ကို ဂရုမစိုက်ပါနဲ့ဆို၊ ဒါနဲ့... အစ်မရဲ့ စောစောက ကျေးလက်ဖက်ရှင်က တကယ်ပဲ ကြည့်ရဆိုးလို့လား”

“အခုလောက်တော့ မလှဘူးပေါ့၊ ဒါပေမဲ့ အဲဒီတုန်းကလည်း အရမ်းရင်းနှီးဖို့ကောင်းပြီး ချဉ်းကပ်ရလွယ်ပါတယ်၊ အစ်မကိုယ်တိုင်လည်း ရုပ်ရည်ကို ဂရုမစိုက်ပါနဲ့လို့ ပြောထားတာပဲလေ”

မိန်းကလေးအချင်းချင်းမို့ စကား‌ပြောရ အဆင်ပြေလှသည်။ ဝမ်သိုက်သည် မိမိရှေ့တွင် ရိုးသားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် ဝမ်ဝေ့ဝေ့ကို စိတ်ချမ်းသာစွာ ကြည့်ရင်း သူမ၏ လက်မောင်းလေးကို အသာအယာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူမသည် အနည်းငယ် လှမ်းသောနေရာရှိ စွေ့လင်ကို မော့ကြည့်လိုက်ရာ ထိုဝေဝါးနေသော မျက်ရည်ဝိုင်းများထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ကိန်းအောင်းနေသည်ကို တွေ့လိုက်ရသည်။

သို့သော် သူမ ထိုရှုပ်ထွေးမှုကို အဖြေမရှာချင်တော့ချေ။

စွေ့လင်သည် အိတ်ထဲကနေ တစ်ရှူးကို ထုတ်ကာ နှာခေါင်းညှစ်၊ မျက်ရည်သုတ်လိုက်ပြီးနောက် တစ်ရှူးကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ သူမသည် နီမြန်းနေသော မျက်ဝန်းများဖြင့် ဝမ်သိုက်၏ ရှေ့သို့ လျှောက်လာပြီး လက်နှစ်ဖက်ဖြင့် ဝမ်ဝေ့ဝေ့၏ပုခုံးကို ဖက်ထားရင်း မျက်ရည်များကြားကနေ ပြတ်သားလေးနက်သော လေသံဖြင့် ဆိုသည်။

“ကျေးဇူးတင်ပါတယ်၊ ငါ့မှာ ရှိသမျှ အင်အားအားလုံးနဲ့ နင့်ကို သေချာပေါက် အကျိုးပြန်ပြုပါ့မယ်”

အချို့သော ရှုပ်ထွေးမှုများမှာ အဖြေရှာရန် မလိုအပ်လှချေ။

ဝမ်သိုက်သည် လက်သန်းလေးကို မသိစိတ်ဖြင့် လှုပ်ရှားလိုက်ပြီး မျက်တောင်ကို ချကာ ပြန်မော့ကြည့် လိုက်ရင်း သူမတို့နှစ်ဦးသာ နားလည်နိုင်သော လေသံဖြင့် ပြုံး၍ ဆိုသည်။

“ကောင်းပါပြီ၊ ဒါဆိုရင်တော့ ကျွန်မ အရင်ဆုံးကျေးဇူးတင်ပါတယ် ဒေါ်လေးစွေ့လင်”

မျက်နှာပြင်ပေါ်တွင် တည်ငြိမ်နေသော်လည်း ဝမ်သိုက် ရင်ထဲတွင်မူ ဝမ်းမြောက်လွန်းလှဖြင့် အော်ဟစ်နေပြီး မိမိခန္ဓာကိုယ်ထဲက အစောင့်အရှောက်များထံသို့ စိတ်လှုပ်ရှားစွာ အချက်ပြနေသည်။

‘ကြည့်စမ်း.....ကျွန်မ သိတာပေါ့၊ ကျွန်မရဲ့ အနစ်နာခံမှုတွေက အချည်းနှီး မဖြစ်သွားပါဘူး၊ ဒိုမီနိုတုံးတွေ လဲပြိုကျတဲ့အခါ အနောက်က လိုက်လာမယ့် ကိစ္စရပ်တွေက ဆိုးဝါးတာချည်းပဲ မဟုတ်ဘူး၊ တစ်ခါတရံမှာ ကောင်းမွန်တဲ့ ဘက်ကို ဦးတည်သွားတတ်တယ်၊ ...တစ်ခါတရံမှာ အဲဒီဒိုမီနိုတုံးတွေက လဲကျသင့်လို့ လဲကျတာ ဖြစ်လိမ့်မယ်’

‘မင်းပြောတာ မှန်ပါတယ်၊ ငါတို့က မင်းကို တားဆီးနေပြီး ဘာအကူအညီမှ မပေးခဲ့တာတောင်၊ မင်းဟာ ကိုယ့်သတ္တိနဲ့ကိုယ် အန္တရာယ်ရှိပြီး မရေရာတဲ့ နေရာဆီကို အရောက်သွားခဲ့တယ်၊ မင်း စွန့်လွှတ်အနစ်နာခံခဲ့တာက မင်းရဲ့ သတ္တိနဲ့ မင်းရဲ့ ကြင်နာမှုပဲ၊ မင်း သေချာပေါက် ချီးမွမ်းခြင်း ခံရသင့်တယ်’

သို့သော် ဤကမ္ဘာလောကကြီးတွင် လူအများစု၏ကြိုးစားမှု၊ သတ္တိ သို့မဟုတ် ကြင်နာမှုများမှာ ချီးမွမ်းခြင်းမခံရဘဲ အချည်းနှီးသာ ဖြစ်သွားတတ်ကြသည် မဟုတ်ပါလား။

All Chapters