← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

🍏 Chapter 144

ထိုစဉ်က သူမကို တစ်ထောက်တစ်နေရာ လိုက်ပို့ပေးပြီး လူကုန်ကူးသည့်ရွာကို မိမိလည်း အလွန် မုန်းတီးကြောင်း ရင်ဖွင့်ခဲ့ဖူးသော အန်တီကြီး၊ သူမ အသွင်ဖျောက်ရန်အတွက် အဝတ်အစားနှင့် မိတ်ကပ်ပစ္စည်းများ ကူညီပေးခဲ့သော အန်တီကြီးသည်လည်း... တစ်ချိန်က သူမနှင့်အတူ တူညီသော စစ်မျက်နှာတွင် စိတ်ရင်းမှန်ဖြင့် ရပ်တည်ပေးခဲ့သူများ ဖြစ်ကြသည်။

ကမ္ဘာကြီးက အမည်းနဲ့ အဖြူ သက်သက်ပဲ မဟုတ်ဘူး။ ဘယ်တော့မှ အမည်းနဲ့ အဖြူ သက်သက်ပဲ မဟုတ်ခဲ့ဘူး။

“ဟူး...”

ဝမ်သိုက် ပါးစပ်ကနေ တိုးညင်းသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီး သူမသည် ကျောပိုးအိတ်ကို အနောက်တွင် ပြန်လည် လွယ်လိုက်ကာ လက်နှစ်ဖက်ကို လေကာအင်္ကျီ အိတ်ကပ်ထဲသို့ ပြန်ထည့်ရင်း ခေါင်းငုံ့ကာ မျက်နှာပေါ်က ခံစားချက်ကို ဖုံးကွယ်ထားလိုက်သည်။

သူမ အရှေ့ကနေ လျှောက်လှမ်းနေသော ချန်စစ်ကျယ်သည် ခေါင်းကို လှည့်၍ တစ်ချက် ကြည့်လိုက်သည်။ အရှေ့ဘက်က မှောင်မိုက်လှသော ညဉ့်မှောင်ရိပ်သည် သူ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော်လည်း သူ ဝမ်သိုက်ကို ပြန်လည်လှည့်ကြည့်သည့်အချိန်တွင် ရဲစခန်းအတွင်းက မီးရောင်များက သူ၏ မျက်နှာပေါ်သို့ ကွက်တိ ကျရောက်နေသည်။

ခန့်ညားလှသော မျက်နှာပေါက်ကြီးကို မီးရောင်က ပုံဖော်ပေးထားပြီး ခွဲစိတ်ပြုပြင်ရေး ဆေးရုံများတွင် ပုံစံတူအဖြစ် အသုံးအများဆုံး ဖြစ်မည့် ထိုလှပသော ကျူးပစ်နှုတ်ခမ်းလွှာ ပွင့်ဟလာတော့သည်။

“ငါ့သဘောနဲ့ငါ သူတို့ကို စကားအချို့ ပြောလိုက်တယ်၊ မင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ မသေချာပေမဲ့ အခု မင်းကို ပြန်ပြောပြမယ်”

အန်တီကြီး၏လက်ထဲကနေ ကျောပိုးအိတ်ကို လှမ်းယူသည့်အချိန်တွင် ချန်စစ်ကျယ်သည် ထိုလူနှစ်ဦး ဖုံးကွယ်ထားချင်သော နောင်တနှင့် ကြောက်ရွံ့မှုများကို အကဲခတ်မိလိုက်သည်။ ဥပဒေလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော အတွေ့အကြုံများအရ၊ သူသည် ထိုလူနှစ်ဦး၏ စိတ်ခံစားချက်ကို သိရုံတင်မကဘဲ ဤကိစ္စသည် သူတို့၏တစ်သက်တာလုံး စိတ်ဒဏ်ရာ ဖြစ်သွားစေတော့မည်ကိုပါ ခန့်မှန်းမိသည်။

အသက်ကြီးလာသည့် လူအိုများအတွက် အတိတ်ကို ပြန်လည်တမ်းတမိခြင်းမှာ ထုံးစံပင်ဖြစ်သည်။ အတိတ်က မိမိတို့ ပြုလုပ်ခဲ့ဖူးသော အမှားများကို ပြန်လည် တူးဆွမိသည့်အခါ သူတို့ကဲ့သို့ တစ်ချိန်က ကူညီပေးခဲ့ဖူးသော လူကောင်းများအနေဖြင့် မိမိတို့၏ အပြစ်ကို ပိုမို ကြီးမားအောင် ချဲ့ကား တွေးတော တတ်ကြပြီး တိတ်ဆိတ်နေသော အချိန်များတွင် မိမိကိုယ်ကို အပြစ်တင် ကြိမ်းမောင်းနေကြလိမ့်မည်။

“ခင်ဗျားတို့ အစပိုင်းတုန်းက သူမကို ကူညီပေးခဲ့တာကိုကြည့်ရင် ခင်ဗျားတို့ရဲ့ ရင်ထဲမှာ ကြင်နာတတ်တဲ့ စိတ်ရှိနေတာ သိသာပါတယ်၊ အနောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်ခဲ့လဲဆိုတာ ကျွန်တော်အကုန်မသိပေမဲ့ ခင်ဗျားတို့ ငြင်းပယ်လို့မရနိုင်တဲ့ အခြေအနေမျိုး ဒါမှမဟုတ် ခြိမ်းခြောက်မှုမျိုး ကြုံခဲ့ရလို့ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းမိတယ်”

“လူဆိုတာ ဆန့်ကျင်ဘက် အခြေအနေတွေရှိတတ်ကြတာပဲ၊ ကိုယ့်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တည်မှုကိုလည်း ကိုယ်တိုင်လက်ခံတတ်ရမယ်၊ အမှားတစ်ခုတည်းနဲ့တင် ကိုယ့်ကိုကိုယ် တစ်သက်လုံး စိတ်သောက မရောက်စေနဲ့” လို့ ငါပြောလိုက်တယ်”

ချန်စစ်ကျယ် ဤစကားကို ပြောပြီးသည်နှင့် အန်တီကြီးနှင့် ဦးလေးကြီးတို့သည် ချက်ချင်းမျက်ရည်ဝိုင်းလာကြသည်။ ဦးလေးကြီးကတော့ ခံစားချက်ကို အပြင်သို့ သိပ်မထုတ်ပြဘဲ မျက်နှာကိုသာ လွှဲထားရှာသည်။

အန်တီကြီးကတော့ မျက်ရည်ကို မထိန်းနိုင်တော့ဘဲ သူ့ရှေ့တွင်တင် စီးကျလာပြီး ကြမ်းတမ်းလှသော လက်ကြီးများဖြင့် မျက်ရည်ကို သုတ်ကာ မျက်နှာကိုအုပ်ရင်း ရှိုက်ကြီးတငင် ငိုတော့သည်။

“ဘယ်လိုမှ မတတ်နိုင်လို့ပါကွယ်၊ ငါ တကယ်ကို ဘယ်လိုမှမတတ်နိုင်ခဲ့လို့ပါ၊ ငါ့ရဲ့ မိဘတွေကော၊ ဆွေမျိုးတွေကော အဲဒီရွာထဲမှာပဲနေနေကြတာလေ၊ သူတို့လို လူမျိုးတွေက တကယ်လူသတ်ရင် မျက်တောင်တစ်ချက် မခတ်တဲ့ ကောင်တွေ”

“လူကုန်ကူးရဲတဲ့ ကောင်တွေက စကားနားမထောင်ရင် အရှင်လတ်လတ်မြေမြှုပ်ပစ်တာ၊ ရိုက်သတ်ပစ်တာ... မျိုးစုံလုပ်ရဲကြတာ၊ ငါက ဘယ်လိုလုပ် ငြင်းရဲမှာလဲ၊ ငါ့မှာ တကယ်ကို တခြားလမ်းမရှိခဲ့လို့ပါ”

ထိုအချိန်တွင် ချန်စစ်ကျယ် ပြုလုပ်ခဲ့သည်မှာ မိမိ နားလည်ပါကြောင်း ပြသပြီး နောက်ထပ် အလုပ်ကိစ္စများရှိသေးသည်ဟု အကြောင်းပြကာ သူတို့ကို ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

သူသည် သူစိမ်းများ မိမိရှေ့တွင် လာရောက် ရင်ဖွင့်ငိုယိုနေသည်ကို ထိုင်နားထောင်ရန် စိတ်မပါသလို သူတို့၏ စိတ်ခံစားချက်ကို တာဝန်ယူပေးရန်လည်း အင်အားမရှိချေ။

“သူတို့ အိတ်လာပေးတဲ့ အချိန်မှာ အဲဒီလို စကားမျိုးပြောဖြစ်ခဲ့တာက... မင်းရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်လိမ့်မယ်... ဟက်”

သူက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်ပြီး မိမိ၏အနောက်တွင် လျှောက်လာသော ဝမ်သိုက်ကို လှည့်မကြည့်ဘဲ ခြေလှမ်းများကို ပုံမှန်အတိုင်း ဆက်လှမ်းနေသည်။

“ငါ့ရဲ့ ခန့်မှန်းချက်အရ မင်းသာဆိုရင်လည်း အဲဒီလိုမျိုး ပြောလိမ့်မယ်လို့ ထင်လို့ ပြောလိုက်တာပဲ၊ အကယ်၍ ငါမှားသွားတယ် ဒါမှမဟုတ် ငါ့သဘောနဲ့ငါ လုပ်လိုက်တယ်လို့ မင်းထင်ရင်...”

“ဟင့်အင်း၊ မမှားပါဘူး”

ဝမ်သိုက် ပြတ်သားစွာဖြင့် သူ၏ စကားကို ဖြတ်ပြောလိုက်သည်။

သူမသည် အရှေ့သို့ ခြေလှမ်းအချို့ အပြေးအလွှား လှမ်းလိုက်ပြီး အရပ် ၁၉၀ စင်တီမီတာ ရှိကာ ခြေတံရှည်ကြီးများ ပိုင်ဆိုင်ထားသော ချန်စစ်ကျယ်၏ အရှိန်ကို အမီလိုက်ရန် ခြေထောက်ကို အတင်း ဆန့်ထုတ်ကာ လိုက်နေရသည်။

သူမသည် မေးစေ့ကို မြှောက်ကာ သူ့ကို မော့ကြည့်လိုက်ရာ မှောင်မိုက်လှသော ညဉ့်ရိပ်ကြောင့် သူ မျက်ဝန်းကို သေသေချာချာ မြင်ရန် ခက်ခဲသော်လည်း မြင်ရန်လည်း မလိုအပ်လှချေ။

“ရှင် ခန့်မှန်းတာ တကယ်ကို ကွက်တိမှန်ပါတယ်၊ အကယ်၍ သူတို့ လာတဲ့အချိန်မှာ ကျွန်မနဲ့သာ ကွက်တိတိုးခဲ့ရင် ကျွန်မလည်း အဲဒီလို စကားမျိုး သေချာပေါက်ပြောမိမှာပဲ၊ ဒါပေမဲ့ ရှင်နဲ့ ကွာခြားတဲ့အချက်က... ကျွန်မကတော့ ဆင်ခြေပေးပြီး လူမောင်းထုတ်မှာ မဟုတ်ဘူး၊ သူတို့ကို တည့်တည့်ပဲ ပြောမှာ”

“သူတို့ရဲ့ စိတ်မကောင်းစရာ ခံစားချက်တွေကို လက်ခံပေးဖို့ ဘယ်သူ့မှာမျှ တာဝန်မရှိဘူးလို့ ပြောပြီးမှ နှစ်သိမ့်ပေးမှာ ဖြစ်သလို၊ ကျွန်မကိုယ်တိုင်ကလည်း သူတို့ရဲ့ သစ္စာဖောက်မှုကြောင့် နစ်နာခဲ့ရတဲ့ လူတစ်ယောက်ပဲ၊ အကယ်၍ ကျွန်မသာ အဲဒီနေရာကနေ အောင်အောင်မြင်မြင် မလွတ်မြောက်ခဲ့ရင် ဘယ်လိုလုပ်မလဲ လို့ မေးမိမှာပဲ”

“အမှန်အတိုင်း ပြောရရင် ချန်စစ်ကျယ်... ရှင် ကျွန်မအကြောင်းကို တော်တော်လေး သိတာပဲနော်၊ ဒါပေမဲ့ လူဆိုတာ ပုံစံအမျိုးမျိုး ရှိကြတာပဲ၊ ရှင် မမြင်လိုက်ရတဲ့ အချက်တစ်ခုကတော့ ကျွန်မက အရမ်းကို အကောင်းလွန်နေတဲ့ သူမျိုးတော့မဟုတ်ဘူး”

“ကဲ... အခုအချိန်မှာ စားတဲ့ ညစာက ညစာလို့ မခေါ်တော့ဘူး၊ ကျွန်မတို့တွေ ညလယ်စာ သွားစားကြရအောင်လား၊ ဒီလောက် နောက်ကျနေပြီဆိုတော့ လမ်းဘေးက အကင်ဆိုင်တွေဆီ သွားကြရအောင်၊ ရှင့်လို လူကုံထံကြီးကတော့ အခုလိုမျိုး လမ်းဘေးစာတွေကို တစ်ခါမှ စားဖူးမှာ မဟုတ်သေးဘူး မဟုတ်လား၊ သွားစို့ သွားစို့”

သူမ၏ စကားလမ်းကြောင်းမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမသည် ချန်စစ်ကျယ်၏ လက်မောင်းကြီးကို ဆွဲကိုင်ကာ ရဲစခန်းအပြင်ဘက် လမ်းဘေးတွင် ရပ်ထားသော Rolls-Royce Cullinan ကားကြီးရှိရာ ဘက်သို့ အတင်း ဆွဲခေါ်သွားတော့သည်။

ရုတ်တရက် မိမိ၏လက်မောင်းပေါ်သို့ ကျရောက်လာသော နူးညံ့မှုနှင့် နွေးထွေးလှသော ခံစားချက်ကြောင့် ချန်စစ်ကျယ် နှလုံးသားမှာ တစ်ခဏမျှ အိစက်သွားရသည်။

ထိုအချိန်တွင် သူသည် နှလုံးခုန်မမှန်ခြင်းကိုပင် တွေးတောမိသွားရာ...

‘ငါ ပုံမှန် ကျန်းမာရေး သေချာပေါက်စစ်ဆေးရမယ်’ ဟု တွေးမိတော့သည်။

All Chapters