အခန်း ၁၅၀
Vol. 15 Ch. 150
🍏 Chapter 150
စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်သဖြင့် မျက်ရည်ဝိုင်းနေသော မျက်ဝန်းအစုံတွင် ပိုင်ရှင်ကိုယ်တိုင်ပင် သတိမထားမိဘဲ အပြုံးရိပ်အချို့ ဖြတ်သန်းသွားချေသည်။
သို့သော် ပါးစပ်ကမူ ရန်တွေ့လိုက်သေးသည်။
"ရှင့်ရဲ့ ဒီစကားတွေကိုသာ ကျွန်မ ရိုက်ကူးပြီး အပြင်ကို ပို့လိုက်ရင် လူအများကြီးက ရှင့်ကို မိုးဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်ထူလဲ ဆိုတာ မသိတဲ့သူလို့ ပြောနေကြမှာ သေချာတယ်၊ နားထောင်ရတာ တော်တော် ဘဝင်မြင့်ပြီး လူကို တာဝန်မယူတတ်တဲ့ပုံစံပေါက်နေတာပဲ"
တစ်ဖက်လူ၏ စကားအသုံးအနှုန်းမှာ ယခင်အတိုင်းပင် မောက်မာနေဆဲ ဖြစ်ပြီး ချန်စစ်ကျယ်၏ နက်ရှိုင်းကာ ပျစ်နှစ်သော လေသံသည် ဝမ်သိုက်၏နားထဲသို့ တိုးဝင်လာချေသည်။
"ငါက မသေချာတဲ့ ကိစ္စတွေကိုမလုပ်ဘူး၊ ငါ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ ဝန်ခံမှာပါ၊ မင်းရဲ့ ဒီအမှုကို ပြန်လှန်ဖို့ ကိုင်တွယ်ရတာ သိပ်ပြီးမခက်ခဲပါဘူး၊ မင်းမှာ မျက်မြင်သက်သေ ရှိတယ်၊ အချိန်ကို ဖြစ်ပွားခဲ့တဲ့ အချိန်ဆီ ပြန်လှည့်ပြီး အဲဒီတုန်းက ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ လူတွေနဲ့ ကိစ္စတွေကို ပြန်ရှာရုံပဲ"
"မင်း အရင်က ပြောပြခဲ့တဲ့ အချက်အလက်တွေအရ မင်းရဲ့ အားသာချက်ကို ငါ အကြမ်းဖျင်း သိထားပြီးသား၊ ကာယကံရှင်တွေ ဖြစ်တဲ့ ရေအရင်းအမြစ် ဒုတိယ စီမံခန့်ခွဲရေးမှူးနဲ့ ဓာတုဗေဒ ဆရာမတို့ရဲ့ သေဆုံးမှုကို ဂတ်စ်ယိုစိမ့်မှုကြောင့် ဖြစ်ရတဲ့ မတော်တဆမှုအဖြစ် သတ်မှတ်လိုက်တာဟာ ဦးနှောက်ရှိတဲ့သူတိုင်း ပြဿနာရှိမှန်း သိကြတာပဲ"
"တရားရင်ဆိုင်တယ်ဆိုတာ တကယ်တော့ အင်အားနဲ့ နောက်ခံ ဘယ်လောက်ရှိလဲဆိုတာ ပြိုင်ရတာမျိုးပါပဲ"
သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်လည် ပြောဆိုသည့်အခါတွင်မူ အနည်းငယ် မောက်မာသော အပြုံးရိပ် ပါဝင်နေချေသည်။
"မင်း အထင်... ငါကလွဲလို့ အခြားဘယ်သူ ရှိဦးမှာလဲ"
သူ၏ ဖော်ပြချက်မှာ အလွန် တိုက်ရိုက်ကျလှသဖြင့် ဝမ်သိုက်လည်း အသေအချာ သိရှိပေသည်။ သက်သေအထောက်အထားပိုင်းတွင် သူမက အမှန်တရားဘက်မှာ ရှိနေသော်လည်း တစ်ဖက်လူမှာမူ တစ်ချက်တို့ရုံဖြင့် ပြိုလဲသွားမည့် ဖဲချပ်မျှော်စင်ကဲ့သို့ ဖြစ်နေနိုင်ချေရှိသည်။
"ဒါပေမဲ့ ကျွန်မ ဘယ်သူ့ကို တရားစွဲမှာလဲဆိုတာ ရှင် မသိသေးဘူး မဟုတ်လား"
"အဲဒီတုန်းက မင်းရဲ့ ဖေဖေနဲ့ ပူးပေါင်းဆောင်ရွက်မှု မအောင်မြင်ခဲ့တဲ့ ဓာတုဗေဒ စက်ရုံပိုင်ရှင်"
သူမ မေးခွန်းထွက်ပေါ်သွားသည်နှင့် ချန်စစ်ကျယ်၏ပြန်လည်ဖြေကြားမှုက အလျင်အမြန်ပင် ရောက်ရှိလာချေသည်။
သူက ပွင့်လင်းစွာ ပြောချေသည်။
"အမှန်တော့ မင်း ဘယ်သူ့ကို တရားစွဲမလဲဆိုတာ ငါ အသေအချာ မသိဘူး၊ ဒါပေမဲ့ မင်း သူ့ကို တရားစွဲတာ အကောင်းဆုံးပဲ၊ ဘာလို့လဲဆိုတော့ သူက မင်းရဲ့ ဖေဖေနဲ့ တိုက်ရိုက် အကျိုးစီးပွား ပတ်သက်မှု အရှိဆုံးဖြစ်လို့ပဲ”
“ဒုတိယအဆင့် ဖော်ထုတ်ရမှာကတော့ အဲဒီတုန်းက ရေအရင်းအမြစ် စီမံခန့်ခွဲရေးမှူးချုပ်ဖြစ်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ဓာတုဗေဒစက်ရုံက တင်ဒါအောင်မြင်သွားတာကိုး၊ သူတို့အားလုံးကို ဆွဲထုတ်ချင်ရင် အလွယ်ကူဆုံး ကွင်းဆက်ကို အရင်ကိုင်တွယ်ရမယ်"
ကောင်းကင်ဘုံက သူမအား ရိုက်ချိုးလိုက်သော်လည်း မြေသို့ လွင့်စင်ကျသွားသော မိုဘီးယပ်ကွင်းများမှာ တိတ်တဆိတ် ပျက်စီးသွားပြီးနောက် ပြန်လည် ဖွဲ့စည်းတည်ဆောက် လိုက်ချေပြီ။
တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။
ဝမ်သိုက်သည် လီချန်ကျန့်ထံသို့ သွားရောက်တွေ့ဆုံရန် သင့်တော်သော အကြောင်းပြချက်ကို ရှာမတွေ့သေးမီမှာပင် လီမိသားစုထံမှ ဖုန်းခေါ်ဆိုမှုက အရင်ရောက်ရှိလာပြီး လီချင်းယွီ၏ကလေးဆန်သော အသံလေးကြောင့် လူသည် မသိစိတ်အရ နှလုံးသား နူးညံ့သွားရသည်။
"မမရေ"
အိမ်တွင် နှစ်ရက်ဆက်တိုက် သောင်တင်နေပြီး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေသော အခြေအနေသို့ ရောက်ရှိနေသည့် ဝမ်သိုက်သည် ဖုန်းကိုမြှောက်ကာ ကုတင်ပေါ်တွင် ပက်လက်လှန်လျက် ဖုန်းစခရင်နှင့် မျက်နှာချင်းဆိုင်ကာ နူးညံ့သွားသော နားရွက်ဖျားများကြောင့် လေသံကို လျှော့ပြီး ပြောလိုက်သည်။
"အို.....ဘာဖြစ်လို့လဲ ချင်းယွီလေးရဲ့"
"မမကို လွမ်းလို့"
ကြည်လင်သော ကလေးအသံလေးက ဝမ်သိုက်၏လေသံအတိုင်း နူးညံ့စွာ ကပ်ပါလာသည်။
"သမီး မနက်ဖြန် မွေးနေ့မို့လို့ မမကို အိမ်မှာ လာလည်ဖို့ ဖိတ်ချင်တာ... ဒါပေမဲ့ ဒီနေ့ကတည်းက မမကို မြင်ချင်နေတာ၊ ဒီနေ့လည်း မမနဲ့တူတူ ကစားချင်တယ်"
အလွန်အပြစ်ကင်းစင်သော လေသံကြောင့် ဖုန်းလက်ခံရရှိသည့် ခဏတွင် ပထမဆုံးခံစားချက်မှာ အိပ်ချင်နေစဉ် ခေါင်းအုံး လာပေးသကဲ့သို့ ဖြစ်ရပြီး ဤအခွင့်အရေးကို အသုံးချကာ လီချန်ကျန့်ထံမှ အကူအညီတောင်းရန် ကြံစည်မိသော ဝမ်သိုက်သည် အကြောင်းပြချက်မရှိဘဲ အားနာစိတ်ဖြစ်ပေါ်လာချေသည်။
လည်ချောင်းထဲမှ စကားလုံးများကို အကြိမ်ကြိမ် စဉ်းစားပြီးနောက် ဝမ်သိုက်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ကုတင်ပေါ်တွင် ကိုယ်ကို မတ်မတ်ထိုင်လျက် ဖုန်းကို နှုတ်ခမ်းနားသို့ ကပ်ကာ ပြောလိုက်သည်။
"ဒါဆိုရင် မမ ဒီနေ့ ချင်းယွီလေးကိုလာခေါ်ရမလား၊ ပြီးတော့ အရင်ကပေးခဲ့တဲ့ လက်ကောက်က မလုံလောက်သေးဘူးလို့ မမ ထင်လို့၊ မမက ချင်းယွီကို ဘုရားကျောင်း သွားပြီး ကံစမ်းပေးမလို့လေ၊ ရတနာဆေးလုံးတွေ ရှိတဲ့ ဆရာတော်တွေနဲ့ တွေ့မလားလို့"
"ကောင်းတာပေါ့"
အလယ်တန်းကျောင်းတက်နေဆဲ ကလေးတစ်ယောက်ကို ဘုရားကျောင်းသို့ ခေါ်သွားပြီး ကစားရန် ပြောခြင်းမှာ ဝမ်သိုက်နှင့် လီချင်းယွီတို့သည် တစ်ယောက်က ပြောရဲပြီး တစ်ယောက်က နားထောင်ရဲကာ တစ်ဦးနှင့်တစ်ဦး အလိုတူအလိုပါ သဘောတူညီကြခြင်း ဖြစ်ပေသည်။
သို့သော် ကိစ္စရပ်များ၏ လျင်မြန်မှုက ဝမ်သိုက်၏ ထင်မှတ်ချက်ထက် ကျော်လွန်သွားခဲ့သည်။ သူမ အပြင်ထွက်ရန် လီမိသားစုအိမ်သို့ မသွားရသေးမီမှာပင် သူမ၏ အိမ်တံခါးကို အရင် လာရောက် ခေါက်ချေသည်။
ဝမ်သိုက်သည် ထူးဆန်းစွာဖြင့် တံခါးကို ဖွင့်လိုက်သည့်အခါ ပထမဦးစွာ မျက်စိထဲသို့ တိုးဝင်လာသော ကတုံးဆံပင်တောက်တောက်နှင့် အမျိုးသားကြောင့် ထိတ်လန့်သွားကာ တံခါးကို ပြန်ပိတ်လုနီးပါး ဖြစ်သွားရသည်။
အခြားအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ထမင်းစားပွဲပေါ်တွင် ကုချီနှင့် မျက်နှာပျက်စရာ ကိစ္စကြောင့် ဝမ်သိုက်သည် သူ့ကို အမှန်ပင်မတွေ့ဆုံချင်တော့ပေ။
သို့သော် အောက်ခြေမှ ထွက်ပေါ်လာသော ချိုသာလှသည့် "မမ" ဟူသော အသံလေးကြောင့် ဝမ်သိုက် တံခါးပိတ်မည့်အရှိန်ကို ရပ်တန့်သွားစေခဲ့သည်။
သူမသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ မျက်စိထဲသို့ ဝင်ရောက်လာသော မိန်းကလေးငယ်လေးမှာ လတ်ဆတ်သော သကြားလုံးရောင် အဝတ်အစားများဖြင့် ချိုသာလှပနေချေသည်။
မိခင်မေတ္တာများ ချက်ချင်းထွက်ပေါ်လာပြီး ဝမ်သိုက်သည် ခြေထောက်ကို နှိမ့်ကာ လီချင်းယွီနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ရင်း ဆုံမိသွားသော မျက်ဝန်းလေးခုမှာ တောက်ပနေပြီး မျက်လုံးချင်း ဆုံနေကြသည် မဟုတ်ဘဲ ကြယ်ပွင့်လေးများ ဆုံတွေ့နေကြသကဲ့သို့ ရှိချေသည်။
"တကယ်ပဲ ချစ်ဖို့ကောင်းလိုက်တာ၊ ပိုပြီးတော့တောင် လှလာတယ်နော်"
"မမလည်း လှပါတယ်"
နှုတ်ခမ်းထောင့်များမှာ ပြန်လည် ကျဆင်းသွားခြင်း မရှိတော့သည့်အတိုင်း ဝမ်သိုက်၏ပါးချိုင့်နှင့် သွားစွယ်လေးမှာ ထင်ရှားနေပြီး တံခါးဝတွင် လူမရှိသကဲ့သို့ မတ်တတ်ရပ်နေရသော ကုချီမှာမူ စိတ်ထဲတွင် အမှန်ပင်ဝမ်းနည်းမိချေသည်။
သူသည် ရှုပ်ထွေးလှသော စိတ်ခံစားချက်ဖြင့် ပြုံးရွှင်နေသော အမျိုးသမီးကိုငုံ့ကြည့်နေမိပြီး ထိုစဉ်က ထမင်းစားပွဲပေါ်တွင် မိမိကြုံတွေ့ခဲ့ရသော ဆက်ဆံမှုများကို ပြန်လည် သတိရနေမိသည်။
လီချင်းယွီနှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် ဝမ်သိုက်သည် ထရပ်ကာ သူ့ကို ကြည့်လိုက်သည်။ မျက်နှာလွှဲလိုက်သည့် အရှိန်မှာ လီချင်းယွီကိုပြသခဲ့သော မျက်နှာဖုံးကို လီချင်းယွီအတွက်သာချန်ထားခဲ့သကဲ့သို့ ဖြစ်ပြီး ကုချီသည် သူမ၏ နှုတ်ခမ်းထောင့်များ မည်သည့်အချိန်တွင် ပြုံးရွှင်ခြင်း မရှိတော့သည်ကိုပင် သဲသဲကွဲကွဲ မမြင်လိုက်ရချေ။
သူမက တိုက်ရိုက် မေးမြန်းလိုက်သည်။
"ရှင်က ဘာလို့ လိုက်လာတာလဲ"
စိတ်ထဲတွင် ပိုမို ဝမ်းနည်းသွားသော ကုချီသည် တည်ငြိမ်နေသော နှုတ်ခမ်းထောင့်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
"ကျွန်တော့်ရဲ့ ဒေါ်လေး၊ အဲဒါ ချင်းယွီရဲ့အဖွားပေါ့၊ သူမက ကျွန်တော်တို့ မသင့်တော်ဘူးလို့ပြောတာကို ဆင်ခြေလို့ထင်နေတာ၊ အခုထိ သဘောတူအောင်လုပ်ချင်နေတုန်းပဲ၊ ကျွန်တော် သူမကို မင်းမှာ စိတ်ဝင်စားတဲ့သူ ရှိနေပြီလို့ ပြောပြပေမယ့် သူမက မယုံဘူး”
“မင်းနဲ့ အဲဒီလူနဲ့ အတူရှိနေပြီလားတော့ မသိပါဘူး... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်း ကျွန်တော့်ကို သာမန် သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားရင် ရပါပြီ"
"အော်"
မိမိအား ထပ်မံ၍ နှောင့်ယှက်ခြင်း မပြုလျှင်ရပြီ ဖြစ်ရာ ဝမ်သိုက်သည် အတူသွားမည့်သူ တစ်ယောက်တိုးလာသည့် ကိစ္စကို ကောင်းမွန်စွာလက်ခံလိုက်သည်၊ ဘာပဲဖြစ်ဖြစ် မိမိဘာသာ လီချင်းယွီကို ခေါ်ပြီးမြေအောက်ရထား၊ ဘတ်စကားများ တိုးဝှေ့စီးရခြင်းမှာ ကလေးအတွက် အလွန်ပင်ပန်းစေမည် မဟုတ်ပါလား။
ဝမ်သိုက်က မိမိအား ဒရိုင်ဘာအဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်သည်ကို ကုချီတစ်ယောက် လုံးဝသတိမပြုမိပေ။
ထိုက်ချင်း ဘုရားကျောင်းသည် လီကျိုး၏အနည်းငယ် ဝေးလံသော နေရာတွင် တည်ရှိသော်လည်း ကျုံးအန်းကျောင်းကဲ့သို့ ကြိုတင်စာရင်းပေးသွင်းရန် မလိုပေ။ မဟုတ်လျှင် သူမ ဝင်ရောက်နိုင်မည် မဟုတ်သလို လီချင်းယွီတို့ကိုလည်း ခေါ်ဆောင်သွားနိုင်မည် မဟုတ်ချေ။
လူသူ သွားလာမှု နည်းပါးလှသော ထိုက်ချင်း ဘုရားကျောင်းတံခါးဝရှိ ကားပါကင် နေရာများမှာ နည်းပါးလှပြီး အနည်းငယ် ရင်းနှီးနေသော ဘင်တလေကားတစ်စီး၏ နောက်ကွယ်တွင် ကံကောင်းထောက်မစွာဖြင့် နေရာလွတ် တစ်ခုသာ ကျန်ရှိတော့သည်။
ကားပေါ်မှ ဆင်းပြီးနောက် လီချင်းယွီ၏ လက်ကလေးကို ဆွဲကာ ဝမ်သိုက်သည် ကုချီ အရှေ့မလှမ်းမကမ်းတွင် လျှောက်လှမ်းနေပြီး မိမိတို့၏လက်ရှိ အခြေအနေမှာ အခြားသူများ၏ မျက်လုံးထဲတွင် မိသားစုသုံးယောက် ခရီးထွက်လာသည့်ပုံစံနှင့် တူညီနေသည်ကို လုံးဝအသိမရှိချေ။
ကျဲပြန့်လှသော လမ်းသွားလမ်းလာ အနည်းငယ်မှာ ရံဖန်ရံခါဖြတ်သန်းသွားကြသည်။ ဝမ်သိုက်သည် လီချင်းယွီကို ခေါ်ဆောင်ကာ ဘုရားကျောင်းဝင်းထဲသို့ ဝင်ရောက်ခဲ့ပြီး နွေဦးရောက်ရှိလာပြီးနောက်ပိုင်း သက်ရှိထင်ရှား အသက်ဝင်မှုများကြောင့် ဘုရားကျောင်းဝင်းတစ်ခုလုံးတွင် စိမ်းလန်းစိုပြည်မှုများ ပြည့်နှက်နေသော်လည်း ပန်းပွင့်လေးများကိုမူ မမြင်ရပေ။
သို့သော် ပန်းများ၏ ပန်းပွင့်လေးများ မရှိသော်လည်း ထင်မှတ်မထားသော ပန်းရောင်အချစ် ဇာတ်လမ်းလေးတော့ ရှိနေလေသည်။