အခန်း ၁၄၆
Vol. 15 Ch. 146
🍏 Chapter 146
"ကျွန်မ ရှင့်လက်ကို တမင်သက်သက် ဆွဲတာ မဟုတ်ပါဘူး၊ မဟုတ်ဘူး၊ ကျွန်မ တခြား ရည်ရွယ်ချက် ရှိပြီး ရှင့်လက်ကို ဆွဲတာ မဟုတ်ပါဘူး၊ စိတ်ချပါ၊ ကျွန်မမှာ တဏှာစိတ် လုံးဝမရှိပါဘူး၊ ကျွန်မက ရိုးရိုးသားသားနဲ့ ကျွန်မတို့ နှစ်ယောက်စလုံး လွတ်တဲ့ စားပွဲကို မြန်မြန်ရှာတွေ့ပြီး အဆင်ပြေပြေ ဟင်းမှာ စားချင်ရုံတင်ပါရှင်"
နှမြောစရာကောင်းသည်မှာ ထိုနက်နဲလှသော အကြည့်မှာ ယခင်အတိုင်း နက်နဲနေဆဲ ဖြစ်ပြီး ချန်စစ်ကျယ်သည် သူမအား စောင်းငဲ့ကြည့်ကာ နောက်ပြောင်လိုက်သည်။
"ငါလည်း ဘာမှ မပြောရသေးဘူးလေ၊ မင်း ဘာလို့ ဒီလောက် အလောတကြီး ရှင်းပြနေရတာလဲ၊ မင်း စိတ်ထဲမှာ မရိုးမသား ဖြစ်နေလို့လား"
တမင်သက်သက် ဆွဲဆန့်ထားသော လေသံက နက်နဲသော အဓိပ္ပာယ်ကို အထွတ်အထိပ်သို့ ရောက်ရှိစေချေသည်။
သူမ မှားသွားချေပြီ၊ အမှန်ပင် ဖြစ်သည်။ သူမသည် ဤလူကို ထိုနေရာတွင် ပစ်ထားခဲ့ပြီး မိမိဘာသာ တစ်ယောက်တည်းပြေးဝင်ကာ မြိန်ယှက်စွာ စားသောက်ခဲ့သင့်ပေသည်။
ဝမ်သိုက်သည် ကျောပြင်ကို ထိုင်ခုံကျောမှီပေါ်သို့ ပစ်ချလိုက်ပြီး ကုဒ်စကင်ဖတ်ကာ ဟင်းမှာသည့် ကိစ္စကို သူတို့နှစ်ဦးစလုံး မလုပ်ဆောင်ကြပေ။
သူမသည် လက်မောင်းကို ပိုက်လိုက်ပြီး မေးစေ့ကို ပင့်ကာ စိတ်လျှော့လိုက်သည့် ပုံစံဖြင့် ပြောချေသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ရှင်ပြောတာ အကုန်မှန်ပါတယ်၊ ကျွန်မ စိတ်ထဲမှာ မရိုးမသား ဖြစ်နေတာပါ၊ ကျွန်မ ရှင့်လက်ကို ဆွဲတာက ရှင့်ဆီကနေ အမြတ်ထုတ်ချင်လို့ပါ၊ ကျွန်မက နှာဘူးမ၊ ကျွန်မက စိတ်မမှန်တဲ့သူ၊ ဒါကြောင့် ရှင် သတိထားနေပါ၊ ခဏနေရင် ရှင်စားတဲ့ အထဲမှာ ကျွန်မ ရှင်မသိအောင် ဆေးခတ်လိုက်မလား မသိဘူးနော်"
ခိုးရယ်သံ အချို့ကို ထိန်းမထားနိုင်ဘဲ ဝမ်သိုက်သည် ခေါင်းကို လှည့်လိုက်သည့် အခါမှသာ စားပွဲတစ်လုံးနှင့် တစ်လုံးကြား အကွာအဝေး ပြဿနာကို သတိပြုမိတော့သည်။
ဘေးစားပွဲမှ အမျိုးသားနှင့် အမျိုးသမီးမှာ ချစ်သူများဖြစ်ပုံရပြီး လူနှစ်ယောက်စလုံးက သူမအား မျက်လုံးများဖြင့် ဝေ့ဝဲကြည့်နေကြကာ နှုတ်ခမ်းထောင့်မှ အပြုံးများမှာ မပျောက်ပျက်သေးချေ။
အမှန်ပင် ချန်စစ်ကျယ်သည် သူမ၏ကြမ္မာဆိုး ဖြစ်ပေသည်။
ဝမ်သိုက်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ငုံ့လိုက်ရာ ချန်စစ်ကျယ် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်သွားသည်ကို တိုက်တိုက်ဆိုင်ဆိုင် လွဲချော်သွားခဲ့သည်။ ပုံမှန်အားဖြင့် ထက်မြက် လှသော မျက်ဝန်းများမှာ အပြုံးကြောင့် အနည်းငယ် နူးညံ့သွားပြီး ယင်းတွင် ပါဝင်သင့်သော သံယောဇဉ်များမှာ ပျံ့လွင့်နေချေသည်။
ဘေးစားပွဲမှ ချစ်သူစုံတွဲထဲမှ အမျိုးသမီး မျက်နှာပေါ်မှအပြုံးမှာ ထပ်မံ ကြီးထွားလာပြီး သူမသည် ဘေးရှိ ချစ်သူ၏ပေါင်ကို တင်းတင်းဆုပ်ကိုင်ကာ နှုတ်ခမ်းကို ကိုက်ထားသော်လည်း နားရွက်အထိ တက်နေသော အပြုံးကိုမထိန်းနိုင်ချေ။ မျက်နှာကြက်မှ မီးလုံးမှာ သူမ မျက်ဝန်းလောက် မတောက်ပပေ။
"ဒါ အရအ်းလိုက်ဖက်လွန်းတာပဲ၊ ငါ အော်လိုက်ချင်ပြီ"
အသံပမာဏကို အတတ်နိုင်ဆုံး နှိပ်ကွပ်ထားသဖြင့် အသံမှာ သေးမျှင်သွားပြီး အမျိုးသမီး၏ မျက်လုံးများသည် ဝမ်သိုက်နှင့် ချန်စစ်ကျယ်ပေါ်မှ မခွာနိုင်ဘဲဖြစ်နေကာ သူမ၏ ဆွဲလိမ်ခြင်းကို ခံနေရသော အမျိုးသားမှာမူ နာကျင်လွန်းသဖြင့် မျက်နှာကြီးရှုံ့မဲ့နေလေသည်။
မိမိဘာသာ ကုဒ်စကင်ဖတ်ကာ ဟင်းအချို့ မှာယူပြီးနောက် ချန်စစ်ကျယ်သည် ဖုန်းကို ကိုင်ထားသော လက်ကို ပေါင်ပေါ်သို့ ချလိုက်ပြီး ခေါင်းငုံ့ကာ စိတ်ဓာတ်ကျနေသော ဝမ်သိုက်ကို တစ်ချက်ကြည့်ကာ အေးဆေးတည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"မင်း အိပ်ပျော်သွားတာလား၊ ဒါမှမဟုတ် ဒီမှာ အနံ့ပဲရှူပြီး ဗိုက်ဖြည့်မလို့လား"
ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ဝမ်သိုက်သည် သူ့ကို သံသယစိတ်ဖြင့် စောင်းငဲ့ကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အမူအရာရှိနေသည်ကို မြင်သဖြင့် သူမသည် နှာခေါင်းရှုံ့လိုက်ချေသည်။
မိမိဖုန်းကို ထုတ်ကာ ကုဒ်စကင်ဖတ်ပြီး ဟင်းမှာရန် ပြင်လိုက်သော်လည်း မိမိလက်ခံနိုင်သော ဟင်းလျာများအားလုံး မှာယူပြီးသား ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် သူမသည် ထူးဆန်းစွာ ရေရွတ်လိုက်သည်။
"သရဲပူးနေတာလား မသိဘူး၊ ဘာလို့ ကျွန်မ စားနိုင်တာတွေ အကုန်လုံးမှာပြီးသား ဖြစ်နေရတာလဲ၊ ရှင်မှာထားတာလား၊ ရှင့်အကြိုက်က ကျွန်မနဲ့ တစ်ထေရာတည်း တူနေတာတော့ မဟုတ်ပါဘူးနော်"
သူမသည် မျက်နှာကို မော့ကာ တည်ငြိမ်ရိုးရှင်းစွာ ထိုင်နေသော ချန်စစ်ကျယ်ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။
အကဲခတ်နေသော အကြည့်ကို ခံယူနေရသူသည် ယခင်အတိုင်း စိတ်အေးလက်အေး ရှိနေဆဲ ဖြစ်ပြီး ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ငါမှာတာလို့ မင်း ဘယ်လိုသေချာနေတာလဲ၊ ငါမှာတာပဲ ထားဦးတော့၊ တခြားလူတွေက မင်းနဲ့ အကြိုက်တူတာကို မင်း ခွင့်မပြုဘူးလား၊ မင်းက တော်တော် အာဏာရှင်ဆန်တာပဲ၊ ဒါပေမဲ့ အာဏာရှင်စနစ်က လက်ခံလို့မရဘူးလေ"
မျက်တောင်ဖျတ်ဖျတ်ခတ်အတွင်းမှာပင် ပြစ်တင်ဝေဖန်ရမည့် အာဏာရှင်နေရာသို့ ရောက်ရှိသွားသဖြင့် ဝမ်သိုက်သည် မိမိနှင့် မလှမ်းမကမ်းတွင် ရှိနေသော အမျိုးသားကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
သူမ မှတ်မိသလောက်မူ သူမသည် အလွန် ရိုးသားဖြူစင်သော မေးခွန်းတစ်ခုကိုသာ မေးမြန်းခဲ့ခြင်း ဖြစ်ပုံရပေသည်။
မသိစိတ်အရ ပါးစပ်ကို အနည်းငယ် ဖောင်းလိုက်ပြီး ဝမ်သိုက်သည် ဟင်းသီးဟင်းရွက်များနှင့် အနီရောင်မဟုတ်သော အသားဟင်းအချို့ကို ထပ်မံ ဖြည့်စွက်လိုက်သည်။ အာဟာရ မျှတနေသင့်ဆဲ ဖြစ်သည် မဟုတ်ပါလား။ သူမသည် အချိုပွဲနှင့် မုန့်များကို ပိုမိုနှစ်သက်သော်လည်း ဖြစ်ပေသည်။
စီးပွားရေး ကောင်းမွန်ခြင်း၏ အခြား အကျိုးသက်ရောက်မှုတစ်ခုမှာ နောက်ကျမှ ရောက်လာသော ဧည့်သည်များမှာ ဗိုက်ဆာလွန်းသဖြင့် အသက်ထွက်လုနီးပါး စောင့်ဆိုင်းနေရခြင်းဖြစ်သည်။
ထိုင်ခုံကျောမှီကို နွမ်းလျစွာ မှီထားသော ဝမ်သိုက်သည် အချိန်လွတ်တွင် ဖုန်းကို ကိုင်ကာ We Chat ထဲမှ ဖောက်သည်များ၏သံသယများကို ရှင်းလင်းပေးနေပြီး လက်မကြီးဖြင့် စခရင်ကို အလျင်အမြန် နှိပ်နေချေသည်။
မုန့်အမျိုးအစား ဟင်းလျာများမှာ စားပွဲပေါ်သို့ အလွန်လျင်မြန်စွာ ရောက်ရှိလာပြီး စောစောမှာထား ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အချိန်လုကာ ဗေဒင်ကြေးအချို့ ရှာဖွေပြီးနောက် ဝမ်သိုက်သည် ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး စားပွဲပေါ်ရှိ ရွှေဖရုံသီး ကွေကာအချိုပွဲကို မိမိရှေ့သို့ ရွှေ့လိုက်သည်။
အချိုပွဲ သုံးပွဲ ဆက်တိုက် စားသုံးပြီးနောက် ဝမ်သိုက်သည် ချန်စစ်ကျယ်က တစ်လမ်းလုံး သူ၏ စံပြကျောင်းသား ထိုင်ပုံအတိုင်းတည်ရှိနေပြီး ဖုန်းကို ကိုင်ကာ ဘာလုပ်နေမှန်း မသိသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
"ရှင် ဘာမှ မစားဘူးလားဟင်"
ရင်းနှီးဖော်ရွေသော မေးခွန်းသည် ချန်စစ်ကျယ်၏ဗီဇအရ ရွံရှာသော အကြည့်ကိုသာ လဲလှယ်ရရှိခဲ့ပြီး သူ့ နက်မှောင်သော မျက်ခုံးများ တွန့်သွားကာ ငြင်းပယ်သော စကားမှာ အထူး အလျင်အမြန် ထွက်ပေါ်လာသည်။
"ငါ ဒီလိုအရာတွေကို မစားဘူး"
"အဟဲ အဟဲ"
သစ်သားရုပ်ကဲ့သို့ အသက်မဲ့စွာ နှစ်ချက် ရယ်မောလိုက်ပြီး ဝမ်သိုက်သည် မိမိ၏ ပါးစပ်ကို ထိန်းချုပ်ထားဆဲ ဖြစ်ကာ အလွန် ရိုင်းပျသော စကားများကိုမူ မပြောမိပေ။
လည်ချောင်းထဲတွင် အောင့်ထားပြီး သွားကြားမှ မထွက်လာသော အတွေးမှာ အမှန်တော့ ချန်စစ်ကျယ်၏ မျက်ဝန်းနှင့် အမူအရာသည် လူကို မြင့်မြတ်ပြီး အေးစက်လှပသော ခံစားချက်ကို ပေးစွမ်းနေသည်။
သူ မပြောသော်လည်း သူ၏ မျက်ဝန်းများက ဤစားပွဲပေါ်ရှိ အရာများကို မကောင်းသော အစားအစာအဖြစ် သတ်မှတ်လိုက်သည့် အမှန်တရားကို ဖော်ပြနေပြီဟု သူမ ခံစားရသည်။
သူမသည် မကောင်းသော စားအစာများကို မြိန်ယှက်စွာ စားသုံးနေသည့် မကောင်းသောလူသား ဖြစ်မနေပေဘူးလား။
စိတ်ထဲတွင်မူ လူမွဲစိတ်ကူး ဖြစ်ပေါ်နေပြီး သူသည် တောဝက်မို့လို့ ကောင်းတာမစားတတ်ခြင်း ဖြစ်သည်ဟု တွေးကာ အပြင်ပန်းတွင်မူ အခြားအကြောင်းအရာကို ဆွဲထုတ်လိုက်သည်။
"ရှင် ရှေ့နေ လုပ်တာဆိုတော့ ကျွန်မထက် ပိုပြီးကျွမ်းကျင်မှာပါ၊ အဲဒါက ကျွန်မ မိဘတွေရဲ့ အမှုတွဲကို ပြန်လှန်ချင်လို့၊ အမှုရဲ့ ကိုင်တွယ်မှုက ပတ်သက်နေတာတွေ ရှိတော့၊ အမှုတွဲကို လက်ခံချင်တဲ့ ရှေ့နေ ရှိနိုင်မလားဟင်"
အလုပ်ကိစ္စ အစစ်အမှန်သို့ ပြန်လည် ရောက်ရှိသွားသော အကြောင်းအရာကြောင့် ဖုန်းကို စိုက်ကြည့်နေသော ချန်ရှေ့နေသည် ခေါင်းကို မော့လာပြီး ဝမ်သိုက်ကို လှည့်ကြည့်ကာ လေးလေးနက်နက် ပြောဆိုသည့် အခါတွင် အေးစက်လုနီးပါး ဖြစ်နေချေသည်။
"ပြစ်မှုဆိုင်ရာ အမှုတွဲတွေကို တာဝန်ယူပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ ပြစ်မှုဆိုင်ရာ ရှေ့နေတွေက လက်ခံမှာ ဖြစ်ပေမယ့် အဟန့်အတားတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ အချို့ လူ့အခွင့်အရေး ရှေ့နေတွေလည်း လက်ခံချင်ကြမှာ ဖြစ်ပေမယ့် ရှေ့နေလိုင်စင် ပယ်ဖျက်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလွယ်ကူတယ်”
“သာမန် ရှေ့နေတွေကတော့ သက်သေအထောက်အထားရဲ့ တန်ဖိုးကို ဘက်စုံ သုံးသပ်ပြီး အများစုက ကိုယ့်ဒုက္ခ ကိုယ် မရှာကြဘူး၊ ဒါပေမဲ့ လူရွေးချယ်မှုနဲ့ အကြံဉာဏ်တွေကိုတော့ ပေးနိုင်တယ်"
"မင်း ပြန်လှန်ချင်တဲ့အမှုက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က အမှုဖြစ်နေပြီ၊ ပြန်လည် စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို စတင်နိုင်မလား ဆိုတာတောင် ပြဿနာပဲ၊ အမှုကလည်း ပတ်သက်နေပြန်တော့ သာမန် နောက်ခံရှိတဲ့ ရှေ့နေကတော့ လက်ခံရဲမှာ မဟုတ်ဘူး”
“ဒါပေမဲ့ အချို့ လူ့အခွင့်အရေး ရှေ့နေတွေ စွန့်စားချင်ကြတာကိုတော့ မတားဆီးနိုင်ပါဘူး၊ ဒါပေမဲ့ မင်း အဆင်ပြေပြေ အမှုပြန်လှန်ချင်ရင် ပြစ်မှုဆိုင်ရာ ရှေ့နေကိုရှာဖို့ ငါ အကြံပြုတယ်၊ အပ်နှံခက သန်းချီပြီးစရမှာပဲ"
ဤနှစ်များတစ်လျှောက်တွင် အမှုတွဲကို ပြန်လည် စတင်လိုပါက လုပ်ငန်းစဉ်များ မည်မျှ ရှုပ်ထွေးသည်ကို ဝမ်သိုက် မည်သို့လျှင် မသိဘဲ နေမည်နည်း။
ပထမဦးစွာ အမှုစီရင်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ခွင့်ပြုချက် ရရှိရန် လိုအပ်ပြီးမှ စီရင်ချက်အဆင့်သို့ ရောက်ရှိမည် ဖြစ်ကာ ထို့နောက်တွင် အများပြည်သူ ဆုံးဖြတ်ရေးအဖွဲ့နှင့် ပတ်သက်လာမည်ဖြစ်ပြီး အများပြည်သူ ဆုံးဖြတ်ရေးအဖွဲ့၏ဆွေးနွေးမှုကိုလည်း ဖြတ်သန်းရဦးမည် ဖြစ်သည်။
အမှုဖွင့်ပြီးပြန်လည်စစ်ဆေးပြီးနောက်တွင် ပြင်ဆင် စီရင်ချက်ချသည့် လုပ်ငန်းစဉ်ဖြစ်ပြီး နောက်ဆုံး စီရင်ချက်မှာမူ အများပြည်သူ ဆုံးဖြတ်ရေးမှူးချုပ်၏သဘောထားပေါ်တွင် မူတည်နေလေသည်။